Wednesday, June 22, 2022

ပြန်လည်သုံးသပ်ရတော့မယ့် စွမ်းအင် ကဏ္ဍ



         ရုရှား - ယူကရိန်း ပြဿနာ ရဲ့ နောက်ဆက်တွဲ စွမ်းအင်ရင်းမြစ် ဆိုးကျိုးတွေကို ဥရောပသားတွေ ခံစားလာကြရတော့ ဘာတွေလုပ်လာကြပြီလဲ... ?

        တချိန်တုန်းက လေထုညစ်ညမ်းမှု ၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဘာညာ နဲ့ လေသံပစ်ပြီး ခေတ်မမှီလို့ ပိတ်ချင်နေတဲ့ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို ပိတ်ပြီး ရုရှားဆီက စျေးပေါတဲ့ ရေနံ နဲ့ သဘာဝဓာတ်ငွေ့စက်ရုံတွေ အစားထိုးကြတာပေါ့ ။ သူတို့ဘာသာ ပိတ်တာမဟုတ်ဖူး မဖွံ့ဖြိုးသေးတဲ့ တိုင်းပြည်တွေကိုပါ မလုပ်ဖြစ်အောင် ခြောက်လှန့် ပိတ်ပင်ခဲ့ကြပါတယ် ။

       ဟော အခု ရုရှားက စွမ်းအင်ရင်းမြစ်တွေ ကန့်သတ်လိုက်တော့ တချိန်လုံး သဘာဝပတ်ဝန်းကျင် ကြွေးကြော်ခဲ့သူတွေ အခု ကျောက်မီးသွေးစက်ရုံတွေကို ဖုံသုတ် ပြန်လည်နေကြပြီ ။ အူကြောင်ကြောင် ကိုယ်တွေလို ပေစုတ်စုတ် တိုင်းပြည်ကရော ဘာလုပ်မယ် စိတ်ကူးထားကြပါသလဲ.... ?

          တချိန်တုန်းက နိုင်ငံရေးပြယုတ်အဖြစ် ဧရာဝတီမြစ်ဆုံ လျှပ်စစ်စီမံကိန်းကြီးကို ကန့်ကွက်ကြ ၊ ပိတ်ဆို့ကြနဲ့ သဘာဝပတ်ဝန်းကျင် ဘာညာကွိကွ သံယောင်လိုက်ကြရင်း လုပ်စတန်းလန်းကြီး ရပ်ပစ်ခဲ့ပါတယ် ။

        အဲဒီကာလတွေက အနီကြောင် စာရေးဆရာတွေ ၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဝါဒီတွေ အားကောင်းမောင်းသန် ကန့်ကွက်ကြ ၊ ခြောက်လှန့်ကြလို့ မြစ်ဆုံစီမံကိန်းရဲ့ ဆိုးကျိုးတွေချည်း အသားပေးလွန်းတော့ ပြည်သူအများစု (ကိုယ်တိုင်အပါအဝင်) သဘောမတူကြပါဘူး ။  

         သို့သော် NLD အုပ်ချုပ်ဆဲကာလအတွင်း မြစ်ဆုံစာချုပ် ချမပြရဲတော့ခြင်း ဆိုတဲ့ အချက်ကစပြီး သံသယဖြစ်လာမိပါတယ် ။ ပိုဆိုးတာက....

- ခေတ်အမှီဆုံး သန့်စင်တဲ့ ကျောက်မီးသွေးလျှပ်စစ်ထုတ်စက်ရုံး (ဂျပန်နည်းပညာ) ကန့်ကွက် ၊

-  သံလွင်မြစ်လျှပ်စစ်ထုတ်လုပ်ခြင်း ကန့်ကွက် ၊ 

- ပင်းပက် နဲ့ မြင်းခြံ သံမဏိစက်ရုံတွေ 95 % ပြီးစီးနေတာ ရပ်ဆိုင်း

- မဲဆောက်ရှိ စက်မှုဇုံကြီး မြန်မာပြည်ထဲ ရွှေ့ပြောင်းလာမှာကို ကန့်ကွက်ပြီးခွင့်မပြု

- ထားဝယ်ရေနက်ဆိပ်ကမ်း တားမြစ်ပိတ်ပင်

- ဟံသာဝတီလေဆိပ် ( အရှေ့တောင်အာရှရဲ့ အကြီးဆုံး) စီမံကိန်း မြေပြင်ရှင်းလင်း ညှိဖို့ခြင်း လုပ်ငန်းပြီးမှ ရပ်ဆိုင်း

        အဲလိုတွေ ပြန်တွေးမိပြီး ဧရာဝတီမြစ်ဆုံကိစ္စနဲ့ ချိတ်ဆက်ကြည့်တော့ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အကျိုးရှိမယ့် စီမံကိန်းမှန်သမျှ အနောက်အုပ်စုက တမင် ပိတ်ပင်စေဖို့ စေခိုင်းခဲ့တာကို မြင်လာရပါတယ် ။ 

        မြစ်စုံနဲ့ပတ်သက်ပြီး ကြည့်ကြပါအုံး ။ 

၁ ။ ထွက်သမျှ လျှပ်စစ်၏ 10 % free ရရှိပါမယ် ။ 

၂ ။ ကုန်သွယ်ခွန်     10 %

၃. ။ အမြတ်ခွန်        10 %

၄. ။ မြေငှားရမ်းခ.    15 %

၅. ။ လျှပ်စစ်ရောင်းရန်ကျန် 90 % မှ စရိတ်နုတ်ပြီး အသားတင်အမြတ် ၏ 55 % 

          အကျိုးအမြတ်ခွဲဝေမှုအရ   မြန်မာပြည်က တနှစ်ကို 1.1 ဘီလီယံနီးပါး ( နှစ် ၅၀ အတွက် ၅၄ ဘီလီယံ) ၊ 

       နှစ်ပေါင်း ၅၀ ကြာရင် နိုင်ငံပိုင်ဖြစ်လာပါ့မယ် ။ ( ဆည်သက်တမ်းကို နှစ် ၁၀၀ အထိ အာမခံထား)

         ကဲ ဒါတွေက ရပိုင်ခွင့်တွေပါပဲ ။ ဘယ်သူမှ မပြောခဲ့တဲ့ အချက်တွေဖြစ်ပါတယ် ။ အဘတွေ ဧရာဝတီရောင်းစားတယ်ဆိုတဲ့ မဟုတ်မဟတ် အပုပ်ချစကားတွေနဲ့ လမ်းဆုံးခဲ့ကြရတာပါ ။

          ဒါတွေသိပြီးရင် ဖြစ်လာနိုင်မယ့် ဆိုးကျိုးတွေ ၊ ဖြစ်လာနိုင်မယ့် အနေအထားတွေကို ချိန်ဆကြည့်ကြပါစို့ ။

        ပထမဆုံးခြောက်လှန့်ထားကြတဲ့ ငလျှင်အန္တရာယ် ကြည့်ပါ ။ ငလျှင်ရဲ့ပြင်းအားသတ်မှတ်ချက်တွေကို ကိန်းဂဏန်းတွေနဲ့ သတ်မှတ်ရာမှာ အဆင့် တခုနဲ့ တခု ပြင်းအား ဆယ်ဆ ကွာခြားပါတယ် ။ 

        ဥပမာ ပြင်းအား ၆ ထက် ဆယ်ဆများမှ ပြင်းအား ၇ ဖြစ်ပါတယ် ။ ပြင်းအား ၈ ဆိုရင် ပြင်းအား ၆ ထက် အဆ ၁၀၀ များရပါ့မယ် ။ ဒါသိထားမှ သဘောပေါက်မှာမို့ မသိသေးသူများ အလွယ်တကူသဘောပေါက်စေရန် ပြောပြတာပါ ။ ဆရာလုပ်ခြင်းမဟုတ်ပါဘူး ။

                မြစ်ဆုံနဲ့ မိုင် ၆၀ ဝေးတဲ့ စစ်ကိုင်းငလျှင်ပြတ်ရွေ့ကျောသည် အပြင်းထန်ဆုံး 7.5 လှုပ်ခတ်နိုင်ကြောင်း အဆုံးစွန်ထိ တွက်ချက်ရရှိထားပါတယ် ။ မိုင် ၆၀ အကွာဆိုရင် ပြင်းအား အတော်လျော့နည်းသွားပါတယ် ။

        မြစ်ဆုံဆည်ကို အနုမြူဗုံးဒဏ်ခံနိုင်ရည်ရှိတဲ့ ထုထည်နဲ့ တည်ဆောက်ထားပြီး ငလျှင်ဒဏ်ကို ပြင်းအား 8 အထိ အာမခံထားပါတယ် ။ ကမ္ဘာမှာ ပြင်းအား 8 ထိ အာမခံတည်ဆောက်ထားသောဆည် လက်ချိုးရေလို့ရပါတယ် ။ 

        နောက်ပြီး ကမ္ဘာပေါ်မှာ ဆည်ပေါင်း သိန်းချီရှိပါတယ် ။ ယနေ့ခေတ် နည်းပညာများနဲ့ တည်ဆောက်ထားသော ဆည်ကြီးများ ကျိုးပေါက်ခြင်း မတွေ့ရသေးပါဘူး ။ ရုပ်ရှင်ထဲကလို ဆည်ကျိုးတာကို သဲနံရံပြိုသလို ချက်ခြင်း ဒရဟောပြိုကျမယ်ထင်နေတာလည်းမှားပါတယ် ။ အဲသလို မပြိုနိုင်ပါဘူး ။ 

       ဆိုးကျိုးအဖြစ် ဧရိယာစတုရမ်း မိုင် ၁၅၀ က ရေတွေကျလာတာကို အနိမ့်ပိုင်းက ဧရိယာ စတုရမ်းမိုင် ၁ သိန်းလောက် ရေမြှပ်သွားမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကြီးကလည်း 2012 ကမ္ဘာပျက်မယ်ဆိုတဲ့ စိတ်ကူးယဥ် ရုပ်ရှင်ကား ဇတ်ညွှန်းနဲ့ တူနေပြန်ရောဗျ ။ နို့ဆီဗူးထဲကရေ လင်ဗန်းအကြီးစားထဲ သွန်ကြည့်ကြပါလို့ အကြံပြုပါရစေ ။ 

        နောက်တခု မြစ်စုံအထက်ပိုင်းက ငါးဖမ်းလုပ်ငန်း ထိခိုက်မယ်ဆိုပဲ ။ ရေဝပ်ဧရိယာထဲ စုမိနေမယ့်ငါးတွေ ၊ နောက်ပြီး စီမံကိန်းကရလာမယ့် အင်မတန်ကြီးမားတဲ့ အကျိုးအမြတ်တွေကို ရူးချင်ယောင်ဆောင်မေ့ထားပြီး ပေါက်ကရပြောနေတာလည်း ရီစရာပါပဲ ။ 

        စိုက်ပျိုးရေးလုပ်ငန်းအတွက် အနယ်ချပေးတဲ့ နုံးတွေ ဆုံးရှုံးမှုတဲ့ ။ ဒီခေတ်ထဲမှာ သဲကန္တရထဲ ပန်းနဲ့သီးနှံမျိုးစုံစိုက်ပြီး ကမ္ဘာအနှံ့ရောင်းစားနေတဲ့ အစ္စရေးတွေကြားရင် အူတက်နေပါလိမ့်မယ် ။

      နောက်ပြီး မြစ်ရေကြီးလို့ နှစ်စဥ်ရေဘေးကြောင့် သီးနှံဆုံးရှုံးမှု ၊ မြစ်ကမ္ဘားပြိုကျလို့ လူ ပစ္စည်း ဆုံးရှုံးမှုတွေကို ဆည်က ဖြေရှင်းပေးနိုင်တာကိုလည်း ပြည်သူကို အသိမပေးရဲတာ မရိုးသားမှု တခုပါပဲ ။ 

         နောက်ထပ် ထင်ရှားတဲ့ ဥပမာနဲ့ လေ့လာနိုင်တာက အမေရိကန်က ကိုလံဘီယာမြစ်ဖြစ်ပါတယ် ။ မြစ်အရှည်က ဧရာဝတီနီးပါး မိုင် ၁၂၀၀ ကျော်ရှိပါတယ် ။ ရေစီးအားက ဧရာဝတီရဲ့ တဝက်ပဲရှိပါတယ် ။ နှစ်စဥ် ကမ္ဘားပြို ရေကြီးနေလို့ လွှတ်တော်ကနေ ဆည်တွေ တည်ဆောက်ပြီး ထိမ်းသိမ်းဖို့ စေခိုင်းပါတယ် ။ 

        ဆည်ပေါင်း ၄၀၀ ကျော်တည်ဆောက်ပြီး မြစ်မကြီးထဲမှာ ဆည်ကြီး ၁၄ ခု တည်ဆောက်ပါတယ် ။ ကမ္ဘာ့ ၅ ခုမြောက် အကြီးဆုံးဆည်ကြီးလဲ အပါအဝင်ပါပဲ ။ အခုချိန်ထိ ပန်းပန် နန်းစံပြီး ခံစား စံစားနေကြလျှက်ပါပဲ ။ 

         မြစ်ဆုံလုပ်လိုက်ရင် မြို့ကြီးတွေ ခမ်းခြောက်ပြီး သဘာဝပတ်ဝန်းကျင်တခုလုံး စုတ်ပြတ်မတတ် ပြောနေတာလေ့လာကြည့်ပါအုံး ။ 

       မန္တလေးဝန်းကျင်မှာ ရဲရွာအပါအဝင် ဆည် ၄ ခုတည်ဆောက်ထားတာ ကြာပါပြီ ။ ယခုထိ မန္တလေးမြို့ကြီး ခမ်းခြောက်ပျက်ဆီးသွားတာ မတွေ့ရတဲ့အတွက် အကောင်းဆုံးသက်သေပြချက်လို့ တင်ပြချင်ပါတယ် ။ 

        ဒီစာကိုရေးရတာ သဘာဝပတ်ဝန်းကျင်သမားတွေနဲ့ အတိုက်အခံ ဖြစ်နေမှာတော့သေချာပါတယ် ။ သို့သော် ဘာ​ကြောင့်ရေးရသလဲဆိုရင်....

- လျှပ်စစ် စျေးချိုချိုနဲ့ မဖွံ့ဖြိုးရင် တိုင်းပြည်မတိုးတက်မိုင်ပါဘူး ။ 

- မြန်မာပြည်သည် လျှပ်စစ်လိုအင် များပြားနေပါပြီ ။ 

- မိမိပိုင် ဧရာဝတီမြစ်မင်းရဲ့ ရေထုကို ပင်လယ်ထဲ အလဟဿ စီးစင်းစေခဲ့တာ တိုင်းပြည်နစ်နာလှပါပြီ ။ 

- ဧရာဝတီက ပေးသော ကောင်းကျိုးဆိုးကျိုးများအနက် ဆိုးကျိုးများ လျှော့နည်းအောင် ဖန်တီးတည်ဆောက်သင့်ပါပြီ ။ 

         ဧရာဝတီသာမက အခြားရေအရင်းအမြစ် အဖြစ် သံလွင်မြစ်ကိုပါ အသုံးချသင့်ပါပြီ ။ တရုတ်နဲ့မို့ဘာညာ ပြောနေလည်း အခြားသူ သို့မဟုတ် ကိုယ်တိုင်လုပ်နိုင်အောင် အားထုတ်သင့်ပါပြီ ။ 

    သူတပါးတိုင်းပြည်တွေက မင်းသားမျက်နှာဖုံးခွာချပြီး ဘီလူးရုပ်နဲ့ လျှပ်စစ်စွမ်းအင်အတွက် ၁၈ ရာစုက ကျောက်မီးသွေးစက်ရုံတွေ ပြန်လည်နေချိန်မှာ ကိုယ်တွေလို ဓမ္မနောက်ပိတ်ခွေး အဆင့် ငမွဲတိုင်းပြည်က သဘာဝပတ်ဝန်းကျင် ဆိုတဲ့ ခေါင်းစဥ်နဲ့ လှောင်အိမ်ထဲကနေ ငတ်ချင်နေရင်တော့........

        ကိုရွှေမျိုးဝင်း  

။      ။ အချက်အလက်အချို့အား ဆရာဦးဝင်းထူး၏ ACC မှ ရယူခဲ့ရပါတယ် ကျေးဇူးပါ အာစရိ ။ ကျန်ခဲ့တာက မြစ်ဆုံအတွက် မလုပ်လျှင် လျှော်ကြေးပေးရမည်ဆိုတဲ့ အချက် စာချုပ်မှာ လုံးဝ မပါရှိကြောင်းလည်း သိရပါတယ် ။

(တတ်ယောင်ကား မိမိအသိနဲ့ ကိုယ့်ဘာသာအမှန်ထင်ပြီး နားလည်သူတွေ အကြံပေးတာကို လက်မခံရင်တော့.....)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...