Wednesday, June 29, 2022

ပညာရှာ တကယ်သူတောင်းစား ၄




        ကိုရွှေတယောက် နောက်လှည့်မိတော့ မဲမှောင်နေတာပဲ တွေ့ရပြီး ဘာမှ မရှိပါဘူး ။ ဒါနဲ့ ပြေးသွားတဲ့ အရက်သမားတွေနောက် လိုက်ပြေးရင်း ဟေ့ကောင်တွေ လို့ အော်ပြေးလိုက်ပါရော ။ 

       ဆံပင်တွေဖို့ရို့ဖားယား ဖုတ်သဲ အလူးလူး နဲ့ ခေါင်းပြတ်ကြီး ကိုင်ထားတဲ့ ကိုရွှေက နောက်ကနေလိုက်လေ ဟိုကောင်တွေက အော်ပြေးလေပဲ ။ တကယ်တန်းကျတော့ ဘယ်သရဲမှ လိုက်တာ မဟုတ်ဖူး ကိုရွှေ့ပုံစံကြည့်ပြီး နဂိုက ကြောက်စိတ်နဲ့ ပေါင်းကာ ခေါင်းပြတ်ကြီးမြင်ပြီး ပြေးကြတာ လေ ။ 

      သချ်ိုင်းဝနားက စက်ဘီးတွေကို ယူစီးရမှန်းမသိအောင် ပြေးကြတာလေ ။ လိုက်မမှီတဲ့ ကိုရွှေလည်း မထူးပါဘူးဆိုပြီး စက်ဘီးတစီးနဲ့ ခေါင်းပြတ်လေးပုဆိုးနဲ့ထုပ်ကာ စက်ဘီးလက်ကိုင်ချိတ်ပြီး ပြန်လာပါတယ် ။ 

        လယ်ကွက်တွေ ဖြတ်ပြေးတဲ့ သူရဲကောင်း လူမိုက်အမူးသမားတွေက သူတို့ရှေ့က ကြိုရောက်နေတဲ့ ကိုရွှေ့ကို မြင်ပြီး ပြန်ပြေးလို့ မနဲ ဖမ်းဆွဲ ရှင်းပြရသတဲ့ ။ 

"ဟိုဟာကြီးရော အာစရိ ''

"ခြင်းတောင်းထဲ့ပြီး ဝှက်ထားတယ် ကွ ''

"ဟာ ကျနော်တို့ ကြောက်တယ် အရက်ဝယ်တိုက်အုံး ပြေးရတာနဲ့ အမူးပြယ်ကုန်ပြီ ''

      တညလုံး အရက်သောက် အားတင်းပြီး အချိန်ဖြုန်းကြပါတယ် ။ ကိုရွှေလည်း လူသိမှာ စိုးလို့ ခေါင်းပြတ်ကြီး ခြင်းတောင်းထဲထည့်ပြီး ရန်ကုန်အမြန်ပြန်လာပါတယ် ။ 

      သူခြံထဲမှာ ဆရာပြောလိုက်သလို ပဲပင်ကို စနစ်တကျ စိုက်ပါတယ် ။ ပဲပင်ဆိုတော့ မြေကျင်းနက်အောင် မတူးပဲ အပေါ်ယံမြှပ်ရုံပဲ တူးပြီးစိုက်တာပေါ့ ။ အဲဒါ ပြဿနာစတာပါပဲ ။ 

      ဘာလဲဆိုတော့ မနက်အစောကြီး ခြံထဲကနေ သူ့မိန်းမ ရဲ့ ငယ်သံပါအောင် အော်လိုက်အသံကြီးကြောင့် ကိုရွှေလန့်နိုးသွားရပါတယ် ။ ကပျာကရာ ခြံထဲအပြေး တံခါးဝမှာ သူ့မိန်းမနဲ့ တိုးတိုက်မိပါရော ။ သူ့မိန်းမက မပြောမဆို ကျောပြင်ကို တဒုန်းဒုန်း ဗြောတင်ရင်း 

"မသာကြီး  ပေါက်ကရတွေ လုပ်လာပြန်ပြီ အမှတ်မရှိဖူး ကဲ ကဲ ''

"နေပါအုံး ဟ ငါဘာလုပ်လို့ လဲ ''

(ယောကျာ်းကောင်းတို့ ထုံးစံအရ အပြစ်ကင်းသူ အသွင်နဲ့ ကိုရွှေက မအူမလည်မျက်နှာပေးနဲ့ မေးပါတယ် 😁😁😁😁😁)

"ကဲ လာခဲ့ မသာကြီး ပြမယ် ငါတော့ သေချင်တာပဲ ''

        ပါးစပ်က ပွစိ ပွစိ နဲ့ ပြောဆိုပြီး ခြံထဲကို ဘောက်ဆတ် ဘောက်ဆတ်နဲ့ အသွား လိပ်ပြာမလုံတဲ့ ကိုရွှေက ပေကြောင်ကြောင်လေး ရပ်ကျန်နေတော့ နားရွက်ဆွဲ ခေါ်သွားလေရဲ့ ။

     ခြံထဲရောက်တော့ ကိုရွှေစိုက်ခဲ့တဲ့ ပဲပင်ခြေမှာ မြေတွေ ပွမွနေပြီး မလှမ်းမကမ်းမှာ သူ စွန့်စွန့်စားစား ယူလာရတဲ့ အစိမ်းသေခေါင်းပြတ်လေးက ခွေးစားထားတော့ ဖရိုဖရဲကို ဖြစ်နေပါပေါ့ ။ 
အတော်ကြီးကံဆိုးသော အစိမ်းသေပင်တည်း ။ 

      ကိုရွှေလည်း ခွေးက ဘယ်က ချီလာမှန်းမသိဘူး ဘာညာ နဲ့ ရသလောက် ဖြီးသေးတာ ဗျ ။ ဒါပေမယ့် ပေါက်ကရ လုပ်တတ်လွန်းလို့ အရိပ်အကဲ ကြည့်နေတဲ့ ငယ်မယား မိန်းမကို ဘယ်လိမ်ရမလဲ ဗျာ ပေါ်တာပါပဲ ။ 

       ပြည်ထဲရေးဝန်ကြီးရဲ့ ကြီးကြပ်မှုနဲ့ အဲဒီခေါင်းပြတ်ကြီးကို မြစ်ထဲ စွန့်ပစ်လိုက်ရပါတော့တယ် ။ ကိုရွှေရဲ့ ခွက်ပေါက် ပညာ စမ်းသပ်မှုက အပြီးမသပ်လိုက်ရပါဘူး ၊၊ နောက်ထပ်လည်းမလုပ်ဖြစ်တော့ပါဘူး ။   

         ကိုရွှေဟာ ပညာလောဘ ကြီးလွန်းသူဖြစ်ပြီး သူမသိတဲ့ ပညာရပ်ဆိုရင် သူ့သားလောက်အရွယ်ကိုလည်း ကန်တော့ပြီး ဆရာတင်လေ့ ရှိတယ်ဗျ ။ သူ့ရဲ့ နှံ့စပ်ပုံ ဗဟုသုတကလည်း များပြားစုံလင်လှပါတယ် ။ 

         အဂ္ဂိရပ်ပညာနဲ့ ပတ်သက်ပြီး သူပြောပြတာကလည်း စိတ်ဝင်စားစရာတွေ အများကြီးဗျ ။ ကျနော်က သူ့ကို အကို ဒီလောက်လေ့လာထားတာ ထွက်ရပ်ပေါက် မထိုးဖူးလား လို့ စပ်စုမိပါတယ် ။ 

      ထွက်ရပ်ပေါက် ထိုးတဲ့နည်းသိရုံနဲ့ မရဖူးကွ ။ မိမိရဲ့ အကျင့်သီလ က အဲဒီပညာရပ်နဲ့ ထိုက်တန်အောင် တည်ဆောက်ထားနိုင်ပြီလားဆိုတာကလည်း လိုသေးတယ် လို့ သဘာဝကျကျ ပြောပြပါတယ် ။ 

        ထွက်ရပ်ပေါက် ဓာတ်လုံးအကြောင်း ဗဟုသုတအနေနဲ့ မှတ်မိသလောက် ပြောပါ့မယ် ။ 

      ထွက်ရပ်ပေါက် ဓာတ်လုံးက အောင်မြင်တော့မယ်ဆိုရင် သိသာသတဲ့ ။ ထိုးနေရင်း ဓာတ်လုံးက ချော်အလယ်မှာ တက်လာသတဲ့ ။ ရင့်သွားရင် ချော်ပေါ်တက်လာသတဲ့ ၊ အဆင့်ပိုမြင့်သွားရင် လုံပေါ် တက်သတဲ့ ။ 

     လုံပေါ်တက်လာတဲ့ ဓာတ်လုံးကို လက်ချားဆိုလားပဲဗျာ လက်မှာသုတ်ပြီး ဖမ်းယူရမယ်တဲ့ ။ မိမိသည်သာ ပိုင်ရှင်ဖြစ်ကြောင်း ပြောထားရမယ်တဲ့ ။ အဲဒီအဆင့်ဆိုရင် လုမယ့် ယက်မယ့် တောမရောက် တောင်မရောက် အဆင့်တွေက လာပြီး တောင်းကြ လုကြသတဲ့ ။ 

     အချို့က မိမိရဲ့ ဆရာဟန် ၊ မိဘဟန် ၊ ဘုန်းကြီးဟန် ဖန်ဆင်းပြီး တောင်းကြည့်သတဲ့ ၊ သူ့လက်ထဲထည့်လိုက်ရင် ယူပြေးရောတဲ့ ။ မသက်ာရင် ဓာတ်လုံးကိုင်ပြီး မူလအသွင်ပြဖို့ အမိန့်ပေးရင် ဟန်ဆောင်ဖန်တီးထားတာ ပေါ်သတဲ့ ။ 

       ဓာတ်လုံးကို ဒီအတိုင်းဖမ်းယူရင် လက်ခုံကို ဖောက်ထွက်သတဲ့ ။ အဲဒီလို ဓာတ်လုံးကို ပိုင်ဆိုင်ပြီ ဆိုရင် ဦးဆုံး စိတ်ထဲက ဘယ်သွားမယ် ဘယ်လာမယ် ဆိုတာ စိတ်ကူးတာနဲ့ ရောက်သွားသတဲ့ ။ ဒါပေမယ့် နုစဥ်အခါမှာ နမ်ချည်း ထွက်သွားတာဖြစ်လို့ ရုပ်က ကျန်နေသတဲ့ ။ 

      ဓာတ်လုံးနဲ့ ကိုယ်နဲ့ အသားကျပြီ ဆိုမှ ရုပ်နဲ့ တွဲထွက်ဖို့ လေ့ကျင့်ရပြန်သတဲ့ ။ စစခြင်း မိမိရဲ့ ဓာတ်လုံးပါဝါ စမ်းရမတဲ့ ။ ရုပ်ကော နမ်ရော ခရီးထွက်ဖို့ ပထမဆုံး မိမိအိမ်နဲ့ နီးတဲ့ နေရာကိုပဲ စိတ်ကူးသွားကြည့်ပါတဲ့ ။ 

     တကယ်လို့ သိပ်ဝေးတဲ့ နေရာကို စိတ်ကူးလိုက်လို့ ရုပ်ရောနမ်ရော ရောက်သွားပြီ ဆိုပါစို့ ။ ဓာတ်လုံးပါဝါက အသွားအတွက်ပဲ ပြည့်စုံပြီး အိမ်ပြန်လာဖို့ ပါဝါ ကုန်သွားရင် မင်း ​ခြေလျှင်ပြန်လာရမှာ ဗျာ တဲ့ ။ 

     တွေးကြည့်လေ စိတ်ကူးနဲ့ ဗုဒ္ဓဂါယာသွားတယ် ၊ ok ရောက်သွားပြီ ။ ပြန်လာမယ် ဥုံဖွ ဆိုတော့ ဓာတ်လုံးက ပါဝါမရှိတော့ ဘူး ။ ကဲ ဘယ်လိုလုပ်မလဲ  ? ပတ်စ်ပို့လည်းမပါ ငွေလည်းမပါ နဲ့ အိန္ဒိယမှာ ယောင်ချာချာဖြစ်ပြီး "သီရိဓမ္မာသောကရာဇာပါ " ဆိုပြီး တောင်းစားနေရမယ် လေ 😁😁။ 

       ​အဲသလို ထွေရာလေးပါးပြောပြီး ကျနော်တို့ အိန္ဒိယနယ်စပ်ကို အကြောင်းတခုနဲ့ ခရီးထွက်ခဲ့ကြပါတယ် ။ (သရဲဖမ်းတဲ့ အထဲမှာ ရေးဖူးပါတယ် မဖတ်ဖူးသူတွေအတွက် တိုက်ဆိုင်နေလို့ ပြန်ရေးတာပါ)

        နယ်စပ်ရောက်တော့ ရွှေဖြစ်အောင် ထိုးနိုင်တယ်ဆိုတဲ့ ဘုန်းကြီးအိုကြီးရဲ့ သတင်းကို ကိုရွှေကြားလာပါတယ် ။ ရွှေဖြစ်ထိုးတဲ့ ပညာဟာ ကိုရွှေအလိုချင်ဆုံးပညာပါပဲ ။ 

       ဒါနဲ့ တောထဲက ဘုန်းကြီးအိုကြီးဆီကို သွားကြပါတယ် ။ ဘုန်းကြီးက နှုတ်ဆက်စကားပြောပြီး အကျိုးအကြောင်းမေးတော့ ကိုရွှေက တဲ့တဲ့ပဲ ဘုန်းကြီး ရွှေဖြစ်သလား ဖြစ်ရင် သင်ချင်လို့ ပါ ဘုရား မဖြစ်ရင်လည်း အားမနာနဲ့ ပြောပါ ပြန်ပါ့မယ် လို့ လျှောက်ပါရော ။ 

     ဘုန်းကြီးက ပြုံးပြီး ကိုရွှေရဲ့ အခြေခံ အဂ္ဂိရပ်ပညာတွေ စာချိုးတွေကို မေးပါတယ် ။ ဘုန်းကြီးမေးသမျှကို ဒိုးဒိုးဒေါက်ဒေါက် ဘယ်ကျမ်းက ဘယ်လို ဆိုတာ ရွတ်ဆိုပြနိုင်တာ တွေ့ရပါတယ် ။ ကျနော်လည်း ကိုရွှေရဲ့ မှတ်ဥာဏ်ကို အံ့သြမိရသလို ဘုန်းကြီးလည်း ကျေနပ်သွားပါတယ် ။ 

     ဒါနဲ့ ဘုန်းကြီးက 

"ကဲ ဒီလောက်ဆိုရင် မင်းကို နည်းပေးလို့ ရပါပြီကွာ ကဲ ငါ့မီးဖိုထဲက သွပ် ဒုတ္ထာ နာ ပြဒါး  တကျပ်သားစီ သွားယူချေကွာ ''

        ကိုရွှေဟာ ဘုန်းကြီးပြောတဲ့ ပစ္စည်းလေးမျိုး ကြားလိုက်တော့ မျက်စိမျက်နှာ ပျက်သွားပါတယ် ။ နောက် ဘုန်းကြီးကို အားမနာတမ်းလျှောက်ပါတယ် ။ 

" ဘုန်းဘုန်းဘုရား အဲဒီပစ္စည်းတွေနဲ့ ထိုးတာ ရွှေမဖြစ်ပါဘူး ဘုရား ''

"ဟေ မင်းက ဘယ်လိုသိလည်းကွ ''

"တပည့်တော်အဲဒီပစ္စည်းတွေနဲ့ နည်းပေါင်း ရာချီပြီး ထိုးပြီးပါပြီ ဘုရား မဖြစ်ပါဖူး ''

"ကိုင်း မင်းကိုမေးမယ် ကွာ အဲဒီပစ္စည်းတွေထဲက ဘယ်ဓာတ်သတ္တုက ရွှေဖြစ်တာလည်း ကွ ''

"အားလုံးရောပြီး ကောလီကျမှ(အားလုံးရောနှောပေါင်းစပ်ပြီး တသားတည်းဖြစ်တာကို အဂ္ဂိရပ်အခေါ် ကောလီကျသည်ဟု သုံး၏) ရွှေဖြစ်ရမှာပါ ဘုရား ''

     ဘုန်းကြီးက ကိုရွှေ့အဖြေကို ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်ပြီး ဆက်ပြောပါတယ် 

"ဟုတ်ပြီ ဒါဆို ဘယ်အချိန်မှာ ရွှေဖြစ်သလဲ ကွ '' 

"သြော် မီးအပေါ်မူတည်ပြီး ကောလီကျတဲ့ အချိန်ပေါ့ ဘုရား''   

"အင်း မင်းဟာကလည်း ဘယ်သတ္တုက ရွှေဖြစ်ဖြစ်မှန်းမသိ ဘယ်အချိန် ဖြစ်မှန်းမသိပဲ ရမ်းလုပ်နေတာ အကြိမ်တသောင်းထိုးလည်း ဘယ်ဖြစ်မလဲ ကွ ''

      ကိုရွှေဟာ ဘုန်းကြီးစကားကြားလိုက်တော့ တွေကနဲ ဖြစ်သွားပါတယ် ။ ဘုန်းကြီးက ဆက်ပြောပါတယ် ။ 

"ဒကာရွှေရေ  အရွယ်မရောက်သေးလို့ ဓမ္မတာမဆင်းသေးတဲ့ မိန်းမပျိုနဲ့ ရင်သွေးရနိုင်သလား ''

"ဘာ်ရမလဲ ဘုရား ''

"ကောင်းပြီ ဒါဆို အရွယ်လွန်ပြီး သွေးဆုံးနေတဲ့ အမျိုးသမီးနဲ့ကော ရင်သွေးရနိုင်သေးလား ''

"မရနိုင်ပါဘူး ဘုရား ''

"အင်း ဓာတ်သဘောကလည်း ဒီလိုပဲ ဒကာကြီး နုနေရင်လည်း မဖြစ်ဖူး ရင့်လွန်းရင်လည်း မဖြစ်ဖူး လေ  ကဲပါ ဒကာကြီး လက်တွေ့ လုပ်ဖို့ ပစ္စည်းသွားယူပါ ''

       ကိုရွှေနဲ့ကျနော် မီးဖိုထဲက ပစ္စည်းရှာယူနေတော့ ကိုရွှေက ငါ့ညီရာ ဖြစ်မှာ မဟုတ်ပါဖူး ရောက်လက်စမို့သာ မကောင်းတတ်လို့ ကွာ တဲ့ ။ 

        ပစ္စည်းတွေယူပြီး အပြင်ထွက်လာတော့ ထင်းမီးဖိုလေး ပြင်ဆင်ထားလေရဲ့ ။ ကိုရွှေက မီးသွေးနဲ့ ဖားဖို က ဘယ်နားမှာလဲ ဘုရားလို့ မေးပါတယ် ။ 

"တောခေါင်ခေါင်မှာ ဘုန်းကြီးအိုကြီးက ဘယ်က မီးသွေး နဲ့ ဖားဖို ရှိမှာလဲ အဲဒီ ထင်းမီးနဲ့ လုပ်ပါ ''

       နှစ်ယောက်သား ထင်းမီးဖိုလေးနဲ့ လုံကို အပူပေးပါတယ် ။ 

" သွားပါပြီကွာ ဒီအပူချိန် နဲ့ ဘယ်သတ္တုက ပျော်မလဲကွာ ပျော့တူးမနပ် စလုံးစခုတွေ ဖြစ်မှာပေါ့ ''

"လုပ်ကြည့်ပါအုံး အကိုရ ''

"မင်းက နားမလည်လို့ ငါ့ညီရ မျှော်လင့်မနေနဲ့ သွပ် ဒုတ္ထာ နာ ပြဒါး ဇွတ်လုပ်တာ အကုန်မှား ပဲ ကွ ဘုန်းကြီးက တတ်ယောင်ကားပါကွာ ''

       ကိုရွှေတယောက် ပွစိပွစိ နဲ့ မီးထိုးရင်း စိတ်မပါပဲ လုပ်နေပါတယ် ။ အချိန်အတန်ကြာတော့ ဘုန်းကြီးက ရပြီ ချတော့ တဲ့ ။ 

  "ဟေ့ကောင် ကြည့် ပျော့တူးမနပ်ဆိုတာ ဒါမျိုး '' 

     ကျနော်ကို ပြောပြရင်း လုံကို ထုခွဲမယ် လုပ်တော့ ဘုန်းကြီးက နေအုံး ဒါးနဲ့ တခြမ်းဖဲ့ကြည့်တဲ့ ။ 
ဖဲ့ကြည့်တော့ ပစ္စည်းလေးမျိုးက သူ့အလွှာနဲ့သူ အထပ်လိုက်မြင်ရပါတယ် ။ 

"ကဲ ကောလီမကျပဲ ပျော့တူးမနပ် ဖြစ်ကုန်ပြီး ဘုန်းဘုန်း ''

"အေးပါ အဲဒီထဲက သွပ်အလွှာကို ယူလိုက်ကွ ''

        သွပ်သားတွေ ထုတ်ယူပါတယ် ။ ဘုန်းကြီးက အဲဒီသွပ်ကို ငရဲမီး စားပစ်ကွ လို့ ခိုင်းပါတယ် ။ ကိုရွှေလည်း ပြောပြန်ပါတယ် 

" အင်း သွပ်ကို ငရဲမီးစားမှတော့ ကုန်ပြီပေါ့ ကွာ ကုန်လည်းအေးတာပဲ တို့ မြန်မြန်ပြန်ရတာပေါ့ ''

      သူကသာ ကုန်ပြီပြောနေတာ ငရဲမီးတရှဲရှဲစားနေတဲ့ ကြားထဲက မဲမဲ အဖတ်လေးတွေ ကျန်နေသေးတယ် ဗျ ။ ထပ်စားခိုင်းတယ် ကျန်တုန်းပဲ ။ ကိုရွှေမျက်မှောင်ကုတ်နေရပေပြီ ။ 

     သုံးခါစားပြီးတော့ ဘုန်းကြီးက ကဲ ချွတ်ပြီးလုပ်ကြည့်တဲ့ ။ ကြေးအနည်းငယ်နဲ့ အမဲဖတ်တွေ ရောပြီး မီးဖုတ်တယ် လက်ချားအုပ်ထိုးတာပေါ့ ။ နောက်တကြိမ် ငရဲမီးထပ်စားတယ် ။ ကျန်နေတဲ့ အမဲဖတ်တွေကို လက်ချားအုပ်ပြီး မီးထိုးတာ အခေါက်ရွှေ တပဲသား ထွက်လာပါတယ် ။ 

       သွပ် ဒုတ္ထာ နာ ပြဒါး ဇွတ်လုပ်တာ အကုန်မှား ဆိုတဲ့ ကိုရွှေဟာ မိမိလက်နဲ့ အစအဆုံးလုပ်ခဲ့ရတဲ့ တပဲသားလောက် ရွှေလေးကို အံ့သြတကြီး ကြည့်နေမိပါတယ် ။ 

     ဘုန်းကြီးအိုကြီးက ကဲ အဲဒီရွေပေးစမ်းပါ ဒကာကြီးဆိုပြီး ယူကြည့်ပါတယ် ။ ပြီးတော့ ကဲ သွားတော့ဆိုပြီး လွှင့်ပစ်လိုက်ပါတယ် ။ ကိုရွှေက ပါးစပ်အဟောင်းသားနဲ့ ကြည့်နေပြီး 

" တပည့်တော်ကို တခေါက်လောက် ​​ပြန်ပြောပါအုံးဘုရား လုပ်နေတုန်းက စိတ်မပါလို့ အသေးစိတ် မမှတ်မိလို့ပါဘုရား ''

        ဘုန်းကြီးပြောတဲ့ စကားကြောင့် ကိုရွှေ အံ့သြသွားတယ် ။ မင်းအဆင့်နဲ့ဆို အကြိမ်း သုံးဆယ် လေးဆယ် လုပ်ကြည့်ရင် ရပါပြီကွာ တဲ့ ။ 

       ဒါနဲ့ နှစ်ယောက်သား ပြန်လာကြပါတယ် ။ ကိုရွှေအဲဒီနည်းကို စမ်းနေတာ လေးကြိမ်ရှိပြီ မရသေးဖူး 😁😁😁😁။ 

         တနေ့ တစ္ဆေပူး သရဲပူး စုန်းပူး နတ်ပူး တွေထက် ထူးဆန်းတဲ့ ကိစ္စတွေ့ရပါတယ် ။ သာမန်လူတယောက်ဟာ ဆေးပညာ ဗေဒင်ပညာ မသင်ခဲ့ရပါပဲ ။ ဗေဒင်လည်းမှန်အောင် ရောဂါလည်း ပျောက်အောင် ကုသပေးနိုင်နေတာ အံ့သြဖွယ် ကြားသိခဲ့ရပါတယ် ။ 

     ကိုရွှေ နဲ့ မိတ်ဆွေတွေ စပြီး စကားဝိုင်းဖွဲ့ မေးမိတော့မှ အဖြေမှန် သိရပါတော့တယ် ။ တကယ်တန်းကျတော့ အဲဒီလူဟာ ပင်ကို ပါရမီကြောင့် မဟုတ်ပဲ သူ့ကို မှီပြီး ကုသိုလ်ရှာနေတဲ့ သူယောင်က ပူးကပ်ကူညီနေလို့ဆိုတာ ငိလာပါတယ် ။ 

      သူယောင်ဆိုတာ ဘာလဲ  ? ဘာကြောင့်ကူညီနေတာလဲ  ဆိုတာကတော့ ဒီလိုဗျ........

         ကို​ရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...