Thursday, June 16, 2022

မျိုးမြန်မာ (၁၀)



          မစ္ဆဂီရိ နဲ့ မုတ္တမ တို့က ပုန်ကန်မှုလုပ်ကြပါတယ် ။ အစွမ်းအစနည်းတဲ့ နရသီဟပတေ့လည်း အရေးကြုံလာတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိမှန်း မှိုင်ထွေနေလေရဲ့ ။ 

         အကင်းပါးထက်မြက်ပြီး နရသီဟပတေ့ လေးစားချစ်မြတ်နိုးရတဲ့ မိဖုရားဖွားစောက ကဲ မကြံစည်တတ်ရင်လည်း ဒလကို နှင်ထုတ်ထားတဲ့ ရာဇသင်္ကြန်အမတ်ကြီးကို ပြန်ခေါ်ပြီး ဆွေးနွေးအကြံဥာဏ်ယူပါ ၊ အချိန်ဆွဲနေရင် သူပုန်တို့ စည်ပင်ပွားများပါမည် ၊ သူတို့အားနည်းတုန်း အမြန်ချေမှုံးမှ တိုင်းပြည်အေးချမ်းမည် အမတ်ကြီးအား အမြန်ခေါ်ပါ လို့ အကြံပြုတိုက်တွန်းပါတယ် ။ 

        နဂသီဟပတေ့လည်း မိဖုရားစကားကို နာယူပြီး ရာဇသင်္ကြန်ကို အမြန်ခေါ်ပါတယ် ။ နန်းတော်ကို ပြန်ရောက်လာတဲ့ ရာဇသင်္ကြန်ကိုလည်း...

'' အဘိုးကို ငါဒေါသထွက်မိသည် ၊ စိတ်မချမ်းမသာ မဖြစ်ပါနဲ့ ''

        လို့ မိန့်တော်မူပြီး သိမ်းယူထားခဲ့သော ဆင် မြင်း စည်းစိမ်ဥစ္စာများနဲ့ ကျွန်များကိုပါ ပြန်ပေးတဲ့အပြင် မြို့ရွာအဆောင်တွေကိုလည်း ထပ်မံချီးမြှင့်ပါတော့တယ် ။ အလွန်ညံ့သော နရသီဟပတေ့မင်းပင် မိမိကျွန်ယုံအား ဘယ်အချိန်မှာ ချီးမြှင့်မြှောက်စားရမယ်ဆိုတာ ကောင်းစွာသိနေတဲ့ ပုဂံခေတ် နိုင်ငံရေးစည်းရုံးမှု အသိအား ယခုလူများ အတုမခိုးနိုင်တာ လွန်စွာအံ့သြဖွယ်ကောင်းလှပါတော့တယ် ။ 

             အဲဒီနောက် မင်းကြီးဟာ သူ့လူယုံ အတွင်းသင်းမှူး သရေပစ္စပတေ့ကို တိုက်ဆင် ၂၀၀ ၊ မြင်း ၂၀၀၀ ၊ စစ်သူရဲ ၂၀၀၀၀ နဲ့ မစ္ဆဂိရိကို ချီတက်စေပါတယ် ။ 

         အမတ်ကြီးရာဇသင်္ကြန်ကိုတော့ တိုက်ဆင် ၂၀၀ ၊ မြင်း ၂၀၀၀ ၊ စစ်သူရဲ ၂၀၀၀၀ တို့နဲ့ ရေကြောင်း ကြည်းကြောင်းမှ မုတ္တမသို့ တပြိုင်နက်တည်း ချီတက်စေပါတယ် ။ 

           ရာဇသင်္ကြန်လည်း ရန်ကုန်ကို ရောက်တာနဲ့ ပါသမျှ လှေအားလုံး ထားခဲ့ပြီး ကြည်းတပ်နဲ့ပေါင်းကာ မုတ္တမကို ချီတက်ခဲ့ပါတယ် ။ မုတ္တမစား ငရွှေကတော့ ငယ်ကြောက်ဖြစ်တဲ့ ရာဇသင်္ကြန်ကို မတိုက်ရဲပဲ လူသူစုဆောင်းပြီး တောင်ထိပ်ရှိ မြို့တွင်းသို့ ဝင်စေကာ မြို့ထဲမှ ခုခံပါတယ် ။ 

         ရာဇသင်္ကြန်လည်း မြို့ကို တင်းကြပ်စွာ ပိတ်ဆိုးထားရာ တောင်ထိပ်ရှိရေထွက်က လူအများအပြားအတွက် မလုံလောက် ၊ မြို့ပြင်လည်း ရေထွက်ရှာမရနဲ့ ၈ ရက်မျှ အကြာမှာ ရေငတ်ဒဏ်ကြောင့် လက်နက်ချကြပါတော့တယ် ။ 

         အမတ်ကြီးလည်း မုတ္တမစားငရွှေနဲ့ သားမယားတို့ကို ဖမ်းဆီးပြီး ဆင် မြင်း တို့နဲ့တကွ ပုဂံကို ပြန်လာပါတော့တယ် ။ 

        ရာဇသင်္ကြန်က အဲလိုအောင်ပွဲရပြီးပြန်လာပေမယ့် မိစ္ဆဂီရိစစ်ကြောင်းကတော့ ပြဿနာတက်နေရပါပြီ ။ မိစ္ဆဂိရိရောက်ခါနီး ညဖက်ကြီးကြမှ တပ်လန့်ပြီး တပ်ပျက်ကြသတဲ့ ( ဘာကြောင့် တပ်လန့်ရကြောင်း မသိရ) ။ 

        အဲဒီသတင်းကြားတော့ နရသီဟပတေ့ကလည်း သူ့ကျွန်ယုံ သရေပစ္စပတေ့ကို သတ်စေဆိုပြီး ရာဇသင်္ကြန်ရဲ့သားငယ် အုတ်လှကို တာဝန်ပေးစေလွှတ်လိုက်ပါရော ။ အဲဒီမှာ မုတ္တမကနေ အောင်ပွဲနဲ့ပြန်ပြီး ဆန်တက်လာတဲ့ ရာဇသင်္ကြန် နဲ့ သူ့သားငယ်အုတ်လှတို့ တွေ့ကြပါရော ။ 

         ဒီတော့ ရာဇသင်္ကြန်က သရေပစ္စပတေ့ကို သတ်မယ့်အကြောင်း သိသွားပြီး သူ့သားကို မှာလိုက်တယ် ငါဆီက လူလွှတ်ပြီး အကြောင်းကြားမှ သတ်ဖို့လုပ် ၊ လောလောဆယ်မသတ်သေးနဲ့ ဆိုပြီး မှာလိုက်ပါတယ် ။ 

           အဲဒီနောက် ရာဇသင်္ကြန်လည်း ပုဂံကို အမြန်ဆုံးချီတက်ပြီး မုတ္တမစားငရွှေနဲ့ သားမယား ကျေးကျွန် ဆင်မြင်းတို့ကို ဆက်သပါတယ် ။ မင်းကြီးလည်း ဝမ်းသာအားရဖြစ်ပြီး အမတ်ကြီးကို ဆုလာဘ်များစွာချီးမြှင့်ပါတော့တယ် ။ မင်းကြီးစိတ်နှလုံးရွှင်မြူးနေခိုက် အမတ်ကြီးက...

'' အရှင်းမင်းကြီး ကျေးကျွန်တို့မည်သည်ကား ကိုယ်အရှင် ဘုန်းတန်ခိုးကြီးမားစေရန် စိတ်အားထက်သန်သူချည်းသာ ဖြစ်ပါတယ် ။ တရားသဘောအရလည်း ဖြစ်တတ် ပျက်တတ်သည်မှာ သဘာဝပင်ဖြစ်ပါတယ် ။ စစ်တို့၏သဘောမှာလည်း နိုင်မည်ထင်သော်လည်း ရှုံးတတ်သလို ၊ ရှုံးမည်ထင်သော်လည်း နိုင်တတ်ပါတယ် ။ ကာလ ဒေသ ပယောဂ အစီအမံ လုံလဝီရိယသာ အဓိကဖြစ်ပါတယ် ၊ ဒါကြောင့် ကျန်ယုံ သရေပစ္စပတေ့ကို ချမ်းသာခွင့်ပေးသင့်ပါတယ် ''

        အမတ်ကြီးက အဲလို လျှောက်တင်တော့ စိတ်လက်ကြည်လင်နေတဲ့ ဘုရင်လည်း သတ်စေအမိန့်ကို ပယ်ဖျက်ပေးလိုက်ပါတယ် ။ ဒီတော့မှ အမတ်ကြီးလည်း သူ့သားငယ်အုတ်လှဆီ လူလွှတ်ပြီး သရေပစ္စပတေ့ကို ပြန်ခေါ်ရပါတော့တယ် ။ မိဖုရားဖွားစောနဲ့ တိုင်ပင်ပြီး သရေပစ္စပတေ့ကို အတွင်းကိုယ်ရံတော်မှူးအဖြစ်ပဲ ပြန်ခန့်လိုက်ကြပါတယ် ။ 

       နတ်တော်လရောက်တာနဲ့ ရာဇသင်္ကြန် ၊ သရေဎုနာ ၊ စစ်တုရင်ကပို ၊ စစ်တုရင်ကသူ ဆိုတဲ့ စစ်သူကြီးလေးဦးကို ခေါ်ပြီး မိစ္ဆဂီရိကို ရအောင်တိုက်ဖို့ အမိန့်ပေးစေခိုင်းပါတော့တယ် ။ 

          ရာဇသင်္ကြန်လည်း ဆင်မြင်းဗိုလ်ပါ အလုံးအရင်းနဲ့ ချီတက်ပြီး မိစ္ဆဂီရိအရပ်ရှိ သူပုန်အနွယ် သူပုန်အားပေး ကျေးလက်အစွန်အဖျားကစပြီး ထောင်းလမောင်းကျေအောင် ဖျက်ဆီးပါတယ် ။ အဲဒီနောက် ခြေလက်မရှိတော့ပဲ ထီးထီးကျန်နေတဲ့ သက်တောင်ထက်မှ မိစ္ဆဂီရိမင်းကို တင်းကြပ်စွာ ဝန်းရံပိတ်ဆိုးထားပါတယ် ။ 

           ရာဇသင်္ကြန်ရဲ့ မြို့ပြင်က တပ်သားတွေတောင် လူအင်အားကြောင့် ရိက္ခာမနည်းရှာစားကြရတာ သစ်သီ သစ်မြစ် စားရတဲ့အထိ ဖြစ်ချိန်မှာတော့ အပိတ်ခံထားရတဲ့ မြို့တွင်းသားတို့မူကား ဝက်စာ ဖွဲကိုသာ စားရသည်အထိ ငတ်မွတ်လာပါတယ် ။ 

        ထိုအခါမှ တင်းမာပြတ်သားသော မြန်မာ့သွေးစစ်စစ် စစ်သူကြီးရာဇသင်္ကြန်ကို ကြောက်ရွံ့ခြင်း ပြင်းစွာဖြစ်၍ နောက်နောင်မဖောက်ပြန်ဝံ့တော့ပါ ၊ အသက်ကိုချမ်းသာပေးပါဆိုပြီး သိန်းဃိုပြန်မထေနဲ့ အတူ ညီ နဲ့ သားကိုပါစေလွှတ်ပြီး စေ့စပ်လာပါတယ် ။ 

       ရာဇသင်္ကြန်လည်း မင်းဧရာဇ်ရဲ့ ဆုံးဖြတ်ချက်ကို တောင်းခံရန် သားငယ်အုတ်လှကို လှေလျှင်စီးပြီး ပုဂံသို့ အမြန်ဆုံး သတင်းပို့ အမိန့်နာခံရန် စေလွှတ်ပါတယ် ။ 

        တကြိမ်တပ်ပျက်လာရတဲ့ မိစ္ဆဂီရိအတွက် စိုးရိမ်နေတဲ့ နရသီရပတေ့မင်းလည်း နေ့စဥ်စစ်သတင်းကို ရင်မောစွာစောင့်နေရပါတယ် ။ နံနက်ခင်းမှာ လေသာပြူတင်းကနေ မြစ်အတွင်း လှမ်းမျှော်ကြည့်စဥ် ရွက်လှေဆန်လာတာတွေ့ရလို့ စစ်သတင်းဖြစ်မည်ဟု ယူဆကာ သတင်းမေးရန် လှေလျှင်စေလွှတ်ပါတယ် ။ 

         အုတ်လှငယ်က စစ်သတင်းမဖြေပဲ ကျနော်အုတ်လှငယ် လာသည်လို့သာ အဖြေပေးလို့ လှေလျှင်က အဲလိုပဲ ပြန်လျှောက်တော့ ဒေါသကြီးတဲ့ မင်းကြီးလည်း သူသိချင်တဲ့ စစ်သတင်းမပြောရကောင်းလားဆိုပြီး အတြ်လှငယ်ကို သတ်စေလို လုပ်ပြန်ပါရော ။ 

        သတ်မယ့်ပါးကွပ်သားတွေ သူ့လှေပေါ်တက်လာတော့ အုတ်လှငယ်က မင်းကြီးကို စစ်ရေးသတင်းပြောပြီးမှ သတ်ပါလို့ တောင်းဆိုတဲ့အတွက် ပါးကွပ်သားများက သတင်းပို့ရာ မင်းကြီးက သူ့ဆီခေါ်ခိုင်းပါတယ် ။ 

        မင်းကြီးရှေ့ရောမှ အုတ်လှငယ်က ခေါင်းပေါင်းစကို ဖြေချပြရာ ဆွေးမြေ့နေတဲ့ မဖြီးသင်ရသေးသော ဆံပင်တို့ဟာ ကြမ်းပေါ် လုံးကနဲ ထွေးကနဲ ကျွတ်ကျလာရာ သန်းများနဲ့ ရွစိတက်နေတာကို နန်းတွင်းသားများနဲ့ တကွ မင်းကြီးလည်း မြင်ကြရပါတယ် ။

  '' အရှင့်အမှုတော်ကို ဦးဆွေးဆံမြေ့ ထမ်းဆောင်ခဲ့ပါတယ် ၊ စစ်ရေးအောင့်မင်မှုသတင်းကို အရှင့်အား ကိုယ်တိုင်ဝမ်းသာအားရ လျှောက်တင်ချင်လို့ ဒီလိုဖြေလိုက်တာပါ ''

        အဲဒီလို လျှောက်တင်လိုက်မှ မင်းကြီးလည်း ဟုတ်ပေသားပဲလို့ အမှန်မြင်ပြီး အုတ်လှငယ်အတွက် သူ၏ဦးခေါင်းကို သန့်ရှင်းစေရန် ၊ မုတ်ဆိတ် ဆံသစေရန် ကိုယ်လက်များကို ရေချိုးနံ့သာလိမ်းစေရန် မောင်းမမိဿန်များနဲ့ ဆတ္တာသည်များအား စေခိုင်းပါတယ် ။ 

        အဲဒီနောက် အဝတ်အစားကောင်းများ လဲလှယ်ဝတ်ဆင်စေပြီး ရှေ့တော်မှာ ကောင်းစွာထမင်းစားစေပါတယ် ။ ဆုလာဘ်များလည်း ပေးသနားပြီးမှ မိစ္ဆဂီရိကို မင်းမှ အစ တမြို့လုံး သစ္စာပေးခိုင်း သား ဇမ္ဗုက နဲ့ ညီဖြစ်တို့ကို ပုဂံသို့ ခေါ်လာရန် အမိန့်ပေးလိုက်ပါတယ် ။ 

        အုတ်လှငယ်လည်း အပြင်အထန် အမြန်ဆုံးပြန်သွားပြီး အမိန့်တော်ကို ပြန်ပြောပါတယ် ။ အပြန်လမ်းခရီးမှာ ရာဇသင်္ကြန်အမတ်ကြီးဟာ အသက် ၆၂ နဲ့ မလိုက်ဖက်အောင် ပင်ပန်းကြီးစွာ ရှေ့တန်းအထိ တိုက်ပွဲကို ကိုယ်တိုင်ဦးဆောင်တိုက်ခိုက်တဲ့ ဒဏ်တွေကြောင့် ပင်ပန်းပြီး အားနည်းနေစဥ် သွေးဝမ်းသွားတဲ့အတွက် လဒမြို့အရောက် ကွယ်လွန်ခဲ့ရပါတယ် ။ 

       မင်း မိဖုရားနဲ့တကွ တတိုင်းပြည်လုံး ပူဆွေးဝမ်းနည်းကြရပါပြီ ။ ဒီနေရာမှာ ဒေါသကြီးတဲ့ နရသီဟပတေ့ရဲ့ ဟင်းခွက် ၃၀၀ ပြည့်မှ စားရတာဘာကြောင့်လဲ ဆိုတာနဲ့ အခြားစိတ်ဝင်စားဖွယ်စိတ်နေသဘောထားကို တင်ပြရရင်တော့........

       ကိုရွှေမျိုးဝင်း

မျိုးမြန်မာ (၁၀)

https://m.facebook.com/story.php?story_fbid=347019450895315&id=100067617891731

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...