Thursday, June 16, 2022

မျိုးမြန်မာ (၈)



        နရပတိစည်သူဟာ ပထမဆုံး အမြဲတမ်းတပ်မတော်ရဲ့ နိဒါန်းဖြစ်တဲ့ နန်းတော်လုံခြုံရေး တပ်ဖွဲ့ကို စနစ်တကျ စတင်ဖွဲ့စည်းခဲ့ပါတယ် ။

          မှန်နန်းရာဇဝင်အရတော့ အကိုဖြစ်သူကို လွယ်လင့်တကူ လုပ်ကြံနိုင်ခဲ့လို့ မိမိအလှည့်မှာ ထိုကဲ့သို့ မဖြစ်စေရန် အစောင့်ကိုယ်ရံတော်များ များစွာ ထားခဲ့တယ်လို့ ဆိုပါတယ် ။ အတွင်းကိုယ်ရံတော် အပြင်ကိုယ်ရံတော်ဆိုပြီး နန်းတော်ရဲ့ အတွင်းအပြင်ကို တင်းကျပ်စွာ အထပ်ထပ်စောင့်ရလို့ နန်းတော်ထဲ ကြက်တကောင်တောင် မဝင်သာဘူးလို့ မှတ်တမ်းတင်ခဲ့ပါတယ် ။

          နရပတိစည်သူဟာ အတွင်းကိုယ်ရံတော် ၊ အပြင်ကိုယ်ရံတော်များအပြင် ဝင်းလှည့် ၊ အိပ်ဖန်စောင့် ဆိုပြီး မိမိယုံကြည်ရတဲ့ မင်းဆွေမင်းမျိုးများထံမှ ရွေးချယ်အမှုထမ်းစေခဲ့ပြန်ပါတယ် ။ 

        မူလက နှစ်ဖွဲ့ထဲ ခွဲခြားပြီး တာဝန်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာ အရပ်လေးမျက်နှာအတွက် လေးဖွဲ့ခွဲပြီး လုံခြုံရေးတာဝန်ထမ်းဆောင်စေခဲ့ပါတယ် ။ စတင်ဖွဲ့စည်းစဥ်က အင်အား ၁၀၀၀ ခန့်ပဲရှိပေမယ့် နှောင်းကာလများမှာ အင်အား ၅၀၀၀ အထိ တိုးချဲ့ခဲ့ပါတယ် ။ 

           ပုဂံနိုင်ငံတော်ရဲ့ အမြဲတမ်းတပ်ဖြစ်တဲ့အတွက် အခြားတပ်များထက်စာရင် အရာရာ ပြည့်စုံသာလွန်တဲ့ ဂုဏ်ယူဖွယ်တပ် ဖြစ်ခဲ့ရပါတယ် ။ 

           ထူးခြားချက်အနေနဲ့ နရပတိစည်သူလက်ထက်မှာ တလတခါ လစာရိက္ခာပေးတဲ့ စနစ် စပြီးကျင့်သုံးနေပြီဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ် ။ 

        အမြဲတမ်းတပ်ရှိ ရဲမက်စစ်သည်များအား ' တယောက်ကို တလ စပါး ၅၀ နဲ့ တနှစ်ကိုတခါ မိန်းမအတွက်ပါ ဝတ်စုံပေးပါတယ် ။ အကြီးအကဲတို့အတွက် တလကို စပါး ၁၀၀ နဲ့ တနှစ်မှာ လင်ရောမယားအတွက်ပါ ဝတ်စုံပေးပါတယ် ။ ထို့နောက် ဆုလာဘ်များလည်း အကြောင်းသင့်သလို ပေးသနားတာ လစာထက်များတယ်လို့ ဆိုပါတယ် ။ 

           အဲဒီနောက် နရပတိစည်သူမင်းဟာ မြန်မာ့တပ်မတော်အတွက် အင်မတန်အရေးကြီးတဲ့ တပ်ဖွဲ့စည်းပုံ နဲ့ ရာထူးအဆင့်တိုးပုံကို စနစ်တကျ သတ်မှတ်ခဲ့ပါတယ် ။ 

        ခြေလျှင် ၁၀ ကြိမ်တိုက်ပြီးမှ မြင်းတပ်သားခန့်ရန် ၊ မြင်းနဲ့ ၁၀ ကြိမ်တိုက်ပြီးမှ ဆင်သည်တော်ခန့်ရန် ၊ ဆင်နဲ့ ၁၀ ကြိမ် တိုက်ပြီးမှ လှေသည်တော် ခန့်ရန် စီစဥ်ပါတယ် ။ မြန်မာ့စစ်ရေးသမိုင်းမှာ ထူးချွန်ပြောင်မြောက်တဲ့ မှတ်တမ်းဝင်တိုက်ပွဲ မရှိသော်လည်း အမြဲတမ်းတပ်မတော်စတင်သူ ၊ နန်းတွင်း၌အတွင်းစည်း အပြင်စည်းထား၍ လုံခြုံရေးစနစ် စတင်သူ ၊ စစ်သည်များအား လစာပေးစနစ် စတင်သူ ၊ ခြေလျှင် မြင်း ဆင် လှေတပ်ဖွဲ့များကို စနစ်တကျ ရာထူးတိုးမြှင့်စေရန် စနစ်သစ် တီထွင်ခဲ့သူအဖြစ် ထူးခြားတဲ့မင်းတပါး မှတ်တမ်းတင်နိုင်တဲ့ ဘုရင်တပါးဖြစ်ပါတယ် ။ 

          နရပတိစည်သူလက်ထက်မှာ အနော်ရထာမင်းကြီးရဲ့ သူရဲကောင်းတဦးဖြစ်တဲ့ ညောင်ဦးဖီးရဲ့ မျိုးဆက်သမိုင်း ပြန်တွေ့ရပါတယ် ။ သူကတော့ ညောင်ဦးစား '' နားတောင်းများ '' ဆိုတဲ့ ညောင်ဦးဖီးရဲ့ မြစ်ဖြစ်ပါတယ် ။ သူ့ကို နရပတိစည်သူက တရားသူကြီးအဖြစ် ခန့်အပ်ထားကြောင်း မှတ်တမ်းတင်ထားပါတယ် ။ 

          နရပတိစည်သူဟာ သူ့လူယုံ ငပြည့် ၊ ငအောင်စွာ နဲ့ အနန္တသူရိယတို့ကို စိတ်လိုက်မာန်ပါ သတ်ဖြတ်ပြီးနောက် နောင်တကြီးစွာ ရဟန်ရှိပါတယ် ။ မင်းကျင့်တရား ဆယ်ပါးကို လိုက်နာကျင့်ကြံပြီး တိုင်းပြည်အရေးအရာများကို ပညာရှိများနဲ့ အမြဲတိုင်ပင်ကာ ဆောင်ရွက်ပါတော့တယ် ။ 

            နရပတိစည်သူမင်းဟာ ရာဇပရိယာယ်မှာလည်း အင်မတန် လိမ္မာကျွမ်းကြင်လှပါတယ် ။ အဲဒါကိုတော့ သူ့ရဲ့ နန်းဆက်ရွေးချယ်တဲ့ပွဲမှာ အထင်အရှားတွေ့နိုင်ပါတယ် ။ 

         ပြဿနာကို အနည်းငယ်ရှင်းပြပါ့မယ် ။ နရပတိစည်သူမင်းမှာ မင်းဆွေမင်းမျိုး အစစ် မိဖုရားတွေက မွေးထားတဲ့ သား​တော်ကြီး ၄ ပါးရှိပါတယ် ။ ထုံးစံအရဆိုရင် အကြီးဆုံးသားတော်ကို အိမ်ရှေ့စံခန့်လိုက်ရင် ပြီးပြီပေါ့ ။ 

        ဒါပေမယ့် အဲဒီလို လုပ်ဖို့ သူ့မှာ အခက်အခဲရှိနေပြန်တယ် ။ ဘာအခက်အခဲလည်းဆိုတော့ ကတိကြွေးတင်နေတဲ့ အခက်အခဲပါပဲ ။ သူမြတ်နိုးလို့ တော်ကောက်ထားတဲ့ မိဖုရားငယ်တပါးရှိပါတယ် ။ မိဖုရားငယ်က ပန်းသည်မျိုးရိုးမို့ အဆင့်နိမ်တယ်ပြောရမှာပါ ။ 

         တခါက နရပတိစည်သူရဲ့ လက်ညှိုးမှာ ခူနာပေါက်သတဲ့ ။ ပနာကိုက်ခဲလို့ မသက်မသာ ခံစားနေရတဲ့ မင်းကြီးဟာ ပန်းသည်မျိုးနွယ် မိဖုရားထံ ရောက်လာပြီး ညည်းညူနေတော့ မိဖုရားက အဇာတသတ်မင်းရဲ့ လက်ညှိုးကခူနာကို ဖခင် ဗိမ္ဗိဿာရမင်းကြီး အာခံတွင်းမှာ ငုံပေးလို့ ပြည်ပေါက်ကျပြီး သက်သာဖူးတယ် ဒါကြောင့် မင်းကြီးလက်ညှိုးကို ငုံပေးပါရစေဆိုပြီး မရွံမရှာ ငုံပေးသတဲ့ ။

        သူမလျှောက်တင်သလိုပဲ မင်းကြီးအနာလည်း အာခံတွင်းမှာ ပေါက်ပြီး သက်သာပျောက်ကင်းခဲ့ရပါတယ် ။ ဒီတော့ နရပတိစည်သူမင်းကြီးက မိဖုးရားကို လိုရာဆုတောင်းဖို့ ပြောပါတယ် ။ နောက်မှ တောင်းပါ့မယ် မင်းကြီးသာ ကတိတည်ပါစေဆိုပြီး တောင်းမယ့်ဆုကို မပြော​သေးပဲ ထားလိုက်ပါတယ် ။

        မိဖုရားငယ်ရဲ့ သားတော်လေးလည်း အရွယ်ရောက်ရော သူ့သားတော်လေးဟာ အဆင့်နိမ့်တဲ့ မျိုးရိုးကမို့ ထီးနန်းမရခဲ့ရင် အန္တရာယ်ရှိတဲ့အတွက် သူ့သားတော်လေးကို ထီးနန်းပေးပါလို့ အကြွေးတင်ထားတဲ့ ဆုကို တောင်းပါတယ် ။ 

         နရပတိစည်သူမင်းကြီးလည်း အလွန်အကြပ်ရိုက်သွားရပါပြီ ။ သူ့ရှေ့က စီနီယာအဖေတူ အမေကွဲ အဆင့်မြင့်မျိုးရိုး မင်းသားကြီး ၄ ပါးကို ကျော်ပြီး အငယ်ဆုံးဖြစ်တဲ့ မျိုးရိုးနိမ့်သားတော်ကို အိမ်ရှေ့စံပေးဖို့ ခက်ခဲနေဟန်ပါပဲ ။ 

         အဲဒီခေတ်က နန်းတွင်းထုံးစံအတိုင်း ဒီလိုအဆင့် မင်းညီမင်းသားတွေဟာ ဘုရင်မဖြစ်ရင် အသက်အန္တရာယ်ရှိတာလည်း အမှန်မို့ မိခင်မေတ္တာကြီးမားလှတဲ့ မိဖုရားငယ်ကလည်း မကြာခဏ သူ့သားကို ထီးနန်းပေးဖို့ တောင်းဆိုပါတော့တယ် ။ (အဲဒါကြောင့် အဲဒီမင်းသား ဘုရင်ဖြစ်တော့ နန်းတောင်းများမင်းလို့ ခေါ်ဝေါ်ခဲ့ကြပါတယ်)

         နရပတိစည်သူမင်းဟာ တိုင်းပြည်လည်း စည်းလုံးညီညွှတ်မှု မပြိုကွဲအောင် ၊ သူလည်းပေးထားတဲ့ ကတိမပျက်ရလေအောင် (မင်းမှာ ကတိ လူမှာ သစ္စာ ဆိုသကိုး) ရာဇပရိယာယ်နဲ့ ကြံစည်ပါတော့တယ် ။

         အိမ်ရှေ့စံ ခန့်အပ်ဖို့အတွက် သာမန်ထုံးစံအရ ခန့်အပ်လို့ မရတော့ကြောင်း ၊ သူ့ထံကို ထီးချက်စောင်းနတ်သမီးက အိမ်ရှေ့စံရွေးဖို့ နည်းလမ်း အိပ်မက်ထဲမှာ လာပေးသွားလို့ အဲဒီနည်းအတိုင်းပဲ ရွေးချယ်ရမယ်လို့ မိန့်ကြားပါတော့တယ် ။ 

          နည်းလမ်းတော့ ညီအကို မင်းသားငါးပါး စက်ဝိုင်းပုံထိုင်ကြရမယ် ။ အလယ်မှာ ထီးဖြူစိုက်ထားမယ် ထီးက မင်းဖြစ်ရမယ့်သူထံ ညွှတ်ပြလိမ့်မယ် ။ အဲဒီမင်းသားကို အိမ်ရှေ့စံခန့်ရမယ်လို့ စီစဥ်ပါတယ် ။ 

         ဘယ်နည်းနဲ့စီမံထားတယ် မသိပါဘူး ထီးကလည်း သူဖြစ်စေချင်တဲ့ မိဖုရားငယ်ရဲ့ သားတော်ဆီကို ညွှတ်ပါသတဲ့ ။ ဒီလိုနဲ့ သားတော်အငယ်ဆုံး ဇေယျသိင်္ခမင်းသားလည်း အိမ်ရှေ့စံဖြစ်လာရပါတော့တယ် ။ 

           နရပတိစည်သူမင်း သက်တော် ၇၄ နှစ်မှာ နာမကျန်းဖြစ်လာတော့ သားတော် ငါးပါးကို ခေါ်ပြီး သားတော်တို့ရဲ့ လက်တွေကို သူ့ရင်ဘက်ပေါ် တင်ကိုင်ထားပြီး.....

'' သားတော်တို့ ငါမှာတဲ့အတိုင်း ဆောင်ရွက်ကြပါ ၊ မင်းတို့ငါးပါး ညီညွှတ်စွာနေကြပါ ၊ ဤသို့ အတူတူ ကောင်းစားမှသာတင့်တယ်မည် ၊ ကျွန်များစွာရှိသော်လည်း ဆွေမျိုးမရှိရင် ကောင်းစားတယ်မမည် ၊၊

      ပြည်ရွာ ငြိမ်းချမ်းစေရင်တော့ နှုတ်သီးရှည်၍ ပြန်ခွပ်မည်ထင်ရင် နှုတ်သီးကို ဖြတ်ပစ် ၊ အတက်ရှည်၍ စူးမည်ထင်လျှင် အတက်ကိုဖြတ် ၊ အတောင်ရှည်၍ ပျံမည်ထင်လျှင် အတောင်ကိုဖြတ် ၊ မင်းဖြစ်လျှင် ချစ်သည် မုန်းသည်မရှိ ထုံးစံနဲ့အညီ အပြစ်ပေးရဲရမည် ။ ထိုသို့ပြုမှသာ ကြောက်ရွံ့ခန့်ညားမည် ၊ ကြောက်ရွံ့ခန့်ညားမှသာ တိုင်းပြည်တည်ငြိမ်မည် ။

       အမှုထမ်းတို့ကို ခြေလျှင်ဆယ်ပွဲရမှ မြင်းတင် ၊ မြင်းဆယ်ပွဲရမှ ဆင်တင် ၊ ဆင် ဆယ်ပွဲရမှ လှေတင် ၊ လှေဆယ်ပွဲရမှ လေးရာပြုမြို့ကို ပေးရာ၏ ။ ထိုသို့ လူမှန်နေရာမှန် ပေးမှ အချွေအရံများမည် ၊ အချွေအရံများမှ ရန်သူကြောက်ရွံ့မည် ၊၊ ဤသို့သော ငါ၏စကားကို မပစ်ပယ်ပဲ ကောင်းစွာကျင့်ကြပါ ''

       ဟု မှတ်သားဖွယ် ဆုံးမစကား မှာကြားပါတယ် ။ ထို့နောက် မင်းသားကြီးလေးပါးရဲ့ မိခင် မိဖုရားလေးပါးနဲ့ သစ္စာတော်ခံများကို ခေါ်ယူ၍ ဇေယျသိင်္ခမင်းသားငယ်ထံ သစ္စာတော်ခံစေ၍ ...

''သားတော်ငါးပါးတို့သည် ငါစီရင်ခဲ့သည်ကို ဖောက်ဖျက်သော် ငါ့စကားနားထောင်အပေါင်းက စုပေါင်းတိုက်ခိုက်ရမည် ''

       လို့ မှာကြားပါတယ် ။ 

        ထို့နောက် ထီးနန်းဆက်ခံမည့် သားငယ် ဇေယျသိင်္ခအား မှာကြားတာကတော့...

''တိုင်းရေးပြည်ရွာ ကိစ္စရပ်များအား အကိုတော်များနဲ့ အမြဲတမ်း တိုင်ပင်ညှိနှိုင်းပြီးမှ ဆောင်ရွက်ရန် ၊ အကိုတော်များ၏ ဆုံးမစကားများကို နာယူရန် နဲ့  သီတင်းကျွတ်တိုင်း တူညီသော လက်ဆောင်များနဲ့ ကန်တော့ရန် ''

        စေ့စပ်စွာ မှာကြားခဲ့ပြန််ပါတယ် ။ ဒီလို ပြုဖွယ်ရှိသည်များကို စနစ်တကျ စီမံဆောင်ရွက်ပြီးမှ ဘုန်တန်ခိုးကြီးမားသော သက်တော်ရှည် နရပတိစည်သူမင်းကြီးဟာ သက်တော် ၇၄ နှစ် သက္ကရာဇ် ၁၂၁၁ မှာ နတ်ရွာစံခဲ့ရပါတယ် ။ 

        နရပတိစည်သူမင်းကြီးဟာ သူ့ရဲ့  ဘေးတော်အလောင်းစည်သူမင်းလို နန်းမွေဆက်ခံကိစ္စကို ပေါ့ပေါ့ဆဆ မထားပဲ စနစ်တကျ စီမံခဲ့ပါတယ် ။ အဲဒီ အကျိုးကျေးဇူးကို လေ့လာရရင်တော့......

         ကိုရွှေမျိုးဝင်း

မျိုးမြန်မာ (၇)
https://m.facebook.com/story.php?story_fbid=343215267942400&id=100067617891731

(ကိုယ့်သမိုင်း​ကြောင်းထဲက နရပတိစည်သူမင်းကြီးရဲ့ မင်းဧရာဇ်တို့ အတွက် ချစ်တယ် မုန်းတယ်မရှိ ထုံးစံနဲ့အညီ အပြစ်ပေးရမယ်ဆိုတဲ့ ဆိုတဲ့ ဆုံးမလမ်းညွှန်စကားက ဒီနေ့ Hot နေတဲ့ နွားနှစ်ကောင် ပြဿနာနဲ့ တိုက်ဆိုင်ချက်နေချက်က အံ့သြစရာ.....)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...