Friday, June 24, 2022

ဇဝေဇဝါ ပြဿနာများ


         ခေတ်သစ် မြန်မာ့နိုင်ငံရေးမှာ ပြည်သူတွေ ဇဝေဇဝါ ဖြစ်နေတဲ့ ပြဿနာကြီးတွေထဲက နှစ်ခုလောက်ကို သိသလောက် ပြောချင်လာပါတယ် ။ 

          ပထမတခုက ဦးစောမောင်ဆီက အာဏာလုခဲ့ကြတာလား (သို့မဟုတ်) အမှန်တကယ် ကျန်းမာရေးအခြေအနေကြောင့် အနားပေးခဲ့ရတာလား ဆိုတဲ့ ပြဿနာပါပဲ ။ 

        ဦးခင်ညွှန့်ရေးခဲ့တဲ့ စာအုပ်ထဲမှာ အမှနိတကယ် ကျန်းမာရေးချို့တဲ့လာတဲ့အတွက် အနားပေးရကြောင်း ရေးသားထားပါတယ် ။ အခြား သက်သေအဖြစ် ထပ်မံရှာဖွေကြည့်ရာမှ ဖော်ပြပါ link ထဲက အကြောင်း ထပ်တွေ့မိပါတယ် ။ 

https://www.facebook.com/101818795906282/posts/105539162200912/

          အရေးကြီးတဲ့ အချက် ဦးစောမောင် ကျန်းမာရေးမကောင်းတော့တာမှန်ကန်ကြောင်း ၊ PSO ကိုတောင် အလာမခံတော့ပဲ ဒေါသတွေကြီးနေကြောင်း ၊ စိတ်ဖိဆီးမှုကြောင့် ၁၉၉၂ သင်္ကြန်အပြီး ရုံးမတက်တော့ကြောင်း ပြောကြားပါတယ် ။ 

         အနားပေးလိုက်ပြီဆိုတဲ့ အမိန့်စာကို ဦးခင်ညွှန့်က သွားပေးကြောင်း နဲ့ စစ်ရုံးဝန်ထမ်းများကိုတော့ ဦးသန်းစိန်ကလာပြောကြောင်း ဖြေထားပါတယ် ။ ဖြေကြားသူဟာ ဦးစောမောင်နဲ့အတူ နောက်ဆုံး ၃ နှစ်ကာလ အတူအနီးကပ်နေခဲ့တဲ့ သားသမီးကဲ့သို့ဖြစ်နေတဲ့ ရဲဘော်မို့ လိမ်ညာစကားပြောမှာ မဟုတ်ပါဘူး ။ 

       ဒါက ဒီနေ့ထိ ဇဝေဇဝါ ဖြစ်နေကြဆဲ ပဟေဠိတခုရဲ့ အဖြေပါပဲ ။ 

         နောက်ထပ် ဇဝေဇဝါ ဖြစ်ခဲ့ကြရတာက ဦးခင်ညွှန့်ရဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ကြီးကို ဖျက်သိမ်းခဲ့ရတဲ့အကြောင်းပါပဲ ။

        ဒီပြဿနာရဲ့ အကြောင်းရင်းတွေကတော့ များစွာရှိကြမှာပါပဲ ။ ဒီထဲကမှ ကျနော်သိထားခဲ့ရတဲ့ အကြောင်းအချို့ကို တင်ပြချင်ပါတယ် ။ ဟုတ်မဟုတ်ဆိုတာကတော့ ကျနော့်မိတ်ဆွေအချို့ ပိုသိကြမှာပါပဲ ။ 

         အများသိထားသလို လက်စောင်းထက်လှတဲ့ ထောက်လှမ်းရေးရဲ့ အာဏာ ပါဝါများဟာ အင်မတန်ကြီးမားခဲ့ပါတယ် ။ တပ်ဖွဲ့ဝင်အချို့ရဲ့ ဆက်ဆံရေးကြောင့် တပ်မတော်တပ်ရင်း တပ်ဖွဲ့အရာရှိတွေ မကျေမနပ်ဖြစ်လာကြပါတယ် ။ 

          တပ်တွင်း ရာထူးနဲ့ မကိုက်ညီလောက်သော အလွန်အကျွံလုပ်ပိုင်ခွင့်များကြောင့် ထောက်လှမ်းရေးကို ကျန်တဲ့ တပ်ရင်းတပ်ဖွဲ့တွေ မျက်စေ့စပါးမွှေးစူးလာကြပါတယ် ။ 

       ဒါက အရေးကြီးတဲ့ အကြောင်းတချက်ပါပဲ ။ နောက်ထပ်ဖြစ်ပွားရတဲ့ ပြဿနာက အကြီးအကဲ တပ်မှူးကြီးများရဲ့ ကိုယ်ကျိုးစီးပွားထိခိုက်စေမှုတွေ ဖြစ်လာပြီး အငြိုးအတေးတွေ ထားလာကြတာကလည်း အကြောင်းတခုပါပဲ ။ 

       ထင်ရှားတဲ့ ဥပမာတခုကတော့ သူရရွှေမန်းနဲ့ ထောက်လှမ်းရေး ငြိခဲ့ကြတဲ့ အဖြစ်အပျက်ရှိပါတယ် ။ သူရရွှေမန်းဟာ ထိုအချိန်က တပ်မတော်ရဲ့ နံပတ် ၃ နေရာမှာ ရှိတာပါ ။ 

        ချောင်းသာ ငွေဆောင်တို့မှာ အပမ်းဖြေကမ်းခြေတွေ ဖော်ဆောင်မယ်ဆိုတဲ့ စီမံကိန်းရေးဆွဲထားတုန်း ဦးရွှေမန်းရဲ့သား ကုမ္ပဏီက အဲဒီဒေသက မြေတွေ လက်ဝါးကြီးအုပ်ပါရော ။ သိမ်းတာတမျိုး အချိုအချောင်ဝယ်တာတမျိုးနေမှာပေါ့ ။ သတင်းက ကြိုရထားတာကိုး ။ 

          တကယ်တည်ဆောက်ခါနီး အဲဒီဒေသရဲ့ မြေမှန်သမျှ သူရရွှေမန်းအုပ်စုက လက်ဝါးကြီးအုပ်ပြီးဖြစ်နေပါရော ။ ထောက်လှမ်းရေးက လျှင်တော့ ဒေသခံတွေနဲ့ ချိတ်ဆက်ပြီး ဒီလိုမတော်မတရားလုပ်ထားတာကို ဦးသန်းရွှေဆီ သတင်းပို့ကြတယ် ။ 

        ဦးသန်းရွှေကတော့ ရှင်းတယ် ။ ဟေ့ကောင် အဲဒီမြေတွေ ပြန်ပေးလိုက် တိုင်းပြည်အတွက် အပမ်းဖြေကမ်းခြေလုပ်ရမှာလို့ ပြောလိုက်လို့ ပွဲပြီးသွားတယ် ။

         သူရရွှေမန်းအုပ်စုရဲ့ စိတ်ထဲမှာတော့ ပါးစပ်ဝက ထမင်းလုပ်မဟုတ်ဖူးလည်ချောင်းထဲက ထမင်းလုတ်ကော်ထုတ်ခံရသလို ဦးခင်ညွှန့်နဲ့ သူ့တပ်ဖွဲ့ကို ရန်ငြိုးထားပါတယ် ။ ဒါကလည်း ကြီးမားတဲ့ အကြောင်းတရပ်ပါပဲ ။ 

         နောက်ထပ် အရေးကြီးဆုံးနဲ့ လတ်တလောဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းကလည်း စိတ်ဝင်စားစရာပါပဲ ။ ကံအားလျှော်စွာ ကျနော်သိခဲ့ရတာပါ။

          ပြောပြသူက ထောက်လှမ်းရေးက တပ်ကြပ်ကြီး ကိုသန်းစိုးတဲ့ ။ အသားဖြူဖြူ ပိန်ပိန်နဲ့ သဘောကောင်းတဲ့ လူရိုးပါဗျာ ။ တပ်ကြပ်ကြီးဆိုပေမယ့် ထောက်လှမ်းရေးရုံးမှာပဲ နေရတဲ့သူဆိုတော့ အကြံအဖန်မရှိရှာပါဘူး ။ 

          သူက ကွန်ပြူတာကိုင်ရပါတယ် ။ ဦးခင်ညွှန့်နဲ့ နိုင်ငံခြားသားတွေ စကားပြောရင် မြန်မာလိုပြောတာကို အင်္ဂလိပ်လို ၊ အင်္ဂလိပ်လိုပြောတာကို မြန်မာလို တောက်လျှောက်ဘာသာပြန် စာစီရတဲ့အထိ ကျွမ်းကြင်ပါသတဲ့ ။ 

        ဗိုလ်မြနဲ့ ဦးခင်ညွှန့်တွေ့တော့လည်း ကိုသန်းစိုးပါသတဲ့ ။ ဒါတွေက သူပြောတဲ့အတိုင်းပါပဲ ။ ကျနော်က ဘာလို့ ထောက်လှမ်းရေးအဖျက်ခံရတာလည်းမေးကြည့်တော့ သူသိတာပြောပြပါတယ် ။ 

        ခရိုနီကြီးတဦးက တိုင်းမှူးတယောက်နဲ့ ချိတ်ဆက်ပြီး ရွှေတွေကို မှောင်ခိုလုပ်ပါရော (ရွှေကို ပြည်ပရောင်းချခွင့် ပိတ်ပင်ထားပါတယ်) ။ အဲဒါကို ထောက်လှမ်းရေးရဲ့ အရံတပ်ဖွဲ့ နယ်စပ်လုံခြုံရေးတပ်က ဖမ်းပြီး ထောက်လှမ်းရေးကို သတင်းပို့ပါတယ် ။ 

         ခရိုနီက လာဘ်ထိုးပြီး ပြဿနာကို ဖြေရှင်းပါတယ် ။ အဲဒီလာဘ်ငွေယူပြီး ရွှေလည်းဖမ်းတော့ တိုင်းမှူးနဲ့ ပြဿနာတက်ပါတယ် ။ တိုင်းမှူးက နယ်စပ်လုံခြုံရေးကို လာဘ်စားမှုနဲ့ တရားစွဲထောင်ချပါတယ် ။

        ထောက်လှမ်းက မခံပဲ တိုင်းမှူးတွေရဲ့ နောက်ကြောင်းအကုန်ပြလိုက်ကြဆိုပြီး ခိုင်းပါတယ် ။ 

        အဲဒီမှာပဲ တပ်တွင်းပြိုကွဲမှုဖြစ်နိုင်တယ်ဆိုပြီး တင်ပြကြရင်း ထောက်လှမ်းရေးကို ဖြိုခွဲဖို့ တပ်မှူးတွေ တိုက်တွန်းကြသတဲ့ ။ ဦးသန်းရွှေက ဦးခင်ညွှန့်ကို 

'' ကိုခင်ညွှန့်ရေ ခင်ဗျာ ဝန်ကြီးချုပ်ရာထူးနဲ့ နိုင်ငံရေးကဏ္ဍ တာဝန်ယူပြီး ထောက်လှမ်းရေးကို တခြားလူ လွှဲပေးလိုက်ဗျာ ''

      ဆိုပြီး ပြောပါတယ် ။ သူမရှိရင် သူ့တပည့်တွေကို ဦးရွှေမန်းလို ဂေါင်တွေက ကြိတ်မှာကို ဦးခင်ညွှန့်က ကောင်းကောင်းကြီးသိပါတယ် ။ ဒါကြောင့် တပည့်တွေကို သူရှိနေရင် ကာကွယ်နိုင်မှာပါဆိုပြီး တွက်ဆကာ ထောက်လှမ်းရေးအဖွဲ့ကို လွှဲမပေးခဲ့ပဲ အတူခုန်ဆင်းခဲ့တာပါ ။

        ယခု ပြောပြတဲ့ အချက်တွေက ဦးခင်ညွှန်းရုံးက ကွန်ပြူတာတပ်ကြပ်ကြီး ပြောပြချက်များသာ ဖြစ်ပါတယ် ။ ရာခိုင်နှုံးဘယ်လောက်မှန် မမှန်ကတော့ အကြောင်းသိသူတွေပဲ ဆုံးဖြတ်ကြပါတော့ဗျာ ။ 

        ဒါတွေကတော့ လူအများစု ဇဝေဇဝါဖြစ်နေဆဲ ပြဿနာကြီးအချို့ထဲက ကျနော်လေ့လာ တွေ့ကြုံခဲ့သမျှကို ပြန်လည်မျှဝေလိုက်ခြင်းပဲ ဖြစ်ပါတယ် ။ 

       ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...