ကျနော်တို့ ငယ်ငယ်က ရပ်ကွက်ထဲမှာ အလှူဆိုင်းအဖွဲ့တွေ ရှိပါတယ် ။ တဖွဲ့ကတော့ စိန်ဗဒိုင်း ဆိုတဲ့ အဖွဲ့ပါပဲ ။ ဆိုင်းလက်ရာကတော့ သူလိုကိုယ်လို သာမန်ဆိုင်း အဆင့်လေးပါပဲ ။
အလှူရာသီမှာ မြင်းခြံနယ်ထဲက ရွာတရွာကို စိန်ဗဒိုင်းတို့ သွားတီးကြရပါတယ် ။ ညဧည့်ခံ တီးကြတော့ အဖွားကြီး တယောက်က ဆိုင်းဝိုင်းဘေးနားကနေ စိန်ဗဒိုင်း ပတ်လုံးတီးတာကိုပဲ မမှိတ်မသုန် ကြည့်ပြီး အားပေးနေလေရဲ့ ။
ဘေးက လူအချို့က အမေကြီး ထိုင်ကြည့်ပါ ဆိုတာကိုပဲ ပြောမရဖူး ဗျာ ။ စိန်ဗဒိုင်းကလည်း ဒီအမေကြီး ငါ့ ကို အားပေးကြမ်းလှချည်လား ဆိုပြီး အားပါးတရ တီးတာပေါ့ ။
ညပိုင်း ဧည့်ခံတီးလုံး အဆုံးသတ်တဲ့ အထိ အဖွားကြီးက မပြန်ဖူး ဗျ ။ ဒီတော့ စိန်ဗဒိုင်းက...
"အမေကြီး ဆိုင်းသိမ်းပြီ ဗျ နားထောင်လို့ မဝသေးဖူးလား ကျနော်တို့ ဆိုင်းကို ဒီလောက်အားပေးတာ မကြုံဖူးသေးဘူး ကျေးဇူးပါပဲ ''
"အေးကွယ် မင်းဆိုင်းကို ငါ အစအဆုံး ကြည့်နေတာ သိတယ် မဟုတ်လား ''
"သြော် ကျနော့်ဆိုင်းဝိုင်းဘေးကနေ မညောင်းမညာ တညလုံး မတ်တပ်ရပ်အားပေးနေတာ သိပါတယ် ခင်ဗျာ ''
"အေး ငါ တညလုံး ကြည့်နေတာ ဟို အစွန်က ဗုံအသေးဆုံးလေးကို မင်း တညလုံး တခါမှ တီးတာ မတွေ့ဖူး ကွဲ့ ''
"ဟုတ်ကဲ့ အမေကြီး''
"ဒီတော့ မင်း မတီးရမယ့် အတူတူ ငါ့မြေးလေး ဆော့ဖို့ အဲဒီ မတီးတဲ့ ဗုံသေးသေးလေး ပေးလိုက်ပါကွဲ့ ''
သြော် စိန်ဗဒိုင်း စိန်ဗဒိုင်း တညလုံး အဖွားကြီး အားပေးနေတာ အဟုတ်မှတ်ပြီး ပေါက်ကရတီးလိုက်ရတာ လက်တွေတောင် ကြိမ်းနေပါပေါ့ ။ ဇာတ်သိမ်းမှ သိရတာက အဖွားကြီး အားပေးနေတာ သူ့အနုပညာ ကြိုက်လို့ မဟုတ်ဖူးဗျ ဗုံလေး တောင်းချင်လို့ အားပေးနေတာကိုးဗျ ။
လောကကြီးမှာ အားပေးလောက်အောင် အစွမ်းအစ မရှိပဲ အားပေးကြမ်းလာရင် ဂရုစိုက်ကြဗျ ၊ ကိုယ့်ဆီက တခုခု မျှော်ကိုးပြီး အားပေးနေတာ သဘောပေါက်ဖို့ ကောင်းပြီ ။
(ငယ်ငယ်တုန်းက ဗုံတလုံး ပေးလိုက်ရတဲ့ ဆိုင်းဆရာ သတိရလို့ ရေးတာပါ ဗျာ ဘာရယ်မဟုတ်ပါဘူး)
ကိုရွှေမျိုးဝင်း
(တခါတရံ လောကဓံ ၌.........)
No comments:
Post a Comment