Thursday, June 16, 2022

မျိုးမြန်မာ (၇)



        နရသူမင်းဟာ ၁၁၆၃ မှာ နန်းတက်လာပါတယ် ။ သူလည်း ပုဂံမှာ ဓမ္မရံစေတီတော်ကြီးကို တည်ထားခဲ့ပြန်ပါတယ် ။ အုတ်နှစ်ချပ်ကြား အပ်ထိုးလို့မရအောင် စေ့စပ်စွာ တည်ဆောက်ခိုင်းပါတယ် ။ 

         အပ်ထိုးစစ်ဆေးလို့ အပ်ဝင်သွားရင် အဲဒီပန်းရံဆရာတွေကို သတ်ပစ်ပါသတဲ့ ။ ပစ္စရံတထပ်ပြီးရင် အောက်ထပ်မှာ ပန်းရံဆရာနဲ့ မိသားစုတွေကို ထိုင်ခိုင်းပြီး အပေါ်ကနေ ဆင်နဲ့ စမ်းနင်းပါသတဲ့ (ပြိုကျရင် ပိသေကြပေါ့ဗျာ) ။

        အဲသလို စေ့စပ်စွာလုပ်နေကြရခြင်း ထုထည်ကြီးကြီးခြင်းတို့တောင့် ထို ဓမ္မရံကြီးစေတီတော် မပြီးခင်မှာပဲ နရသူမင်း သေသွားရပါတယ် ။ 

         သူသေရတာကလည်း ထူးထူးခြားခြား ပြည်ပနိုင်ငံကနေ လုပ်ကြံခံလိုက်ရလို့ပါပဲ ။ လုပ်ကြံရတဲ့အကြောင်းကလည်း ရှိနေပါတယ် ။ အလောင်းစည်သူမင်းကြီးကို သက်တော်ကြီးရင်းမှ ပရိက္ခရားပြည်က မင်းသမီးငယ်ငယ်လေး ဆက်သလာပါတယ် ။ 

         အလောင်းသည်သူက မြတ်နိုးမြှောက်စား ဦးစားပေးသလို ပရိက္ခရားမင်းသမီးလေးကလည်း ဘုန်းလက်ရုံးနဲ့ပြည့်စုံတဲ့ အလောင်းစည်သူမင်းကြီးအပေါ် မြတ်နိုးအားကိုးရှာပါတယ် ။ အလောင်းစည်သူမင်းကြီးကို သားတော်နရသူက လုပ်ကြံတော့ သူလည်း မကျေနပ်ပါဘူး ။ 

        နရသူဟာ အလောင်းစည်သူမင်းကြီးကို လုပ်ကြံပြီး ထီးနန်းဆက်ခံတော့ အဆိုပါ ငယ်ရွယ်တဲ့ ပရိက္ခရားမင်းသမီးကို မိဖုရားအရာဆက်မြှောက်ပါတယ် ။ မင်းသမီးလေးကတော့ ဖခင်အရင်းကို (သူ့လင်) သတ်ထားတဲ့ နရသူကို မနှစ်မျို့ပါဘူး ။ 

         တနေ့ နရသူက ရေအိမ်ဝင်ပြီး ရေမဆေးမသန့်စင်ပဲ မင်းသမီးကို ပွေ့ဖက်တော့ ညစ်ပတ်လို့ဆိုပြီး အထိမခံပါဘူး ။ ဒါနဲ့ ငါလိုဘုရင်ကို ဒီလိုဆက်ဆံရမလားဆိုပြီး ပရိက္ခရားမင်းသမီးကို သတ်ပစ်ပါတယ် ။ 

        အဲဒီသတင်းကို မင်းသမီးရဲ့ ဖခမည်းတော် ပရိက္ခရားမင်းကြီး ကြားသိသွားတော့ သူရဲကောင်း ၈ ဦးကို နရသူအားလုပ်ကြံရန် စေလွှတ်လိုက်ပါတယ် ။ 

        သူရဲကောင်း ၈ ဦးက ပုဏ္ဏားဟန်ဆောင်ပြီး မင်းကြီးကို ကံမြှင့်ပေးမယ်ဆိုပြီး စီစဥ်ပါတယ် ။ နန်းတော်ထဲမှာပဲ မင်းကြီးကို အလယ်မှာထားပြီး ကုလားသူရဲကောင်း ၈ ဦးက ပုဏ္ဏားဝတိစုံတွေနဲ့ စက်ဝိုင်းပုံ လှည့်ပြီး ဂါထာမန္တန်တွေ ရွတ်ရင်း ဖွက်ယုကြတဲ့ ဒါးတွေနဲ့ ထိုးသတ်ပါတယ် ။

        နန်းတွင်းသားတို့ ဖမ်းဆီးဖို့ ဝန်းရံထားတုန်းပဲ သုတို့ဟာ ကိုယ့်လည်ပင်းကိုလှီးပြီး သတ်သေသွားကြပါတယ် ။ ဖမ်းဆီးပြီး အကြမ်းပတမ်းစစ်ဆေးလို့ ပရိက္ခရားပြည်က လုပ်ကြံကြောင်းပေါ်ခဲ့ရင် နှစ်နိုင်ငံစစ်မက်ဖြစိပွားကို မလိုလားလို့ တခါတည်း သတ်သေလိုက်ဖို့ အမိန့်ပေးလိုက်လို့သာ ဖြစ်ပါတယ် ။ 

         ပုဂံတိုင်းပြည်ကို စစ်မက်ပြုဖို့ တော်ရုံတိုင်းပြည် စိတ်မကူးဝံ့အောင် အင်အားကြီးမားခဲ့တဲ့ သက်သေပါပဲ ။ နရသူဟာ ၁၁၆၅ မှာပဲ နတ်ရွာစံခဲ့ရပြီး နှောင်းလူတိူ့က ကုလားကျမင်းလို့ ခေါ်ခဲ့ကြပါတော့တယ် ။ မြန်မာ့ရာဇဝင်မှာ သူတပါးထဲသာ တိုင်းတပါးသားလက်ချက်နဲ့ သေခဲ့ဖူးသော ထူးခြားသည့်မင်းဖြစ်ပါတယ် ။

       နရသူမင်းလုပ်ကြံခံရပြီးနောက် သူ့ရဲ့သားတော်ကြီး နရသိင်္ခက ထီးနန်းဆက်ခံရပါတယ် ။ နန်းစံနှစ် ၁၁၇၀ လို့ သိရလို့ ပုဂံနန်းဆက် ၅ နှစ်ခန့် သမိုင်းပျောက်နေသလိုပါပဲ ။

         ဒီမင်းလက်ထက်မှာလည်း လူပြောများလှတဲ့ ဖြစ်စဥ်တွေ ဖြစ်ခဲ့ပြန်ပါတယ် ။ သူ့ဆီကို ဝါးတောထဲက ရခဲ့တဲ့ မိဘမဲ့ကလေး ဝေဠုဝတီဆိုတဲ့ မိန်းမချောလေးကို ဆက်သလာပါတယ် ။ ငြင်းပယ်လိုက်ပြီး ညီတော်နရပတိစည်သူ နဲ့ ပေးစားပါရော ။ 

          ရွှေပင်နားတော့ ရွှေကျေးဆိုသလို နန်းတော်တွင်းမှာ တနေ့တခြား လှပတင့်တယ်လာတဲ့ ဝေဠုဝတီကို နရသိင်္ခမင်း ပြန်ပြီးလိုချင်လာပါပြီ ။ ဒီတော့ ညီတော်ကို ငဆောင်ချမ်းအရပ်မှာ သူပုန်ထနေတယ် သွားရောက် နှိမ်နင်းချေဆိုပြီး လိမ်ညာပြီး သွားခိုင်းပါရော ။

           ညီဖြစ်သူကလည်း လူလည်ဆိုတော့ သံသယရှိတာနဲ့ သူ့ရဲ့ အကောင်းဆုံးမြင်း နဲ့ လူယုံငပြည့်ကို ထားခဲ့ပြီး ထူးခြားမှုရှိရင် ချက်ခြင်းသတင်းပေးဖို့ လုပ်ခဲ့ပါတယ် ။ ဒီလိုနဲ့ နရပတိစည်သူရဲ့ တပ်ကြီး သစ်ဆိမ့်အရပ်ရောက်ပြီဆိူတာနဲ့ ခယ်မတော် ဝေဠုဝတီကို သိမ်းပိုက်ပါရော ။

         မြင်းခံငပြည့်လည်း ချက်ခြင်း ရှေ့တန်းလိုက်ပြီးသတင်းပို့တယ် ။ လသာတဲ့ညကြီးမှာ မင်းသားရဲ့ စစ်စခန်းနဲ့ တဖက်ချောင်းနဘေးကို ရောက်ပါပြီ ။ လရောင်အောက်မှာ ချောင်းသဲတွေ ဖွေးနေတာကို ရေကြီးနေတယ်မှတ်ပြီး တညနားကာ မနက်လင်းမှ ထသွားပြီး သတင်းပို့တယ် ။ 

       ည ကတည်းက တဖက်ကမ်းက သူ့မြင်းဟီသံကြားလို့ စိတ်ထင့်နေတဲ့ နရပတိစည်သူလည်း ည တွင်းခြင်းလာမပြောပဲ ချောင်တဖက်ကမ်းအိပ်ရမလားဆိုပြီး လူယုံငပြည့်ကို သတ်ပါရော ။ 

       အဲဒီနောက် ကျွန်ယုံငအောင်စွာကို သူရဲကောင်း ၈ ကျိပ်နဲ့ အမြန်ပြန်ပြီး နရသိင်္ခမင်းအား လုပ်ကြံရန် စေခိုင်းပါတယ် ။ အကယ်၍ အောင်မြင်ခဲ့လျှင် မရီးတော်တွေနဲ့ ပေးစားပြီး သူကောင်းပြုမယ်လို့ ကတိပေးလိုက်ပါတယ် ။ 

           နန်းတော်ထဲကို ငအောင်စွာတို့ရောက်တော့ မင်းကြီးက ရေအိမ်ဝင်နေလို့ လိုက်သွားပြီး လုပ်ကြံပါတယ် ။ အဲလိုနဲ့ နရသိင်္ခမင်းကြီးလည်း လူကြားမကောင်း အိမ်သာထဲမှာပဲ သေခဲ့ရပြန်ပါတယ် ။ 

        ဒီတော့ ၁၁၇၄ မှာ နရပတိစည်သူမင်း နန်းတက်လာပြန်ပါတယ် ။ သူထီးနန်းရတော့ ကအောင်စွာကို မရီးတော်တွေထဲက နှစ်သက်သူနဲ့ပေးစားဖို့ စီစဥ်ပါတယ် ။ မင်းမျိုးမင်းနွယ် မရီးတော်တွေက ကျီးစောင့် ကြက်နှင် လုပ်ဆို လုပ်ပါ့မယ် ၊ ကျွန် နဲ့တော့ မပေးစားပါနဲ့ဆိုလို့ သနားသွားပြီး အစီအစဥ်ပြောင်းပါတယ် ။ 

        ငအောင်စွာကို အကျိူးအကြောင်းပြောပြီး အခြားဆုလာဒ်ပြောင်းလဲယူဖို့ပြောတော့ ငအောင်စွာက နရပတိစည်သူကို ကတိမတည်တဲ့ ဘုရင်ဆိုပြီး '' ထွီ '' ကနဲ ပမာမခန့် တံတွေးထွေးလို့ နရပတိစည်သူက စိတ်ဆိုးပြီး တခါတည်း သတ်ပစ်ပြန်ပါတယ် ။ 

          အဲဒီနောက် အကိုတော် နာရသိင်္ခရဲ့ အထိမ်းတော်ကြီးရဲ့သား အနန္တသူရိရ အမတ်ကြီးကို သတ်မိန့်ပေးပြန်ပါတယ် ။ အနန္တသူရိယ အမတ်ကြီးက ရဲရင့်သူ တရားနှလုံးသွင်းနိုင်သူဖြစ်လေတော့ လင်္ကာလေးပိုဒ်ကို စပ်ဆိုရေးသားပြီး မင်းကြီးအားဆက်သပါဟု ပြောခဲ့ပါတယ် ။

       အာဏာပါးကွပ်သားတွေလည်း သတ်ပြီးမှ လင်္ကာလေးပိုဒ်ကို ဆက်သလိုက်ပါတယ် ။ တရားသဘောအပြည့်နဲ့ သူ့ကိုသတ်ခိုင်းတဲ့ ဘုရင်ကိုတောင် ခွင့်လွှတ်ကြောင်း ရေးခဲ့တဲ့ '' သူတည်းတယောက်'' မျက်ဖြေလင်္ကာကို ဖတ်ပြီးနောက် နရပတိစည်သူလည်း နောင်တရသွားပြီး လွှတ်စေလို့ အမိန့်ပေးပါရော ။

        အာဏာပါးကွပ်သားတွေက သတ်ပြီးပြီဖြစ်ကြောင်း လျှောက်တင်တော့ စာကို မသတ်ခင် လာမပြလို့ဆိုပြီး အာဏာပါးကွပ်သားတွေကို သတ်ပြန်ပါတယ် ။ အဲလို သတ်ပြီးမှ နရပတိစည်သူမင်းဟာ ကြီးစွာသောနောင်တတွေ တန်းစီရနေမိပါတော့တယ် ။

          သစ္စာရှိ တပည့်ရင်း ငပြည့် နဲ့ လူယုံတော် ငအောင်စွာတို့ကို သတ်မိခြင်း ၊ အနန္တသူရိရအမတ်ကြီးကို ချက်ခြင်းသတ်မိခြင်းတို့ကို တစိမ့်စိမ်တွေးပြီး နောင်တရကာ.....

'' နောက်နောင် ငါအမျက်တော်ရှိ၍ သတ်လေဟု အမိန့်တော်ရှိခဲ့သော်လည်း တလ လေးသီတင်းထား၍ စစ်ကြောကြပါ ။ မ​သေသင့်သူကို လွှတ်စေ ''

       လို့ သေဒဏ်နဲ့ ပတ်သက်တဲ့ ထုံးစံတခုကို စတင်မိန့်ကြားခဲ့ပါတယ် ။ ယခင်အဆက်ဆက်က သတ်စေဆိုလျှင် နေဝင်ချိန်မှာ တခါတည်းသတ်ပစ်တဲ့ အစဥ်အလာကို ဒီမိန့်ဆိုချက်နဲ့ ပြောင်းလဲခဲ့ပါတယ် ။ 

        နရပတိစည်သူဟာ နန်းသက်ရှည်ခဲ့သလို သူ့အစီအမံတွေကလည်း ခေတ်ဦးပုဂံရဲ့ ထုံးတမ်းစဥ်လာတွေကနေ ဖောက်ထွက်လာပြီး စနစ်ပိုကျလာတာ တွေ့ရပါတယ် ။ 

       ထူးခြားချက်အနေနဲ့ နရပတိစည်သူလက်ထက်မှာ ကျောက်စာပေါင်း ၆၀ လောက် ရေးထိုးခဲ့ရာ မြန်မာစာနဲ့ချည်း သီးသန့်ရေးထိုးခဲ့တာ တွေ့ရပါပြီ ။ စူဠာမဏိ နဲ့ ဓမ္မရာဇာ ကျောက်စာများမှာ နိဒါန်းကို ပါဠိဘာသာနဲ့ ရေးထိုးပြီး ကျန်စာများကို မြန်မာစာနဲ့ ရေးထိုးခဲ့ပါတယ် ။ 

         ဘာသာရေးမှာလည်း သီဟိုနဲ့ အပြန်အလှန် ချစ်ကြည်စွာ ပူးပေါင်းပြီး သာသနာပြန့်ပွားရေးကို အားသွန်ခွန်စိုက် ကြိုးစားပေးခဲ့ပါတယ် ။

         ဒါထင်ထူးခြားတာက ရှေးခေတ် မြန်မာ့တပ်မတော်ရဲ့ ပြောင်းလဲမှုကြီးပဲ ဖြစ်ပါတယ် ။ ဘာတွေ ထူးထူးခြားခြား ပြောင်းလဲခဲ့သလဲ ဆိုတော့ကား.......

        ကိုရွှေမျိုးဝင်း

မျိုးမြန်မာ (၆)

https://m.facebook.com/story.php?story_fbid=341827474747846&id=100067617891731

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...