Wednesday, June 22, 2022

လွဲမှားနေတဲ့ စံ နဲ့ လူမှန် နေရာမှန်



ဖြစ်စဥ် (၁)
--------

          တခါတုန်းက ချက်လက်မှတ်အတုလုပ််တဲ့နေရာမှာ ဆရာကျလွန်းတဲ့ လူလိမ်ရှိခဲ့ဖူးတယ် ။ ဘဏ်တွေအတော်လေး အလိမ်ခံကြရတယ်် ။ နောက်ဆုံးဖမ်းမိတော့ ထောင်ဒဏ်နှစ်ရှည်ချလိုက်တယ် ။

         သူ့ကို အတုခိုးပြီး ချက်လက်မှတ်လူလိမ်တွေ အများကြီးပေါ်လာတယ် ။ ဘဏ်တွေအတွက် အလိမ်ဖော်ဖို့ ခေါင်းခဲလာကြတယ် ။ နောက်ဆုံးတော့ လူလိမ်ဝိဇ္ဇာကို ထောင်ထဲကထုတ်ပြီး ချက်လက်မှတ် အတုဖော်တဲ့ အကြီးအကဲ ရာထူးပေးလိုက်မှ ပြဿနာပြီးသွားပါတယ် ။ 

      မင်းသားလီယိုနာဒိုတောင် ဖြစ်ရပ်မှန်ရုပ်ရှင်ရိုက်ထားတာ ရှိပါတယ် ။ 

ဖြစ်စဥ် (၂)
--------

          ဟော်လန်ဘောလုံးလက်ရွေးစင် တိုက်စစ်မှူး  ကလွှိုက်ဗက်ဆိုတာ ၁၉၉၈ မှာ နာမည်ကြီးလှပါတယ် ။ သူ့မှာ မုဒိန်းကျူးလွန်တယ်ဆိုပြီး အဖမ်းခံရကာ အမှုရင်ဆိုင်နေရပါတယ် ။ 

         ကမ္ဘာ့ဖလား စတင်ခါနီးမှာ သူ့ရဲ့မုဒိန်းမှုကို ပလပ်ပေးပြီး တိုက်စစ်မှူးတာဝန်ပြန်ပေးလို့ ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။

ဖြစ်စဥ် (၃)
-------

        အမေရိကန်မှာ ဆုငွေ ဒေါ်လာ တစ်သန်း ချီးမြှင့်မယ့် ဂိမ်း ပြိုင်ပွဲကြီးကျင်းပခဲ့ပါတယ် ။ ပြိုင်ပွဲက ဖျက်အားပြင်း ဗုံးကို ဘယ်သူမှ ရှာမရအောင် ဖွက်ထားပြီး လူအများဆုံး သေကြေပျက်စီးအောင် ဖောက်ခွဲပြရပါမယ် ။ 

        မက်မောလောက်တဲ့ ဆုကြေးကြောင့် တကယ့် ထိပ်ထိပ်ကြဲ Game player တွေ ဝင်ပြိုင်ကြပါတယ် ။ ပြိုင်ပွဲမှာ ပထမရသူကို FBI ကနေ ဝန်ထမ်းခန့်ပြီး ဗုံးရှာဖွေရေး အရာရှိ ခန့်အပ်လိုက်ပါတယ ။ 

        အထက်ပါဖြစ်စဥ် ၃ ခုကို ပြန်ကြည့်မယ်ဆိုရင် လူအများအတွက် အကျိုးပြုမယ် ၊ တိုင်းပြည်အတွက် တန်ဖိုးရှိမယ််ဆိုရင် လူတော်တွေရဲ့ ခွင့်လွှတ်လို့ရနိုင်တဲ့ ချို့ယွင်းချက်တွေကို ဥပေက္ခာပြုပြီး အသုံးချခဲ့တာတွေ တွေ့မြင်ရပါမယ် ။ 

            ကျနော်တို့ဆီမှာ လေ့လာ ကြည့်ကြပါ ။ အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စက်ရုံဆီကို အကြီးအကဲအသစ် ရောက်လာတယ် ။ တသက်လုံးက လိမ်စားလာတဲ့ ဝန်ထမ်းတွေကို ပြင်းပြင်းထန်ထန် အလုပ်လုပ်ခိုင်းတယ် ။ ခိုးဝှက်မရအောင် စီမံတယ် ။ 

        ဒီလိုနဲ့ စက်ရုံကြီးက တသက်လုံးအရှုံးပေါ်နေရာကနေ အမြတ်အစွန်းရလာပြီ ။ စက်ရုံမှူးအသစ်ရဲ့ အရည်အချင်းကြောင့် စက်ရုံတိုးတက်ပေမယ့် စားနေကြ ကြောင်ဖားတွေ မကျေနပ်ကြတော့ဘူး ။ 

       စက်ရုံမှူးကို လာဘ်စားဖို့ ခိုးဖို့ ညှိိနှိုင်းတယ် သို့သော် နိုင်ငံဝန်ထမ်းကောင်းမို့ မရဘူး ။  ဒီတော့ လူညစ်ပတ်တွေက ယောကျာ်းတွေရဲ့ အားနည်းချက်တွေထဲက ဘာအားနည်းသလဲ ရှာကြပြီ ။  

      ယောကျာ်းစစ်စစ်များမှာ အသောက်အစား ၊ လောင်းကစား ၊ မိန်းမ အဲဒီ ၃ မျိုးထဲက တမျိုးတော့ ကျူးလွန်ကြတာပါပဲ ။ တချို့ဆို ၃ မျိုးလုံး ဝါသနာပါကြလေရဲ့ ။ ရှားရှားပါးပါး သူတော်ကောင်းများ ရှိကောင်းရှိနိုင်ပေမယ့် နည်းပါးလှတဲ့ ပမာဏမို့ ခြွင်းချက်ထားလိုက်ပါ့မယ် ။ 

       စက်ရုံမှူးက မယားငယ်ရှိတယ် (သူက ဖွန်သမား) ။ အဲဒီအားနည်းချက်ကို အောက်ကဝန်ထမ်းတွေက အစဖော်ပြီး အတိုင်အတော လုပ်ကြပါရော ။ 

        အထက်လူကြီးတွေကတော့ ဘယ်လောက်ဖြူစင်တယ်မသိပါဘူး ။ တိုင်းပြည်အတွက် အသုံးတဲ့လှတဲ့ စက်ရုံမှူးကို ကိုယ်ကျင့်တရား မကောင်းလို့ဆိုတဲ့ စွတ်စွဲချက်နဲ့ အလုပ်ထုတ်ပစ်ပါတယ် ။ 

        စက်ရုံမှူးကိုယ်ကျင့်တရား မကောင်းဘူးဆိုရာမှာ ပြည်သူပိုင်ပစ္စည်း ခိုးတာလည်းမဟုတ် ၊ စက်ရုံကြီးဖျက်ဆီးတာလည်းမဟုတ်ပါပဲ တိုးတက်အောင်စီမံနိုင်တဲ့ အရည်အသွေးကို ဥပေက္ခာပြုပြီး ထုတ်ပစ်တာပါ ။

       နောက်လာတဲ့ စက်ရုံမှူးကတော့ လူမြင်ကောင်းအောင်နေတယ် ။ အောက်က ဝန်ထမ်းတွေနဲ့ပေါင်းပြီးခိုးတယ် ။ စက်ရုံပြန်အရှုံးပေါ်တယ် ။ သို့သော် ခိုးဝှက်ထားတာတွေနဲ့ အထက်လူကြီးတွေကို ဂါ နိုင်တယ် ။ အချိန်တန်တော့ ရာထူးတက်သွားပြန်ရော ။ 

        ဒါက နမူနာပါ ။ ဒါမျိုးဖြစ်ရပ်တွေက မြန်မာပြည်ဝန်ထမ်းလောကရဲ့ ရိုးရာဖြစ်နေတာ ကြာလှပါပြီ ။ မိုးကျရွှေကိုယ်ဆိုတဲ့ တပ်မတော်သားအရာရှိတွေ အရပ်ဖက်ရောက်လာတယ် ။ 

       ညှိပြီးခိုးကြ ဝေစားကြရင် အဲဒီအရာရှိ ဘာမှ မဖြစ်ဖူး အချိန်တန် ရာထူးတက်ပေတော့ ။ ငါကတော့ တိုင်းပြည်အတွက်ပဲ ကြည့်မယ် ဥပဒေအတိိုင်းသွားမယ်ဆိုတဲ့ အရာရှိဘာဖြစ်မလဲ ။

        အထက်ပါ စက်ရုံမှူးလမ်းစဥ်အတိုင်း တနည်းနည်းနဲ့ အတိုင်ခံရပြီး အထုတ်ပယ်ခံနေကြရတာပါပဲ ။ အဲဒီလိုနဲ့ မဟုတ်တာလုပ်တဲ့သူတွေပဲ တရိပ်ရိပ်နဲ့ ရာထူးတွေတိုးလာကြရင်း မြန်မာ့လာဘ်စားရောဂါဟာ အမြစ်တွယ်သွားပါတော့တယ် ။ 

       ဒီ အဆိုးကျော့ သံသရာကြီးကို ဖြတ်တောက်ဖို့ အရေးကြီးလှပါတယ် ။ ဘယ်က စဖြတ်မလဲဆိုရင် ရလာဒ်ကောင်းဖော်ဆောင်နိုင်တဲ့ အကြီးအကဲတွေအပေါ် တိုင်တမ်းချက်များအား ဦးစွာ စီစစ်ကြရပါ့မယ် ။ တိုင်ကြားချက်များသည်.....

- ဌာန၏ အကျိုးစီးပွားအားမထိခိုက်ခြင်း 

- ဌာန၏ တိုးတက်မှုအား အပေါင်းလက္ခဏာဆောင်နေခြင်း

- လာဘ်စားမှုနှင့် မသက်ဆိုင်ခြင်း

- သာမန် ကိုယ်ရေးကျင့်ဝတ်အား တိုင်ကြားခြင်း

       စသည့်အချက်များနဲ့ ကိုက်ညီနေပါက တိုင်ကြားသူ အတွင်းဝန်ထမ်းများအပေါ် ဦးစွာစီစစ်သင့်ပါတယ် ။ 

       နိုင်ငံအတွက် အကျိုးစီးပွားရလာဒ်ကောင်းများအား ရယူပေးနိုင်ပါက အဆိုပါ လူသားတို့၏ ဖြစ်လေ့ဖြစ်ထရှိသော အားနည်းချက်များအပေါ် နားလည်ခွင့်လွှတ်ပေးသင့်ပါတယ် ။ 

         မိုးကျရွှေကိုယ်အများစု ပြဿနာတက်ခဲ့ကြရာမှာ သူ့ရဲ့ အားနည်းချက်ဖြစ်တဲ့ ( လောင်းကစား ၊ အသောက်အစား ၊ မိန်းမ ကိစ္စ) တခုခုအပေါ် မကျူးလွန် ကျူးလွန်လာစေရန် မြူဆွယ်ဖျားယောင်း လုပ်ကြံပြီးမှ သက်သေအခိုင်အမာနဲ့ တိုင်ကြားခံကြရပြီး ပြုတ်ကုန်တာ မရိုးသားတဲ့ ဖြစ်စဥ်အများစုကြောင့်လို့ ယုံကြည်ပါတယ် ။ 

         ငွေရှင်နဲ့ အနီးကပ် အတွင်းလူတို့ ဂွင်ပျောက်ကြပြီဆိုရင် ပူးပေါင်းပြီး ကြံစည်တတ်ကြပါတယ် ။ ယခင် နဝတ လက်ထက်မှာ အဲလိုနည်းနဲ့ ပြုတ်သွားတဲ့ မဝတ တွေ အများအပြား တွေ့ဖူးပါတယ် ။ 

         အမှန်တကယ် စီစစ်သင့်တာက အထက်အောက် ဘာပြဿနာမှ မရှိတဲ့ အရာရှိကြီးများ ၊ လုပ်ငန်းတိုးတက်မှု မပြနိုင်ပဲ မှေးနေသော ဌာနများ ဖြစ်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ ညီညီညွှတ်ညွှတ် ဝေစားနေကြလို့ အသံမထွက်တာလို့ တွက်ဆနိုင်လို့ပါပဲ ။ 

        ဒီတိုင်းပြည်မှာ လူမှုစံတွေအပေါ် ရဟန္တာနီးပါးသတ်မှတ်ထားကြပြီး လူစွမ်းလူစကြီးသူတွေ အပေါ် ဘာထောက်ထားမှုမျှ မထားပဲ အလွယ်တကူ ဖြုတ်ထုတ်နေတာတွေကို ပြန်လည်သုံးသပ်သင့်ပါပြီ ။ 

        သူ့ဘာသာ မိန်းမ နှစ်ယောက်ပေါင်းပြီး တိုင်းပြည်အတွက် တနှစ် ဆယ်ဘီလီယံ ရှာပေးနေတဲ့ အရာရှိကို မိန်းမနှစ်ယောက်နဲ့မို့ ဖြုတ်ပစ်ပြီး စိတ်ပုတီးကိုင်ကာ တိုင်းပြည်ငွေ တနှစ် ၅ ဘီလီယံ လောက်အရှုံးပြ ခိုးနေတဲ့သူကို ရာထူးတိုးပေးနေတဲ့ ပေါ်လစီ ပြန်လည်သုံးသပ်သင့်ကြပါပြီ ။ 
(နမူနာသဘော ပြောပြခြင်းသာဖြစ်ပါတယ်)

        တိုင်းပြည်အတွက် အရည်အချင်းရှိပြီး အသုံးတည့်သော လူတော်များအတွက် လွဲမှားနေသောစံသတ်မှတ်ချက်အား ဖြေလျှော့ပေးပြီး လူမှန်နေရာမှန် တာဝန်ပေးနိုင်မှသာ တိုင်းပြည်အတွက် အကျိုးများမယ်လို့ ယုံကြည်မိပါတယ် ။ 

        ကိုရွှေမျိုးဝင်း

(ကျနော်တို့က မယားစံရွေးရင်း ဒီလိုမယားနဲ့တွေ့ပြီး စောက်ကျိုးနည်းနေတာ ကြာပြီဗျ)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...