Thursday, June 16, 2022

အပျော့ အမာ နဲ့ ဘာသာသွေး



         ဟိတဓရ (ပသုံးလုံး) ဆရာတော်ရဲ့ ဌာပနာပိတ်ပွဲကို သွားကြတော့ အမျိုးသားရေး နာမည်ကျော် ဆယ်လီ မပုတုလည်း ပါလာပါတယ် ။ ဆရာတော်က မပုတုကို တွေ့ပြီး မိန့်ကြားချင်တယ်ဆိုလို့ မိတ်ဆွေလုပ်ငန်းရှင်က ဖိတ်ခေါ်လာတာပါ ။

         မပုတုနဲ့ ယခင်တကြိမ်ဆုံဖူးပါတယ် ။ အသက်က ၂၀ ကျော် ၊ 
အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်သလို နိုင်ငံရေးစာပေတွေလည်း အရွယ်နဲ့မလိုက်အောင် လေ့လာနေသူအဖြစ် သတိထားမိပါတယ် ။ ချင်းတိုင်းရင်းသူမို့ အံ့သြမိသေးတယ် ။

         ကားပေါ်မှာ သူပြောတဲ့စကားက သူ့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲအားဖိတ်ခေါ်ခြင်းကို ကြိုဆိုထောက်ခံတဲ့ပွဲမှာ ဟောပြောဖို့အတွက် လာဖိတ်တယ်တဲ့ ။ သူက ဒီနေ့ထိ အသတ်ခံနေရရှာတဲ့ အမျိုးသားရေးသမား သူမမိတ်ဆွေတွေ ၊ ဟိုပြေးဒီပြေး ပြေးနေရ​သေးတဲ့ မိတ်ဆွေတွေကို အားနာလို့ မဟောနိုင်ဘူးဆိုပြီး ငြင်းခဲ့တယ်တဲ့ ။

        အဲဒီအကြောင်း ပို့စ် တင်ထားသေးသတဲ့ (အဲဒီပို့စ် နောက်မှ ဖတ်ရပါတယ်) ။ ဒီလိုထွေရာလေးပါးပြောပြီး ဘုန်းကြီးကျောင်းကို ရောက်ပါပြီ ။ လူသူလေးပါးကင်းရှင်းတဲ့ တောတောင်ထဲမှာ အလွန်စည်ကားနေကြပါပြီ ။

          ဆရာတော့်ထံ ဝင်ဖူးကြပေမယ့် ဌာပနာပိတ်ပွဲအတွက် လှူဒါန်းနေကြတဲ့ များစွာသောလူအုပ်ကြီးနဲ့အတူ အလုပ်များနေလေတော့ ကောင်းစွာမပြောခဲ့ရပါဘူး ။ (အဲဒါကြောင့် ဆရာတော်က လူရှင်းတဲ့ရက် ကြိုလာဖို့ မိန့်တာကိုး...)

         အပြင်မှာ ဆွမ်းဆန်စိမ်းလောင်းပွဲအတွက် ပြင်ဆင်နေကြပါတယ် ။ ကိုးရီးယားလား တရုတ်လားမခွဲတတ်တဲ့ အုပ်စုလည်း ရောက်နေပါတယ် ။ အတူလာကြတဲ့ လုပ်ငန်းရှင်ဘော့စ်ကတော့ သံဃာတွေအတွက် လိုအပ်တာတွေကို ချွေးတွေရွဲနစ်နေအောင် အရွယ်နဲ့မလိုက် ပေါ့ပါးစွာ ထက်အောက် စုန်ဆန် ပြေးလွှားဆောင်ရွက်နေပါတယ် ။

           များပြားလှတဲ့လူအုပ်ထဲမှာ YMBA ဝတ်စုံနဲ့ လူတစုက မပုတုဆီလာပြီး မိတ်ဆက်ကြပါတယ် ။ မော်လမြိုင် YMBA က ဥက္ကဌတို့ အတွင်းရေးမှူးတို့အုပ်စုဖြစ်ပါတယ် ။ ဓာတ်ပုံတွေ တွဲရိုက်ကြပြီး မော်လမြိုင်ရောက်ရင် ကြွားလို့ရပြီဆိုပြီး အချင်းချင်း ရီမောနောက်ပြောင်နေကြတာလည်း ကြားခဲ့ရပါတယ် ။ ဒီလိုကာလမှာ YMBA လို ဝတ်စုံမျိုးဝတ်ပြီး သွားလာရဲ့တဲ့ YMBA အသင်းဝင်တွေသည် သူရဘွဲ့နဲ့ တတန်းထဲထားရမယ့် သူရဲကောင်းတွေပါပဲ ။

          သံဃာအပါး ၁၀၀ ကျော် ကြွလာတဲ့ပွဲမှာ မပုတုက အတော်များများကို သိနေပါတယ် ။ သူ့ကိုတော့ လူတိုင်းနီးပါးသိနေကြပြီး နှုတ်ဆက်ကြပါတယ် ။ သံဃာအချို့ကတော့ ဓာတ်ပုံအတူရိုက်ကြပြီး မှတ်တမ်းတင်ကြပါတယ် ။ 

       ငယ်ရွယ်နုပျိုလှတဲ့ အမျိုးသားရေး ဆယ်လီမပုတုရဲ့ လူချစ်လူခင်များပြားလှပုံကို တွေ့ရတော့ ဘေးကနေ ပီတိဖြစ်မိပါတယ် ။ ကိုယ်တွေ သူ့အရွယ်တုန်းကဆို အရပ်ထဲမှာ ပေတေ ပွေလီလို့ ကောင်းတုန်းလေ ။  

         လူပေါင်းများစွာ ဘာသာရေးအတွက် အားကြိုးမာန်တက် ကြည်နူးပျော်ရွှင်စွာ စုပေါင်းဆောင်ရွက်နေကြတာမြင်ရတော့ စိတ်ချမ်းသာစရာပါပဲ ။

        ဟိတဓရ ဆရာတော်နဲ့ လူသူကင်းရှင်းချိန် ဖူးတွေ့ရစဥ် ဆရာတော် မိန့်ကြားတာကိုလည်း ပြန်လည်သတိရမိပါတယ် ။ ဆရာတော်ကြီးက ကျနော်ရေးဖူးတဲ့ အကျိုးအကြောင်းနဲ့တကွ ခပ်တင်းတင်းရေးထားတဲ့ ပို့စ်ကို ဖတ်ကြည့်ပြီး ဒကာကြီး အကောင့် ဘုန်းကြီးဆီ အပ်ပါတဲ့ ။

          ဆရာတော်က မေတ္တာဝါဒီ ဆရာတော်မှန်းသိလို့ ကျနော်က တပည့်တော်က ရေးမိရင် အမာလိုင်းဖက်သန်လို့ အရှင်ဘုရား မနှစ်သက်လောက်ဖူး ထင်ပါတယ်ဘုရားဆိုတော့.....

'' ဘာသာ သာသနာ အတွက်ဆိုရင် အမာလိုင်းရော အပျော့လိုင်းရော ပူးပေါင်းကြမှ အောင်မြင်မှာ ဒကာကြီး နောက်ပြီး ဘုန်းကြီးက ဝေဖန်ရင် ဒီလို အကျိုးအကြောင်းနဲ့တကွ ထောက်ပြဝေဖန် အကြံပြုတာကို သဘောကျတယ် ''

'' ဒီသဘောတရားကို ရှင်းအောင်ပြောရမယ်ဆိုရင် အခု လူတွေရဲ့ ဖွဲ့စည်းပုံကို ကြည့်လိုက် အပျော့လိုင်းဖြစ်တဲ့ သွေး သား တွေနဲ့ အမာလိုင်းဖြစ်တဲ့ အရိုးတွေကို စနစ်တကျ ဖွဲ့စည်းထားလို့ အခုလို ရပ်တည်လို့ ရနေတာပဲမဟုတ်လား ဒကာကြီး ''

'' တင်ပါ့ဘုရား တပည့်တော်က အဖွဲ့အစည်းမရှိပဲ တကိုယ်တော် ဝေဖန်ရေးသမားပါဘုရား ရံဖန်ရံခါ ဝေဖန်တဲ့အခါ အပျော့လိုင်းတွေက မနှစ်သက်ပဲ ပြောနေကြလို့ ကြိုပြောတာပါဘုရား နောက်ပြီး တပည့်တော် မဘသ ကို ဝေဖန်ဖူးတော့ မခံနိုင်သူတွေက ဆရာတော်ဦးဝီရသူထံ တိုင်ကြပါတယ်ဘုရား ''

''အင်း...ဦးဝီရသူက ဘာပြောသလဲ ''

'' မျိုးဝင်းရေးထားတာ မှန်နေတာပဲ ငါပြောစရာမှ မလိုတာလို့ ပြန်မိန့်လိုက်လို့ ပြီးသွားဖူးပါတယ်ဘုရား''

'' ဦးဝီရသူက အဲလို ဆရာတော်ဒကာကြီး ဒီတော့ ပြောချင်တာက အပျော့လိုင်းနဲ့ သာသနာပြုချင်သလား ဆရာတော်တို့လို ဘုန်းကြီးတွေဆီ လာကြပါ ဒီလိုဆရာတော်တွေ အများကြီး ရှိပါတယ် ၊ အမာလိုင်းနဲ့ သာသနာတော်ကို စောင့်ရှောက်ကာကွယ်ချင်သလား ဆရာတော်ဦးဝီရသူတို့လို ဆရာတော်တွေ များစွာရှိပါတယ် ကိုယ်သန်ရာသန်ရာ ပူးပေါင်းပြီး ဘာသာ သာသနာအတွက် ဆောင်ရွက်ကြရမယ်ဒကာကြီး''

        အဲဒီစကားတွေ ပြန်ကြားမိရင်း ဆွမ်းဆန်စိမ်းလောင်းပွဲအတွက် မှတ်တမ်းတင် ဓာတ်ပုံတွေ ရိုက်နေချိန်မှာ မိတ်ဆွေ ဘော့စ်အစစ်ကတော့ သံဃာတွေနောက်မှာ ကပ္ပိယလုပ်ပေးရင်း ချွေးတလုံးလုံးနဲ့ ဘုရား သုံးပတ်တိတိ (ရဟန်း ၃ ပါး) ပင်ပန်းသည်မသိ ပျော်ရွှင်စွာ ကုသိုလ်ယူနေပါတော့တယ် ။ 

          အချိန်မရတဲ့အတွက် ဌာပနာပိတ်ပွဲ ရေစက်ချတရား မနာနိုင်တော့ပဲ ဆရာတော်ကို ဦးချ နှုတ်ဆက်ပြီး ပြန်ခဲ့ကြပါတယ် ။ ကျနော်မျက်စိထဲ ၊ နားထဲမှာတော့...

- ချွေးတလုံးလုံးနဲ့ ဝဖိုင့်နေတဲ့ခန္ဓာကိုယ်နဲ့ မလိုက်ဖက်အောင် စေတီအထက်အောက် တက်ဆင်းပြီး သံဃာဝေယာဝိစ္စကို လုပ်ကျွေးပြုစုနေသော ဘော့စ် အစစ်ရဲ့ ကားပေါ်မှာ ရေချိုးထားသလို ရွဲနစ်နေတဲ့ စတစ်အင်္ကျီအဖြူလေးချွတ်ပြီး စွပ်ကျယ်လက်စကလေးနဲ့ ပြုံးပြုံးကြီး ကားမောင်းနေပုံ....

- ကျမမိတ်ဆွေ အမျိုးသားသမားတွေ သေကြေ ဘဝပျက်နေချိန်မှာ စင်ပေါ်တက်ပြီး တပ်ချုပ်ကြီးကို ချီးမွမ်းပြဖို့တော့ ကျမ လိပ်ပြာမလုံပါဘူး ဆိုတဲ့ မပုတု ရဲ့ စကားသံ.....

- လူတောင်မှ အမာလိုင်းအရိုးနဲ့ အပျော့လိုင်း သွေးသားတို့ ပေါင်းစပ်မှ ရပ်တည်လို့ရတာပဲဒကာကြီး အပျော့လိုင်းနဲ့လုပ်ချင်ရင် ကျုပ်တို့ဆီလာကြ ၊ အမာလိုင်းလုပ်ချင်ရင် ဦဝီရသူလို ဆရာတော်တွေဆီ သွားကြပေါ့....

         ဆိုတဲ့ အပြောအဆို အပြုအမူတွေကိုပဲ မျက်စိမြင်ယောင်ပြီး နားထဲမှာ ကြားယောင်နေမိပါတော့တယ် ။    

        ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...