Tuesday, June 21, 2022

လမ်းကြောင်းမှန်



    '' မင်းတို့ ဆယ်တန်းအောင်တဲ့သူနဲ့ ကျတဲ့သူ ပြင်ပလောကမှာ ဘာတွေ ကွာသွားမလဲဆိုတာ အောင်စာရင်းထွက်ပြီးမကြာခင် သိလာလိမ့်မယ် ကွ ''

        ကျနော်ဒီလိုပြောတော့ စာမေးပွဲ ဖြေခါနီး ကျောင်းသားများက နားမလည်ကြသေးပါဘူး ။ ငယ်ရွယ်သူတွေဆိုတော့ ဘယ်သိကြသေးပါ့မလဲ ။

         အောင်စာရင်းထွက်တော့ သင်္ချာအရမ်းတော်တဲ့ ကျောင်းသားက စာမေးပွဲကျတယ် ။ သာမန်အဆင့်သူငယ်ချင်းက အောင်သွားတယ် ။ 

        သူတို့ရွာနားမှာ ဆည်အသစ်တည်တော့ နေ့စားဝင်လုပ်ကြတယ် ။ ဆယ်တန်းအောင်တဲ့သူက ရုံးခန်းထဲမှာစာရင်းကိုင် ကျတဲ့သူက နေပူထဲမှာ အလုပ်ကြမ်းသမား ။ တွေးကြည့်ရင် ကျတဲ့သူက သင်္ချာပိုတော်ပေမယ့် ဆယ်တန်းအောင်ဆိုတဲ့ ဂုဏ်က သင်္ချာညံ့သူကို ရုံးခန်းနေရိပ်ထဲ ပို့ပေးခဲ့တာနော် ။ 

       ဆယ်တန်းအောင်တဲ့ ကလေးတွေကို မနာလိုရှုစိတ်နဲ့ အပုပ်ချနေသူတွေကို ဂရုစိုက်မနေပါနဲ့ ကိုတက်လမ်းက ဖြောင့်နေပြီ ဆက်လျှောက်ပေတော့ ။ 

          မနှစ်ကဖြေဆိုပြီး ကျတဲ့ကျောင်းသားက ထက်ဝက်ကျော်ရှိပါတယ် ။ စနစ်ဟောင်းအတွက် ဒီတနှစ် ထပ်မံဖြေဆိုခွင့်ကျန်ပါသေးတယ် ။ 

         မနှစ်က ပညာကို အသက်စွန့်ပြီး သင်ကြားခဲ့ရင်း ကျဆုံးခဲ့ရတာဟာ အကြောင်းအမျိုးမျိုး ရှိနေကြမှာပါပဲ ။ ဘာအကြောင်းနဲ့ပဲ ကျခဲ့ ကျခဲ့ မင်းတို့သည် ပညာကို အသက်ထက် မြတ်နိုးတယ်ဆိုတဲ့ သမိုင်းကြောင်းကတော့ မင်းတို့တသက်လုံး ဂုဏ်ယူနေကြရမယ့် သမိုင်းပဲ ဖြစ်တယ် ။ 

        အရေးကြီးတာ စိတ်ဓာတ်မကျဖို့ပါပဲ ။ ကျန်နေသေးတဲ့ အခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်အောင် ကြိုးစားပြီး ထပ်မံဖြေဆိုကြရပါမယ် ။ 

        ဦးမျိုးတို့လို ဖွန်ကြောင်ပြီး စာမေးပွဲကျတာ မဟုတ်ပဲ ၊ သင်ကြားချိန် တိုတောင်းတာရယ် ၊ ပြတ်တောင်းပြတ်တောင်း ပညာရေး အဖွင့်အပိတ် ၂ နှစ်လောက်ရယ်ကြောင့် အတက်မှာ အရှိန်သေသွားတဲ့ အင်ဂျင်ကောင်းတွေ ဖြစ်လေ့ဖြစ်ထရှိသလို ဖြစ်သွားကြရတာပါ ။ 

         ပညာခရီးကို လျှောက်လှမ်းခွင့်ရနေသေးရင် ရနိုင်သလောက် လျှောက်ကြရပါ့မယ် ။ ဦးမျိုး ဦးလေးအရင်းဆိုရင် ဆယ်တန်းကို 12 နှစ်ဖြေမှ အောင်ခဲ့တာပါ ။ သူတို့ခေတ်က ဆယ်တန်းကို (ခ) နဲ့ အောင်ပြီး ကျောင်းဆရာလုပ်ရင်းဖြေတာပါဗျာ ။ နောက်ဆုံး ဆယ်တန်းအောင် ဘွဲ့ရပြီး အထက်တန်းကျောင်းအုပ်ကြီးဘဝနဲ့ ပင်စင်စားကြီးဖြစ်သွားလေရဲ့ ။ 

         ဆယ်တန်းကျလို့ အိမ်ထောင်ပြုဖို့လည်း မစဥ်းစားသေးနဲ့အုံးနော် ။ ဦးမျိုးရဲ့ ကျောင်းဆရာဘဝတုန်းကအတွေ့အကြုံလေးကို နမူနာပြောပြမယ် ။ 

         ဦးမျိုးဆရာဘဝမှာ ဆယ်တန်း ကျောင်းသူကျောင်းသားတွေက အလွန်ကြောက်ကြတယ် ။ အရိုက်ကြမ်းပြီး ပြောစရာရှိရင် မညှာမတာပြောတတ်လို့လေ ။ 

         ဦးမျိုးတပည့်မတွေထဲမှာ အပျိုကြီးဖားဖားတွေလည်း ပါနေတော့ ရီးစားတွေဘာတွေ ထားကြတာပေါ့လေ ။ မှတ်မှတ်ရရ လှတပတ ကျောင်းသူ သုံး​ယောက်
ရီးစားထားကြတော့ ကျန်တဲ့ ဆရာ / ဆရာမတွေက ဆုံးမကြတာပေါ့ ။ 

         တချို့ဆရာဆိုရင် စာသင်ခန်းထဲမှာပဲ (ရှက်ပြီး ရှေ့မတိုးရဲအောင် ) ပြောင်ပြောင်တင်းတင်း ပြောဆိုဆုံးမကြတာပေါ့ ။ အပြောကြမ်းပါတယ်ဆိုတဲ့ ဦးမျိုးက အဲဒီကိစ္စကို တခါမှ မပြောဘူး ။ တကယ်တန်းကျတော့ လူငယ်သဘာဝ ကိစ္စအပေါ် ဧရာမပြစ်မှုကြီးလို့ မယူဆတာလဲ ပါတယ်လေ ။ 

         ဆယ်တန်းစာမေးပွဲဖြေပြီးရင် ခိုးရာလိုက်ဖို့ စီစဥ်နေတယ် ဘာညာနဲ့ အသံတွေကြားလာရပြီ ။ ဒီလိုနဲ့ စာမေးပွဲဖြေဆိုဖို့ နွားထိုးကြီး ဘုန်းကြီးကျောင်းမှာ တည်းကြရပါရော ။ 

        ကျောင်းဝန်းပတ်လည်က အုတ်တံတိုင်းကာထားတော့ အပြင်ကို မမြင်ရဘူး ။ အစောက ရီးစားထားကြတဲ့ တပည့်မ သုံးယောက်ကို ခေါ်လိုက်တယ် ။ 

'' ကဲ နင်တို့ နွားထိုးကြီးမြို့ကို ရောက်ဖူးကြသလား ''

'' မရောက်ဖူးဘူး ဆရာကြီး''

'' အေး ဒီမြို့မှာ ဘူတာရုံ ၊ မီးသတ် ၊ ရှင်ပင်သာဒွန်းဦးဘုရား ဆိုတာတွေ ရှိတယ် ဘယ်ဖက်လမ်းကနေ သွားလို့ရသလား သိကြသလား ဒီနေရာကနေ ကြည့်ပြီးပြောစမ်း''

'' ဆရာကြီးကလည်း အုတ်တံတိုင်းက ကွယ်နေပြီး ရောက်လည်းမရောက်ဖူးတော့ လမ်းအမှန် ဘယ်သိပါ့မလဲ ''

'' အင်း ဟုတ်တာပေါ့ ကဲ ဘုန်းကြီးကျောင်း အပေါ်ထပ်ကနေ ကြည့်ကြစို့ ''

         ကျောင်းအပေါ်ထပ်ကနေ အုတ်တံတိုင်းကျော်ပြီး.....

'' ဟိုဖက်က ဘူတာရုံ ၊ ဒီဖက်မှာ မီးသတ်မျှော်စင်တွေ့လား ၊ ဟိုးးခပ်လှမ်းလှမ်းက ကုန်းပေါ်က စေတီမြင်လား အဲဒါရှင်ပင်သာဒွန်းစေတီ ပဲ ၊ ကဲ ဒီလောက်မြင်ရရင် သွားတတ်ပြီလား''

'' သွားတတ်ပြီ ဆရာကြီး လမ်းတွေကလည်း မြင်နေရတော့ မမှားနိုင်တော့ဘူးလေ ''

'' အေး အဲဒါပဲ လမ်းမှန်မြင်ရဖို့ ကိုယ်က အမြင့်ကိုရောက်ဖို့ လိုသလို ဘဝလမ်းခရီး လမ်းမမှားဖို့ မင်းတို့ရဲ့ အသိပညာတွေလည်း မြင့်မားဖို့ လိုတယ် ''

'' ဟုတ်ကဲ့ ဆရာကြီး ''

'' ဆယ်တန်းကျောင်းသူဘဝမှာ စိတ်အလိုလိုက်ပြီး လက်တွဲဖော်ရှာရင် ဆယ်တန်းကျောင်းသား ဖွတ်ကြားနဲ့ပဲ ရမှာသေချာသလို တက္ကသိုလ်ရောက်မှ လက်တွဲဖော်ရှာရင်တော့ ကြိုက်တဲ့ငတိရွေးခဲ့ အချိန်တန် ဘွဲ့ရမယ့် လူနဲ့ ညားမှာပဲ လေ ''

'' ဟုတ်ကဲ့ ဆရာကြီး ''

'' အေး ဆရာဘာပြောချင်လဲဆိုတာ ငါ့တပည့်မတွေ သိပါတယ် အဲသလောက်မညံ့ကြပါဘူး ''

        သုံးရောက်သား ငိုင်သွားပြီး ခဏနေတော့ ကျနော့်ကို ကန်တော့ကြပြီး ပြောပါတယ် ။ 

'' ကျေးဇူးတင်ပါတယ် ဆရာကြီး ကျမတို့လည်း ကိုယ့်အပြစ်နဲ့ကိုယ်မို့ ကျောင်းထဲမှာ ဆရာကြီး ဘယ်နေ့ ပြောမလဲ ကြောက်နေခဲ့မိကြပါတယ် အခုလို ကျမတို့ချည်း သီးသန့်ခေါ်ပြီး အရှက်မကွဲအောင် ၊ နားလည်အောင် ဆုံးမပေးလို့ တကယ်ကျေးဇူးတင်ပါတယ် ဆရာကြီး ''

'' အေး ကျေးဇူးတင်ရင် စာမေးပွဲပြီးတာနဲ့ ဘာဘာညာညာ လုပ်မယ်မကြံကြနဲ့ ဆရာကြီးကိုယ်တိုင် မင်းတို့ရွာကို ပြန်လိုက်ပို့မယ် မင်းတို့မိဘတွေ လက်ထဲ ပြန်အပ်ရမယ့်တာဝန် ဆရာကြီးတို့မှာ ရှိတယ်လေ ''

'' ဟုတ်ကဲ့ပါ ဆရာကြီး သမီးတို့အိမ်တွေကို တကယ်အလည်လိုက်မှာလား ဆရာကြီး ''

'' အေး လိုက်ခဲ့မယ် ''

        ကျနော်က ကျောင်းသားတွေအိမ် အလည်အပတ် မသွားပါဘူး ။ ကျောင်းဆရာလာရင် အိမ်ရှင်တွေ ဟိုဟာလုပ်ရ ဒီဟာလုပ်ရနဲ့ အားနာလို့ပါပဲ ။ ကျနေယ်အလည်လိုက်ခဲ့မယ်ဆိုတာ သူတို့အတွက် အံ့အားသင့်စရာဖြစ်နေတာပေါ့ ။ 

'' တကယ်အလည်လိုက်ခဲ့ရမှာနော် ဆရာကြီး ''

'' အေး လိုက်ပါ့မယ် ''

'' သမီးတို့ ဖြေနိုင်အောင် ဆုပေးအုံး ''

'' စာမေးပွဲ အောင်ဖို့ထက် ရာသက်ပန်အတွက် ဆုပေးလိုက်မယ် ''

'' ဟုတ်ကဲ့ ဆရာကြီး ''

'' မိဘထက် ကြီးကျယ်မြင့်မြတ်သော သမီးမြတ် ၊ ဆရာထက် ထူးချွန်၍ထက်မြက်သောတပည့်ကောင်း ၊ လုပ်ချင်တာထက် လုပ်သင့်တာကို ပြုရဲသော မြင့်မြတ်သည့်စိတ်ထားနဲ့ သမီးကောင်း တပည့်မြတ်များ ဖြစ်ကြပါစေဗျာ ''

'' ပေးတဲ့ဆုနဲ့ပြည့်ပါရစေ ''

         စာမေးပွဲ ပြီးတဲ့အချိန် အားလုံးကို သူတို့မိဘများထံ ပြန်လည်အပ်နှံပေးပြီးမှ ပြန်ခဲ့ရပါတယ် ။ 

       ဘာပြောချင်တယ်ဆိုတာကို ခေတ်ကာလ သမီးလေးတွေ ကောင်းစွာသိကြမှာပါ ။ အထက်က ဆုပေးခဲ့တဲ့ စကားလေးနဲ့ပဲ စာမေးပွဲ ကျရှုံးထားတဲ့ ကလေးများအားလုံးကို ထပ်မံ ပြောကြားလိုပါတယ် ။ 

'' မိဘထက် ကြီးကျယ်မြင့်မြတ်သော သမီးမြတ် ၊ ဆရာထက် ထူးချွန်၍ထက်မြက်သောတပည့်ကောင်း ၊ လုပ်ချင်တာထက် လုပ်သင့်တာကို ပြုရဲသော မြင့်မြတ်သည့်စိတ်ထားနဲ့ သမီးကောင်း တပည့်မြတ်များ ဖြစ်ကြပါစေဗျာ ''

         ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...