Thursday, June 16, 2022

ပြည်သူ ၅၄ သန်းရဲ့ငွေဘယ်သူတွေ ဘယ်လိုခိုး



         မနေ့က ကျောင်းပုံနှိပ် တင်ဒါကိစ္စပါးပါးလေးပြောရင်း ပြည်သူပိုင်ငွေတွေ နစ်နာနေကြရတာ ထပ်ပြောချင်လာပါတယ် ။ 

         တကယ်ကျတော့ တင်ဒါစနစ်ဆိုတာ အလွန်ကောင်းတဲ့ စနစ်ဖြစ်ပါတယ် ။ တင်ဒါမရှိခင်က ဌာနဆိုင်ရာအသီးသီးဟာ ပြည်သူ့ငွေတွေကို အမှန်ကုန်ကျစရိတ်ထက် များစွာပိုသုံးပြီး စက္ကူပေါ်စာရင်းတင်ရေးပြီး ပြိုင်ဖက်မရှိ ခိုးချင်တိုင်းခိုးခဲ့ကြပါတယ် ။ 

         ဦးသိန်းစိန်လက်ထက်ကစပြီး တင်ဒါ စနစ်အသက်သွင်းခဲ့ပါတယ် ။ တင်ဒါစနစ်ကြောင့် ပုဂ္ဂိလိက လုပ်ငန်းရှင်များ နည်းပါးလှတဲ့ အမြတ်နဲ့ ဝင်ရောက်ယှဥ်ပြိုင်ကြရာ ထင်သာမြင်သာ ပညာရေးကဏ္ဍမှာ ဘီလီယံပေါင်း များစွာ ပိုလျှံခဲ့လို့ ကျောင်းဆောင်သစ်များ များစွာ တိုးချဲ့နိုင်ခဲ့ကြပါတယ် ။ 

        အဲဒီနောက် ဌာနဆိုင်ရာများက တင်ဒါလုပ်ငန်းများမှ စားပေါက်ပြန်ရှာလာကြပါတယ် ။ သူတို့နဲ့ အပေးအယူလုပ်ထားတဲ့ လူပုဂ္ဂိုလ် အသင်းအဖွဲ့တွေပဲ တင်ဒါအောင်မြင်ရေးအတွက် အကွက်ဆင်ကြပါတော့တယ် ။ 

        လုပ်ပုံလုပ်နည်းတွေကတော့ နည်းလမ်းအင်မတန်စုံလင်လှပါတယ် ။ ပစ္စည်းအရည်အသွေး သတ်မှတ်ချက်မှာ ချိုသာတဲ့စျေးနှုံးနဲ့ သူတပါးမတင်သွင်းနိုင်တဲ့ အရည်အသွေးတွေ သတ်မှတ်ကြပါတယ် ။

         ဒီတော့ အမှန်အတိုင်းလုပ်မယ့် လုပ်ငန်းရှင်တွေ တင်ဒါ စျေးမြင့်သွားပြီး အကြံအဖန်က ရသွားပါတယ် ။ ယခုဆိုရင် တင်ဒါရသွားတာနဲ့ သက်ဆိုင်ရာဌာနကို 5 % ပေးရတယ်လို့ သတင်းထွက်နေပါတယ် ။ 

       ဒီလို ဘာကြောင့်ပေးရသလဲဆိုရင် ပစ္စည်းပေးသွင်းချိန်မှာ တင်ဒါစည်းမျဥ်းအတိုင်း အရည်အသွေးပြည့်တဲ့ ပစ္စည်းမသွင်းပဲ စျေးပေါတဲ့ ပစ္စည်းနဲ့ အစားထိုး ပေးသွင်းတာကို ဌာနဆိုင်ရာက မသိဟန်ဆောင် လက်ခံပေးဖို့ ဖြစ်ပါတယ် ။ 

         တင်ဒါကို အဲလိုနည်းနဲ့ မတော်မတရား ပူးပေါင်းကြံစည်ရင်း မကုန်သင့်တဲ့ ကျနော်တို့ ပြည်သူ့ငွေ ဘီလံပေါင်း များစွာကို ကိုယ်ကျိုးရှာ လုပ်ငန်းရှင်များနဲ့ ဌာနဆိုင်ရာအကြီးအကဲများ နှစ်ပေါင်းများစွာ ခိုးနေကြလို့ ယနေ့ထိ တိုင်းပြည်လူမွှေးသူမွှေး မပြောင်နိုင်တာ အကြောင်းကြီးတချက်ပါပဲ ။ 

         ၅၀၀ တန် ပစ္စည်းဝယ်မှာကို ၈၀၀ တန် အရည်အသွေးသတ်မှတ်တယ် ။ သူများတွေ မလုပ်နိုင်တာကို ညှိခိုးမယ့် လုပ်ငန်းရှင်က ရပါမယ်ဆိုပြီး တင်ဒါတင်တယ် ။ ပြီးတော့ ၃၀၀ တန် အရည်အသွေးတင်ပြီး ၅၀၀ နဲ့ ပြန်ရောင်းတယ် ။ 

         အမြတ်ဝေစုယူထားတဲ့ ဌာနဆိုင်ရာ တင်ဒါအဖွဲ့က ပစ္စည်းလက်ခံတော့ သတ်မှတ်အရည်အသွေး မစီစစ်တော့ဘူး ။ ဒီနည်းနဲ့ ကျနော်တို့ ၁၃၅ မျိုးပိုင်တဲ့ ငွေတွေကို ဌာနဆိုင်ရာ အကျင့်ပျက်ဝန်ထမ်းအချို့ နဲ့ ပုဂ္ဂိလိက လုပ်ငန်းရှင်တွေ ခိုးယူနေကြပါတယ် ။ 

        မှန်ကန်တဲ့ ပြိုင်ဖက်တွေနဲ့ မှန်ကန်တိကျတဲ့ တင်ဒါစည်းမျဥ်းအတိုင်းဆိုရင် တင်ဒါစနစ်က ပြည်သူ့ငွေကို ယိုပေါက်အနည်းဆုံး ဖြစ်အောင် ဘယ်လိုလုပ်ပေးနိုင်သလဲ နမူနာပြောပါ့မယ် ။ 

        လတ်တလော ဖြစ်ရပ်မှန်တခုပါ ။ ကျနော့်သတင်းဇစ်မြစ် ရှားရှားပါးပါး ဌာနဆိုင်ရာဝန်ထမ်းကောင်းတယောက် အလုပ်ထိခိုက်မှာစိုးလို့ ဖြစ်စဥ်ပဲ ရေးပြပါ့မယ် ။ 

        တင်ဒါတခု ခေါ်လိုက်တယ် ။ အရေအတွက်က 8000 သွင်းရမယ် ။ စားနေကြကြောင်ဖားတွေ လက်ဝါးခြင်းရိုက်ပြီး တင်ဒါကို တခု ၃၅ သိန်းလောက်နဲ့ တင်ကြတယ် ။ ထုံးစံအတိုင်း ကျနော်တို့ ၁၃၅ မျိုးရဲ့ ငွေတွေကို ဝါးစေ ဝေစားဖို့ အပိုင်ညှိပြီးသာပါ ။

          မထင်မှတ်ပဲ ပြိုင်ဖက်က စျေးများစွာလျှော့တင်လာတယ် ။ တင်ဒါစည်းမျဥ်းအတိုင်း ၃ ကြိမ် ထပ်မံတင်သွင်းခွင့် လုပ်ကြရင်း မူလက ၃၅ သိန်း အုပ်စုသည် ၂၆ သိန်းခန့်နဲ့ တင်ကြရင်း တင်ဒါပိတ်သွားပါတယ် ။ 

         လေ့လာကြည့်တော့ ပစ္စည်းမှန် စျေးနှုံးမှန်အရ အရင်း ၂၅ သိန်းခန့် ရှိမယ်လို့ ယူဆရပါတယ် ။ ထည့်ဝင်ရမယ့်အရင်း အထွေထွေ ကုန်ကျစရိတ် နဲ့ တွက်ကြည့်ရင် အသားတင်အမြတ်သည် တခုကို ၁ သိန်းတော့ ကျန်ပါတယ် ။ 

        အကယ်၍ နှစ်စဥ်ပြုလုပ်နေကြအတိုင်း အကြံအဖန်စျေးနဲ့ဆိုရင် တခုအပေါ် ပြည်သူများရဲ့ ငွေ ၈ သိန်း ခန့် သက်သာသွားတာ တွေ့ရပါ့မယ် ။ အဲဒါ တင်ဒါစနစ်ကို ဥပဒေအတိုင်းသွားလို့ ဖြစ်လာရတာပါ ။ 

        ဒီနေရာမှာ ပစ္စည်းအရည်အသွေးနဲ့ အကြံအဖန် လုပ်နိုင်တာလည်း တွေးတောထားကြရပါ့မယ် ။ ဒါကတော့ ဌာနဆိုင်ရာ အကြံအဖန် ဝန်ထမ်းတွေကိုပဲ တာဝန်ပေးထားရင် ဖြစ်လာနေအုံးမှာပါပဲ ။ 

        ဒီတော့ အစွန်အဖျားက တိုင်းရင်းသားကနေ ပြည်မထဲက သာမန်ပြည်သူအထိ သက်ဆိုင်နေတဲ့ ပြည်သူ့ငွေကြေး မနစ်နာမဆုံးရှုံးစေရန်အတွက် တချက်ထဲပဲ ထိမ်းချုပ်ရင် ရပါတယ် ။ 

        အဲဒါကတော့ နစက အဆင့်မှ အားမနာတမ်း တင်ဒါစီစစ်ရေးကော်မတီကို စာရိတ္တပိုင်းဆိုင်ရာ ဒေါင်ဒေါင်မြည်လူများနဲ့ စိတ်တိုင်းကျ ဖွဲ့စည်းပြီး အာဏာကုန်လွှဲအပ် စီစစ်စေခြင်းဖြင့် အလွန်လွယ်ကူစွာ တားဆီးနိုင်ပါတယ် ။ 

          တင်ဒါခေါ်ယူစဥ်က အရည်အသွေးသတ်မှတ်ချက် နဲ့ တင်သွင်းတဲ့ အရည်အသွေးကို တိတိကျကျ တိုက်ဆိုင်စစ်ဆေးခြင်းဖြင့် ဧရာမအကြီးဆုံးသော အဂတိမှုကြီးများအား လွယ်လင့်တကူ ထိမ်းချုပ်နိုင်ပါလျှက် လက်ပိုက်ကြည့်နေရင်တော့ အားလုံးသော တာဝန်ရှိသူအပေါင်း ၁၃၅ မျိုးသော တိုင်းရင်းသားအပေါင်းရဲ့ ငွေကြေးတွေကို အားပါးတရ ပေါင်းခိုးနေကြတယ်လို့ စွတ်စွဲရုံမှ တပါး အခြားမရှိတော့ပါဘူး ။

       စစ်မှန်သော တိကျသော တင်ဒါစည်းမျဥ်း ဥပဒေများနဲ့ ကျနော်တို့ပြည်သူ့ငွေတွေကို ကာကွယ်စီစစ်ပေးရန် အာဏာပါဝါ လုပ်ပိုင်ခွင့် နဲ့ 100 % သော တာဝန်သည် နစက ရဲ့ အရေးကြီးတဲ့ တာဝန်ကြီးတရပ်လည်း ဖြစ်နေပါပြီ ။

        ကိုရွှေမျိုးဝင်း

(ရှေ့ကစွတ်စီးပြီး သဘောကျမနေနဲ့ ခင်ဗျားရဲ့ မခိုင်လှတဲ့ အထိုင်ကြောင့် နောက်က ပြည်သူ ပက်လက်လန်ကျနေပြီ)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...