ပယောဂဆရာ လုပ်ပြတဲ့ ခြေဟန်လက်ဟန်ကို ကြည့်လေ လည်ပင်းကြီး ပြုတ်ပြီး ဦးခေါင်းကြီးက အပေါ်မြှောက်သွားတဲ့ ဟန် ၊ ခေါင်းမပါတဲ့ ခန္ဓာကိုယ်ကြီးက ခြံထဲ လမ်းလျှောက်နေတဲ့ ဟန် လုပ်ပြတာကိုး ။
နောက်ပြီး သူ့နားကနေ လာပြီးချောင်းကြည့်ဖို့ လက်ယက်ခေါ်တယ် ။ ကိုရွှေလည်း ကြောက်ကြောက်နဲ့ ပထမတော့ ကြည့်အုံးမလို့ပဲ ။ ဒါပေမယ့် မစပ်စုနဲ့ ဆိုတဲ့ အဖွားကြီးစကားသံကို ကြားယောင်မိလို့ ခေါင်းရမ်းပြပြီး ချောင်းမကြည့်ပဲ စောင်ခြုံအိပ်နေလိုက်တော့တယ် ။
မနက်လင်းတော့ နှစ်ယောက်သား မျက်နှာသစ်ပြီးတာနဲ့ အိမ်ရှေ့ထွက်လာတော့ ကြွေပုဂံပြားနဲ့ ကျကျနန ပြင်ဆင်ထားတဲ့ မနက်ခင်းစာ ထမင်းကို တွေ့ရတယ် ။ စားသောက်ပြီးတာ နဲ့ အမဖြစ်သူအဖွားကြီးက ပယောဂဆရာကို စူးစူးရဲရဲ စိုက်ကြည့်နေတယ် ၊ သူဘာမှ မပြောသေးပဲကို အကြည့်နဲ့တင် ပယောဂဆရာ ချွေးပြန်နေပြီ ။
"မင်းက ငါ့စကားနားမထောင်ဖူး အခုပြန်တော့ နောက်လည်းမမြင်ချင်ဘူး ''
အေးစက်မာကျောတဲ့ လေသံနဲ့ အဲလိုပြောလိုက်တော့ ပယောဂ ဆရာဘယ်လိုနေလည်း မသိဖူး ကိုရွှေကတော့ ကြက်သီးတွေ ထပြီး လန့်သွားသတဲ့ ။ ဘာမှ ဆင်ခြေမပေးရဲပဲ နှစ်ယောက်သား ကုပ်ကုပ်လေး ထပြီး အထုပ်တွေယူဖို့ အသွားမှာ အဖွားကြီးက
"ဟဲ့ ဒီကလေး နေခဲ့ ဟိုချောင်းကြည့်တဲ့ကောင် ပြန်တော့ ဒီကလေးက စကားနားထောင်တယ် ''
အဲလိုနဲ့ ပယောဂဆရာ ပြန်သွားတော့ ကိုရွှေလည်း အသိအကျွမ်းလုံးဝ မရှိတဲ့ နေရာမှာ ကြောက်မက်ဖွယ် ပညာသယ် အဖွားကြီး ညီအမ နဲ့ ကျန်နေပါရော ။ မျက်စိမျက်နှာ ပျက်ပြီး ထိတ်လန့်နေတဲ့ ကိုရွှေကို အဖွားကြီးက ပြုံးကြည့်ပြီး
"မင်းက ပညာလည်း သင်ချင်တယ် ပြောသေး တယ်ကြောက်တတ်ပါ့လား ကွဲ့ ''
"ဒီလိုပါ အဖွား ကျနော်က ပညာသာ သင်ချင်တာ ဒီပညာသင်ရင် ဘုရားရှိခိုးတာ မလုပ်ရဖူးတို့ ၊ ဘုရားစာမရွတ်ရဖူးလို့ ကြားဖူးခဲ့တာ သတိရလို့ပါ ''
"အေး မင်းက ဘာသာရေးလည်း လိုက်စားတယ်လား ကဲ ကဲ ငါ့မြေး လိုက်ခဲ့ ''
အဖွားကြီးက ကိုရွှေ့ကို အိမ်ထဲခေါ်သွားပြီး အလုံပိတ်ထားတဲ့ ခေါင်းရင်းခန်းကို ဖွင့်ပြလိုက်ပါတယ် ။ ကြည်ညိုသပ္ပါယ်ဖွယ် ဘုရားဆင်းတုတဆူ နဲ့ ဝေဆာလှပနေတဲ့ ဘုရားပန်းတွေကို သပ်ရပ်စွာ မြင်လိုက်ရတော့ ကိုရွှေအံ့သြသွားပါတယ် ။
အဖွားကြီးက ရှင်းပြပါတယ် ။ သူတို့ပညာဟာ အောက်လမ်းပညာ ဆိုပေမယ့် အောက်လမ်းမှာလည်း အယူဝါဒကွဲလွဲမှုတွေ အများကြီးရှိသေးကြောင်း ၊ သူတို့ညီအမက ဒီပညာကို ခုခံကာကွယ် ကုသပေးနိုင်ဖို့သာ အသုံးပြုကြောင်း ၊ ပယောဂဆရာတွေ လုံးဝ မကုနိုင်မှသာ သူတို့က ကုသပေးလေ့ရှိကြောင်း ဒါကြောင့် တနယ်လုံးက ပယောဂဆရာတွေဟာ ကုသခါနီးတိုင်း သူတို့ညီအမဆီ သတင်းပို့သွားကြကြောင်း ၊ မနိုင်ရင်ကာဖြစ်အောင် တဖက်က အစွမ်းထက်နေရင် သူတို့ ညီအမက သွားပြီး ကူညီကုသပေးရကြောင်း ရှည်လျှားစွာ ရှင်းပြပါတယ် ။
ကိုရွှေလည်း သူသိချင်တာ ဆက်မေးပါတယ်
"ဒါဆို အဖွားတို့က ဘုရားရှိခိုးတာပေါ့ ''
"အေး မင်းအမြင်ပဲလေ ဘုရားစင်ကို အိမ်ဦးခန်းမှာထားပြီး ကိုးကွယ်နေတာပဲလေ ''
"ဒါဆိုရင်တော့ ကျနော် သင်ချင်ပါတယ် ''
"အေး မင်းရဲ့ ပညာကို မြတ်နိုးတဲ့ စိတ်ကိုတော့ သိပြီးပါပြီ ဒါပေမယ့် ဒီပညာနဲ့ သူတပါးကို ဒုက္ခမပေးပါဘူး ၊ ဒီပညာနဲ့ ငွေရှာမစားပါဘူး ၊ ပညာတတ်သူက နှိပ်စက်ခံထားရသူကို အခမဲ့ ကူညီပါမယ်လို့ သစ္စာဆိုရမယ် ဖြစ်မလား ''
အဖွားကြီး တောင်းဆိုတဲ့ အချက်တွေဟာ ကိုရွှေ့အတွက်တော့ မလိုက်လျှောစရာ တချက်မှ မပါဖူးလေ ။ သစ္စာဆိုပြီးတာနဲ့ အဖွားကြီးက မင်းအနေအထိုင်ကို တလ စောင့်ကြည့်မယ် ပြီးမှ သင်ပေးမယ် လို့ ပြောပါတယ် ။
ကိုရွှေတယောက် အဖွားကြီးအိမ်မှာ အိမ်အလုပ်ကူလုပ် ၊ တရားထိုင် နဲ့ နေလာတဲ့ ရက်တွေအတွင်း အဖွားကြီးတွေက ကြွေပုဂံနဲ့ ကျကျနန ကျွေးမွေးထားပါသတဲ့ ။ တလဆိုတော့လည်း သားအမိတွေလို ဖြစ်သွားပါပြီ ။
တလပြည့်တဲ့ နေ့မှာပဲ အဖွားကြီးတွေက သား ထမင်းစားကြစို့ ဆိုပြီး လာခေါ်လို့ မီးဖိုထဲ သွားကြပါတယ် ။ ကိုရွှေတွေ့ရတာက စာထဲမှာ ဖတ်ဖူးတဲ့ နှီးဒေါင်းလန်းဆိုတဲ့ ခြေထောက်တပ်ထားတဲ့ လင်ဗန်းထဲမှာ ဟင်းတွေ အလယ်မှာ ပုံထားပြီး ထမင်းပုံ ၃ ပုံ ထည့်ထားတာ တွေ့ရသတဲ့ ။
အတူဝိုင်းထိုင်ပြီး စားကြဖို့ ပြင်ဆင်နေတော့ ခါတိုင်းကြွေပုဂံနဲ့ စမတ်ကျကျ စားနေရာကနေ အခုလို နှိုက်စားရတာ ကိုရွှေစိတ်ထဲ ရွံနေမိသတဲ့ ။ အဖွားကြီးတွေရဲ့ အရေပြားရှုံ့နေတဲ့ လက်ချောင်းတွေကိုလည်း သူရွံနေမိသတဲ့ ။
စားဖို့ မနည်းအားယူနေတဲ့ ကိုရွှေ့ကို အကြီးမဖြစ်တဲ့ အဖွားက ပြောလိုက်တယ် ။
"သား ရွံမနေနဲ့စား မင်းကို ဒီလိုကျွေးတာ သားလို သဘောထားပြီး ပညာသင်ပေးမှာဖြစ်လို့ပဲ မင်းဒီလို စားရတာ အန္တရာယ်ကင်းတယ် ၊ ကြွေပုဂံနဲ့စားနေရတာ အသက်အန္တရာယ် ရှိတယ်ကွဲ့ ''
ဒီတော့မှ ကိုရွှေလည်း စားသတဲ့ ။ စားသောက်ပြီးတော့မှ ပညာသယ်တို့ရဲ့ လုပ်ဆောင်ကျင့်ကြံရမှာတွေကို ကျကျနန သင်ပေးပါတယ် ။
အချိန်တွေလည်း တရွေ့ရွေ့ကုန်လာပေပြီ ။ ပညာသင်နေတဲ့ ကိုရွှေတယောက် သူ့အရည်အချင်းကို ပြန်ဆန်းစစ်နေချိန်မှာပဲ အဖွားကြီးတွေ ရောက်လာပြီး
"ကဲ သားရေ ငါတို့လောက်တော့ မင်းတတ်မှာ မဟုတ်ဖူး ငါတို့က မျိုးရိုးအရကိုက အားသာချက် ရှိတာကိုး မင်းဘာသင်ချင်သေးလဲ ပြော ''
"ကျနော် လူတွေကို ကယ်တင်နိုင်တဲ့ မြန်မာ့ဆေးပညာ အတန်အသင့် သင်ဖူးပါတယ် ဆန်းပြားထိရောက်တဲ့ ဆေးကုနည်းသင်ချင်ပါတယ် ''
"အေး ဒါကတော့ ငါတို့ မတတ်ဖူး မင်းကို လိပ်စာပေးလိုက်မယ် သူ့ဆီသွားသင်ချေ ငါတို့ စာရေးပေးလိုက်မယ် အလွန်တော်တဲ့ လူ ကွဲ့ မင်းရောက်အောင် သွားပေတော့ ''
ကိုရွှေဟာ ကန်စွန်းမရွာက ရှားပါးလှတဲ့ အောက်လမ်းဆရာမကြီး နှစ်ယောက်ကို နှုတ်ဆက်ပြီး သူမတို့လမ်းညွှန်တဲ့ ဆီကို တယောက်တည်း သွားခဲ့ပါတယ် ။ လမ်းမှာလည်း သူ့ကိုယ်သူ ဇီဝက အလောင်းအလျှာ အလား စိတ်ကူးယဥ်လျှက်ပေါ့ ဗျာ 😁😁😁။
ဒီလိုနဲ့ လိပ်စာပါ ကျွဲကောသီးခြံကြီးထဲ ရောက်ပါပြီး ။ လူရိပ်လူယောင်မမြင်ရ ၊ ခေါ်ကြည့်လည်း မရ ဖြစ်နေတော့ စိတ်မြန်တဲ့ ကိုရွှေခြံထဲ ဝင်သွားပါတယ် ။
ရင့်မှဲ့နေတဲ့ ကျွဲကောသီးကြီးတွေ နဲ့ ဝေဆာနေတဲ့ ခြံကျယ်ကြီးထဲ သွားနေရင်း ဗိုက်လည်းဆာ ရေလည်းငတ် ဖြစ်လာတော့ ကျွဲကောသီးတလုံး ခူးစားသတဲ့ ။
ခဏနေတော့ ခပ်လှမ်းလှမ်းမှာ တဲတလုံးမြင်ရပါတယ် ။ ၅ မိနစ်ခရီးလောက် တဲလေးဆီ ကိုရွှေသွားနေတာ တနာရီကျော်လာချိန်ထိ မရောက်နိုင်ဖူး ဖြစ်နေသတဲ့ ။
ကိုရွှေလည်း ဗဟုသုတများသူဆိုတော့ သွားနေလည်း မထူးဖူးဆိုတာ သိပြီး နားနေလိုက်သတဲ့ ။ နားနေတုန်း ခဏအကြာမှာ အဖိုးကြီးတယောက် ရောက်လာပြီး ဘယ်သွားမှာလည်း ဘာလုပ်ဖို့လည်း မေးတာပေါ့ ။
ကိုရွှေက အဖိုးကြီးနာမည်မေးတော့ ကန်စွန်းမက အဖွားကြီးညီအမ ပြောတဲ့ ဆရာကြီးမှန်း သိသွားတယ် ။ အဖိုးကြီးကို ကန်စွန်းမက စာပေးဖတ်လိုက်တော့ အဖိုးကြီးက စာဖတ်ပြီး
" နေပါအုံးကွ မင်း ခြံထဲမှာ ဘာလုပ်မိသေးလဲ ''
"ကျနော် ဗိုက်လည်းဆာ ရေလည်းငတ်တာနဲ့ ကျွဲကောသီးတလုံး ခူးစားမိပါတယ် အဘ''
"သြော် ဒါကြောင့်ကိုး ကဲ ကဲ ဒါငါ့အသိဟေ့ ငါခေါ်သွားမယ် မင်းတို့သွားပြတော့ ''
အဖိုးကြီးက ဘယ်သူမှ မရှိတဲ့ ခြံကြီးထဲ အဲသလို ပြောလိုက်တော့ ကိုရွှေလည်း ကြောင်တောင်တောင် နဲ့ မမြင်ရတဲ့ အရာတွေကို တွေ့နိုးနိုး တောကြည့် တောင်ကြည့် ဖြစ်နေတာပေါ့ ။
အဖိုးကြီးက ကိုရွှေ့ကို တဲဆီခေါ်သွားပါတယ် ။ နောက် ကိုရွှေတတ်ပြီးသား အတတ်ပညာတွေကို မေးမြန်းပြီး မင်းကို ဒီပညာ သင်ပေးမယ်လို့ ပြောပါတယ် ။
အဖိုးကြီးက ကိုရွှေ့ကို သင်ပေးလိုက်တဲ့ ပညာကတော့ နိဒါန်းမှာ ရေးခဲ့တဲ့ ဆေးရုပ်လေးတွေ နဲ့ ကုသပေးရတဲ့ ပညာပဲ ဖြစ်ပါတယ် ။
ကန်စွန်းမရွာက ပညာထက် အဆင့်မြင့်ပါသတဲ့ ။ အရုပ်တခုအတွက် ရံဖန်ရံခါ သားစဥ်မြေးဆက် မျိုးဆက် သုံးဆက်လောက် ဆေးဝါးကုန်ကြမ်းရှာရသတဲ့ ။
ခဲရာခဲဆစ်ရှာဖွေပြီးမှာ ဆေးမှုံ့တွေဖြစ်အောင် ကြိတ်ခြေပြီး အရုပ်လေးတွေကို နက္ခတ်နဲ့ ညှိပြီး ပြုလုပ်ရတဲ့ ။ နွားရုပ်ဆိုရင်တောင် တိုက်နွား ၊ ခံနွား ခွဲခြားပြုလုပ်ရသတဲ့ ၊ ဘီလူးရုပ် လူရုပ် အို..အစုံပါပဲ ။ သူ့နေရာနဲ့ သူ ရောဂါအခြေအနေ အမျိုးအစား ကုသပုံ ကုသနည်းတွေကို သင်ပေးပါတယ် ။
စိတ်ရင်းကောင်း ပညာမက်မောတဲ့ ကိုရွှေ့ကို ဆရာကြီးက အရုပ်တွေ ပေးလိုက်တဲ့ အပြင် သူ့မိတ်ဆွေဆရာတွေကလည်း လက်ဆောင်ပေးကြသတဲ့ ။ တယောက်ဆီက အနည်းဆုံး ၃၃ ရုပ်ဆိုတော့ အရုပ်တွေ အများကြီးပဲတဲ့ ။
ကိုရွှေတယောက် ဆေးရုပ်ပညာ အကုန်မဟုတ်တောင် အတော်တတ်လာပြီဆိုတော့ ဆရာကြီးကို ခွင့်ပန်ပြီး ပြန်ဖို့ စီစဥ်ပါတယ် ။ ဆရာကြီးကို နုတ်ဆက် စကားပြောရင်း သိချင်တာကို မေးလိုက်ပါသေးတယ် ။
"ဆရာကြီးတို့လို ကန်စွန်းမက ဆရာမကြီးတို့လို မဟုတ်ပဲ ဒုက္ခပေးမယ့် ပညာသယ်တွေရဲ့ ရန်ကလွတ်အောင် သာမန်လူတွေ အတွက် အကာအကွယ် လုပ်ပေးလို့ မရဖူးလား ဆရာကြီး ''
"အင်း မင်းမေးခွန်းကောင်းတယ်ကွ ဘယ်လောက်စွမ်းတဲ့ ပညာသယ်ပဲ ဖြစ်ဖြစ် မကျော်လွှား မခြေဖျက်နိုင်တဲ့ ပစ္စည်းရှိတယ်ကွ''
"ဘာပစ္စည်းလည်း ဆရာကြီး ''
"အဲဒါ ပြဒါးပဲကွ ပြဒါးနဲ့ ကာကွယ်ထားရင် ဘယ်ပညာသယ်မှ ဒုက္ခပေးမရဖူး ငါတို့က အစပဲ ''
"ပြဒါးက အဲလောက်စွမ်းလား ဆရာကြီး ''
"ပြဒါဆိုတာ မူလဘူတ ဓာတ်ကြီးကွ သံ သွပ် သတ္တု မှန်သမျှပြဒါးပါတယ် ၊ အပင်တွေနဲ့ သက်ရှိသက်မဲ့ အရာတိုင်းမှာ ပြဒါး အနည်းနဲ့အများ ပါနေတယ် ကုန်အောင်ပြောရမယ်ဆိုရင် အာကာသပြဒါးဆိုတာ လေထုထဲက ပြဒါးကို ပြောတာ ဗျာ ''
"သြော် ဒါဆို အိမ်တွေမှာ ပြဒါးစည်းချထားရင် အတိုက်အခိုက် အနှောက်အယှက် မရှိတော့ဘူးပေါ့ ''
"ဟုတ်တာပေါ့ ကွာ အဆောက်အဦးရဲ့ ထောင့်လေးထောင့်မှာ ပြဒါး တကျပ်သားစီ မြှပ်ထားရင်ကို အဲဒီအိမ်ကို ဘယ်သူမှ အနှောက်အယှက် မပေးနိုင်တော့ဘူး ''
ကိုရွှေလည်း သူ့ဒေသဆီ ပြန်လာပါတယ် ။ ဆေးရုပ်တွေ သေတ္တာကြီးနဲ့ တလုံးပါလာလေရဲ့ ။ အရင်ဆုံးသူ့ဆီ အိမ်သစ်ဆောက်ဖို့ အစီရင်တောင်းသူတွေကို ပြဒါးမြှပ်ခိုင်းတော့တာပါပဲ ။
(အခုထိ မြှပ်ခိုင်းတုန်း ဖော်ကောင်လုပ်လိုက်မိပြီ😁😁)
ပညာရပ်တွေ အတော်စုံလာတော့ သူ့ကိုယ်သူ ဇီဝက မှတ်နေတဲ့ ကိုရွှေတယောက် ဆေးရုပ်တွေ တပွေ့ပွေ့နဲ့ ကြည်နူးနေလေရဲ့ ။ သူကသာ ကြည်နူးနေတာ အဲဒီအကျိုးဆက်ကို သူမသိသေးဘူးလေ ။
တနေ့ ညဥ့်သန်းခေါင်ကြီး သူတို့ လင်မယား အိပ်ခန်းထဲမှာ လူတယောက် ခါးတောင်းကြိုက်ကြီးနဲ့ လမ်းလျှောက်နေတာ သူ့မိန်းမ မြင်ပါရော ။ ကိုရွှေ့မိန်းမက အိပ်ချင်မူးတူး နဲ့ သူ့ယောကျ်ား လို့ပဲ ထင်နေသတဲ့ ။
ဒါနဲ့ တဖက်လှည့်ကြည့်တော့ ဘေးနားမှာ ကိုရွှေက ကွေးကွေးလေး အိပ်နေလေရဲ့ ။ သူ့မိန်းမလည်း ကြောက်ကြောက်နဲ့ ကိုရွှေ့ကို လက်ကုတ်နိုးပြီး လမ်းလျှောက်နေတဲ့ လူမည်းမည်းဆီ လက်ညှိုးထိုးပြလိုက်တယ် ။
ကိုရွှေလည်း သူခိုးပဲဟ လို့ တွက်ဆပြီး သူခိုးဖမ်းဖို့ အိပ်ရာထဲက ဖျက်ကနဲ ထထိုင်တယ် ၊ မိန်းမဖြစ်သူကလည်း ကိုရွှေနဲ့အတူ ထထိုင်လိုက်တုန်း အသံတွေမြည်လာတော့ လမ်းလျှောက်နေတဲ့ လူမည်းမည်းကြီးက ကုတင်ပေါ်ကို လှမ်းကြည့်လိုက်တော့ သတ္တိမခေတဲ့ ကိုရွှေရော ၊ သူ့မိန်းမပါ ငယ်သံပါအောင် အလန့်တကြား အော်ကြရတော့တာပါပဲ ။
သူတို့ လင်မယား တွေ့လိုက်ရတဲ့ လူမည်းမည်းကြီးရဲ့ မျက်နှာက............?
ကိုရွှေမျိုးဝင်း
No comments:
Post a Comment