ပျူတွေဟာ သူတပါးအသက်ကို သတ်ဖြတ်ရန် ဝန်လေးတဲ့ မေတ္တာဝါဒီများဖြစ်ကြပါတယ် ။ ပျူစာပေဟာ အိန္ဒိယတောင်ပိုင်း လေးရာစုခန့်က လက်ရာနဲ့ဆင်တူတယ်လို့ သမိုင်းသုတေသီတို့ ဆိုကြပါတယ် ။
တရုတ်ထန်ရာဇဝင်မှတ်တမ်းမှာ ပျူမင်းအမည်ကား မဟာရာဇ် ၊ အမတ်ချုပ်ကား မဟာသေနလို့ မှတ်တမ်းတင်ထားပါတယ် ။ မြို့ရိုးကို စဥ့်အုတ်နဲ့စီထားပြီး ကျုံးကမ်းပါးကို မြေအုတ်စီထားကြောင်း မှတ်တမ်းတင်ခဲ့ပါတယ် ။
ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းပေါင်း 100 ကျော်ရှိပါတယ် ။ ထင်ရှားတဲ့မှတ်တမ်းအရ ဥာဏ်တော်အမြင့် ပေ ၁၀၀ ရှိတဲ့ အဖြူရောင်ဆင်းတုတော်တဆူရှိခဲ့ကြောင်း တရုတ်ထန်ရာဇဝင်မှတ်တမ်းမှာ ရေးထိုးခဲ့ပါတယ် ။
ယဥ်ကျေးမှုအဆင့်မြင့်မားပြီး တရားဥပဒေနဲ့အညီ အုပ်ချုပ်တဲ့ ပျူမျိုးနွယ်စုရဲ့ အစဥ်အလာများသည်ကား ပျူ ၊ သက် ၊ မွန် နဲ့ သာကီအနွယ်များ ပေါင်းစည်းမိပြီး ယနေ့ မြန်မာ့ယဥ်ကျေးမှုရဲ့ ဓလေ့စရိုက်များ မြစ်ဖျားခံလာရပါတော့တယ် ။
ပျူနဲ့ခေတ်ပြိုင် မွန်တွေလည်း နိုင်ငံထူထောင်ခဲ့ကြတယ်လို့ ဆိုပါတယ် ။ သို့သော် ယဥ်ကျေးမှုအဆင့်မြင့်ခြင်း ၊ စိတ်နှလုံးနုညံ့ခြင်း ၊ သူတပါးကို သတ်ဖြတ်လိုစိတ်မရှိခြင်းဆိုတဲ့ အချက်တွေဟာ တိုင်းနိုင်ငံတခုကို တည်တံ့ခိုင်မြဲအောင် မစွမ်းနိုင်ကြောင်း ပျူနိုင်ငံတော်က သင်္ခန်းစာပေးခဲ့ပါတယ် ။
AD 632 မှာ တရုတ်နန်ချောင်မင်းက နုညံ့သိမ်မွေ့သော ပျူနိုင်ငံတော်ကို အလွယ်တကူသိမ်းပိုက်ပြီး ပျူအသိပညာရှင် ၊ အတတ်ပညာရှင် 3000 ကျော်ကို သုံ့ပန်းအဖြစ် ဖမ်းဆီးသွားပါတော့တယ် ။ ဒီလိုနဲ့ ပျူလူမျိုးတွေဟာ ဖရဲသီးဆင်နင်းသလို အကွဲကွဲ အပြားပြားဖြစ်သွားပြီး ပျူဧကရာဇ်နိုင်ငံတော်ကြီး ပြိုကွဲကျဆုံးသွားရပါတယ် ။
ဒီလိုပါပဲ သူတလူ ငါတမင်းထူထောင်ထားတဲ့ မွန်တိုရဲ့ မြို့တော် မီဂျန် (တရုတ်မှတ်တမ်းအမည်) ကိုလည်း တရုတ်တို့ကပဲ AD 633 မှာ အလွယ်တကူဝင်သိမ်းပြီး သုံ့ပန်း 3000 ကျော်ဖမ်းဆီးသွားပြန်ပါတယ် ။
ဒီလိုနဲ့ ပျူ ၊ မွန် ၊ သက် နဲ့ သာကီနွယ်တွေဟာ နိုင်ငံအနှံ့ ကွဲပြားနေချိန်မှာ မြန်မာဆိုပြီး ဖြစ်လာမယ့် အကြောင်းက ပေါင်းစုံလာရပါတယ် ။
တိဗက်ရဲ့အရှေ့မြောက်ဖက်မှာ ကန်စုဒေသရှိပြီး ချိယန်လူမျိုးစုနေထိုင်ကြပါတယ် ။ BC 1000 ခန့်က စပြီး တရုတ်တို့ရန်ကြောင့် ပတ်ပြေးနေရတဲ့ ချိယန်တွေဟာ ယူနန်နယ် သံလွင်နဲ့ မဲခေါင်ဒေသများသို့ ရောက်လာပါတယ် ။ တရုတ်တို့က ချိယန်လူမျိုးခေါင်းဆောင်ကို ချိယန်တို့က ''မင်း'' လို့ ခေါ်တဲ့အတွက် မင်း သို့မဟုတ် မင်းစော လူမျိုးလို့ မှတ်တမ်းတင်လာပါတယ် ။ တရုတ်လေသံနဲ့ မန်းလို့ အသံထွက်ပုံရပါတယ် ။
ဒီလိုမျိုးပတ်ပြေးနေပေမယ့်
713 ခုနှစ်မှာ နန်ချောင်ဘုရင် ရဲနိုင်လောဖိမင်းက တိုက်ခိုက်ဖမ်းဆီးပြီး နန်ချောင်မင်းအဆက်ဆက်ရဲ့ လက်အောက်ရောက်ခဲ့ရပါတယ် ။
ရဲနိုင်လောဖိရဲ့မြေး ယိမိုယုန်ရဲ့ လက်ထက် သက္ကရာဇ် 794 ကစပြီး တရုတ်မှာ စစ်ပွဲတွေစတင်ခဲ့ပါတယ် ။ ဒီမှာပဲ မန်းလူမျိုးတွေကို ရှေ့တန်းမှာ စပြီး တိုက်ခိုက်ခိုင်းပါတော့တယ် ။ သင်လွယ်တတ်လွယ်တဲ့ မန်းလူမျိုးတွေဟာ စစ်တံခွန်ကိုင်ပြီး ရှေ့ဆုံးက အသေခံတပ်သားတွေအဖြစ် တိုက်ခိုက်ကြရပါတယ် ။
သက္ကရာဇ် 874 မှာတော့ နန်ချောင် ၊ တိဗက် နဲ့ တရုတ်ပြည်တွင်းစစ်တွေ ပြင်းထန်လာပါတယ် ။ နန်ချောင်စစ်မှူးတွေရဲ့ ပြင်းထန်ရက်စက် တိကျတဲ့ စစ်စည်းကမ်းတွေကြောင့် မန်းလူမျိုးတွေဟာ ပိုပြီးစနစ်တကျ စစ်တိုက်တတ်လာပါတယ် ။
ဒါ့အပြင် လယ်ယာထွန်ယက်စိုက်ပျိုးခြင်း ၊ တူးမြောင်းဖြင့် ရေသွယ်စိုက်ခြင်း ၊ လှေခါးထစ်စိုက်ပျိုးနည်း အစရှိတာတွေပါ နားလည်လာပြီး မွေးမြူရေးနဲ့ အုပ်ချုပ်ရေးစနစ်ကိုပါ ကျွမ်းကြင်လာပါတယ် ။
နန်ချောင်မင်း စစ်တိုက်တိုင်း လိုက်တိုက်ပေးရင်း စစ်ဗျူဟာတွေ နဲ့ တိုက်ခိုက်နည်းပါ ကျွမ်းကြင်လာပြီး ထိပ်သီးစစ်သည်တော်ဖြစ်လာပေမယ့် တိုက်ပွဲပြီးတိုင်း ကျဆုံးခဲ့သူတွေကြောင့် မန်းလူမျိုးတို့အတွက် စိုးရိမ်စရာ ဖြစ်လာကြရပါပြီ ။
မူကတည်းက လွတ်လွတ်လပ်လပ်သွားလာတတ်တဲ့လူမျိုး ၊ ဖိနှိပ်မှုကို မနှစ်သက်တဲ့လူမျိုးမို့ နန်ချောင်မင်းလက်အောက်ကနေ ထွက်ပြေးပြီး တထီးတနန်းနေကြဖို့ ဆုံးဖြတ်ကြပါတယ် ။ နယ်သစ်ပယ်သစ် အဖြစ်ရှာဖွေရင်း မြန်မာပြည်ကို ရွေးချယ်ခဲ့ကြပါတယ် ။
ဘာကြောင့်ရွေးချယ်သလဲဆိုတော့ အရှေ့ရှမ်းရိုးမကိုကျော်ပြီး အပူပိုင်းမြန်မာပြည်ကို ရောက်တာနဲ့ ငှက်ဖျားရောဂါနဲ့ သေတတ်လို့ ထိုခေတ်က မြန်မာပြည်ကို စေလွတ်ခံရတဲ့ တရုတ်သံတို့ သေဒဏ်ပေးခံရလိုမျိုး ကြောက်ရွံ့တတ်ကြတာ မန်းလူမျိုးတို့ သိထားတဲ့အတွက်လို့လည်း အချို့ပညာရှင်တွေ ယူဆကြပါတယ် ။
ထိုအချိန်က မြန်မာပြည်မှာ
- တကောင်းဒေသတွင် သက် ၊ ကဒူး အုပ်စု
- ဝေသာလီမှာ ရခိုင်အုပ်စု
- သထုံမှာ မွန်အုပ်စု
- ပြည်အရှေ့ဖက် မှော်ဇာရှိရာ သရေခေတ္တရာမှာ ပျူအုပ်စု
အဲလို အကွဲကွဲ အပြားပြား နေထိုင်လျှက်ရှိပါတယ် ။
ဒီအချိန်မှာပဲ မန်းလူမျိုးတို့ နတ်ထိပ်တောင်ကြားကနေ ဝင်လာကြရာမှာ ကျောက်ဆည်နယ်သို့ရောက်လာပါတယ် ။ ဒေသခံတွေမှာလည်း အုပ်ချုပ်သူမရှိ ၊ အကာအကွယ်ပေးသူမရှိပဲ ကိုယ်ထူကိုယ်ထ ကိုယ့်ဘာသာ ကာကွယ်နေရတဲ့ အနေအထားဖြစ်ပါတယ် ။
အဲဒါကြောင့် လူသူလက်နက်အစုံအလင်နဲ့ ဝင်ရောက်လာတဲ့ မန်းအုပ်စုနဲ့ ပူးပေါင်းပြီး ထိုခေတ် ထိုအခါက တရားမျှတသော အုပ်ချုပ်ရေးစနစ်ကို ပူးပေါင်းထူထောင်လာကြပါတော့တယ် ။ ဒီလိုနဲ့ လယ်တွင်း ၁၁ ခရိုင် သို့မဟုတ် မြစ်သား ၁၁ ခရိုင်ဆိုပြီး စတင်ပေါ်ထွန်းလာပါတော့တယ် ။
အဲဒီဒေသတွေကတော့
၁ ။ ပင်လယ်
၂ ။ ပြည်မနား (ပျဥ်းမနား)
၃ ။ မြစ်သာ
၄ ။ ရငုန် (ရွာမုန်ကြီး)
၅ ။ မြင်းခုန်တိုင်
၆ ။ ပနန်း
၇ ။ တမုတ်
၈ ။ သင်တောင်
၉ ။ မက်ခရာ
၁၀ ။ တပြတ်သာ
၁၁ ။ ခံမှု (ခံလှူ)
အဲလိုနေထိုင်ရင်း အနယ်နယ်အရပ်ရပ်က ပူးပေါင်းလာသူတွေ တိုးပွားလာတော့ ၁၁ ခရိုင်နဲ့ မလုံလောက်တော့ပါဘူး ။ လူမျိုးတွေကလည်း ပျူ ၊ သက် ၊ ကဒူး ၊ မွန် ၊ သာကီနွယ် နဲ့ မန်းတို့ အပြန်အလှန် ပေါင်းဖက်ကြရင်း မြန်မာလူမျိုးဆိုပြီး ဖြစ်တည်လာကြောင်း သမိုင်းဆရာများ မှတ်တမ်းတင်ခဲ့ကြပါတယ် ။
မြန်မာ့မျိုးရင်း ပျူလူမျိုးတို့ရဲ့ မြင့်မားလှသော ယဥ်ကျေးမှုအဆင့်အတန်း ၊ ဗုဒ္ဓစာပေများမှ အတုယူဖွယ် စစ်ရေးနည်းဗျူစာပေများ ၊ မန်းလူမျိုးစုတို့ရဲ့ တိုက်ခိုက်ရေးဗျူဟာ စစ်ဆင်စစ်တတ်နည်းပညာများ ၊ မွန်တို့ရဲ့ ယဥ်ကျေးမှု အသီးအပွင့်များတို့ ပေါင်းစုံစုစည်းမိချိန်မှာတော့ ဒေသတွင်းမှာ စနစ်ကျသော အုပ်ချုပ်မှု ၊ မြင့်မားလွန်းသော ယဥ်ကျေးမှု နဲ့ အစွမ်းထက်လှသော တိုက်ရည်ခိုက်ရည်တို့ နဲ့ ပြီးပြည့်စုံသော လူရိုသေခန့်ညားလောက်သည့် '' မြန်မာ '' ဆိုတဲ့ လူမျိုးနွယ်စုအမည်ဖြင့် ပေါ်ပေါက်လာရပါပြီ ။
မြို့ပြအုပ်ချုပ်ရေးအဖြစ် သမုဒ္ဒရာဇ်အမည်ရှိ ခေါင်းဆောင်က ရွာ ၁၉ နှင့် တိုင်ပင်ညှိနှိုင်းကာ ထူထောင်ခဲ့ကြပါပြီ ။
သက္ကရာဇ် 849 မှာ ပျဥ်ပြားအမည်ရှိမင်းက ယုတ်လွတ်ကျွန်းဒေသမှာ ပုဂံထီးနန်းကို စတင်တည်ဆောက်ခဲ့ပါတော့တယ် ။ မြို့ရိုးတွင် တံခါး ၁၂ ပေါက်ပါရှိပါတယ် ။ ယနေ့တိုင် မြင်တွေ့နေရသော သရပါတံခါးသည်ကား ပုဂံခေတ်ရဲ့ ပြယုတ်တခုအဖြစ် ဂုဏ်ယူဖွယ် တည်ရှိနေပါသေးတယ် ။
ဒီနေရာမှာ မြန်မာကို ကုလားမျိုး ၊ တရုတ်မျိုး ဝေစုခွဲနေကြတဲ့ ပြဿနာအပေါ် ဒေါက်တာသန်းထွန်းရဲ့ ကောက်ချက်အချို့ တင်ပြရလျှင်
'' မြန်မာရာဇဝင်ကို ကုလားကလည်းရေးသည် ၊ ရေးပြန်တော့ ဒီသူငယ်အလွန်တော်တယ် ကျုပ်တပည့်ပေါ့ ဟူသော လေလုံးမျိုး မည်သည့်ကုလားရာဇဝင်ဆရာမှ မရှောင်နိုင်''
ဆိုတဲ့ မှတ်ချက်ကလည်း သတိပြုဖွယ်ဖြစ်နေရပြန်ပါတယ် ။ ဒီကဏ္ဍအထိ ပြန်လည်သုံးသပ်ကြည့်မည်ဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်း 2000 ခန့်က ဖြစ်တည်ခဲ့သော ပျူဧရာဇ်နိုင်ငံတော်ကြီးသည် အခြားခေတ်ပြိုင် ယဥ်ကျေးမှုများနှင့်အတူ တစတစ မိမိဘာသာတိုးတက်လာခြင်း ဖြစ်၍ အခြားလူမျိုး (အိန္ဒိယ ၊ တရုတ်)များ လာရောက်ပြီး မြို့ပြတည်ထောင်ခဲ့ခြင်း မဟုတ်ကြောင်း ပျူနိုင်ငံကို မြန်မာ့မျိုးရင်းဘိုးဘေး ပျူလူမျိုးတို့သာ တည်ထောင်ခဲ့ကြကြောင်း သိမှတ်ရပါတယ် ။
သက္ကရာဇ် 849 မှာ ပုဂံထီးနန်းစထောင်တော့ မြန်မာ့အာဏာစက်သည် မြောက်ဖက်မှာ ချင်းတွင်း နဲ့ မူး မြစ်ဝှမ်းဒေသများ တောင်ဖက်တွင် တောင်တွင်းဒေသနှင့် မင်းဘူးဒေသ ၊ အရှေ့ဖက်တွင် ရှမ်းတောင်တန်း ၊ အနောက်ဖက်တွင် ရခိုင်ဒေသအထိ ပျံ့နှံ့သက်ရောက်ခဲ့ပါတယ် ။
ပျဥ်ပြားမှ နောင်နှစ်ပေါင်း ၂၀၀ နီးပါး အထိ ပုဂံပြည်ဟာ တိုးတက်ခြင်း ၊ ဆုတ်ယုတ်ခြင်းမရှိပဲ တည်ငြိမ်အေးချမ်းခဲ့ပါတယ် ။ ဒီလိုနဲ့ မြန်မာ့သမိုင်းကို ကိုင်လှုပ်မယ့် အနော်မင်းလက်ထက်ရောက်လာချိန်ကတော့ သက္ကရာဇ် ၁၀၄၄ ဖြစ်ပါတယ် ။
အနော်ရထာမင်းလက်ထက်မှာတော့ ဧကရာဇ်နိုင်ငံတော် ထူထောင်ရန်အတွက် တပ်မတော်ကို စနစ်တကျ ဖွဲ့စည်းနိုင်ရန်အတွက် သိန်းပြုမြို့ ၊ ထောင်ပြုမြို့ ၊ ရာပြုမြို့ ၊ ဆယ်ပြုမြို့တွေ တည်ထောင်ပြီး စစ်သည်ရဲမက် စုဆောင်းနိုင်ရန် စတင်ပြုလုပ်ခဲ့ပါတယ် ။
အဲဒီနောက် မိမိတိုင်းပြည် အစွန်အဖျားကို ကာကွယ်ရန်အလို့ငှာ ခံတပ်မြို့ပေါင်း 43 မြို့ကို တပြိုင်နက်တည်း တည်ထောင်စေခဲ့ပြန်ပါတယ် ။
ကျနော်တို့ရဲ့ ပုဂံရာဇဝင် စတင်လာပါပြီ ။ အချို့ကား အထောက်အထားရှိ၏ ၊ အချို့ကားမရှိ ၊ အမြင်အမျိုးမျိုးဖြင့် သမိုင်းဆရာပေါင်းစုံ ဗွက်ပေါက်အောင် ရေးထားတဲ့ ပုဂံရာဇဝင်ကို လေ့လာကြည့်ကြပါမယ် ။
အဓိကလေ့လာချင်တာကတော့ စစ်ရေးကဏ္ဍပဲ ဖြစ်ပြီး လူသိများသော ထိုးဇတ် လုပ်ဇတ်များနဲ့ အတူ ခေတ်အမြင်နဲ့ သုံးသပ်ကြည့်ရမယ်ဆိုရင်တော့ အနော်ရထာမင်းဖြစ်ပုံက စကြပါစို့........
ကိုရွှေမျိုးဝင်း
မျိုးမြန်မာ (၁)
https://m.facebook.com/story.php?story_fbid=332585569025697&id=100068227690875
No comments:
Post a Comment