Thursday, June 16, 2022

မျိုးမြန်မာ (၉)



          ထီးလိုမင်းလို ခေါ် ဇေယျသိင်္ခမင်းကတော့ အမျှော်ကြီးသော ဖခင်နရပတိစည်သူ၏ လုပ်ထုံးလုပ်နည်းများ ၊ မှာကြားချက်ကို တသွေမတိမ်း လိုက်နာဆောင်ရွက်ပါတော့တယ် ။

          ဦးစွာ ထီးတော်ညွှတ်ခဲ့တဲ့နေရာမှာ စူဠာမဏိစေတီသဏ္ဍန် ထီးလိုမင်းလိုစေတီတော်ကြီး တည်ထားကိုးကွယ်ခဲ့ပါတယ် ။ 

        ဖခမည်းတော်မှာကြားသည့်အတိုင်း နောင်တော်ကြီးများနှင့် အဆက်မပျက် တွေ့ဆုံဆွေးနွေးတိုင်ပင်နိုင်ရန် ဘုရင့်နန်းမဆောင်နှင့် တဆက်တည်း နန်းဆောင်တခု ဆောက်လုပ်စေခဲ့ပါတယ် ။ 

       ယခင်က ဘုရင့်သြဇာအာဏာများအား တဦးတည်းချုပ်ကိုင်ထားရာမှ နောင်တော်ကြီးများထံသို့ ဘုရင့် လုပ်ပိုင်ခွင့် အာဏာအချို့ခွဲဝေအပ်နှင်းရာမှ မြန်မာတို့ရဲ့ ပုဂံခေတ်လွှတ်တော်စနစ် စတင်ပေါ်ပေါက်လာခဲ့ရကြောင်း မှတ်တမ်းတင်ထားပါတယ် ။ 

          တရားမျှတစွာ အုပ်ချုပ်ရုံမျှမက အခွန်အရပ်ရပ် နဲ့ လက်ဆောင်ရတဲ့ လက်နက်တွေကိုပင်လျှင် နောင်တော်များနဲ့ ငါးပုံ ပုံပြီး ညီမျှစွာ ခွဲဝေစံစားကြရာ ပုဂံထီးနန်းသက်တမ်းတလျှောက် ဇေယျသိင်္ခမင်း လက်ထက်သည် အငြိမ်းချမ်းဆုံး အတိုးတက်ဆုံးအဖြစ် သတ်မှတ်ထားကြရပါတယ် ။ 

         ပညာရှိများလည်း တိုးပွားလာရာမှ ဓမ္မဝိလာသမထေရ် တပါးလည်း ထင်ရှားလာပါတယ် ။ လောကုတ္တရာဆိုင်ရာကျမ်းများကိုသာမက လောကီရေးရာတရားဥပဒေကျမ်းများကိုပါ စီရင်ရေးသားခဲ့ရာမှ ဓမ္မဝိလာသဓမ္မသတ်ကျမ်းဟူ၍ ပေါ်ပေါက်ခဲ့ရပါတယ် ။ 

          ပုဂံပြည်ရဲ့ ပိသုကာလက်ရာများလည်း ပိုမိုတိုးတက်လာပြီး သီဟိုမှ ထူပါရုံစေတီသဏ္ဍန် စေတနာစေတီကိုလည်း တည်ခဲ့ပါတယ် ။ နောက်ထင်ရှားတဲ့ မဟာဗောဓိဘုရားလည်း တည်ထားခဲ့တာ တွေ့ရပါတယ် ။

         ၁၂၂၈ မှာ တကောင်းရှိ ကဒူးလူမျိုးများအား တိုက်ခိုက်ခဲ့ပါတယ် ။ ရဲရင့်စွာတိုက်ပွဲဝင် အောင်ပွဲရခဲ့တဲ့ စစ်သူကြီးကိုလည်း ဆုလာဘ်များချီးမြင့်ခဲ့ပါတယ် ။ 

        ယော နှင့်ကျော ချောင်းကြီးဒေသများ နဲ့ ပုံတောင်တဝှိက်မှာ လယ်ယာမြေတွေကို ဘုရားသို့ ရေစက်သွန်းချလှူဒါန်းသော ကျောက်စာများအရ ပုဂံနဲ့ဝေးလံလှသော ဒေသအထိ ဇေယျသိင်္ခမင်း အုပ်ချုပ်ခဲ့ကြောင်း ခိုင်မာစွာ သိကြရပါတယ် ။ 

          ဇေယျသိင်္ခနဲ့ နောင်တော်များဟာ ဖခမည်းတော်ရဲ့ စကားကို လိုက်နာပြီး ညီနောင်များ ညီညွတ်စည်းရုံးစွာ အုပ်ချုပ်ကြတဲ့အတွက် ပုဂံပြည်ကြီးဟာ ငြိမ်းချမ်းသာယာလှပါတယ် ။

- ပြည်သူအား အနိုင်ထက်ပြုမူသော မှူးကြီးမတ်ရာများကို သက်ညှာခြင်းမရှိ အရေးယူအပြစ်ပေးခြင်းဖြင့် တိုင်းသူပြည်သားအပေါင်းက မင်းကြီးအား ချစ်ခင်ကြည်ညိုကြပါ၏ ။ 

- ပြည်ရွာပုန်ကန်သူများအပေါ် နှုတ်သီးရှည် နှုတ်သီးဖြတ် ၊ အတက်ရှည်အတက်ဖြတ် ၊ အတောင်ရှည်အတောင်ဖြတ် စနစ်ဖြင့် ကြီးထွားခွင့်မပေးပဲ စီမံနှိပ်ကွပ်သဖြင့် တိုင်းပြည်အေးချမ်းပြီး တရားဥပဒေစိုးမိုးကာ လူကောင်းတို့ လေးစားအားကိုးသော မင်းဖြစ်၏  ။

- ရာသီမိုးလေ ပုံမှန်ဖြစ်၍ ပြည်ထဲရေး စည်ပင်သာယာလှ၏ ။ 

- ထိုမင်းကား အဆင်းလှ၏ ၊ သီလ သမာဓိ ပညာ နှင့်ပြည့်စုံ၏ ၊ ပြည်သူတို့၏ ဆင်းရဲချမ်းသာကို သိ၍ ပြည်သူအပေါင်းက ချစ်ခင်ကြည်ညို၏ ။

        အဲသလို မှတ်တမ်းတင်ခဲ့ရတဲ့ ဇေယျသိင်္ခမင်းဟာ မြန်မာ့သမိုင်းမှာ ပထမဆုံး လွှတ်တော်ကို စတင်ဖော်ဆောင်သူဖြစ်ကြောင်း မှတ်တမ်းတင်ခံရင်း ၁၂၃၁ မှာ နတ်ရွာစံခဲ့ရပါတယ် ။ 

          အင်မတန်တော်သော ဇေယျသိင်္ခမင်းအလွန်မှာ ၁၂၃၁ ၌ ကျစွာမင်း နန်းတက်လာပြီး သာမန်ဓလေ့ထုံးစံများနဲ့ အုပ်ချုပ်သွားကာ တိုးတက်စည်ပင်ခြင်း ၊ ယုတ်လျှော့ပျက်စီးခြင်း မရှိပဲ ၁၂၅၀ မှာ နတ်ရွာစံခဲ့ရပါတယ် ။ 

           ကျစွာမင်းကိုဆက်ခံတဲ့ ဥဇနာမင်းကြီးလည်း ၁၂၅၀ မှာ နန်းတက်ပြီး ထူးခြားမှုမရှိပဲ ၁၂၅၄ မှာ နတ်ရွာစံသွားပါတယ် ။

        အဲဒီနောက် ၁၂၅၄ မှာ တက်လာတဲ့ မင်းကတော့ မြန်မာ့သမိုင်းမှာ ပြောစမှတ်ပြုရလောက်တဲ့ နရသီဟပတေ့ ခေါ် တရုတ်ပြေးမင်း ဖြစ်ပါတယ် ။ 

         ငယ်စဥ်ကမင်းခွေးချေးလို့ခေါ်တဲ့ နရသီဟပတေ့ မင်းဖြစ်လာတာကလည်း စိတ်ဝင်စားစရာပါပဲ ။ ဇတ်လမ်းက ဥဇနာမင်းကြီး လက်ထက်က စခဲ့တာပါ ။ 

         ဥဇနာမင်းကြီးမှာ ထီးနန်းဆက်ခံရန် အိမ်ရှေ့စံအဖြစ် သားတော်ကြီးသီဟသူကို ခန့်အပ်ပြီး ဖြစ်ပါတယ် ။ မင်းသားသီဟသူသည် အိမ်ရှေ့စံဟူသော မာန်မာနဖြင့် အလွန်မောက်မာလှပါတယ် ။

      ဒေါသကြီးခြင်း ၊ လောဘကြီးခြင်း ၊ ရန်ငြိုးထားခြင်း ၊ သစ္စာမစောင့်ခြင်းအပြင် ဇနီးမယားကိုပါ မျက်မုန်းကျိုးပြဿနာရှာတတ်ခြင်းတို့က နန်းတွင်းမှာ ပြောစမှတ်ပြုလောက်ပါတယ် ။ 

        ဘုရင့်ရဲ့အားအကိုးရဆုံး အမတ်ကြီး ရာဇသင်္ကြန်နဲ့ ပြဿနာဖြစ်ရတာလည်း သူ့ရဲ့ မာန်မာနကြောင့် ဖြစ်ရတာပါပဲ ။ တနေ့ညီလာခံခန်းမမှာ ညီလာခံမစမှီ အမတ်ကြီးက ထိုင်ပြီးစကားပြောနေရာ သိုရင်းအင်္ကျီလက်ဖားဖားကြီးက ကြမ်းပြင်ပေါ်ပုံကျနေပါတယ် ။ 

        နောက်ဖက်က အိမ်ရှေ့စံမင်းသား ကြွလာတာ မမြင်လို့ အင်္ကျီလက် မရုတ်သိမ်းမိတာကို သူ့ကို ပမာမခန့် လုပ်တယ်ဆိုပြီး အိမ်ရှေ့စံက ညီလာခံထဲမှာပဲ အမတ်ကြီးရဲ့ အင်္ကျီလက်ပေါ် '' ထွီ'' ဆိုပြီး ကွမ်းသွေးတွေ တမင်ထွေးချသွားပါတယ် ။ 

        အတူစကားပြောနေတဲ့ အမတ်တွေလည်း မျက်စိမျက်နှာပျက်သွားပြီး အမတ်ကြီးကို အားနာနေကြလေရဲ့ ။ အဲလိုဖြစ်တာကို ရာဇသင်္ကြန်ကလည်း ဘယ်မေ့မလဲ ။ မမေ့တဲ့အပြင် ကွမ်းသွေးစွန်းနေတဲ့ အင်္ကျီကို မလျှော်ဖွပ်စေပဲ သီးသန့်သိမ်းထားပါတယ် ။ 

        ဥဇနာမင်းကြီး နတ်ရွာစံတာနဲ့ အမတ်ကြီးရာဇသင်္ကြန်က အခြားမှူးမတ်များကို ခေါ်ယူပြီး သူ့ရဲ့ ကွမ်းသွေးစွန်းနေတဲ့ အင်္ကျီကို ပြပါတယ် ။ ပြီးတော့မှ...

'' ငါ့လို အမတ်ကြီးတယောက်အပေါ်တောင် ဒီလောက် မောက်မာရိုင်းစိုင်းတဲ့ အိမ်ရှေ့စံ ရှင်ဘုရင်ဖြစ်ရင် ဘယ်လိုနေမလဲ မတွေးဝံ့ပေဘူး ၊ နန်းတွင်းအမှုထမ်းအားလုံး နဲ့ ပြည်သူတွေအပေါ်  မေတ္တာထားဖို့ မပြောနဲ့ ကိုယ်မယားတောင် မေတ္တာမထားတဲ့သူ ဘုရင်ဖြစ်ရင် ငါတို့အားလုံး ဒုက္ခရောက်ကြရမှာ မလွဲဘူး ဒါကြောင့် ရက်စက်ကြမ်းကြုတ်တဲ့ အိမ်ရှေ့စံကို ဖမ်းဆီးပြီး မင်းခွေးချေးကို နန်းတင်ကြစို့ ''

       ဆိုပြီးတိုင်ပင်တော့ အိမ်ရှေ့စံရဲ့ မကောင်းသတင်းတွေနဲ့ နားရည်ဝနေတဲ့ အမတ်တွေလည်း ထိတ်လန့်ကုန်ပြီး အမတ်ကြီးသဘောပါလို့ ဆိုပြီး အိမ်ရှေ့စံကို ဖမ်းဆီးကာ မင်းခွေးချေးကို နန်းတင်ပေးလိုက်ပါတော့တယ် ။ 

        မင်းခွေးချေးဟာ နရသီဟပတေ့ အမည်နဲ့ မင်းဖြစ်လာပါပြီ ။ အမှန်က သူ့ရဲ့ မိခင် မိဖုရားသည်လည်း အဆင့်နိမ့် ပန်းကန်ခွက်ယောက်လုပ်တဲ့ မျိုးရိုးက ဖြစ်ပါတယ် ။ 

         ရာဇသင်္ကြန်အမတ်ကြီးကလည်း နရသီဟပတေ့မင်းကို ထီးနန်းတင်ပေးသူဖြစ်တော့ အကျိုးမျှော်ကိုးဟန်ရှိပါတယ် ။ ဒါပေမယ့် ကာလအတန်ကြာထိ သူ့အပေါ် ချီးမြှင့်မြှောက်စားခြင်း မရှိသောအခါ မခံစားနိုင်ပဲ မင်းဖြစ်သူကို ခနိုးခနဲ့ လုပ်ပါတော့တယ် ။ 

        ညီလာခံမှာ ကွမ်းကလာပ် အပဲ့ကြီးသုံးပြီး ကွမ်းစားနေတော့ နရသီဟပတေ့က အဘိုးဘာကြောင့် ကလာပ်အပဲ့ကြီးနဲ့ စားနေတာလဲ မေးပါရော ။ ဒီလိုမေးအောင် အကွက်ချထားတဲ့ ရာဇသင်္ကြန်ကလည်း တခါတည်း တန်းဖြေလိုက်ပါတယ် ။

'' ပုဂံပြည်ကြီးမှာ ပန်းပွတ်သည်သား ကြီးပွားနေလို့ ပန်းပွတ်မယ့်သူမရှိတော့လို့ အစုတ်အပဲ့ပဲ သုံးနေရပါတယ် ''

       အဲသလိုဖြေတော့ မင်းကြီးလည်း စိတ်ဆိုးပြီး ဘုရားပြီးငြမ်းဖျက်ဆိုတဲ့စကားရှိကြောင်း ငြမ်းမရှိမှသာ ဘုရားဟာ ကြည်ညိုတင့်တယ်မှာ ဖြစ်တဲ့အကြောင်း ၊ အဲဒါကြောင့် ငြမ်းနဲ့တူတဲ့ အမတ်ကြီးကို ရာထူးချ စည်းစိမ်သိမ်းပြီး ဒလသို့ ပို့လိုက်ကြပေတော့ဆိုပြီး ပြစ်ဒဏ်ပေးလိုက်ပါတော့တယ် ။ 

        အစွမ်းအစရှိသော အမတ်ကြီးလည်း နန်းတွင်းမှာ မရှိတော့ဘူးကြားရော အခွင့်ကောင်းစောင့်နေတဲ့ သူပုန်တို့ မညီညွတ်တော့တဲ့ ပုဂံထီးနန်းရဲ့ အင်အားကို သွေးတိုးစမ်း ပုန်ကန်ပါတော့တယ် ။ ပုံကန်မှုကို နရသီဟပတေ့ ဖြေရှင်းရန် ပြုလုပ်ပုံကတော့.......

       ကိုရွှေမျိုးဝင်း

မျိုးမြန်မာ (၈)

https://m.facebook.com/story.php?story_fbid=345028267761100&id=100067617891731

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...