Sunday, June 19, 2022

အသဲကွဲချိုချဉ် နဲ့ သူခိုးများအကြောင်း



         လစာနဲ့ နှိုင်းမရအောင် ချမ်းသာသွားကြတဲ့ ဗိုလ်ချုပ်ကြီးတွေကို အကြောင်းပြုပြီး သူခိုးတွေ ဆိုပြီး တိုက်ခိုက် ပြောဆိုနေကြတဲ့ အကြောင်း လေ့လာကြပါစို့ ။

       စစ်အစိုးရ ခေတ်မှာ စီးပွားရေး အပြောင်းအလဲ လုပ်လာကြပါတယ် ။စျေးကွက်စီးပွားရေး ဖွင့်လိုက်တယ် ။ တည်ဆောက်ရေး လုပ်ငန်းတွေ သန်းနဲ့ ချီပြီး လုပ်ကိုင်ခဲ့ရတယ် ။ 

    ခွင့်ပြုချက်ပေးနိုင်တဲ့ ဗိုလ်ချုပ်တွေရဲ့ အိတ်ထဲကို ကံထရိုက်လုပ်ငန်းရှင်တွေက သူ့ထက်ငါ အလုအယက် ဝင်ထွက်ပြီးအပေးအယူ လုပ်ကြရပါတယ် ။ 

        အနည်းဆုံး ပရောဂျက်ရဲ့ 10 % ပေးကြပါတယ် ။ သိန်း တသောင်းတန် ပရောဂျက် အတွက် သိန်း တထောင်ဟာ ဗိုလ်ချုပ်တွေရဲ့ အိမ်တော်တွေဆီကို နည်းမျိုးစုံနဲ့ ဝင်သွားကြပါတယ် ။ မူလတုန်းက ပြောင်ပြောင်တင်းတင်း ယူခဲ့ကြတဲ့ စီနီယာဗိုလ်ချုပ်ကြီးတွေဟာ အစုလိုက် အပြုံလိုက် ဦးခင်ညွှန့် လက်စာ မိသွားကြပါတယ် ။

       ဂျူနီယာများ အလှည့်မှာတော့  ပညာပါလာပါပြီ ။ အလှူအတန်းတွေ မင်္ဂလာဆောင်တွေ မှာ ကူငွေ နဲ့ လက်ဖွဲ့ငွေများ အဖြစ် ပုံစံပြောင်းပြီး ရယူခဲ့ကြပါတယ် ။ နောက် ဗိုလ်ချုပ်တွေပိုင်တဲ့ တန်ဖိုးနည်း ပစ္စည်းကို မတန်တဆစျေး နဲ့  ပေးဝယ်ကြတာမျိုး လှည့်စားလာကြပါတယ် ။

    အဲလိုနဲ့  ခရိုနီတွေနဲ့ ဗိုလ်ချုပ်တွေ ချမ်းသာလာကြပါတယ် ။ နောက်ပိုင်းမှာ ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေ အမျိုးတွေကိုယ်တိုင် ကုမ္ပဏီထောင်ပြီး ၂ သီးစား လုပ်ကြရင်း ပိုမို ချမ်းသာလာကြပါတယ် ။ 

     အဲလိုလုပ်လို့ ဘယ်လောက်ချမ်းသာမလဲ ဆိုတာ လေ့လာကြည့်ပါ ။ သန်းပေါင်း သိန်းနဲ့ ချီပြီး ကုန်ကျခဲ့တဲ့ တည်ဆောက်မှုတွေ ဘယ်လောက် များနေပါသလဲဆိုတာကို ပါ ။ နေပြည်တော် တခုတည်းကိုပဲ တွက်ဆမရပါဘူး ။ 

    ဟုတ်ကဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ အဲလိုနည်း နဲ့ ချမ်းသာကုန်ပါတယ် ။ အဲလို လုပ်ပိုင်ခွင့်ရဖို့ကလည်း ရာထူးအဆင့်ဆင့် ဖြတ်သန်းလာရတာ နှစ် ၃၀ လောက် အသက်စွန့် လုပ်ခဲ့ရပြီး မသေမပြတ် မှ ပြစ်မှုကင်းမှ ရနိုင်တာပါ ။ 

     ယခု NLD ပါတီက လူကြီးမင်းများ ချမ်းသာကုန်တာကလည်း ဒီနည်းထက်မလျော့ဘူးခင်ဗျ ။ ဥပမာ  မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ အောင်သပြေကားလမ်း အမှတ် ၂ ဖောက်လိုက်တာ တင်ဒါမခေါ်ဘူးဗျ ။ တန်ဖိုးက သန်း တထောင်ပါ ။ သူ့အတွက် အနည်းဆုံး သိန်းတထောင် နည်းပေါင်းစုံနဲ့ ရနိုင်ပါတယ် ။ NLD. ဆိုတော့ ရိုးသားပြီး ယူမယ်မထင်ပါဘူးလေ😁😁😁😁😁😁😁

         လေယာဉ်ခြုံရှင်းခ တို့ ကွီးဖြိုးရဲ့ မြို့သစ်စီမံချက်တို့ ၊  YP ဓါတ်ဆီဆိုင်နေရာတွေကို အလကား နီးပါး စျေးနဲ့ ရောင်းခဲ့တာတွေဟာ ပြည်သူတွေ အတွက် ဖြစ်မှာပါလို့ ယုံကြည်ကြပါသလား ? 

     နောက်တချက် ပါတီရုံး မြေနေရာတွေ ယူကြတဲ့ ကိစ္စပြောချင်ပါတယ် ။ ကြံ့ခိုင်ရေးက စပါတယ် ။ မြို့တိုင်းမှာ ပလပ်မြေဆိုတာ ရှိပါတယ် ။ အဲဒီမြေတွေကို တရားဝင် လျှောက်ပြီး ရယူခွင့်ရှိပါတယ် ။ ပေးခြင်း မပေးခြင်းကတော့ သက်ဆိုင်ရာ ဌာနတွေရဲ့ သဘောပါပဲ ။

      အာဏာရ အစိုးရရဲ့ လျှောက်ထားမှုကို ဘယ်ဌာနက ငြင်းမလဲ ? အဲလိုနဲ့ ပိုင်ဆိုင်သွားကြပါတယ် ။ 

        င်္ဒတော့ အာဏာပိုင် အစိုးရများဟာ မိမိရရှိထားတဲ့ အာဏာသက်တမ်းအတွင်း မိမိပါတီအတွက် ရသမျှအခွင့်အလမ်း အကုန်ယူနေကြပါတယ် ။ အစိမ်းရော အနီရော အတူတူပါပဲ ။ 

       ကျနော် အဖြစ်မှန်လေး တခု ပြန်ပြောပြပါမယ် ။ မန္တလေးမှာ ကျောင်းတက်နေစဉ်ကပါ ။ ကျနော်နဲ့ အခန်းဖော် ၂ ယောက်ရှိပါတယ် ။ တယောက်က ဇော်ဦးတဲ့ တယောက်က အောင်နိုင်ဦးတဲ့ ။ အောင်နိုင်ဦးက ကောင်မလေး တယောက်ကို ကြိုက်နေတော့ အဲဒီမိန်းကလေး အဆောင်ကို ခဏခဏသွားကြပါတယ် ။

     အားလုံးကလည်း ရင်းနှီးပြီးသားတွေပါ ။ တနေ့ ကျနော်တို့ ၃ ယောက် အဲဒီမိန်းကလေး အဆောင် သွားလည်ကြတော့ အပြန်မှာ  အောင်နိုင်ဦးရဲ့  ကောင်မလေးက ချိုချဉ်အထုပ်ကြီး တထုပ်ကို ကိုမျိုးတို့ စားဖို့  ဆိုပြီး ပေးလိုက်ပါတယ် ။ 

      အောင်နိုင်ဦးက ချိုချဉ်ထုပ်ကြီး ယူထားပြီး အဆောင်ရောက်တော့ ကျနော် နဲ့ ဇော်ဦးကို တယောက် ၅ လုံးဆီပေးပါတယ် ။ နောက်ပြီးတော့ သူ့သေတ္တာထဲ ထည့်ထားတယ်ဗျ ။ ကျနော်တို့က ဘယ်ကျေနပ်မလဲ ဟိုက အားလုံးစားကြဆိုပြီး ပေးလိုက်တာကိုး ဗျ ။

      ဇော်ဦး နဲ့ တိုင်ပင်ပြီး ညကျမအိပ်သေးပဲ စောင့်နေကြပါတယ် ။ အောင်နိုင်ဦးအိပ်သွားမှ သူ့ဆီက ချိုချဉ်ထုပ်ကြီး ပြန်ခိုးယူပြီး ထပ်ယူကြပါတယ် ။ ဇော်ဦးက အလုံး ၂၀ လောက် ယူပါတယ် ။ ကျနော် သွန်ချလိုက်တော့ ၂၃ လုံးလောက် ဖြစ်သွားပါတယ် ။

     ဇော်ဦးက မင်းများတယ်ဆိုပြီး ၅ လုံးထပ်ယူပါတယ် ။ သူက ကျနော်ထက်များတော့ ကျနော်က ထပ်ယူပါတယ် ။ ဒီလိုနဲ့ အိတ်ကြီးထဲမှာ ချိုချဉ်  ၂၀ လောက်ပဲ ကျန်မှ လက်စ သပ်ရပါတယ် ။

       မနက်လင်းတော့ အောင်နိုင်ဦးက ချိုချဉ်တွေ ပျောက်လို့ ဆူပွဆူပွပြောတာပေါ့ ။ ၃ ယောက်ထဲရှိတော့ ငြင်းမရဘူးလေ အေးကွ မင်းက လူလည်လုပ်ပြီး ငါတို့ကို ၅ လုံးဆီပဲ ပေးလို့ ခိုးစားကြတာ လို့ ပြောတော့မှ သူက ပြန်ပြောတယ် ။

           တကယ်တန်းကျတော့ အဲဒီချိုချဉ်က သူ့ချိုချဉ်ထုပ်ကြီးပါတဲ့ ။ သူကြိုက်နေတဲ့ ကောင်မလေးကို ပေးလိုက်ပြီး ညနေကြတော့ သူ့ကို ပြန်ချစ်ရင် သူ့ရှေ့မှာစားပြပါလို့ တောင်းဆိုထားတာတဲ့ ။ အဲဒါ ကောင်မလေးက မချစ်ဖူးဆိုတဲ့ သင်္ကေတနဲ့ အထုပ်လိုက်ကြီး ပြန်ပေးလိုက်လို့ အသဲကွဲလာရတာတဲ့ ။

     အဲဒါကြောင့် သူ့ရဲ့ အသဲကွဲချိုချဉ်မို့ ကျနော်တို့ကို ၅ လုံးဆီပဲ ပေးတာပါတဲ့ ။ သိဘူးလေ သူခိုးကတော့ စားဖို့ သိတာပဲ 😁😁😁😁

     ဟဲ ဟဲ ဟဲ ဇော်ဦး နဲ့ မျိုးဝင်း အသဲကွဲချိုချဉ်ကို အပြိုင်အဆိုင် ခိုးကြသလို အာဏာရပါတီများလည်း ပြည်သူ့မြေတွေ အပြိုင်ခိုးနေကြတာ ကုန်သလောက်ပါပဲ ။

     ပြောချင်တာက လုပ်ပိုင်ခွင့်ထဲကနေ နည်းမျိုးစုံနဲ့ ခိုးနေကြတာ အားလုံး အတူတူပဲ ။ သယံဇာတတွေ ရောင်းစားနေကြတာ အားလုံးအတူတူပဲ ။

- တိုင်းပြည်ဖွံ့ဖြိုးအောင် ဘယ်သူပိုလုပ်နိုင်သလဲ ?

- တရားဥပဒေစိုးမိုးအောင် ဘယ်သူ ပိုလုပ်ပေးနိုင်သလဲ ?

- အမျိုးသား အကျိုးစီးပွားအတွက် ဘယ်သူက ပိုလုပ်ပေးနိုင်မလဲ ?

- အမျိုး ဘာသာ သာသနာ အတွက် ဘယ်သူက ပိုပြီး စောင့်ရှောက်ကူညီနိုင်မလဲ ?

- စစ်မှန်ပြီး မိမိယဉ်ကျေးမှုနဲ့ ကိုက်ညီမယ့် ပညာရေး ဘယ်သူပိုပြီး ပြဌာန်းမလဲ ?

- အရေးပေါ်ကာလမှာ ဘယ်သူက ပြည်သူကို စနစ်တကျ ကူညီထောက်ပံ့နိုင်မလဲ ?

- အချုပ်အခြာအာဏာပိုင်စိုးသော နိုင်ငံအစစ်အမှန်အဖြစ် ဘယ်သူကတည်ဆောက်နိုင်မလဲ ?

     အဲဒီအချက် အဲဒီ ပေတံတွေနဲ့ တိုင်းထွာပြီး အစိုးရကောင်း ရွေးချယ်ကြပါစို့ ။ လောလောဆယ်တော့ အစိမ်းရော အနီရော လုပ်ပိုင်ခွင့်သုံးပြီး ငွေရှာတယ် မြေရှာတယ် အတူတူပါပဲဗျာ ။ 

     ကြာရင် အသဲကွဲချိုချဉ် အိတ်ခွံပဲ ကျန်ပါတော့မယ် ။

။             ။ NLD လက်ထက် နေပြည်တော်မှာ ​မြေတွေ ဝေစုခွဲယူနေတုန်းက ရေးခဲ့တဲ့ ပို့စ် လေးပါ ၊ မျိုးဝင်းက ဘယ်လိုလူလည်းဆိုတာ သက်သေဖြစ်နေမယ့် သမိုင်းတခုပေါ့ဗျာ ။ ကိုယ့်သမိုင်း ကိုယ်ရေးဆိုတဲ့ စကားက အလကားပြောထားတဲ့ စကားမဟုတ်ပါဘူး ။

         ကိုရွှေမျိုးဝင်း

(အပြစ်ဆိုခံရတိုင်း ခင်ဗျားမှားနေပြီလို့ တထစ်ချ မမှတ်ယူလေနဲ့ ဗျ)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...