Thursday, June 16, 2022

မျိုးမြန်မာ (၃)


         အနော်ရထာ မစခင် ပျူပြဿနာ ပြန်ရှင်းပါအုံးမယ် ။ 
ကျနော်ကိုးကားတဲ့ စာအုပ်မှာ ယခုကျနော်ရေးထားသကဲ့သို့ မှတ်တမ်းတင်ထားပါတယ် ။ 

         ကျနော့်ထံပေးပို့ထားသော ဆရာဘုန်းတင့်ကျော်ရဲ့ အယူအဆကိုတော့ဖြင့် pdf မှ ဖိုင်ဖွင့်ဖတ်ရာ စာလုံးပွှိုင့်သေးနေလို့ ဖတ်မရပါဘူး ။ ယခုမိတ်ဆွေတဦးမှ link ချပေးလို့ ဖတ်ရပါပြီ ။ 

         သမိုင်းတို့ရဲ့ထုံးစံအရ အသစ် အသစ်သော တွေ့ရှိချက်များ တွေ့ရတတ်သော သဘာဝအရ ပျူနဲ့မြန်မာ အတူတူဖြစ်ကြောင်း ၊ မန်းလူမျိုးတို့ ဝင်ရောက်တာ မဖြစ်နိုင်ကြောင်း ဒေါက်တာသန်းထွန်းကိုယ်တိုင် ဒီအဆိုကိုလက်ခံထားကြောင်း ဖော်ပြထားပါတယ် ။ 

https://m.facebook.com/story.php?story_fbid=5157429847659859&id=750429905026564

           ဘာပဲပြောပြော ပြီးပြည့်စုံအောင် လေ့လာလိုသူများ ဝင်ရောက်ကြည့်ရှုပါရန် link ချပေးလိုက်ပါတယ် ။ ပျူ နဲ့ မြန်မာ အတူတူပါဆိုရင်ဖြင့် ဘဝင်မကျစရာ အတွေးမေးမိပါတယ် ပျူစာပေနဲ့ ပျူစကားတွေ ဘာကြောင့် ပျောက်ကွယ်သွားရသလဲပေါ့ ။

          ဒါကိုလည်း ပျူစာနဲ့ပတ်သက်ပြီး ဆရာဘုန်းတင့်ကျော် ပြန်ရှင်းနေလေရဲ့ ။ မန့်တွေနဲ့ ပျူစာပေ သမိုင်းတိုက်ပွဲကျင်းပနေတာ ခေါင်းမူးလာလို့ ပြန်ထွက်ခဲ့ရပါတယ် ။ ကိုယ်လက်လှမ်းမမှီတဲ့ စာပေအရေးအသား ပြောင်းလဲမှုကဏ္ဍတွေမို့ နောက်ဆုတ်ခဲ့ရတာပါ ။ 

             ပျူလူမျိုးကနေ သွေးမနှောပဲ မြန်မာဖြစ်လာတယ်ဆိုတဲ့ အယူအရ ယဥ်ကျေးမှုအဆင့်မြင့်ပြီသား ပျူစကားကိုဘာကြောင့် မြန်မာတို့ ဆက်မသုံးကြတော့တာလည်းဆိုတဲ့ ပြဿနာကို ဆရာဘုန်းတင့်ကျော်တို့ ဆက်လက်သက်သေပြဖို့ ကျိုးစားကြရပါအုံးမယ် ။

         ဒီတော့ ပျူနဲ့မြန်မာအတူတူလား ၊ လူမျိုးတွေပေါင်းစည်းပြီးမှ မြန်မာဖြစ်လာသလားဆိုတာကို ဆရာဘုန်းတင့်ကျော် နဲ့ စစ်ပညာဂျာနယ်အပါအဝင် အခြားပညာရှင်တို့ရဲ့ အလုပ်လို့ မှတ်ယူပြီး ဇတ်လမ်းပြန်စပါ့မယ် ။ ဘာပဲပြောပြော မြန်မာအတွက် ပင်ပန်းကြီးစွာ အားထုတ်နေသော ပညာရှင်များကို လေးစားပါတယ် ။

           အနော်ရထာသည် ဘုရင့်သားတော်ဖြစ်ပြီး သူ့အကို စုက္ကတေးမင်းနဲ့ စီးချင်းထိုးနန်းလုပြီး ထီးနန်းဆက်ခံခဲ့ပါတယ် ။ 

         ဒီနည်းနဲ့ဘုရင်ဖြစ်လာရသူမို့ နန်းတွင်းက မကျေနပ်သူ စုက္ကတေးရဲ့ ဆွေမျိုး တပည့်သားမြေးတွေကြောင့် လူယုံထပ်ရှာရပါတယ် ။ နာမည်ကျော် စစ်သူကြီးလေးဦးကို ပြင်ပမှ စုစည်းခေါ်ယူနိုင်ခဲ့ပါတယ် ။ 

           အနော်ရထာမင်းဟာ အထက်ကဆိုခဲ့သလို ခံတပ်မြို့ 43 မြို့နဲ့ မိမိနယ်နမိတ်ကို ကာကွယ်ပြီးနောက် သိန်းပြုမြို့ ၊ ထောင်ပြုမြို့ အစရှိသည်ဖြင့် တည်ထောင်ခဲ့ရာ စစ်သည် သုံးသိန်းအထိ ရနိုင်တဲ့အတွက် သုံးသိန်းပြုမြို့အဖြစ် သတ်မှတ်ခဲ့ပါတယ် ။

          စစ်သည်ရဲမက် စုဆောင်းရာမှာ အချိုးကျစစ်သည်အရေအတွက် ပေးပို့ကြရတဲ့ ပြည်သူ့စစ်တပ်မတော်ဖြစ်ပါတယ် ။ သိန်းပြုမြို့ဟု အမည်တပ်ရန် ထိုခေတ်လူဦးရေ နဲ့ ချိန်ဆပြီး ယနေ့ခေတ်လူဦးရေ အချိုးအစားနဲ့ တပ်မတော်အင်အားဖြင့် နှိုင်ယှဥ်ချိန်ဆကြည့်လို့ မရနိုင်ပါဘူး ။

           ပုဂံခေတ်မှ ကုန်းဘောင်ခေတ်ထိ ပြည်သူ့စစ်အသွင်ဖြင့်သာ ဖွဲ့စည်းထားခြင်းဖြစ်သောကြောင့် စုစုပေါင်းလူဦးရေမှ အမျိုးသမီး ၊ ကလေး နဲ့ သက်ကြီးရွယ်အိုမှအမ ယောကျာ်းသားအားလုံး စစ်သည်တော်များဖြစ်သည့်အတွက် ပုဂံပြည်သည် အင်အား သုံးသိန်း စုစည်းနိုင်မယ်လို့ ယုံကြည်ရပါတယ် ။ 

           အနော်ရထာလက်ထက်မှာ စစ်တပ်ဖွဲ့စည်းပုံ ၊ စစ်ဆင်တိုက်ခိုက်ပုံများကို မှတ်တမ်းတင်နိုင်ခြင်းမရှိသေးပါဘူး ။ သို့သော် ခရီးဝေးဖြစ်တဲ့ ပဲခူးကို စသ်ချီခြင်း ၊ တရုတ်နယ်သို့ စစ်ချီခြင်း ၊ ရခိုင်သို့စစ်ချီခြင်း အစရှိတဲ့ စစ်ဆင်ရေးများကြောင့် အနော်ရထာရဲ့ တပ်မတော်သည် စနစ်တကျ ထိုးစစ်ဆင်တတ်နေပြီလို့ ယူဆနိုင်ပါပြီ ။ 

           အနော်ရထာရဲ့ နာမည်ကျော် သထုံတိုက်ပွဲအကြောင်းကို အားလုံးသိကြပါလိမ့်မယ် ။ ပိဋကတ် သုံးပုံ တောင်းတာ မရလို့ တိုက်ခိုက်ခဲ့ရသတဲ့ ။ 

        ဗျတ်ဝိ ၊ ဗျတ္တ အကြောင်းနဲ့ မနုဟာအကြောင်း အားလုံးသိကြမှာပါ ။ မဟုတ်ဖူး ပုံပြင် ဒဏ္ဍာရီတွေလို့ ပြောဖို့ခက်နေတာကလည်း တောင်ပြုံးရွာမှာ အုတ်နှစ်ချပ်လပ်နေတဲ့ စေတီကအမှန်တကယ်ရှိနေသလို ပုဂံမှာလည်း မနုဟာဘုရားကြီးက အခုထိဖူးနေရတုန်းဗျ ။ 

         ပထမဆုံး အနော်ရထာရဲ့ အထင်ကရစစ်ဆင်ရေးသည် 1050 ခန့်က ပဲခူးစစ်ဆင်ရေးဖြစ်ပါတယ် ။ ပဲခူးကို ဂျွမ်း (ကမ္ဘောဒီးယား) တို့ လာတိုက်တော့ အနော်ရထာထံ အကူညီတောင်းလို့ စစ်သူကြီးလေးဦးနဲ့ ဦးဆောင်သွားတိုက်ပါတယ် ။ 

         ဂျွမ်းစစ်သူကြီးလေးဦးလုံးကို အရှင်ဖမ်းနိုင်သတဲ့ ။ အပြန်မှာ မဏိစန္ဒာကို ဆက်သတယ် ။ ကျန်စစ်သား နဲ့ ဇတ်လမ်းဖြစ်တယ် ။ အနော်ရထာက ဥပဒေအရ မဖြစ်မနေ အပြစ်ပေးတော့ ပရိယာယ်နဲ့ ကြိုးကိုပဲလှံနဲ့ပစ်ပြီး ထွက်ပြေးစေသတဲ့ ။ 

          နောက်ပြီးတော့ 1057 မှာ အနော်ရထာက သထုံကိုတိုက်ခိုက်ပါသတဲ့ ။ ကျန်စစ်သားအပါအဝင် စစ်သူကြီးလေးဦးလုံး ပါဝင်သတဲ့ ။ (ဒီနေရာမှာ မဟာရာဇဝင်ကြီးကိုက မှားနေပါတယ် ပဲခူးမဏိစန္ဒာပြဿနာအ​ပြီးမှာ ကျန်စစ်သားမရှိတော့ပါ ယခု သထုံတိုက်မှ ဘယ်လိုပြန်ရောက်လာမှန်း နားမလည်တော့ပါဘူး)

          သထုံမြို့က ခိုင်ခံ့လုံခြုံတဲ့အတွက် 13 လ ကြာအောင်ဝန်းရံတိုက်ခိုက်ရပါတယ် ။ မဟာရာဇဝင်ကြီးအလိုအရ ဗျတ်တ မင်းသားဖြစ်ရပါပြီ ။ ဗျက်ဝိကိုသတ်ပြီး စောင့်ရှောက်ခိုင်းထားလို့ ဆိုတဲ့ မအိုဇာရယ် ကွမ်းတယာ ရေတမှုတ်ရယ် ဇာတ်လမ်းပေါ်လာရတာပါပဲ ။

         အခြားမှတ်တမ်းမရှိတော့ ဒါပဲရေးကြပြောကြရပါတယ် ။ ယနေ့တောင်ပြုံးမင်းညီနောင်ရဲ့ အဖေ ပန်းဆက်သမားမောင်ဗျတ်တ ဒီသထုံတိုက်ပွဲမှာ ကျဆုံးခဲ့သတဲ့ ။ 

         ဒီနေရာမှာ အနော်ရထာသထုံကို မတိုက်ပါဘူးဆိုတဲ့ အမြင်တွေလည်း ခေတ်သစ်သမိုင်းမှာ အားကောင်းလာပြန်ပါတယ် ။ အကြောင်းပြချက်က ပဲခူးကို ဂျွမ်းတွေ ကျူးကျော်လာတဲ့ လာကြောင်းမှာ သထုံတည်ရှိတဲ့အတွက် သထုံက အရင် ပျက်သွားပြီး မနုဟာက ပဲခူးကိုထွက်ပြေးလာတယ် ။

         ပဲခူးကို ဂျွမ်းတွေထပ်ရောက်လာတော့ အနော်ရထာလာတိုက်တယ် ။ အဲဒီတချိန်မှာပဲ ပဲခူးရောက်နေတဲ့ မနုဟာလည်း ပုဂံအထိ လိုက်ပါခိုလှုံလာတယ်လို့ ယူဆနေတာတွေ့ရပါတယ် ။ 

          စိတ်ဝင်စားစရာ ငြင်းခုန်မှုတွေပါပဲ ။ ဦးကုလားရဲ့ မဟာရာဇဝင်အရ အနော်ရဲ့စစ်ကြောင်းသည် ယနေ့ တွံ့တေးမြို့အရှေ့ဖက် ကြပင်း(ခပင်း)မှာ စစ်စခန်းချခဲ့တယ်တဲ့ ။ တည်နေရာက ကန်ဘဲ့လမ်းဆုံအနီး စမ်းရွာရှိ မောင်းတီးစေတီတော်တည်ထားတဲ့ ကုန်းမြေဖြစ်တယ်လို့ ဆိုပါတယ် ။ 

        ဒီမောင်းတီး ရှေးဟောင်းဂဝံစေတီတော်ကြီးရဲ့ မျက်နှာစာကုန်းမြင့်နေရာမှာ အနော်ရထာ ယာယီစံနန်းနဲ့ စောင့်နေခဲ့တယ်လို့ အခိုင်အမာပြောကြတဲ့သူတွေလည်း ရှိနေပါတယ် ။ စိတ်ဝင်စားစရာက သထုံက အောင်ပွဲရပြန်လာတဲ့ တပ်တွေကို အဲဒီနေရာကနေကြိုဆိုပြီး ယခုတိုင်ဖူးတွေ့နေရတဲ့ မောင်းတီးဂဝံစေတီကြီးကို တည်ထားခဲ့ကြောင်း ပြောကြပါတယ် ။ 

       အချို့က ကြခတ်ဝါးရုံမင်းသမီး သူ့ယောကျာ်းမောင်ဒီအတွက် တည်ခဲ့တာလို့ ဆိုပေမယ့် အဲဒီစေတီသေးသေးကိုလည်း မနီးမဝေးမှာ တွေ့ရပါတယ် ။ ရှေးဟောင်းသုတေသနဌာနရဲ့ တွေ့ရှိချက်များအရ မောင်းတီးစေတီသည် မွန်ဗိသုကာလက်ရာမဟုတ် ၊ ပုဂံလက်ရာဖြစ်နေခြင်း ၊ အနော်ရထာရဲ့ကောင်းမှု အုတ်ခွက်များတွေ့ရခြင်း ၊ ကျောက်စာတွေ့ရခြင်း (ယခု ပုဂံပြတိုက်မှာ အဆိုပါမောင်းတီးစေတီမှ ကျောက်စာအားထိမ်းသိမ်းထားပါတယ်) ၊ မွန်နယ်ဖြစ်သော်လည်း စေတီအမည်မှာ ကျိုက်မပါခြင်း တို့ကြောင့် အနော်ရထာမင်းရဲ့ ပထမဆုံးကောင်းမှုတော် စေတီကြီးအဖြစ် တရားဝင်သတ်မှတ်ထားပါတယ် ။

      နှမျှောစရာကောင်းတာက အဲဒီမောင်းတီးစေတီတော်ကြီးဟာ နာဂစ်မုန်တိုင်းဖြစ်တော့ ထီးတော်မြေခခဲ့ရပါတယ် ။ ဇေကမ္ဘာဦးခင်ရွှေမှ ထီးတော်သစ်ပြန်တင်ပြီး လှူဒါန်းမယ်ဟုဆိုကာ စေတီကြီးအားပြုပြင်ပါတယ် ။ ဆိုးတာက ရှေးဟောင်းအရံစေတီများအား ဖြိုချခြင်း နဲ့ ရှေးဟောင်းပစ္စည်းအကောင်းများအား ယူဆောင်သွားခြင်းပဲ ဖြစ်ပါတယ် ။ ယခု ပြန်တောင်းလျှင် ရနိုင်တယ်လို့ ယူဆမိပါတယ် ။

             ဒီတော့ကား သထုံကို အနော်ရထာတိုက်တိုက် မတိုက်တိုက် အနော်ရထာရဲ့ သြဇာအာဏာသည်ကား အညာဒေသ တမ္မဒီပ ကွက်ကွက်လေးမှသည် ပင်လယ်ထွက်ပေါင်အထိ ကျယ်ပြန့်လာရပါပြီ ။ 

         စစ်ရည်စစ်သွေးတက်နေတဲ့ အနော်ရထာရဲ့ မြန်မာ့တပ်မတော်သည်ကား တနင်္သာရီကိုလည်း ချန်မထားပဲ သိမ်းပိုက်ပါပြိ ။ အရှေ့ဖက်က ရှမ်းစော်ဘွားတွေကိုလည်း သိမ်းပိုက်ခဲ့ပါတယ် ။ ကသာနယ်ထဲမှာလည်း အနော်ရထာရဲ့ အုတ်ခွက်ဘုရားများစွာ တွေ့နေရတဲ့အတွက် ပုဂံခေတ်တပ်မတော်ရဲ့ ခြေတံလက်တံတို့ ရှည်လျှားစွာ ဆန့်ထုတ်နိုင်ခဲ့ကြောင်း ခိုင်မာတဲ့အထောက်အထားတွေနဲ့ အတည်ပြုနိုင်ကြပါပြီ ။ 

      ဒါတင်မကပါဘူး မြောက်ဘက်တလွှားရှိ ဘက်ကတူ (ကန်တူ)အား သိမ်းပိုက်ပြီး အင်အားပြခဲ့ပါတယ် ။ ရခိုင်မှတ်တမ်းအရ ပျူကိုးသောင်းနှင့် ပျူမင်းလာသည် ဟု အနော်ရထာကို ရည်ညွှန်းမှတ်တမ်းတင်ခဲ့ရာ ရခိုင်ကိုလည်း ရောက်ခဲ့ကြောင်းတွေ့ရပါတယ် ။ 

          ဒီတော့ အနော်ရထာလက်ထက်မှာ မြန်မာတို့ရဲ့ စစ်ရေးဗျူဟာတွေကို စနစ်တကျ အခိုင်အမာ မှတ်တမ်းတင်နိုင်ခဲ့ခြင်း မရှိပေမယ့် မြန်မာ့တပ်မတော်ရဲ့ ဖွဲ့စည်းပုံ နဲ့ ခရီးရှည်ထိုးဖောက်တိုက်ခိုက်နိုင်စွမ်းကိုတော့ အသိအမှတ်ပြုလို့ရနေပါပြီ ။ 

         မြန်မာ့တပ်မတော် စနစ်ကျလာပုံကိုတော့ အနော်ရထာနောက်ဆက်ခံတဲ့ ပုဂံမင်းဆက်တွေဆီမှာ တဖြေးဖြေးတိုးတက်လာတာ တွေ့ရပါပြီ ။ 

         ဒီအပိုင်းမှာ အငြင်းပွားစရာအဖြစ် အနော်ရထာ သထုံကို တိုက်မတိုက် ပြဿနာဖြစ်နေပါ့မယ် ။ ယခင်အပိုင်းက ပျူ နဲ့ မြန်မာ အတူတူ သွေးမနှောဘူးဆိုတဲ့ ပြဿနာပါ ။ 

         ဒါတွေကို ငြင်းခုန်နေရလောက်တဲ့ သမိုင်းပညာကျနော့်မှာ မရှိပါဘူး ။ ကျနော်ကြိုတင်ပြောထားသလို စစ်ပညာဂျာနယ်ထုတ် မြန်မာ့စစ်သွေး မြန်မာ့စစ်ရေး ဆိုတဲ့ စာအုပ်ကြီးထဲကအတိုင်း တည်းဖြတ်ပြီးရေးပြတဲ့ အချက်အလက်တွေ ဖြစ်ပါတယ် ။

       အထောက်အထားကျနော့်ဆီ မတောင်းပါနဲ့ အဲဒီစာအုပ်ထုတ်ဝေသူဆီတောင်းကြပါ ၊ ဒေါက်တာသန်းထွန်းကတော့ မရှိတော့လို့ တောင်းမရတော့ပါဘူး ။ သူတို့အယူအဆတွေပဲ ဖြစ်ပါတယ် ။

          နောက်သထုံကို တိုက်မတိုက်ကတော့ ဗျတ္တ ရဲ့ သားနှစ်ယောက်ကို အနော်ရထာမွေးစားပြီး မြှောက်စားခဲ့တာအမှန်ပါပဲ ။ တောင်ပြုံးက အုပ်နှစ်ချပ်လပ်နေတဲ့စေတီက သက်သေပါ ။

          အနော်ရထာတည်ခဲ့တယ်လို့ ရှေးဟောင်းသုတေသနဌာနက အသိအမှတ်ပြုထားတဲ့ တွံ့တေးမြို့နယ် စမ်းရွာကျေးရွာရှိ ပုဂံလက်ရာ ဂဝံကျောက် မောင်းတီးစေတီတော်ကြီးရဲ့ ကျောက်စာနဲ့ စေတီသမိုင်းကလည်း စိတ်ဝင်စားစရာပါပဲ ။

          မြန်မာ့သမိုင်းအတွက် အားထုတ်နေသော ပညာရှင်များအနေနဲ့ ...

- ပျူစာပေ နဲ့ မြန်မာစာပေ အချိတ်အဆက်ကို ပြန်လည်ဖော်ထုတ်နေပါပြီ (ငြင်းခုန်နေကြတာ တပိုင်းပေါ့)

- ပျူစကားကို မြန်မာတွေ ဘာလို့ဆက်မသုံးကြတာလည်းဆိုတဲ့ မေးခွန်းကိုလည်း ဆက်ရှင်းကြရပါလိမ့်မယ် ။ 

- သထုံမတိုက်ဖူးဆိုရင်လဲ ခိုင်လုံတဲ့ သက်သေမှတ်တမ်းတွေ ဒီထက်များများ ရှာဖွေကြရပါလိမ့်မယ် ။ 

(တိုက်ပါတယ်ဆိုတဲ့ဖက်က မောင်းတီးစေတီသမိုင်း နဲ့ အုတ်ခွက်စာများ သက္ကရာဇ်ပါ ကျောက်စာတိုင်များ ရှိနေလို့ပါပဲ ၊ နောက်ဆက်စပ်ပြီး တောင်ပြုံးမင်းညီနောင် အမြှောက်စားခံရ အသတ်ခံရတဲ့ အုတ်နှစ်ချပ်လပ်ဘုရားသမိုင်းကလည်း ခိုင်မာနေပါတယ်) မြန်မာ့ဂုဏ်ဆောင်ဖို့ ကျိုးပမ်းနေသူအားလုံးကို လေးစားပါတယ် ။ 

        ပုဂံရာဇဝင်ကို တုတ်ထမ်းပြောရတယ်ဆိုတာ ဟုတ်ပါလိမ့်မယ် ။ ရာဇဝင်ဆရာကြီးများရဲ့ မကျေမနပ်ချက်များ ၊(တယောက်ဆို ကြိမ်စာတောင် တိုက်လိုက်သေး) ပြန်ရှင်းနေရတာနဲ့ ရှေ့ဆက်ဖို့ ခရီးမရောက်မှာစိုးရပါတယ် ။ 

       စိတ်ဝင်စားဖွယ် အချက်အလက်တွေ ၊ ခိုင်မာတဲ့ အထောက်အထားတွေနဲ့ မြန်မာတို့ရဲ့ ဂုဏ်ယူဖွယ် အနော်ရထာလွန် ပုဂံခေတ်ကို ဆက်သွားကြပါစို့ဗျာ ။ 

          ကိုရွှေမျိုးဝင်း

မြန်မာမျိုး (၂)

https://m.facebook.com/story.php?story_fbid=165229452584115&id=100072911843550

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...