Thursday, June 16, 2022

ဘယ်သူအရူးလဲ ?



     ကျနော်တို့ငယ်ငယ်က အရူးတယောက် ရှိခဲ့ဖူးပါတယ် ။ အဲဒီ အရူးက တမျိုးဗျ ။ သူ့ကို ပိုက်ဆံတွေ ထုတ်ပြပြီး မင်းကြိုက်ရာယူလို့ ပြောလိုက် သူက တန်ဖိုး အသေးဆုံး တရွက်ပဲ ရွေးယူလေ့ရှိတယ် ။

   နောက်ပြီး သူက စားချင်ရင် တောင်းမစားဘူး လုမစားဘူး ဝယ်စားတယ် ။ အဲ စျေးသည်တွေကလည်း အရူးလာဝယ်ရင် လာဘ်ကောင်းတယ်လို့ အယူအစွဲ ရှိတာလည်းပါ ၊ သနားတာလည်း ပါတော့ သူလာပြီး ဝယ်ပြီဆိုတာနဲ့ တထောင်တန်ဆို တရာလို့ ပြော  ၊ ငါးရာတန်ဆို ငါးဆယ်လို့ ပြောပြီး ရောင်းကြတယ်ဗျ ။ 

    အဲဒီ အရူးက မြို့အစွန်က ဇရပ်မှာပဲ နေလေ့ရှိတယ် ။ ကျနော်တို့လည်း တခြားက ဧည့်သည်လာလာရင် အပျင်းပြေ အရူးနဲ့တွေ့ ငွေတွေထုတ်ပြ သူက တန်ဖိုးအနည်းဆုံးပဲ ကောက်ယူသွားတာ ကြည့်ပြီး ရီကြမောကြ လုပ်နေကြပေါ့ဗျာ ။ 

   ဒါပေမယ့် အဲဒီ အရူးကို ရပ်ကွက်ထဲက ကိုစပ်စု တယောက်က မယုံဘူးဗျ ။ အရူးက ငွေတွေ ရွေးယူပါဆိုရင် တန်ဖိုးအနည်းဆုံးကို ရွေးယူပေမယ့် သူဝယ်စားလို့ ငွေပေးရင် ၅၀၀/ ၁၀၀ဝမမှားဘူးလေ ။ ဒီတော့ ငွေတန်ကြေး သူသိတယ်ပေါ့ ။ 

    ဒါနဲ့ ကိုစပ်စုတယောက် ညတိုင်း အရူးရှိရာ ဇရပ်ဆီ အလည်သွားပြီး ခင်အောင် ပေါင်းတာပေါ့ ။ လနဲ့ ချီကြာလာတော့ အရူးနဲ့ အရမ်းရင်းနှီးသွားပြီး သူသိချင်တာ မေးပါတယ် ။ 

   အရူးက ပထမတော့ မပြောသေးဘူး ။ နောက် ခဏခဏ မေးလွန်းမကမေးနေတော့မှ ဘယ်သူ့မှ မပြောနဲ့ ဆိုပြီး ဒီလို ပြောသတဲ့

"ကဲ ခင်ဗျားက ကျုပ်ကို ငွေတွေပြတယ်ဗျာ တထောင်တန်ကနေ ၅၀ိ တန်အထိဆိုပါတော့"

"အေးဟုတ်ပြီလေ ပြနေကြပဲ"

"အဲဒါ ယူခိုင်းတော့ ကျုပ် တထောင်တန်ယူလိုက်ရင် ထူးဆန်းတော့မလား "

"ဘယ်ဆန်းမလဲ ကွ"

"အဲဒါဆို နောက်ထပ် ဘယ်သူက ကျုပ်ကို ထပ်ပေးအုံးမလဲ"

"ဘယ်ပေးမလဲ မင်းရလဲ တခါပေါ့"

"နောက်ပြီး စျေးသည်တွေကရော တထောင်တန်ကို တရာနဲ့ ရောင်းပေးပါ့မလား"

"ဘယ်ရောင်းမလဲကွ မင်းကို ငွေတန်ကြေးနားမလည်တဲ့ အရူးပဲဆိုပြီး သနားလို့ ရောင်းကြတာပေါ့"

"အဲဒါပဲလေ "

"ဟင် ဒါဆို မင်းက တကယ်မရူးဘူးပေါ့"

"ဘယ်သူတွေ ရူးနေလည်း စဥ်းစားပေါ့ "

     ကိုင်းဗျာ ကိုစပ်စုကလည်း နှုတ်လုံ ကတိတည်ချက်ဗျာ အဲဒီအရူးသေမှ ပြန်ပြောတယ်ဗျ ။ 

     ဗျာ  ကျနော်လား ! ခဏခဏ ပါတာပေါ့ဗျာ နေရာတကာ ငံစပ်စပ်လုပ်နေကြကိုး ထိပ်ဆုံးက ခံခဲ့ရတာ ပေါ့ ဘယ်နေပါ့မလဲ ။

   သြော် တမြို့လုံးကို လိမ်စားသွားတဲ့ အရူးကို စိတ်မတိုဘူးလား ဟုတ်စ ! 

    စိတ်တိုတာပေါ့ဗျ ။ ဒါပေမယ့် အခုတော့ စိတ်မတိုတော့ ပါဘူးလေ ။ အင်းးး တရားရလို့ တရားကျသွားလို့ မဟုတ်ရပါဘူးဗျာ ။ 

    ခင်ဗျားတို့ စဥ်းစားကြည့်လေ အခုဆိုရင် တနိုင်ငံလုံးကို လိမ်စားနေတဲ့ သူတွေ အစုလိုက်အပြုံလိုက် ကောင်းစားနေမှပဲ ဟာ ။ အဲဒီအရူးက စားရရုံလေး လိမ်ခဲ့ရရှာတာပါ ။ အခု လူလိမ်အရူးတွေကတော့ 😁😁😁😁😁

      ကို​ရွှေမျိုးဝင်း

(NLD လက်ထက်က ရေးခဲ့တာလေး သူများပြန်တင်လာတာ တွေ့လို့ပါ)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...