Thursday, June 16, 2022

မျိုးမြန်မာ (၄)


          အနော်ရထာမင်းကြီးသည် မိမိအိမ်နီးချင်း တရုတ်ပြည်ရှိ မြတ်စွာဘုရား၏ စွယ်တော်ကို ပင့်ဆောင်ကိုးကွယ်ရန် ဆန္ဒရှိသည့်အတွက် တရုတ်ပြည်သို့ ရဲမက်ဗိုလ်ပါအများအပြားနှင့် ချီတက်ပါတယ် ။ 

           ပြည်မကြီးအထိမဟုတ်ပဲ နယ်မြေခြင်းထိစပ်နေသည့် ယူနန်ပြည်နယ် တာလီဖူးမြို့ကို ဝန်းရံပြီး စွယ်တော်ကို ပင့်ဆောင်ရန် တောင်းဆိုပါတယ် ။ ယူနန်ဘုရင်ခံဥတည်ဘွားက မြို့ကိုအလုံပိတ်၍ နေပါတော့တယ် ။ 

          မှန်နန်းရာဇဝင်ကမူ မင်းကြီးမင်းလေးအား ဦးတည်ဘွားအိပ်​​နေစဥ် ကိုယ်ကို ထုံးသုံးချက်တား၍ ခြိမ်းခြောက်ခြင်း ၊ တရုတ်တို့ရဲ့ကိုးကွယ်ရာ ကြေးစန္ဒီနတ်အား ကြိမ်နဲ့ရိုက်အပြစ်ပေးခြင်းဆိုတဲ့ သဘာဝလွန်ဖော်ပြချက်တွေကို ခဏမေ့ထားပါမယ် ။

          သို့သော် အနော်ရထာတောင်းဆိုသည့် စွယ်တော်ကို ပင့်၍ရလျှင် ပင့်ဆောင်သွားရန် သဘောတူခဲ့ပါတယ် ။ စွယ်တော်က ပင့်မရသောကြောင့်သာ မပင့်ခဲ့ရတာ ကြည့်ခြင်းအားဖြင့် အနော်ရထာအပေါ် လိုက်လျှောရမည့် အကြောက်တရား သို့မဟုတ် အကြောင်းတရားတစုံတခု ရှိနေပါလိမ့်မယ် ။ 

           စစ်မက်မဖြစ်ပွားပဲ တောင်းဆိုချက်ကို လိုက်လျောခဲ့တာ အနော်ရထာရဲ့ မြန်မာ့တပ်မတော်အဟန့် ဘယ်လောက်ကြီးမားခဲ့တယ်ဆိုတဲ့ ပြယုတ်တခုပဲ ဖြစ်ပါတယ် ။ (အနော်ရထာ ပင့်ဆောင်လို့မရခဲ့တဲ့ စွယ်တော်ဟာ ၁၉၉၅ ဝန်းကျင်က မြန်မာပြည်သို့ ကြွချီအပူဇော်ခံခဲ့ပြီး စွယ်တော်ပွား နှစ်ဆူအား စွန့်ခဲ့သည့်အတွက် ယင်းစွယ်တော်ပွားနှစ်ဆူအား ရန်ကုန် နဲ့ မန္တလေးမှာ ခမ်းနားစွာ တည်ထားကိုးကွယ်နေတာ တွေ့မြင်ကြရမှာပါ)

          တရုတ်မှတ်တမ်းများမှာ အနော်ရထာသည် ဇင်းမယ် ၊ ယိုးဒယား ၊ ကမ္ဘောဇ ၊ ကိုချင်ချိုင်းနား စသော အရှေ့တောင်နိုင်ငံများကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရေးထားပါတယ် ။ 

        ယိုးဒယား မြောက်ပိုင်း ​မှတ်တမ်းများမှာလည်း ချောင်ဖမဲ့မြစ်ဝှမ်းရှိ လာဗိုမြို့တော်လည်း ပါဝင်ကြောင်း ကမ္ဘောဒီးယားနိုင်ငံကလည်း ရိုသေခန့်ညားရကြောင်း ယင်းဒေသများအထိ အနော်ရထာ စစ်ချီဖူးကြောင်း မှတ်တမ်းတင်ခဲ့ကြပါတယ် ။

           ထိုခေတ်ပြိုင်မှတ်တမ်းများအရ ပုဂံနယ်နမိတ်သည် အနောက်ဖက် ဘင်္ဂလား ၊ မြောက်ဖက် နန်းစော (တရုတ်) ၊ အရှေ့တောင် ဂျွမ်းပြည် ၊ တောင်ဖက် မလေးကျွန်းဆွယ်မြောက်ဖက်အစပ် ထိ ရှိခဲ့ပါတယ် ။ 

           AD 1060 ခန့်မှာ အိန္ဒိယတောင်ပိုင်းမှ စောဠလူမျိုးများက သီဟိုဠ်ကို ကျူးကျော်တိုက်ခိုက်ပြီး ဗုဒ္ဓဘာသာသံဃာများပါ သတ်ဖြတ်လာပါတယ် ။ သီဟိုမင်းဝိဇိယဗာဟုက ဗုဒ္ဓဘာသာဘုင် အနော်ရထာထံ ကူညီပေးပါရန် တောင်းဆိုလာပါတယ် ။ 

          ဘာသာရေးအတွက် မင်းကောင်းမင်းမြတ်အစစ်ဖြစ်သော အနော်ရထာသည်ကား သံဃာများအသတ်ခံရသည်ဟု သတင်းကြားယုံမျှဖြင့် ဒေါသအမျက်ချောင်းချောင်းထပြီး သီဟိုဠ်ကို သူရဲကောင်းများစေလွတ်ကာ မိစ္ဆာများအား နှိမ်နင်းစေခဲ့ပါတယ် ။ မိမိရေမြေမှာ အဲသလို သံဃာများ အသတ်ခံလျှင်မူ မင်းမြတ်နော်ရထာတပါး အစိမ်းလိုက်ဝါးစားမလားမသိအောင် ဘာသာ သာသနာအတွက် အမှန်တကယ် အားကိုးအပ်သော မင်းအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ရပါတယ် ။ 

         အနော်ရထာက စစ်သည်အများအပြားစေလွှတ်ခြင်းမဟုတ်သေးပါဘူး ။ ယိုးဒယားသား ၁၀၀ ၊ ရှမ်း ၁၀၀ ၊ မွန် ၁၀၀ နဲ့ ဗမာ ၂၀၀ ကိုပဲ စေလွှတ်လိုက်တယ်လို့ မှတ်တမ်းတင်ထားပါတယ် ။ 

          လွှတ်လိုက်တဲ့ ၅၀၀ လုံးကလည်း တုတ်ပြီး ဒါးပြီး သန်မာထွားကြိုင်းတဲ့ လူကြမ်းစစ်သား ဒေါင်ဒေါင်မြည်တွေပဲ ဖြစ်ပါတယ် ။ သူတို့တွေဟာ သီဟိုဠ်ကိုရောက်တာနဲ့ စျေးထဲသွား အရက်သောက် အသားစိမ်းစားပြ ၊ အချင်းချင်း ဆဲကြရန်ဖြစ်ကြ တုတ်နဲ့ရိုက် ဒါးနဲ့ခုတ် လုပ်ပြကြပါသတဲ့ ။

        လူပေါင်းစုံနေတဲ့ စျေးထဲမှာ မြန်မာစစ်သားတွေ အခြင်းခြင်း မူးရူးရမ်းကား တယောက်နဲ့တယောက် ရိုက်နှက် ထိုးခုတ်နေကြပေမယ့် တယောက်မှ မပေါက်မကွဲ မပြတ်မရှ မို့ အံ့သြကြောက်ရွံ့ကုန်ကြပါတယ် ။ ဒီကြားထဲ သားစိမ်းပါစားပြလို့ အနော်ရထာရဲ့ စစ်သားတွေဟာ လူတွေမဟုတ်ဖူး ဘီလူးတွေပဲ ဆိုပြီး ထိတ်လန့်ကုန်ပါတော့တယ် ။ 

       သီဟိုဠ်မှာ သောင်းကျန်းနေတဲ့ အိန္ဒိယသားစောဠခေါင်းဆောင်လည်း သီဟိုဠ်ကို စစ်ကူလာတဲ့ မြန်မာစစ်သားတွေ ကြမ်းတမ်းရက်စက်ပုံကြားပြီး နောက်နောင် သီဟိုဠ်ကို မနှောက်ယှက်ပါဘူးဆိုတဲ့ ကတိပေးပြီး ပြန်ပြေးသွားပါတယ် ။ 
(ဒါက ကျနော်မှတ်မိနေတဲ့ ငယ်စဥ်က ဖတ်ခဲ့ဖူးတဲ့အကြောင်းအရာပါ)

         ဒီတော့မှ အနော်ရထာလည်း သီဟိုဠ်သာသနာ ပြန်လည်ထွန်းကားရန်အတွက် ပုဂံမှ မထေရ်ကြီးများကို ကြွရောက်အားဖြည့်စေခြင်းဖြင့် သာသနာပြုခဲ့ရပါတယ် ။ 

          အနော်ရထာမင်းကြီးရဲ့ စစ်ရေးအောင်မြင်မှု နဲ့ ဆောင်ရွက်ချက်များမှာ သီဟိုဠ်ရာဇဝင်ကျမ်း ၊ ယိုးဒယား ၊ ကမ္ဘောဒီးယား ၊ တရုတ်အစရှိတဲ့ ခေတ်ပြိုင်အိမ်နီးခြင်းမှတ်တမ်းများမှာ ဖော်ပြထားလို့ သံသယဖြစ်ဖွယ်မရှိပါဘူး ။ တခုခက်နေတာက အမွမ်းတင်မှုတွေ များလွန်းသွားပြီး ယုတ္တိကင်းမဲ့သော ဒဏ္ဍာရီအဆင့်သို့ ကျသွားရတဲ့ အဖြစ်အပျက်တွေအတွက်တော့ သံဝေဂယူကြရပါမယ် ။ 

            သက္ကရာဇ် ၁၀၇၇ မှာ အငြင်းပွားဖွယ် ဖြစ်စဥ်နဲ့အတူ အနော်ရထာဟာ ကျွဲခတ်လို့ သေသွားသယောင်ယောင် ၊ ကျွဲအမှတ်တံဆိပ်နဲ့ သူပုန်တွေလုပ်ကြံသယောင်ယောင် နဲ့ ဘာမှန်းမသိပဲ သေသွားရပါတယ် ။ ဆိုးတာက သူ့ရဲ့ရုပ်အလောင်းကိုပဲ ရှာမတွေ့တဲ့အထိ သေဆုံးမှု သမိုင်းပျောက်သွားရပါတော့တယ် ။   

          အဲဒီနောက် သူ့သား စောလူးမင်း ၁၀၇၇ မှာပဲ နန်းတက်လာပါတယ် ။ အနော်ရထာနဲ့ မဏိစန္ဒာကြား ပြဿနာကြောင့် အဝေးရောက်နေတဲ့ ကျန်စစ်သားကို ပြန်ခေါ်ပါတယ် ။ 

           မကြာပါဘူး မိဖုရားခင်ဦးနဲ့ ကျန်စစ်သားတို့ ဘာဘာညာညာ ဖြစ်တယ်ဆိုပြီး ကျန်စစ်သားကို အောက်ဒလသို့ ပို့ပြန်ပါတယ် ။ မှူးမတ်တွေက ပြန်ခေါ်ဖို့ တောင်းပန်လို့ ပြန်ခေါ်လာပြန်ပါတယ် ။ 

          ဒီလိုနဲ့တနေ့မှာ စောလူးမင်းဟာ ငရမန်ကန်းနဲ့ ကြွေပစ်ကြပါတယ် ။ ငရမန်ကန်းက ကြွေတပွဲနိုင်လို့ လက်ခမောင်းခတ်တာကို စောလူးမင်းက ယောကျာ်းပီပီ သတ္တိရှိရင် မင်းအပိုင်စားရတဲ့ ပဲခူးမြို့ကနေ ပုန်ကန်ပါလားလို့ ပြောလိုက်တယ် ။

         စောလူးမင်းကို မကြောက်တဲ့ ငရမန်ကန်းက တကယ်ပုန်ကန်ပါရော ။ ပုဂံကို စစ်ချီလာရင်း ပြည်တော်သာကျွန်းမှာ စစ်စခန်းချထားလေရဲ့ ။ 

           စောလူးမင်းလည်း စစ်သူကြီးကျန်စစ်သားနဲ့အတူ ပြည်တော်သာကျွန်းသို့ ချီတက်လာပါတယ် ။ ငရမန်ကန်းက ရွံ့နွံထဲမှာ နှီးနဲ့ယက်ထားတဲ့ ဆင်ရုပ်တွေချထားတယ် ။ ပေါင်းမိုးနဲ့နှီးလူရုပ်တွေပါတင်ပြီး စစ်မြူထားပါတယ် ။ 

          ညနေမှောင်လို့ မနက်မှ စစ်တိုက်မယ်ဆိုပြီး နားနေတဲ့ စောလူးမင်းဆီကို ငရမန်ကန်းက စစ်မြူလာပါတယ် ။ ဒေါသကြီးနေတဲ့ စောလူးမင်းနဲ့ ကျန်စစ်သားတို့ ဒရစပ်လိုက်တိုက်ပါတယ် ။

           လသာသာမှာ နွံထဲက ဆင်ရုပ်တွေဆီ ဂမူးရှူးထိုး ဝင်တိုက်တော့ စောလူးမင်းရဲ့ ဆင်တော် သန်မြန်စွာ နွံနစ်ပါတယ် ။ ကျန်စစ်သားလည်း ပုဂံအရောက် တပ်ပြန်ဆုတ်ရပါတယ် ။ ညောင်ပင်ခေါင်းထဲ ပုန်းနေတဲ့ စောလူးမင်းကို ငရမန်ကန်းဖမ်းမိသွားပါတယ် ။

            မှူးမတ်တွေက စောလူးမင်းမရှိတော့ဘူး ကျန်းစစ်သားကို ဘုရင်လုပ်ပါလို့ တောင်းဆိုတယ် ။ ငါ့အရှင်သား ငါတို့အရှင်ရှိမရှိ စုံစမ်းအုံးမယ် ငါ့အရှင်ရှိသေးသော် ငါ့အရှင်ကို ယူ၍နန်းတင်မည် လို့ ပြောပြီး မှူးမတ်တွေပေးတဲ့ မင်းမြှောက်တန်ဆာတွေကို ဆောက်လက်စ ရွှေစည်းခုံဘုရားမှာထားပြီး ရန်သူ့စခန်းကို သွားပါတယ် ။

         စောလူးမင်းကို တွေ့လို့ ကယ်တင်ပြေးမယ်အလုပ် စောလူးမင်းက အော်လို့ ထားခဲ့ပါတယ် ။ ငရမန်ကန်းက စောလူးမင်းကို ဓနုရာဓဆိုတဲ့ အရပ်မှာ သတ်ပစ်ပါတယ် ။ 

        ကျန်စစ်သားလည်း လယ်တွင်း ၁၆ ရွာကိုသွားပြီး လူသူလက်နက် ထပ်မံစုဆောင်းနေပါတယ် ။ ကျန်စစ်သား မရှိတဲ့ ပုဂံကို ငရမန်ကန်းက လာဝိုင်းရာ မှူးမတ်တွေက ကျန်စစ်သား လယ်တွင်း ၁၆ ရွာမှာ လူစုအုပ်ချုပ်နေတယ် ။ မင်းတို့နှစ်ယောက်ကြား အိုင်တခုကို ကျွဲနှစ်ကောင် လူးသလိုဖြစ်နေမည် ။ ငါတို့တံခါးမဖွင့်သာသေး ၊ ကျန်စစ်သားကို နိုင်အောင်သွားတိုက်ပြီးမှ မင်းပြုပါ လို့ ပြောပြီး မြို့တံခါးတွေ ပိတ်ထားပါတယ် ။

           ငရမန်ကန်းလည်း ကျန်စစ်သားကို တိုက်ဖို့လိုက်ရှာရင်း အင်းဝဖြစ်လာမယ့် နေရာမှာ တပ်စွဲထားပါတယ် ။ ကျန်စစ်သားက ဝင်တိုက်ရာ ငရမန်ကန်းထွက်ပြေးရပါပြီ ။ မြင်းကပါမှာ ငရမန်ကန်းတပ်ချနေတုန်း ကျန်စစ်သားက ရွှေစည်းခုံတောင်ကို ထပ်ရောက်လာလို့ နဝရတ်ဖောင်နဲ့ ငရမန်ကန်းထွက်ပြေးပါတယ် ။

           ကျန်စစ်သားက မုဆိုးငစဥ့်ကို ငရမန်ကန်းအား လုပ်ကြံရန်တာဝန်ပေးလို့ နဝရတ်ဖောင်နောက် အပြင်းလိုက်ပါတယ် ။ ရွာသာအောက်မှာ ဖောင်ကိုမှီလာတော့ ကမ်းစပ်ရှိ ရေသဖန်းပင်ပေါ်ကနေ သာယာတဲ့ ငှက်မြည်သံအတု နဲ့ အော်ပြပါတယ် ။ 

          ငရမန်ကန်းလည်း ဘာငှက်ပါလိမ့်ဆိုပြီး ဖောင်ပြူတင်းပေါက်ကနေ ဖွင့်အကြည့် ငစဥ့်လည်း ကောင်းနေတဲ့ မျက်လုံးတဖက် ပစ်လိုက်ရာ ငရမန်ကန်း သေဆုံးသွားရပါတယ် ။ အဲဒီနေရာကို ငစဥ့်ကူလို့ ခေါ်ကြပါတယ် ။ 

             ကဲ ကျန်စစ်သားမင်းအဖြစ်ရောက်ပြီလားဆိုတော့ မရောက်သေးဘူးဗျ ။ အဟန့်အတားက ရှိနေပါသေးတယ် ကျန်စစ်သားမင်းဖြစ်ဖို့ အဟန့်အတားဖြစ်နေတဲ့ ကိစ္စကတော့........

         ကိုရွှေမျိုးဝင်း

မြန်မာမျိုး (၃)

 https://m.facebook.com/story.php?story_fbid=165493415891052&id=100072911843550

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...