Thursday, June 16, 2022

မျိုးမြန်မာ (၆)



           အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်တော့ ကြည်းတပ် ရေတပ် အစုံအလင်နဲ့ လှည့်လည်လေ့ရှိသတဲ့ ။ အင်အားအပြည့်နဲ့ သွားလာနေရတဲ့ အချိန်က အင်မတန်များလွန်းလို့ စစ်သည်ရဲမက်တွေဟာ စစ်မတိုက်ရပဲ ပင်ပန်းကြရပါတယ် ။ 

        အလောင်းစည်သူရောက်ခဲ့တဲ့ ဒေသများမှာ မွန် ၊ ဘင်္ဂလား ၊ သီဟို ၊ မလေးရှား ၊ မာန်အောင်ကျွန်းတွေအထိ ခြေဆန့်ခဲ့တယ်လို့ ဆိုပါတယ် ။ 

           မြင့်မိုရ်တောင်အထိ သွားလာဖို့ ကြံစည်ခဲ့ရာ သကြားမင်းက တောင်းပန်တားမြစ်ပြီး သရီရဓာတ်တော်ခြောက်ဆူ ပူဇော်နိုင်ရန် ပေးသတဲ့ ။ ကွမ်း ၊ ပုခန်း ၊ ဆင်တော်မ ၊ ဆင်ကျိုးတို့မှာ စေတီ လေးဆူတည်ပြီးကိုးကွယ်ခဲ့ပါတယ် ။ နောက်တဆူကို ရွှေဘိုခရိုင် သီဟတောတွင်ပဥ္စမအဆူတည်တော်မူခဲ့သည် ။ နောက်ဆုံးတဆူကား မှတ်တမ်းမတွေ့ရတော့ပါဘူး ။

          ခေတ်ကာလအရ မြင့်မိုရ်တောင်သို့ သွားရန်ကြံသည် သိကြားမင်းကပေးသည် ဟူသော အကြောင်းတို့မှာ ယုတ္တိကင်းမဲ့သော်လည်း အဆိုပါ စေတီများကမူ ယနေ့တိုင်ဖူးမြင်နိုင်ပါသဖြင့် ချဲ့ကားထားသည့်အချက်အား နှုတ်ပယ်ပြီး မှတ်ယူလို့ရပါတယ် ။ 

          ဒီနေရာမှာ ငါ့ရဲ့ဘိုးဘေးတို့ ငါလောက်မှ ဘုန်းတန်ခိုးကြီးရဲ့လားမသိဘူးလို့ ပစ်မှားမိလို့ အလောင်းစည်သူမျက်စိကွယ်သွားကြောင်း ၊ နောက်မှ ပြန်လည်ဝန်ချတောင်းပန်လို့ ပြန်ကောင်းသွားကြောင်းဆိုတာကလည်း မည်သည့်အထောက်အထားမျှ ပြနိုင်ခြင်းမရှိပါဘူး ။ 

       သက္ကရာဇ် ၁၁၁၅ မှာ နန်ချောင်မင်းထံ သံတမန်များနဲ့တကွ လက်ဆောင်များပေးရန် စေလွှတ်လိုက်ပါတယ် ။ ထို့နောက် မကြာခင် ကိုယ်တိုင်ချီတက်ခါ စွယ်တော်ပင်ဖို့ ကျိုးစားပါတယ် ။ သို့ရာတွင် မြတ်စွာဘုရား၏ ဗျာဒိတ်တော်မရှိ၍ ပင့်မရပဲ ပုဂံသို့ ပြန်ခဲ့ရပါတယ် ။

         အလောင်းစည်သူမင်းဟာ အာဏာဗဟိုချက် နန်းတော်နဲ့ကင်းကွာပြီး ခရီးပဲ လှည့်သွားနေတော့ ပုသိမ် ၊ တက်သစ်ကျွန်း ၊ ခက်သင်တောင် ၊ ဆက်တောင် ၊ သိန်းဃို ၊ တနင်္သာရီ ၊ သက်မင်းကတုံ တို့ ပုန်ကန်ကြပါပြီ ။

          အဲဒါကြောင့် စစ်သူကြီး ငရဲတိုင် နဲ့ ငရဲခိုင် တို့ကို ဆင်မြင်းအလုံးအရင်းနဲ့ အရေးကြီးတဲ့ သက်မင်းကတုံကို နှိမ်နင်းစေခဲ့ပါတယ် ။ လုံလောက်တဲ့ အုပ်ချုပ်ထောက်ပံ့မှုနဲ့ စစ်သူကြီးကောင်းတို့ ပေါင်းစုံမိပြီး အာဏာကုန်လုပ်ပိုင်ခွင့်ပါ ထပ်ပေါင်းပေးလိုက်တော့ သူပုန် သက်မင်းကတုံကို ဦးခေါင်းဖြတ်ပြီး ဆက်သကာ သူပုန်မီးကို အပြီးငြိမ်းစေခဲ့တာတွေ့ရပါတယ် ။

          နောက်ထပ်စစ်ပွဲကတော့ ရခိုင်မှာဖြစ်တာပါပဲ ။ ဒီတော့ ရေကြောင်းကျွမ်းကြင်တဲ့ မွန်တွေကို ရေတပ် ၊ ကြည်းကြောင်းကျွမ်းကြင်တဲ့ မြန်မာတွေကို ကြည်းတပ်ဆိုပြီး အသင့်အတင့်သောအင်အားဖြင့် ချီတက်တိုက်ခိုက်စေပါတယ် ။ 

          ရခိုင်မင်းက ရေတပ်ကို စီးတိုက်ရာ မွန်ရေတပ်ပျက်ပြီး မြန်မာကြည်းတပ်လည်း ပျက်ရပြန်ပါတယ် ။ အလောင်းသည်သူလည်း ထိုအခါမှ စိတ်ဆိုးပြီး အင်အားအပြည့် နဲ့ ကျွမ်းကြင်ရဲရင့်သော မြန်မာ့စစ်သူကြီးများအား တာဝန်ပေးမှသာ အနိုင်ရခဲ့ပါတယ် ။

        သက္ကရာဇ် 1118 မှာ ရခိုင်ကို အနိုင်ရပြီးနောက် လက်ယာမင်းနန်ကို နှမတော်ရွှေဂူသာနဲ့ လက်ထက်ပေးပြီး နန်းတင်ခဲ့ပါတယ် ။ 

           အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်ရင်း တိုင်းပြည်အတွက် ရောင်းရေးဝယ်တာ အတိုင်းအထွာများ စနစ်တကျဖြစ်အောင် စီမံနိုင်ခဲ့ပါတယ် ။ ကျပ် မူး ပဲ စသည်တို့နဲ့ တင်း ခွဲ စိတ် ပြည် ခွက် စလယ် စသည့် အတိုင်အချိန်တို့ကို တညီတည်း သတ်မှတ်နိုင်ခဲ့ပါတယ် ။

        ဆည်မြောင်း ကန်ချောင်းတို့ကို တည်ဆောက်ပြုပြင်ပြီး တောင် တာဖွဲ့ ပေးဝေခဲ့ပါတယ် ။ ယင်းတို့မှ ခရိုင်များဖွဲ့ပြီး လူသူ ဆင်မြင်းတို့အတွက် အစာရေစာများ ထုတ်လုပ်စေပြီး ရိက္ခာပြည့်စုံစေရန် စီမံပေးခဲ့ပါတယ် ။ 

            အလောင်းစည်သူမင်းရဲ့ မှတ်သားဖွယ်နောက်ထပ်လုပ်ဆောင်ချက်ကတော့ တိုင်းသူပြည်သားတို့အား တရားနဲ့အညီအုပ်ချုပ်ရန်အတွက် မှူးမတ်တို့နှင့်တိုင်ပင်ကာ စီရင်ထုံးများကို စုပေါင်း၍
 '' အလောင်းစည်သူဖြတ်ထုံး'' ကို စီရင်ထုံးဖွဲ့နိုင်ခြင်းပဲ ဖြစ်ပါတယ် ။ 

           အလောင်းစည်သူမှာ သားတော်အကြီး သီဟသူဆိုတာ နန်းမွေဆက်ခံမယ့်မင်းသားအဖြစ် နာမည်ကြီးလှပါတယ် ။ အကြီးဆုံးသားတော်လည်း ဖြစ်လေတော့ မာန်မာနလည်း ကြီးပုံရပါတယ် ။ 

            အလောင်းစည်သူမင်းက အမတ်တပါးအား သဘောကျတော်မူလို့ မင်းညီမင်းသားတို့သာ ဝတ်ဆင်ရန် သတ်မှတ်ထားတဲ့ အဝတ်အစားကို ချီးမြှင့်ပါတယ် ။ အမတ်လည်း မင်းကြီးကိုယ်တိုင် ချီးမြှင့်ထားတာမို့ ညီလာခံမှာ ဝတ်ဆင်လာပါတယ် ။

         မင်းသားသီးဟသူက အဲဒါကို မြင်သွားပြီး မတန်မရာ ဝတ်ရမလားဆိုပြီး ဆူပူကြိမ်းမောင်းကာ အဝတ်ကို ချွတ်စေပါတယ် ။ မင်းကြီးကိုယ်တိုင် ချီးမြှင့်ထားတာပါဆိုလည်း မရပါဘူး ငါနဲ့ငါသာ နှိုင်းစရာဆိုတဲ့ မာနစိတ်တို့ ငယ်ထိပ်တက်ပြီး အာဏာပါဝါပြ အနိုင်ကျင့်ပါတော့တယ် ။ 

          ဒီလို မကောင်းသတင်းကို အလောင်းစည်သူမင်း ကြားသိပြီးနောက် သူ့မျက်နှာမထောက်ပဲ ကြီးနိုင်ငယ်ညှင်း လုပ်တတ်တဲ့ သီဟသူ ထီးနန်းရသွားရင် ပိုပြီးမောက်မာလိမ့်မယ် အောင်ပင်လယ်အရပ်သို့ နှင်ထုတ်စေ ဆိုပြီး နန်းတွင်းကနေ နှင်ထုတ်လိုက်ပါတယ် ။ 

         အလောင်းစည်သူမင်းဟာ နန်လျှာကို ဘယ်သူ့ပေးမယ်လို့ မကြေညာခဲ့ပါဘူး ။ ဒါကလည်း အလောင်းစည်သူမင်းဟာ သူ့ကျန်းမာရေးကို သူယုံကြည်နေလို့ အသက်ကြီးတာသတိမထားပဲ နေခဲ့မိပုံပါပဲ ။ သူကသူ့အသက်မေ့နေပေမယ့် ဇရာကတော့ ဘယ်မေ့ပါ့မလဲ အချိန်ကြလာတာနဲ့ ဇာတိပြလာတာပါပဲ ။ 

        နာမကျန်းဖြစ်ပြီး မေ့မျှောနေတုန်း သားတော်အငယ် နရသူမင်းက ၁၁၆၃ မှာ လုပ်ကြံပါတယ် (ဒေါက်တာကျော်သက်ကမူ ၁၁၆၂ ဟု ဆို) ။ 

         အင်မတန်ကြော်ကြားတဲ့ အလောင်းစည်သူမင်းကြီးရဲ့နယ်နမိတ်ဟာ အရှေ့ဖက်မှာ သံလွင်မြစ်ကိုကျော်သည် ။ အနောက်ဖက်မှာ ချင်းတောင်နဲ့ ပရိက္ခရားနယ် ။ မြောက်ဖက်မှာ တကောင်းနှင့် ငဆောင်ချမ်း အထိလို့ နရပတိစည်သူမင်းလက်ထက်က ရေးထိုးခဲ့သော ဓမ္မရာဇိကကျောက်စာအရ အခိုင်အမာ ငိကြရပါတယ် ။ 

           အလောင်းစည်သူမင်းကြီးသည် စစ်မှုရေးရာ၌ ကိုယ်တိုင်စွမ်းဆောင်သည့် အောင်မြင်မှုမှတ်တမ်းမတွေ့ရပါ ။ သို့သော် သာမန်မင်းတို့ လုပ်နိုင်ခဲသည့် အုပ်ချုပ်မှုစီရင်ဖြတ်ထုံးပြုစုခြင်း ၊ စီးပွားရေးအတွက် အလေးတင်းတောင်း ချိန်တွယ်မှုစံများ သတ်မှတ်ခြင်း ၊ မိမိပိုင်နက်နယ်​မြေကို ကောင်းစွာထိမ်းချုပ်နိုင်ခြင်း ၊ သာသနာတည်တံ့ပြန့်ပွားအောင်ဆောင်ရွက်နိုင်ခြင်း ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ သူ့သမိုင်းကို လှပအောင် ရေးထိုးနိုင်တဲ့ မင်းကောင်းမင်းမြတ် စာရင်းဝင်မင်းတပါးဖြစ်ပါတယ် ။ 

         စိတ်မကောင်းစရာက သားတော်များအား အရည်အချင်းပြည့်ဝအောင် သင်ကြားပေးနိုင်ခြင်း မရှိတဲ့အချက်ကပဲ သူ့အားနည်းချက်အဖြစ် သတ်မှတ်ကြရပါတယ် ။ သားအငယ်က ဖခင်အသတ်ကို ပြန်သတ်ခဲ့သူ အဇာတသတ်လက်သစ်ဖြစ်သလို သားအကြီးကလည်း အမျက်ဒေါသကြီးသူ ချင့်ချိန်နိုင်စွမ်းမရှိသူအဖြစ် တွေ့ရပြန်ပါတယ် ။ 

          နရသူဟာ ဖခင်ကိုသတ်ပြီး ပုဂံထီးနန်းကို သိမ်းယူပြီလို့ သတင်းကြားတော့ သားအကြီးဖြစ်သူ သီဟသူက အောင်ပင်လယ်ကနေ အင်အားအလုံးအရင်းနဲ့ ပုဂံကိုချီတက်လာပါတယ် ။ 

          သီဟသူကို ငယ်ကြောက်ဖြစ်တဲ့ နရသူဟာ အကိုတော်ကို နန်းတင်ပါ့မယ် သာသနာပိုင်ဆရာတော်အနေနဲ့ စစ်မက်မပြုဖို့ နားချတော်မူပါဆိုပြီး တောင်းပန်လျှောက်ထားပါတယ် ။ 

           သာသနာပိုင်ဆရာတော်ကလည်း စစ်မက်မဖြစ်ပြီးရောဆိုပြီး ညှိနှိုင်းပေးပါတယ် ။ သီဟသူလည်း မစဥ်းစားပဲ လက်ခံပြီး ပုဂံကို လာပါတယ် ။ နန်းတော်ထဲက နရသူကလည်း အကိုဖြစ်သူကို ကောင်းစွာကြိုဆိုပြီး ကျွေးမွေးဧည့်ခံပါတယ် ။

         ဖခင်တောင်သတ်ထားတဲ့ နရသူကို သံသယမထားနိုင်လောက်အောင် မိမိကိုယ်ကို အထင်ကြီးပြီး အယုံလွယ်သူ သီရသူလည်း အဆိပ်ခတ်ထားတဲ့ ထမင်းပွဲကြောင့် သေရပြန်ပါတယ် ။ 

          သာသနာပိုင်ဆရာတော်လည်း ကတိမတည်တဲ့ နရသူကို စိတ်ကုန်သွားပြီး သီဟိုကို ကြွသွားပါတော့တယ် ။ 

        ဖခင်ဖြစ်သူနဲ့ အကိုတို့ကို လုပ်ကြံပြီး ထီးနန်းတက်ခဲ့တဲ့ နရသူကလည်း စိတ်ဝင်စားစရာကောင်းပြန်ပါတယ် ။ သူ့အကြောင်းကတော့........

         ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...