Friday, June 3, 2022

မျိုးမြန်မာ (၁)


           မြန်မာပြည်ရဲ့ သမိုင်းကို လေ့လာကြရာမှာ အစိတ်အပိုင်းအလိုက်လည်းကောင်း ၊ ခေတ်ကာလတခုခြင်းအတွက်လည်းကောင်း ၊ မင်းဧကရာဇ်တပါးခြင်းအတွက်လည်းကောင်း ပညာရှင်အသီးသီးတို့ ရေးသားခဲ့ကြတာ အများအပြားရှိခဲ့ပါတယ် ။

         ယင်းတို့ထဲမှ မြန်မာ့သမိုင်းသမိုင်းစဉ် အခန်းကဏ္ဍအားလုံးစုစည်းပြီး အစဉ်လိုက် စနစ်တကျရေးသားပြုစုထားသော ရှားပါးသမိုင်းစာအုပ်တအုပ်လည်းပါရှိပါတယ် ။ အဲဒီစာအုပ်ကတော့ စစ်ပညာဂျာနယ်ရုံးမှ ပြုစုခဲ့တဲ့ 

 ''မြန်မာ့စစ်သွေး မြန်မာ့စစ်ရေး''

       ဆိုတဲ့ စာအုပ်ကြီးပဲ ဖြစ်ပါတယ် ။ 3-10-1993 မှာ ဦးသန်းရွှေက ရှေးမြန်မာတို့ရဲ့ စစ်ပညာများ ၊ စစ်ရေးအမြင်ကြီးမှုများ ၊ အဆင့်မြင့်မားမှုများကို သိနိုင်စေရန် စာအုပ်ပြုစုပါလို့ လမ်းညွှန်ပါတယ် ။ 

        1994 ဇွန်လမှာ ထုတ်ဝေနိုင်ခဲ့တဲ့ ဒီစာအုပ်မှာ အလွန်ပြည့်စုံတဲ့ စစ်ရေးအမြင်ကဲနေသော မြန်မာ့သမိုင်းစဉ်ကို လေ့လာနိုင်ပါတယ် ။ 

. နောက်ထပ်ကိုးကားဖို့ စာအုပ်ကတော့ 1973 က စာပေဗိမ္မာန်က ထုတ်ဝေခဲ့တဲ့ ''သေနင်္ဂဗျူဟာကျမ်းထွက် စစ်ဆင်ပုံ စစ်တက်ပုံ'' ဆိုတဲ့ စာအုပ်ပါ ။ ဆရာကြီးဒေါက်တာသန်းထွန်း နဲ့ ဆရာကြီးမင်းသုဝဏ်တို့ စိတ်ရှည်လက်ရှည် စစ်ဆေးတည်းဖြတ်ထားတဲ့ ရှေးပေပုရိုက် မူရင်းများ ဖြစ်ပါတယ် ။ 

          ရှားပါးလှတဲ့ အင်းကွက် အင်းချပ်များနဲ့ အကြောင်းအရာများကတော့ လေ့လာသူတွေအတွက် အဖိုးတန်မှာ ဖြစ်ပါတယ် ။ 

         ယခု ပို့စ်သည် အငြင်းပွားကြဖို့ ရေးသားမှာ မဟုတ်ပါဘူး ။ ငါတို့ရှေးမြန်မာ ဘိုးဘေးတွေဆိုတာ ဒါမျိုးလူစားတွေပါလား ဆိုပြီး လူငယ်တွေ ရင်ထဲ အလွယ်တကူသိနိုင်အောင်သာ ရည်ရွယ်ပါတယ် ။ 

         မူလစာအုပ်ပါ အခေါ်အဝေါ် အသုံးအနှုံးများအစား ခေတ်နဲ့လျှော်ညီ လွယ်ကူမယ့် စကားလုံးတွေကိုပဲ သုံးပါ့မယ် ။ သမိုင်းစဉ်တခုလုံးကို ဆဝါးနိုင်ဖို့ ရည်ရွယ်ထားပါသဖြင့် အနုစိတ်ရေးရင် လေးလံမှာစိုးရိမ်ရသလို ၊ အနုပညာရသမပါရင်လည်း ဆားမပါတဲ့ဟင်းလို ဆွဲဆောင်မှုအားနည်းနိုင်ပါတယ် ။ 

        အဲဒါကြောင့် သင့်တော်သလို ရေးသားခြင်းအား လိုရင်ဖြည့် ၊ ပိုရင်နှုတ် ဆိုတဲ့ နည်းနဲ့ ဖတ်ရှုလေ့လာစေလိုပါတယ် ။ ကဲ နိဒါန်းနဲ့တင် ပို့စ် တပုဒ် နီးပါးရှိသွားပြီ ဖြစ်လို့ ဇာတ်လမ်းစကြပါစို့ဗျာ ။

           မြန်မာအစ ဘယ်က ညာက ဆိုတာထက် ကျနော့်အထင်တော့ ပုံပြင်သဏ္ဍန် ဒဏ္ဍာရီတွေက အစလို့ နိဒါန်းပျိုးပါရစေ ။ မြန်မာပြည်ရဲ့ အစဆုံး သမိုင်းမှတ်တမ်းအရ နှစ်ပေါင်း 2000 ကျော် သက်တမ်းရှိတဲ့ ပျူခေတ်ကို ပြန်ကြည့်ကြပါစို့ ။

          ပျူခေတ်ရဲ့ နာမည်ကျော် ဗိဿနိုးဘုရင်မ နဲ့ ဒွတ္တဘောင်မင်းတို့ကတော့ ဗိဿနိုးမြို့ဟောင်းတူးဖော်ရာက ခိုင်လုံတဲ့ သမိုင်းအထောက်အထားတွေနဲ့ သက်သေပြနိုင်ခဲ့လို့ ငြင်းစရာမလိုပါဘူး ။ ကဲ အဲဒီ ဗိဿနိုးဘုရင်မ နဲ့ ဒွတ္တဘောင် မင်းတို့ရဲ့ မိဘတွေကြတော့ ယုတ္တိကင်းမဲ့တဲ့ ဒဏ္ဍာရီတွေနဲ့ ဆက်စပ်နေပြန်ရောဗျ ။ 

        ဒဏ္ဍာရီတွေက မြန်မာတွေအားလုံး သိထားတာတွေပါပဲ ။ အချိတ်အဆက်မိမိ မသိကြလို့သာပါ ။ ဇာတ်လမ်းကို ပြန်နွေးရရင် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီး သာသနာသက္ကရာဇ် 
၅၉ ခုနှစ်မှာ တကောင်းဘုရင် သတိုးမဟာရာဇာနဲ့ မိဖုရားကြီး ကိန္နရီဒေဝီမှာ သားတော်နှစ်ပါးထွန်းကားတယ်။ မွေးကတည်းက မျက်စိမမြင်ဘူး။ ဘုရင်က အင်္ဂါမစုံလို့ တိုင်းတပါးသားတွေ အထင်သေးမှာစိုးပြီး သတ်ခိုင်းတယ် ။

       မိဖုရားက ဖွက်ထားတယ်။
အသက် ၁၉ နှစ်အရွယ်မှာ ဘုရင်ကြီးသိသွားတော့ ရေမျှောလိုက်တယ် ။ သူတို့က စူဠသမ္မဝ နဲ့ မဟာသမ္မဝတို့ပဲ ဖြစ်ပါတယ် ။ အားလုံးသိထားသလိုပဲ စန္ဒမုနိဘီလူးမ ထမင်းခိုးစားတာ မိသွားတယ် ။ 

          မျက်စိကုပေးပြီး ညီဖြစ်တဲ့ စူဠသမ္မဝနဲ့ ညားပါရော ။ ဒီနေရာမှာ စန္ဒမုနိကို ဘီလူးဆိုတာထက် ရုပ်ရည်ကြမ်းတမ်းထွားကြိုင်းတဲ့ ဆေးပညာတတ်သော မျိုးနွယ်များ ဖြစ်လေမလားလို့လည်း တွေးမိပါတယ် ။ ဘာလို့လဲ ဆိုတော့ သူတို့ကမွေးလာတဲ့ကလေးက ပန်ထွာဘုရင်မဖြစ်လာတာလေ ။

         ပန်ထွာဘုရင်မကျတော့ ဒဏ္ဍာရီ မဟုတ်တော့ဘူး ။ အရပ်အမောင်းအလွန်မြင့်ပြီး အသားဖြူလှပတယ်လို့ မှတ်တမ်းတင်ထားကြတယ် ။ ဒဏ္ဍာရီမဟုတ်ဖူးဆိုတာ မြို့ဟောင်းတူးဖော်တော့ အရပ် ၇ ပေ ရှိတဲ့ အမျိုးသမီးအရိုးစုကို တွေ့ရတယ် ။ သက်တမ်းက နှစ် ၂၀၀၀ ဝန်းကျင်လို့ တွက်ချက်လို့ရခဲ့ပါတယ် ။ 

         အရိုးစုနဲ့အတူတွေ့ရတာက သက်တမ်း နှစ် ၁၈၀၀ မှ ၂၃၀၀ ရှိ မီးသွေးတွေနဲ့ သစ်သားစများဖြစ်ပါတယ် ။ ဒါတွေက ပြည်ပသမိုင်းပညာရှင်တွေပါ လက်ခံအတည်ပြုထားတဲ့ ဗိဿနိုးသမိုင်းတွေ့ရှိချက်တွေဖြစ်ပါတယ် ။

        ပန်ထွာဘုရင်မ အရပ် ၇ ပေ ကို မယုံကြည်ဘူးဆိုရင်ဖြင့် တချိန်တုန်းက ကျနော်တို့ ၅၀ တန်းတွေ သိမှီခဲ့တဲ့ ပုဂံ ညောင်ဦးက ဇီးကွက်စိန်ဆိုတဲ့ ထူးထူးခြားခြား အရပ်မြင့်မားလှတဲ့ အမျိုးသမီးရှိခဲ့ဖူးတာကိုပဲ သက်သေပြချင်ပါတယ် ။ 

         နောက်ထပ် ပန်ထွာနဲ့ခေတ်ပြိုင် ဒွတ္တဘောင်မင်းရာဇဝင်ကို ကြည့်ပါ ။ မဟာသမ္မဝက ခရီးထွက်ရင်း ရသေ့ကြီးတပါးရဲ့ သမင်းမကမွေးခဲ့တဲ့ ဗေဒါရီနဲ့ တွေ့ကြသတဲ့ ။ တိုတိုပြောရရင် ဗေဒါရီ နဲ့ မဟာသမ္မဝတို့ ညားပြီးမွေးလာတာက ဒွတ္တဘောင်မင်းဖြစ်လာတာပါပဲ ။ 

         ဒီတော့ ပန်ထွာဘုရင်မနဲ့ဒွတ္တဘောင်တို့က မောင်နှမဝမ်းကွဲတော်စပ်ကြပါတယ် ။ အဲဒီ မောင်နှမဝမ်းကွဲ ခေတ်မှာပဲ အနောက်တိုင်းသားတို့က ပျူအင်ပါယာဆိုပြီး တခမ်းတနား စာဖွဲ့ကြ ၊ တရုတ်တို့က ယဉ်ကျေးမှုဖလှယ်ဖို့ ဖိတ်ခေါ်ကြရတဲ့ အဆင့်မြင့် တိုင်းနိုင်ငံကြီး တည်ဆောက်ပြီးဖြစ်ပါတယ် ။

         AD 1 ရာစုက စတင်ခဲ့တဲ့ မှတ်တမ်းများအရ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကာလသည်ကား ဒေသတွင်း၌ အင်ပါယာအဆင့်ဝေးလို့ မြို့ပြနိုင်ငံအဆင့်ပင် မတည်ထောင်နိုင်ကြသေးပါဘူး ။ ဥရောပဆိုလျှင်ကား ချောင်းကြိုချောင်းကြား ငါးမျှာ အမဲလိုက် ဂူအောင်းနေကြရသေးသော ကာလများပင် ဖြစ်နေသောကြောင့် ဂုဏ်ယူလောက်သော ဖွံ့ဖြိုးယဉ်ကျေးသည့် လူမျိုးအဖြစ် မှတ်တမ်းတင်ကြရပါ့မယ် ။ 

           တကောင်း သရေခေတ္တရာ တို့ မတိုင်မှီကပင် ပျူမင်းများစွာ ရှိခဲ့ဖူးကြောင်း မြန်မာ့ပူရာဏ် စာဟောင်းများမှာ တွေ့ရှိရပါတယ် ။ 

         စိတ်ဝင်စားဖွယ် အချက်တွေက ဗိဿနိုးဘုရင်မသည် ရန်ပယ်ချောင်းကို ဆည်ပိတ်၍ ကာကွယ်ရေးစနစ်အဖြစ် ရေကို စနစ်တကျ သုံးစွဲနိုင်တာကြည့်ပြီး ပျူတို့ရဲ့ ဆည်မြောင်းတာတမံ နည်းပညာကို သိနိုင်ပါတယ် ။ 

          ဒွတ္တဘောင်မင်း ဘုန်းတန်ခိုးကြီးချိန်မှာ ဗိဿနိုးကို တိုက်ခိုက်သိမ်းပိုက်ပါတယ် ။ အချက်ပြစည်တော်ကို အကွက်ကျကျ ဖျက်ဆီးထားလို့ ရန်ပယ်ချောင်းလည်း မကယ်နိုင်ပဲ ကျဆုံးခဲ့ရပါတယ် ။ 

         ဗိဿနိုးဘုရင်မ ပန်ထွာကတော့ ရန်ငြိုးမပြေလို့ ဒွတ္တဘောင်မင်းကို အကြိမ်ကြိမ်လုပ်ကြံပါတယ် ။ ဒွတ္တဘောင်မင်းကတော့ မေတ္တာရှိလွန်းလို့ အကြိမ်ကြိမ်ခွင့်လွတ်ခဲ့ပါတယ် ။

          အဲဒီလုပ်ကြံမှုတွေကြောင့် ဒွတ္တဘောင်မင်းရဲ့ ဘုန်းလက်လုံးဖြစ်တဲ့ မှဲ့ရှင်တော်ကွယ်ပျောက်ခဲ့ရပြီး ယုံကြည်မှုမရှိတော့တဲ့အနေအထားရောက်သွားရပါတယ် ။ 

        တနေ့ ပန်ထွာဘုရင်မက ဖျော်ရည်ထဲ အဆိပ်ထည့်ပြီး လာတိုက်ပါတယ် ။ ဒွတ္တဘောင်က ခံရပါများတော့ မယုံကြည်ပဲ ပန်ထွာဘုရင်မကို အရင်သောက်ခိုင်းပါတယ် ။ အကြံအစည် အထမမြှောက်ပဲ သေရတော့မယ်ဆိုတာ သိသွားတော့ ပန်ထွာဘုရင်မက အဲဒီခေတ်က ပေစာအဖြစ် တွင်ကျယ်စွာသုံးနေကြရတဲ့ ဗိဿနိုးထွက် ပေပင်တွေကို ဒွတ္တဘောင်တို့ ဆက်လက်မသုံးနိုင်အောင်ရည်ရွယ်ပြီး

 '' ငါလာမှ သီး ၊ ငါ လာမှ ကြီး '' 

       ဆိုပြီး ကြိမ်စာတိုက်ခဲ့သတဲ့ ။ ပေပင်ဆိုတာလည်း ဘဝတခုမှာ ကဿပဘုရားရှင်ကို ပန်ထွာဘုရင်မက ပေယပ်တောင် လှူဖူးလို့ သူဘုန်းကံကြောင့် ဗိဿနိုးမှာ ပဲ ပေါများစွာပေါက်သတဲ့ ။ 

         အဲဒီကြိမ်စာကို ဒဏ္ဍာရီလို့ သတ်မှတ်ဖို့ ခက်ခဲနေရတာက ယနေ့ထိ ဗိဿနိုးမြို့ဟောင်းက ပေပင်တွေဟာ ပုံမှန်အတိုင်း ကြီးထွားခြင်း အသီးသီးခြင်း မရှိသေးတာ အံ့သြစရာပါပဲ ။

         ပန်ထွာဘုရင်မဟာ မိမိအဆိပ်ခွက် မိမိဘာသာပြန်သောက်ရင်းသေဆုံးခဲ့ရပါတယ် ။ ဒီလိုပါပဲ ဒွတ္တဘောင်မင်းကြီးလည်း ဘုန်းလက်ရုံးတွေ ကျဆင်းလာပြီး သူပုန်တွေကို နှိမ်နင်းဖို့ စစ်ချီရင်း ပုသိမ်မြစ်ဝမှာ ဖောင်ပျက်ပြီး ရေနစ်သေဆုံးခဲ့ရပါတယ် ။ 

          ပျူနိုင်ငံတော်ဟာ ယနေ့ခေတ် မြန်မာဧရိယာလောက် မကျယ်ပြန့်ခဲ့ပါဘူး ။ ဒါပေမယ့် အဆင့်မြင့်စာပေ နဲ့ ယဉ်ကျေးမှုကတော့ အလွန်မြင့်မားခဲ့ကြောင်း ရှေးဟောင်းပစ္စည်းတွေက သက်သေခံနေပါတယ် ။ 

         ပျူနိုင်ငံတော်ကြီး ဘယ်လိုပျက်သုန်းသွားသလဲဆိုတော့ကား.........

        ကိုရွှေမျိုးဝင်း

( လူတိုင်းကြားဖူးထားတဲ့ စန္ဒမုခိ နဲ့ စူဠသမ္ဘဝ တို့ လင်မယားကနေ ပန်ထွာဘုရင်မ မွေးခဲ့ခြင်း ၊ မဟာသမ္ဘဝ နဲ့ ဗေဒါရီတို့ညားပြီး ဒွတ္တဘောင်မင်း မွေးဖွားခြင်း ဆိုတဲ့ အချိတ်အဆက်ကို သိရှိပြီး ဆက်စပ်တွေးတော လက်ဆင့်ကမ်းနိုင်ကြပါစေဗျာ)

       

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...