Sunday, June 19, 2022

261228 ထိမြင်အောင် ကြည့်ကြပါ



 - မင်းသားနေတိုး ချောလိုက်တာ
(အဲဒါ ငါတို့မြန်မာ ကွ)

- အဆိုတော် ဆုန်သင်းပါ အသံကောင်းလိုက်တာ
(အဲဒါ ငါတို့မြန်မာ ကွ)

- မင်းသမီးနန္ဒာလှိုင် လှလိုက်တာ
(အဲဒါ ငါတို့မြန်မာ ကွ)

- စိုင်းထီးဆိုင်အသံကောင်းလိုက်တာ
(အဲဒါ ငါတို့မြန်မာ ကွ)

- စမစ်ဒွန်းဆိုတဲ့ စစ်သားကြီး အိန္ဒိယ စစ်တက္ကသိုလ်မှာ ထိပ်ဆုံးကတဲ့
(အဲဒါ ငါတို့မြန်မာ ကွ)

          ကျနော်တို့ ဂုဏ်ယူခဲ့ကြ အားပေးခဲ့ကြရတဲ့ နယ်ပယ်အသီးသီးက ၁၃၅ မျိုးသော တိုင်းရင်းသားတွေအတွက် စိတ်ဝမ်းမကွဲ ချစ်ခင်ခဲ့ကြရပါတယ် ။ 

         ကျနော် မြန်မာ့သမိုင်းကို ရေးနေတာ အမှတ်စဥ် ၄ ကို ရောက်နေပါပြီ ။ ဒီနေရာမှာ ခေတ်သစ် ပညာရှင်တွေရဲ့ အယူအဆနဲ့ ကျနော် ခရက်ဒစ်ပေးပြီး ရေးနေတဲ့ စာအုပ်ကြီးနဲ့ အမြင်မတူတဲ့ အချက်တွေ ပါနေပါတယ် ။

          ဒါကိုလည်း သမိုင်းရဲ့ သဘာဝမို့ လက်ခံပါတယ် ။ ယင်းတွေ့ရှိချက် အသစ်များကိုလည်း ကျနော်မငြင်းပါဘူး ။ ဒါပေမယ့် ကြောက်စရာကောင်းတဲ့ အချက်တွေ တွေ့ရပါတယ် ။ ဘာလဲဆိုတော့ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ အမြင် နဲ့ ငါတို့အုပ်စု အယူအဆကို လက်ခံရမယ် ဆိုတဲ့ တဇွတ်ထိုး ဖိအားတွေကို မြင်လာရပါတယ် ။ 

           အကြောင်းပြချက်က ယခင် ဒေါက်တာသန်းထွန်းတို့ လက်ခံခဲ့တဲ့ GH လုစ် ရဲ့ သမိုင်းတွေက အလိမ်အညာတွေ ၊ သွေးခွဲဖို့ တမင်ရေးခဲ့တာ ၊ မွန်ဆိုတာ ပျူ နဲ့ ခေတ်ပြိုင်မဟုတ်ဖူး ၊ ပျူနဲ့မြန်မာ အတူတူပဲ ဒါကြောင့် မြန်မာသည် မွန်ထက် ယဥ်ကျေးမှု အဆင့်မြင့်တယ်ပေါ့ ။

          ကျနော်နားမလည်တာက မွန် နဲ့ ပျူ အတူတူ ယဥ်ကျေးတယ်ဆိုတာကိုပဲ ဘာလို့ ဆတ်ဆတ်ခါ မခံရပ်နိုင်ဖြစ်နေကြသလဲ နားမလည်ပါဘူး ။ တိုင်းရင်းသား နှစ်မျိုးလုံး အဆင့်မြင့်ရင် ပိုမကောင်းဘူးလား ဗျာ ။

          နောက်ပြီး ကျနော်တို့ ငယ်စဥ်ကတည်းက ဖတ်ခဲ့ရတဲ့ ဦးကုလားရဲ့ မဟာရာဇဝင်ကြီး ၊ မှန်နန်းရာဇဝင် နဲ့ လုစ်ရဲ့တပည့် ဒေါက်တာသန်းထွန်းတို့ ၊ ဒေါက်တာနိုင်ပန်းလှတို့ စာတွေနဲ့ ကြီးပြင်းခဲ့ကြရပါတယ် ။ 

          မဖြစ်နိုင်တဲ့ ကိန်းဂဏန်းတွေ ၊ အလွန်အကျွံဘုန်းတော်ဘွဲ့တွေ ပါလင့်ကစား မြန်မာ့သမိုင်းကို စေ့ငှစွာ စီနီယာအတိုင်း ကျောရိုးမပျက် လေ့လာနိုင်တာ သူတို့ကျေးဇူးမကင်းပါဘူး ။ 

             သူတို့တွေ့ရှိထားတဲ့ သုတေသနလုပ်ငန်းရလာဒ်များအား ချည်းကပ်ပြီးမှ တွေ့ရှိချက် အသစ်တွေ ရလာကြတာပါပဲ ။ တနည်းအားဖြင့် သူတို့ရဲ့ ပုခုန်းပေါ် တက်ကြည့်ခွင့်ရခဲ့လို့သာ ခင်ဗျားတို့က သူတို့ထက် ပိုပြီး မြင့်မြင့်ကနေ ဝေးဝေးထိ မြင်တွေ့ကြရတဲ့ သဘောပါပဲ ။

        ဒါကိုပဲ ငါတို့က ပိုတော်တယ် ။ ဒီလူက ယုတ်မာတာ ၊ ဒီလူက မဖြစ်နိုင်တာတွေ ချဲ့ကားထားတာ ၊ ဒီလူက မဟုတ်ပဲ လုပ်ကြံထားတာလို့ဖြင့် စွတ်စွဲဖို့ မသင့်ဖူးလို့ ယူဆမိပါတယ် ။ သူတို့ခေတ် သူတို့အခါက ဖြစ်ထွန်းနေတဲ့ နည်းပညာ နဲ့ ယခုခေတ် နည်းပညာကွာဟချက်ကိုလည်း တွေးဆကြရပါမယ် ။ 

        မွန်တွေက သူတို့သမိုင်း သူတို့ အကောင်းအမွန်တွေရေးကြမှာပါပဲ ။ ပအိုဝ်လည်းထိုနည်းလည်းကောင်း ၊ ရှမ်းလည်းထိုနည်းလည်းကောင်း ၊ ကရင်လည်း အတူတူဆိုသလို လူမျိုးအားလုံး ကိုယ့်လူမျိုးဂုဏ်ကို ဖော်ကျူးချင်ကြတာ သဘာဝပါပဲ ။ 

          မိမိတို့တွေ့ရှိချက်တွေကရော နောင်ဘယ်ကာလထိ မှန်နိုင်မလဲ ။ နာနိုနည်းပညာ ပေါက်ကွဲပြီး သမိုင်းကို ရုပ်ရှင်ပိတ်ကားပေါ်ပြသလို ကြည့်လို့ရတဲ့ခေတ်မှာ အခုတွေ့ရှိချက်တွေက မှားနေပြီ ဆိုပါစို့ ။ ခင်ဗျားတို့ကို မြေး မြစ်တွေက လူလိမ်တွေ ၊ လူယုတ်မာတွေ အမှန်တရားမသိပဲနဲ့ ဖြီးဖြန်းမှတ်တမ်းတင်ကြတာပဲလို့များ ကဲ့ရဲ့ကြရင် ခင်ဗျားတို့ ဘယ်လိုခံစားကြရမလဲ ။ 

         သမိုင်းကို ကိုယ်တွေ့တာ ကိုယ်သိတာချည်း မှန်နေတယ် ယူဆပါသလား ။ ကျနော်ထင်ပါတယ် သစ္စာလေးပါးလို ကမ္ဘာပျက်ပြီးလဲ မှန်နေမယ့် သမိုင်းတွေ့ရှိချက်ဆိုတာ မရှိနိုင်ပါဘူးဗျာ ။

          ယခု ကျနော်ရေးနေတဲ့ သမိုင်းသည် 1994 တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်ပေးစေခိုင်းမှုအရ တပ်မတော်စစ်ပညာဂျာနယ်မှ တာဝန်ရှိသူများ ပြုစုရေးသား ထုတ်ဝေခဲ့တဲ့ စာအုပ်ကို အခြေပြုကျောရိုးယူပြီး လိုတိုး ပိုလျှော့ ပြန်ရေးတာပါ ။ 

         ကျနော်နဲ့လာငြင်းသူများအား ပြန်မေးထားတာ ရှိပါတယ် ။ ယခုပြောနေသော တွေ့ရှိချက်အသစ်များအား မြန်မာ့သမိုင်းကော်မတီ နိုင်ငံတော်အဆင့်မှ တရားဝင် အသိအမှတ်ပြုထားပါပြီလား ။ မည်သည့်သင်ရိုးညွှန်းတန်းတွင် ပြောင်းလဲသင်ကြားနေပြီလဲလို့ မေးချင်ပါတယ် ။

          ပညာရှင်များအားလုံး ငြင်းချက်မရှိ ထောက်ခံရေးသားကြလျှင်ဖြင့် လူကြီးမင်းတို့ တွေ့ရှိချက် အသစ်များအတိုင်း ထပ်မံရေးသားပါ့မယ် ။ ယခုလို အပြန်အလှန်ရေးသားနေကြဆဲ ကာလအတွက် နှစ်ဖက်အမြင်များကို (အဟောင်း အသစ် တွေ့ရှိချက်များ) ပူးတွဲတင်ပြရပါမယ် ။ 

         သမိုင်းသစ်ရေးထိုးရန် ပင်ပန်းစွာ သုတေသနပြုနေသူများကို လေးစားပါတယ် ။ မြန်မာ့ဂုဏ်ဆောင်ရန် ကြိုးပမ်းသမျှအောင်မြင်ပါစေ ။ မြန်မာထဲက ဗမာကို ချစ်မြတ်နိုးသလို ဧရိယာ 261228 စ / မိုင် အတွင်း နေထိုင်ကြပါသော တိုင်းရင်းသားအပေါင်းကိုလည်း မြတ်နိုးတန်ဖိုးထားတတ်ကြပါစေ ။ 

         ငါတို့က မြန်မာဆိုတဲ့ စိတ်မွေးနိုင်သွားရင် မွန်ယဥ်ကျေးမှုအတွက်လည်း အားလုံးဂုဏ်ယူနိုင်ကြမယ် ၊ ကရင်တော်လည်း အားလုံးပျော်ကြရမယ် ၊ ရှမ်းထူးချွန်လည်း အားလုံးဂုဏ်ယူကြရမယ် ၊ ချင်းပေါက်မြောက်ရင်လည်း အားလုံးမုဒိတာပွားနိုင်ကြပါလိမ့်မယ် ။ 

        ကိုရွှေမျိုးဝင်း   

(​​မြင်ကွင်းတခုကို ရှုထောင့်အတူတူကနေ ကြည့်ကြရတဲ့ လင်မယားခြင်းတောင် အမြင်မတူနိုင်တာ သိဖို့ကောင်းပါတယ် ငါနဲ့မတူ ငါ့ရန်သူတို့ သိဖို့....)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...