Thursday, June 16, 2022

ဖတ်စာအုပ် တင်ဒါ နဲ့ ရိုးသားမှု


         ကျောင်းတွေလည်းဖွင့်ပါပြီ ။ သင်ရိုးညွှန်းတမ်းတွေလည်း ကျောင်းသူကျောင်းသားများထံ ဝေငှနေပါပြီ ။ ပြဿနာက ဘာသာစုံ လုံလောက်အောင် မဝေငှနိုင်သေးတဲ့ ပြဿနာဖြစ်နေရပါတယ် ။

        အချို့သော ပို့ဆောင်ရေးခက်ခဲတဲ့ ဒေသများအတွက် မရကြသေးတာ နားလည်​ပေးလို့လည်း ရပါတယ် ။ သို့သော် အံ့သြဖွယ်ရာ တင်ဒါစည်းမျဥ်းချိုးဖောက်မှုများကိုတော့ နားလည်ပေးလို့ မရတာတွေ တွေ့ရပါတယ် ။ 

         ကျောင်းတွေမှာ ကျောင်းသားများအတွက် လူစေ့ မရသေးတဲ့ ပုံနှိပ်စာအုပ်မူရင်းများသည် စျေးထဲမှာ ဂရိတ် 10 /11 တစုံ 18000 ကျပ်နဲ့ အလွယ်တကူဝယ်လို့ ရနေတာ ဘာကြောင့်ပါလဲ...?

         တင်ဒါစည်းမျည်းမှာ ပုံနှိပ်ခွင့်ရထားတဲ့ ထုတ်ဝေသူသည် အပိုပုံနှိပ်ပြီး မရောင်းချရဘူးဆိုတဲ့ စည်းကမ်းပါရှိထားပါတယ် ။

       နောက်တချက် စက္ကူအမျိုးအစား နဲ့ မှင်အကျအပေါက် အရောင် အစရှိတဲ့ အရည်အသွေး စံတွေကနေ တိမ်းစောင်းလို့မရအောင် စနစ်တကျသတ်မှတ်ထားပေမယ့် စာအုပ်အရည်အသွေးတွေဟာ အဆိုပါအချက်များနဲ့ ကိုက်ညီမှု ရှိမရှိ တင်ဒါခေါ်ယူတဲ့ ပညာရေးဝန်ကြီးဌာနကနေ စီစစ်ခြင်း မရှိတာလည်း အံ့သြစရာပါပဲ ။ စွေစောင်းနေတဲ့ ပုံနှိပ်စာအုပ်တွေပါ ပါလာနေတာ မြင်တွေ့ကြရမှာပါ ။

        ယခင်ကာလများမှာ ယခုလိုပဲ တင်ဒါခေါ်တယ် စည်းမျဥ်းတွေ အတိအကျထုတ်ခဲ့ကြတယ် ။ သူများမပေးနိုင်တဲ့ စျေးနဲ့ တင်ဒါရအောင် ဖန်တီးကြတယ် ။ ပြီးမှ တင်ဒါစည်းမျဥ်းကို ဖောက်ဖျက်ပြီး တာဝန်ရှိသူတွေနဲ့ လက်ဝါးချင်းရိုက် ဝေစားခဲ့ကြတာ အမှန်တကယ်ရှိခဲ့ပါတယ် ။ 

        ဘယ်လောက်ထိ ဆိုးဝါးရဲတင်းခဲ့သလဲဆိုရင် ဝူဖရီးစက္ကူနဲ့ ဗလာစာအုပ်တင်သွင်းဖို့ တင်ဒါခေါ်တာကို ဘားမားဖြစ် ဘားဖြူ ဘားပြာ အညံ့စားနဲ့ တင်သွင်းခဲ့ကြတဲ့အထိ ပေါင်းစားခဲ့ကြသူတွေဖြစ်ပါတယ် ။

         နောက်တချက် ပုံနှိပ်စာအုပ်တွေ ပြင်ပစျေးကွက်ရောက်ကုန်တာ ကြည့်အုံးမလား ။ ပြန်ကြားရေးပုံနှိပ်စက်နေ စက္ကူပျက်များဆိုပြီး ပုံနှိပ်ပြီး စာရွက်တွေကို ပိဿာချိန်စျေးနဲ့ အပြင်ထုတ်တယ် ။ ညှိထားတဲ့ စက္ကူကုလားက သာအုပ်ပြန်ချုပ်ပြီး အပြင်မှာရောင်းစားကြတယ် ။

        အခု စာအုပ်တွေ အပြင်ရောင်းစားနေတာနဲ့ ကျောင်းတွေမှာ မလုံမလောက်ဝေငှနေရတာလည်း ထုတ်ဝေခွင့်ရထားတဲ့သူတွေရဲ့ အဆင်အကွက်တွေပါပဲ ။ ကျောင်းတွေမှာ မရကြသေးမှ ပြင်ပမှာ စျေးကြီးပေးဝယ်မှာ ဖြစ်လို့ တမင် ညစ်ထားကြတာပါ ။

       မြန်မာပြည်တင်ဒါလောက ရိုက်စားလုပ်ပုံကို မှတ်တမ်းယူထားပါတယ် ။ အဆိုပါ ကျောင်းသုံးပုံနှိပ်တင်ဒါခေါ်စဥ်ကာလ ဘယ်သူရမှန်း မကြေညာနိုင်သေးကတည်းက ကျောင်းသုံးပုံနှိပ်တွေကို ရောင်းချမယ်ဆိုပြီး ကြေညာထားတဲ့ ထုတ်ဝေသူတွေရှိနေတာ ကြည့်ခြင်းအားဖြင့် သိသာလှပါတယ် ။ 

       တိုင်းပြည်ဘဏ္ဍာကို တင်ဒါလုပ်ငန်းနဲ့ စီစစ်ချွေတာနိုင်သလို တင်ဒါအကြောင်းပြု လက်ဝါးခြင်းရိုက်ပြီး အထက်ပါနည်းလမ်းများနဲ့ အရည်အသွေးညံ့ဖျင်းသော စံမမှီသော ပစ္စည်းများနဲ့ လိမ်ညာ ဝေစားလေ့ရှိတာကိုလည်း သတိထားစောင့်ဖမ်းနိုင်မှ စစ်မှန်သော အကျိုးပြု တင်ဒါအဖြစ် ပြောင်းလဲနိုင်မယ်လို့ ယုံကြည်မိပါတယ် ။

       ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...