Tuesday, July 12, 2022

ဗိမ္မလာ မှ လိမ္မာရင် အိမ်ပါမည် (၁)


          1942 ဒုတိယကမ္ဘာစစ်မီး အာရှသို့ ကူးစက်စဥ်အချိန်မှာ အာရှတိုက်ရဲ့ ဖက်ဆစ်အဖွဲ့ဝင် ဂျပန်တို့လည်း လက်စွမ်းထ နေသောအချိန်ဖြစ်ပါတယ် ။ စင်္ကါပူ ၊ ဖိလစ်ပိုင် ၊ ကိုရီးယား ၊ တရုတ် နဲ့ တကွ ဝန်းကျင်ရှိ တိုင်းပြည်အသီးသီးကို ဂျပန်တို့ သိမ်းပိုက်ထားပါပြီ ။ 

        ဒီအချိန်မှာ မြန်မာပြည်သည် အင်မတန်ထူးခြားတဲ့ အခြေအနေရှိနေခဲ့ပါတယ် ။ ဘာကြောင့်လဲဆိုတော့ ဂျပန်အတွက် ဒီဒေသမှာ မဟာမိတ်ဆိုလို့ မြန်မာတနိုင်ငံထဲပဲ ရှိနေခဲ့တာကြောင့်ပါပဲ ။ 

        ဒီတော့ ဂျပန်တွေဟာ သူတို့ သိမ်းပိုက်မိတဲ့ တိုင်းပြည်အသီးသီးက အဖိုးတန်ပစ္စည်းများအား မြန်မာ့မြေမှာ စုစည်းသယ်ဆောင်လာကြပါတယ် ။ ဂျပန်တပ်စခန်းချရာ ဒေသအသီးသီးမှာ အဆိုပါ အဖိုးတန်ပစ္စည်းများအား အလျှင်းသင့်သလို သိမ်းဆည်းသိုဝှက်ထားပြီး အခါသင့်တဲ့အချိန် ဂျပန်ကို ပြန်လည်သယ်ဆောင်ရန် ရည်ရွယ်ထားကြဟန် ရှိပါတယ် ။ 

        ဂျပန်တွေဟာ မြန်မာပြည်ရှိ မွန်ပြည်နယ်ရဲ့ ဗိမ္မလာတောင်ကို သူ့ခေတ် သူ့အခါက ခေတ်အမှီဆုံး အတောင့်တင်းဆုံး ခံတပ်ကြီးအဖြစ် တည်ဆောက်နေပါတယ် ။ တာဝန်ခံ ဗိုလ်ချုပ်ကတော့ မြန်မာတွေ ခေါ်ခဲ့ကြတဲ့ ဗိုလ်သာဟန်ကျော် ( ဂျပန်အမည်မသိရ) ပါပဲ ။ 

        ခံတပ်တည်ဆောက်ရင်း ပူးတွဲလုပ်ဆောင်နေကြရတာကတော့ ဗိမ္မလာကျောက်တောင်ကြီးအား လှိုဏ်ခေါင်းဖောက်လုပ်နေတာပဲ ဖြစ်ပါတယ် ။ တဆက်တည်း ကမ္ဘာကျော် သေမင်းတမန်ရထားလမ်းကြီးကိုလည်း ယိုးဒယားထိ ဖောက်နေပါပြီ ။ 

        ဗိုလ်သာဟန်ကျော်ရဲ့ လက်စွဲကတော့ မောင်လှတင်လို့ခေါ်တဲ့ ၁၇ နှစ်သား မြန်မာတယောက်ပါပဲ ။ မြင်းကျောင်း ၊ ထမင်းချက် ၊ ပစ္စည်းထိမ်း ၊ စကားပြန် အစရှိတဲ့ အလုပ်တွေကို တာဝန်ကျေစွာ လုပ်ပေးတဲ့အတွက် ဗိုလ်သာဟန်ကျော်ရဲ့ အသဲစွဲ PSO ပမာဖြစ်ခဲ့သူပါပဲ ။ 

         ဗိုလ်သာဟန်ကျော်က အင်မတန်ကြီးမားတဲ့ စီမံကိန်းကြီးကို လုပ်ကိုင်နေရင်း တိုင်းရင်းသူတယောက်နဲ့ တရားဝင်မဟုတ်ပဲ ညားနေပါတော့တယ် ။ 

         လှိုဏ်ခေါင်းကြီးကို ဖောက်လုပ်ရာမှာ ထရပ်ကားနှစ်စီး အထဲမှာ ရှောင်လို့ရပါတယ် ။ အမြင့်က ထရပ်ကားအမိုးကိုင်းပေါ်ကနေ တက်ပြီး မီးကြိုးဆွဲခဲ့ရပါတယ် ။ ဒီတော့ အမြင့်က ပေ ၃၀ ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းကြပါတယ် ။ 

       လှိုဏ်ဂူကြမ်းပြင်ကို ကွန်ကရစ်ခင်းထားပါတယ် ။ ရေထုတ်မြောင်းတူးထားပါတယ် ။ လှိုဏ်ခေါင်းကြီးကို ၅ မိုင် အရှည် လှိုဏ်ခေါင်းကို ကြက်ခြေခတ် ဖြတ်ပြီး ဖောက်ထားပါတယ် ။
 ( ၅ မိုင်ပတ်လည် ရှိတယ်ဆိုတဲ့ စကားအရ လှိုဏ်ဂူချည်း ၅ မိုင်ရအောင် တူးထားခြင်း မဖြစ်နိုင်လို့ ယူဆပါတယ်)   

          လှိုဏ်ခေါင်းတူးရာမှာ ဝင်ပေါက် လေးပေါက်ကနေ တချိန်တည်း တူးကြပါတယ် ။ အလယ်စင်တာမှာ ကျင်းအနက်ကြီးတူးထားပါတယ် ။ လှိုဏ်ခေါင်းတူးလို့ မပြီးသေးခင်ကတည်းက နေ့စဥ် ထရပ်ကားများ ဝင်လာပြီး ပစ္စည်းတွေ ချကြရပါတယ် ။ 

       ပစ္စည်းချပေးရသော အလုပ်သမားများကတော့ တခါပဲ ချပေးကြရပြီး နောက်ဘယ်တော့မှ မချရတော့ပါဘူး ။ ဘာလို့လဲဆိုတော့ ပြန်ထွက်လာနိုင်ခြင်း မရှိတော့လို့ပါပဲ ။ 

         ဂျပန်တို့ရဲ့ တပ်စုတစုကတော့ ရွှေမော်ဓောစေတီမှာ တပ်စခန်းချနေပါတယ် ။ အဲဒီအချိန်မှာပဲ ငလျှင်လှုပ်ပြီး ထီးတော်သာမက အထက်ပစ္စယံထိ ပြိုကျလာကာ ဌာပနာနဲ့ တကွ ရတနာပစ္စည်းများစွာတို့ ကျလာပါတယ် ။ ဂျပန်တပ်စုက ဘုရားဌာပနာရဲ့ ရတနာပစ္စည်းများလည်း အဆိုပါ ဗိမ္မလာတောင် စခန်းဆီသို့ ယူဆောင်သွားပါတော့တယ် ။

        အဲဒီကာလတွေမှာ ဗိုလ်သာဟန်ကျော်ရဲ့ တရားဝင်ယူမထားတဲ့ ဇနီးသည်ကလည်း သားယောကျာ်းလေးနှစ်ယောက် မွေးပေးခဲ့ပြန်တယ် ။ တရားဝင်သားတွေ မဟုတ်ပေမယ့် ဖအေနဲ့ ရုပ်ရည်အလွန်တူတဲ့အတွက် ဗိုလ်သာဟန်ကျော်ကလည်း သံယောဇဥ်ရှိပါတယ် ။ 

        ဒီလိုနဲ့ ၁၉၄၅ မတ်လ ၂၇ မှာ ဂျပန်တော်လှန်ရေး ပြုလုပ်ခဲ့ရာ မြန်မာပြည်ကနေ သတ်မှတ်ကာလထက်စောပြီး ပြန်ဆုတ်ခွာဖို့ ဖြစ်လာရပါတယ် ။ အဲဒီအချိန်မှာ တနှစ်ခွဲလောက် သယ်ယူစုဆောင်းလာခဲ့ရတဲ့ များပြားလှသော အဖိုးတန်ရတနာများကို သူတို့ မသယ်နိုင်ကြတော့ပါဘူး ။ 

         ဒီတော့ plan B အရ လှိုဏ်ခေါင်းကြီး နှစ်ခုရဲ့ဆုံမှတ်မှာ တူးထားတဲ့ ကျင်းနက်ကြီးထဲကို ရတနာများအား ထည့်ကြပါတယ် ။ အဲဒီနောက် ရထားစက်ခေါင်းကြီးကို ငွေမှင်သုတ်ပြီး ဇောက်ထိုးထည့်ကာ ကျင်းကြီးအား မြေဖို့ကာ ထားရစ်ခဲ့ပါတယ် ။

        ရွှေများ တန်ချိန် ထောင်ဂဏန်းကြီးနီးပါး ပါဝင်တဲ့အတွက် ထုံးစံအတိုင်း မီးသွေးထည့်ရခြင်း အထက်အောက် ဘေးလေးဘက် မျက်နှာစာခြောက်ဖက်အား ကျွန်းတိုင်များနဲ့ ကာရံရပါတယ် ။ ကျွန်းတိုင်များနဲ့ ရတနာများအကြား သံပြားကာခြင်း ကတ္တရာလောင်းခြင်းများလည်း ပြုလုပ်တယ်လို့ ဦးလှတင်က ဦးလှတင်က ပြောပါတယ် ။ 

          အားလုံးပြီးစီးချိန်မှာ ဗိုလ်သာဟန်ကျော်က ဂျပန်ရဲဘော်များအား ငါတို့ စစ်ရှုံးနေပြီ ဆုတ်ခွာရတော့မယ် ဒီတော့ ဒီရတနာတွေအတွက် အစောင့်လိုတယ် ဘယ်သူနေခဲ့မလဲမေးပါတယ် ။ ဂျပန်စစ်သား ၄၀ က သူတို့နေခဲ့မယ်လို့ ဆန္ဒပြုပြီး ဆူဆိုက်လုပ်သွားကြပါတယ် ။ 

          လှိုဏ်ဂူဝင်ပေါက် လေးပေါက်ရှိတဲ့အနက် ဝဲကဝါ ကျေးရွာဝင်ပေါက်တပေါက်သာ ချန်လှပ်ပြီး ကျန် သုံးပေါက်ကို ဂူတလျှောက် မိုင်းများ ထူထပ်စွာ ခင်းခြင်း ပြုလုပ်ပြီး ဂူလမ်းကြောင်းကိုလည်း မိုင်းခွဲဖြိုချ ဖျက်ဆီးလိုက်ပါတော့တယ် ။ လှိုဏ်ခေါင်းလေးပေါက်အနက် ပိတ်ဆို့လိုက်တဲ့ လှိုဏ်ခေါင်းတွေဆီက ပင်မကျင်းကြီးဆီ အဝင်ဝမှာ ပျဥ်ပြားတထပ် ၊ သွပ်ပြားတထပ် ၊ ကျွန်းတိုင်တထပ် ၊ ဘိလပ်​မြေတထပ် ပိတ်ဆို့ထားပြီး ကြားထဲမှာ မိုင်းဆင်ထားလိုက်ပါတယ် ။   

          အဲဒါကြောင့် ပင ၊ ကျိုက္ခမီ ၊ စက်စဲ ဖက်တွေက ဝင်ပေါက်သုံးပေါက်ဟာ လုံးဝ ပိတ်ဆို့သွားပြီး ဝဲကဝါဖက်တပေါက်သာ ကျန်ပါတော့တယ် ။ ဗိုလ်သာဟန်ကျော်က သူ့လက်စွဲ မောင်လှတင်ကို မြေပုံ ၊ ဂျပန်ဒါး ၊ စစ်ခရာ နဲ့ ဝီစီ ပစ္စည်းလေးမျိုးပေးအပ်ပြီး မင်းငါ့ကို သစ္စာရှိရှိနဲ့ စောင့်နေပါဆိုပြီး ဆုတ်ခွာသွားပါတော့တယ် ။

          ဂျပန်တပ်တွေ ဆုတ်ခွာသွားပြီးနောက် မောင်လှတင်ဟာ သူ့အမည်ကို တင်လှဆိုပြီး အမည်ပြောင်းကာ မုဒုံရှိ ဘုန်းကြီးကျောင်းတကျောင်းမှာ နေထိုင်ပါတယ် ။ ကျောင်းထဲမှာ ဘုရား တရားတော် ပုံဝတ္ထု ပန်းချီကားလေးတွေ ဆွဲရင်း တရားနဲ့နီးစပ်လာပါတယ် ။ 

         ဆရာတော်ဆီကနေ နေ့စဥ်တရားဓမ္မတွေကို ကြားရဖန်များလာတော့ သူသိထားတဲ့ ရတနာတွေရယ် အထူးသဖြင့် ပဲခူးရွှေမော်ဓောဘုရားကြီးရဲ့ ဌာပနာတွေကို ပြန်လည်တူးဖော်ပြီး နိုင်ငံတော်ကို အပ်နှံရန် စိတ်ကူးမိပါတော့တယ် ။ 

        အဲဒီအချိန်မှာ တော်လှန်ရေးကောင်စီတက်နေပြီး ဦးနေဝင်းလျှမ်းလျှမ်းတောက်ကာလ ၊ တစ် နှစ်ပိုင်းတစ်ပိုင်း လို့ တင်စားထားရတဲ့ မွန်လူမျိုး မျက်မှန်ကြီးတင်ဦး ( ထောက်လှမ်းရေး) တန်ခိုးထွားနေချိန်ပေါ့ ။ 

          အဲဒါနဲ့ မောင်တင်လှဟာ မွန်လူမျိုးဖြစ်တဲ့ မျက်မှန်ကြီးတင်ဦးကတဆင့် ဦးနေဝင်းထံ ဂျပန်ရတနာသိုက်သတင်းကို ပေးပို့ခဲ့ပါတယ် ။ ဦးနေဝင်းကတော့ များစွာစိတ်ဝင်စားဟန်မရှိပဲ သူ့တပည့် မျက်မှန်ကြီးတင်ဦးကိုပဲ ပြန်လည်တာဝန်ပေးပြီး စုံစမ်းစေခဲ့ပါတယ် ။ 

          မွန်လူမျိုး မျက်မှန်ကြီးတင်ဦးက မြေပြင်ရှိ သတင်းအချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးခဲ့ရာ အမှန်တကယ် ဖြစ်နိုင်ကြောင်း ကောက်ချက်ချမိပါပြီ ။ သူကတဆင့် ဦးနေဝင်းထံ သတင်းပေးပို့ရန်အတွက် တွန့်ဆုတ်နေပါတယ် ။ 

        ဦးနေဝင်းမရှိရင် သူပဲ ခေါင်းဆောင်ဖြစ်ရမယ် ။ ထိုအချိန်မှသာ မွန်လူမျိုးတို့နယ်မြေရှိ ရတနာတွေကို တူးဖော်မယ်လို့ မမှန်ကန်တဲ့ စိတ်ကူးခဲ့ပါတယ် ။ ဦးနေဝင်းထံ သတင်းပို့ရာမှာ စစ်အတွင်း လက်နက်အစုတ်တွေ မြှပ်နှံထားခြင်းသာဖြစ်တယ်လို့ လိမ်ညာသတင်းပို့လိုက်ပါတယ် ။ 

       ဦးနေဝင်းရဲ့ ပေါ့ဆမှု နဲ့ လက်ဝယ်သို့ ရောက်ရှိရန် မထိုက်တန်ဘူးလို့ပဲ မှတ်ယူကြဖို့ နဲ့ တိုင်းပြည်ရဲ့ ကံကြမ္မာဟာ လူညစ်ပတ်တယောက်ရခဲ့ လုပ်ပိုင်ခွင့်အောက်မှာ ပျက်ဆီးခဲ့ရတယ်ဆိုရင်လည်းမှားမယ် မထင်ပါဘူး ။ 

          ဒီအချိန်မှာ ဗိုလ်သာဟန်ကျော်က နောက်တခေါက်ပြန်လာပြီး ဗိမ္မလာတောင်မှာ တူးဖော်ခွင့်တင်ပါတယ် ။ ဦးနေဝင်းက ခွင့်ပြုမပေးခဲ့ပါဘူး ။ 

        ဗိုလ်သာဟန်ကျော်က သူ့သားတွေဆီ သွားတွေ့ပြီး ဂူကြီးအကြောင်းပြောပြကာ လူအများသိရှိခြင်း မရှိတဲ့ အခြားဝင်ပေါက်ကို တိတ်တဆိတ်ပြောပြခဲ့ပါတယ် ။ စိတ်ဝင်စားစရာ ဗိမ္မလာတောင်ကြီးရဲ့ အခြားဝင်ပေါက်ကတော့......

       ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...