Friday, July 8, 2022

ကျနော် ၊ ပုဏ္ဏက နဲ့ သိပ္ပံ (၈)



        ဝေါကနဲ ထွက်လာတဲ့အသံက ခြံထောင့် အမှိုက်ကျင်းထဲကပါပဲ ။ အမှိုက်တွေ ထောင်းကနဲ လွှင့်ပျံသွားပြီး ကြော​မက်ဖွယ် သံလျှက်ထမ်း ဆေးအစီရင်ရုပ်ဟာ ဆရာလူအောင်ရဲ့ ခေါ်အင်းဆီသို့ ပြေးဝင်ပူးကပ်နေပါတော့တယ် ။ 

          ဆရာလူအောင်လည်း ပြုဖွယ်ရှိသည်တို့ကို မန်းမှုတ်စီရင်ပြီး ပုဏ္ဏကတိုက်ထားတာကို အပြီးတိုင်ဖယ်ရှားပေးရင်း ကယ်တင်ပေးခဲ့ပါတယ် ။ 

          ကျနော်လည်း ဆရာတော်ရဲ့ အတွေ့အကြုံကို နားထောင်ပြီးဆေးရုပ်အစီရင် နဲ့ လုပ်ထားရင် ဆေးရုပ်ရအောင်ဖော်နိုင်တာနဲ့ ဖယ်ရှားရလွယ်သလို အခြားပုဏ္ဏကတိုက် အင်း စမ မသန့်စင်တဲ့ ပစ္စည်းတွေကိုလည်း လွယ်သလားမေးတော့ သဘောတရားက အတူတူပဲလို့ ပြောပါတယ် ။ 

          အဲဒီလို ပုဏ္ဏကတိုက်တဲ့အခါ တချို့က ရောဂါတွေ ဖြစ်တဲ့အထိ ရှိကြသတဲ့ ။ အဲလိုရောဂါကြတော့ ပုဏ္ဏကတိုက် ဖယ်ရှားနှိမ်နင်းပြီးရုံနဲ့  မပျောက်နိုင်သေးဘူးတဲ့ ။ ဆရာဝန်တွေနဲ့ ဆက်လက်ကုသကြရသေးတယ်လို့ ပြောပါတယ် ။ 

         အမှန်ဆိုရင် ပျောက်ရမှာ မဟုတ်လား ဘုရားလို့ ထပ်ကွန့်မိပါတယ် ။ မပျောက်တဲ့ အခါမျိုးလည်း ရှိသတဲ့ ။ ဥပမာ ပယောဂကုဆရာရဲ့ ပညာနဲ့ အောက်လမ်းဆရာတို့ ပညာချင်းမတိမ်းမယိမ်းဖြစ်နေပြီး ပွတ်ကာသီကာလောက် နိုင်ကြတဲ့ အခါမျိုးလည်း ရှိတတ်သတဲ့ ။ 

         အဲဒီအခါမှာ အပြီးတိုင် မနှိမ်နင်းနိုင်ပဲ သူ့လုပိထားတာကို ပြန်နှုတ်သွားဖို့ မစေခိုင်းနိုင်ပဲ ရှေ့ဆက်မနှောက်ယှက်နိုင်အောင်ပဲ တားမြစ်နိုင်ခဲ့ရင် အဲလို ထပ်မံကုသပေးဖို့ လိုတယ်လို့ ပြောပြပါတယ် ။ 

         တကယ်တန်း အဲဒီလိုမျိုး ဖြစ်ဖူးတဲ့ ဖြစ်စဥ် ရှိခဲ့ပါသလားဆိုတော့ ဆရာတော်က ဖြစ်ရပ်မှန်တခုကို ထပ်ပြောပြပါတယ် ။ 

        မဆလခေတ်တုန်းက မြိုင်နယ်ထဲမှာ နတ်ချောင်းဆိုတဲ့ရွာရှိပါတယ် ။ အဲဒီရွာမှာ ဆိုင်းဆရာဦးချစ်ထွေး နဲ့ ဒေါ်ချိုတို့မှာ သမီးလေးတယောက်ရှိပါတယ် (ကလေးမအမည်မေ့နေပါတယ်)။

         သူတို့ဒေသက သက်ကယ်မိုးလေ့ရှိပြီး သစ်ကယ်ရိတ်သွားရင်လည်း အိမ်ထောင် ၅ စုခန့် စုပေါင်းပြီး လှည်းတွေနဲ့ သက်ကယ်ရှိရာ ကွင်းပြင်ကြီးဆီ သွားလေ့ရှိပါတယ် ။ စုပေါင်းပြီးရိတ်ကြရပါတယ် ။ ထမင်းချက် သက်ကယ်ရိတ် အလှည့်ကျနဲ့ လုပ်လေ့ရှိပြီး လှည်းငါးစီးလုံး သက်ကယ်ပြည့်မှ အတူပြန်ကြပါတယ် ။ 

        အစောက ကလေးမလေး ထမင်းချက်တာဝန်ကျတော့ လှည်းဝိုင်းထဲကို မြေဆိုင်ခဲတွေနဲ့ ပစ်ခံရပါတယ် ။ သက်ကယ်ရိတ်သမားတွေ ပြန်လာတော့ အဲဒီအကြောင်းပြန်ပြောတယ် ။ တယောက်ယောက် သွားရင်းလာရင်း နောက်ပြောင်တာနေမှာပါလို့ ပြောကြပါတယ် ။ 

        အဲလိုပြောနေကြတုန်း ကျောက်တုံးတွေနဲ့ ဒရစပ်အပစ်ခံကြရပါတယ် ။ ပေါက်တဲ့သူကို လူခွဲရှာကြပေမယ့် လုံးဝမတွေ့ရပါဘူး ။ လူတွေအားလုံး လန့်ဖြန့်ပြီး သက်ကယ်ပြည့်အောင်မရိတ်တော့ပဲ ပြန်လာကြပါတယ် ။ 

        နတ်ချောင်းရွာပြန်ရောက်တော့ ဆိုင်းဆရာဦးချစ်ထွေး သမီးလေးမှာ ကြောက်လန့်တကြားနဲ့ အော်ဟစ်နေရပါတယ် ။ သူတို့က ရွာလယ်မှာပါပဲ ။ ဦးချစ်ထွေးအိမ်အထိ ပုဏ္ဏကတိုက်က လိုက်လာပါတယ် ။ 

       အိမ်ကို မြေဆံခဲတွေနဲ့ ပစ်ပေါက်ပါတယ် ။ တရွာလုံးသိနေတဲ့ ကိစ္စပါပဲ ။ အဲဒီနောက် ပိုဆိုးလာတာက ဒါးတွေပစ်ချ လှံတွေပစ်ချနဲ့ ကြမ်းတမ်းလာပါတယ် ။ 

       ဒီတော့မဖြစ်ချေဘူးဆိုပြီး ပယောဂကုဆရာပင့်လာရပါတယ် ။ အံ့သြစရာကောင်းတဲ့ အဖြစ်က ပယောဂဆရာလည်း အိမ်ဝန်းထဲရောက်လာရော မိုးသားကင်းစင်နေရာကနေ ချက်ခြင်း လေတွေ မိုးတွေ ပြင်းပြင်းထန်ထန်ကျလာပါတော့တယ် ။ တရွာလုံးအံ့သြခဲ့ကြရတာပေါ့ ။

          ပယောဂကုဆရာလည်း နေမကောင်းဖြစ်နေတဲ့ ကလေးမကို စမ်းသပ်ပြီး ကဲ သမီး ဒီမှန်လေးကို စောင်ခြုံပြီး ကြည့်ရမယ်လို့ ပြောပါတယ် ။ မှန်မှာလည်း အင်းကွက်တွေ ဆွဲပေးလိုက်ပါတယ် ။

          သမီးမကြောက်နဲ့ မှန်ကို နေရာအစုံကနေ ထောင်ကြည့်ပါ စောင်ခေါင်းမှီးခြုံထား တနေရာရာမှာ အဲဒီမကောင်းတဲ့သူရဲ့ ရုပ်ကို မြင်ရလိမ့်မယ် ။ မကောင်းတဲ့သူက သူ့ရုပ်အမှန်ပြချင်ပြမယ် မပြပဲ ကြောက်စရာအသွင်လည်း ပြချင်ပြလိမ့်မယ် ။ မကြောက်နဲ့ ဆရာရှိတယ်ဆိုပြီးခိုင်းပါတယ် ။

         ကောင်မလေးလည်း ဆရာခိုင်းသလို လုပ်ရင်း တနေရာလှည့်ကြည့်မိပြီး အလန့်တကြားအော်လိုက်ပါတယ် ။ ဆရာဖြစ်က ခြေမြန်လက်မြန် စောင်ကိုဆွဲလှပ်လိုက်ပါတယ် ။ 

         အကြောက်မပြေသေးတဲ့ ကလေးမရဲ့ လက်ထဲက မှန်မှာလည်း ထူးခြားနေလေရဲ့ ။ ပယောဂကုဆရာ ရေးပေးလိုက်တဲ့ အင်းတွေကို ပုဏ္ဏကတိုက်ထားတဲ့ အောက်လမ်းဆရာက ပြောင်းပြန် ပြန်ပြီးရေးသွားတာ တွေ့ရလို့ပါပဲ ။ 

          အဲလိုတွေ့ရတော့ ရွာထဲကလူတွေလည်း လန့်ကုန်တာပေါ့ ။ ဆရာက မှန်ထဲမှာ ဘယ်သူ့တွေ့ရလဲမေးတော့ နတ်ချောင်းရွာ အနောက်ဖက်နားက ချောင်းဂွ ချင်းရွာလေးထဲက လူကြီးလို့ အတိအကျ ပြောပါတယ် ။ 

         ဒါနဲ့ အဲဒီလူကို မင်းမိန့် နဲ့ ဖမ်းရမယ်ဆိုပြီး ရွာကောင်စီလူကြီးတွေနဲ့ ဖမ်းဖို့ ကြိုးစား​ကြပါရော ။ ရဲတွေပါခေါ်ပြီး သူ့ရွာကို သွားတော့ လမ်းမှာတွေ့တဲ့သူတွေက ချောင်းဂွ ချင်းရွာနားက ချောင်းထဲမှာ အဲဒီလူရေချိုးနေတယ်လို့ ပြောလို့ လိုက်ကြတယ် ။ 

         ချောင်းနားရောက်တော့ တောအစပ်တွေ့ခဲ့တယ်ပြောကြပြန်တယ် ။ တိုတိုပြောရရင် ဟိုနေရာတွေ့တယ်ပြော ဒီနေရာတွေ့တယ်ပြောနဲ့ ဖမ်းမိကြပါဘူး ။

          ပယောဂကုဆရာလည်း ဦးချစ်ထွန်းအိမ်မှာနေပြီး ကုနေတုန်း စာရွက်တွေ ကျလာပြီး အောက်လမ်းဆရာက စိန်ခေါ်ပါတယ် ။ ပယောဂကုဆရာကလည်း စိန်ခေါ်မှုကို လက်ခံပြီး ဦးချစ်ထွန်းအိမ်ဝိုင်းထဲက သရက်ပင်အောက်မှာ ပြိုင်ဖို့ ချိန်းပါတယ် ။ 

          ချိန်းတဲ့အချိန်မှာ ပယောဂကုဆရာက ဆေးဖယောင်းတိုင် ထွန်းပါတယ် ။ နတ်ချောင်းသူ နတ်ချောင်းသားတွေလည်း ဝိုင်းကြည့်နေကြတာပေါ့ ။ ထူးဆန်းတာက အဲဒီနေရာကွက်ကွက်လေးပဲ လေပြင်းကျ မိုးရွာဖြစ်လာပါတယ် ။

         မိုးရွာလေတိုက်နေပေမယ့် ထွန်းထားတဲ့ ဆေးဖယောင်းတိုင်ကလည်း မီးညွှန့်တောင် မလှုပ်ပဲ ကြံ့ကြံ့ခိုင်နေပြီး မီးမငြိမ်းပါဘူး ။ 

         ဆရာထိုင်နေတဲ့နေရာကို ဒါးတွေ လှံတွေ ဒရစပ်ပြုတ်ကြပေမယ့် လူကို မထိခိုက်ပါဘူး ။ ဆရာက ချုပ်ခိုင်း တုပ်ခိုင်းပေမယ် သူလည်း မချုပ်နိုင်ပါဘူး ။ 

       အဲလိုပြိုင်လာတာ ၅ ရက်လောက်ကြာလာတော့ ကောက်မလေးကို နောက်မနှောက်ယှက်တော့ပါဘူး ဆိုတဲ့ ကတိနဲ့ ပြိုင်ပွဲရပ်လိုက်ရပါတယ် ။ 

       အဲလိုအခြေအနေကြောင့် ကောင်မလေးရဲ့ ရောဂါကို မန္နလေးဆေးရုံမှာ ကုသစေခဲ့ရပါတယ် ။ သေကံမရောက်သက်မပျောက်မို့ ကျန်းမာလာပါတယ် ။ ယခုဆိုရင် နတ်ချောင်းက ဆိုင်းဆရာဦးချစ်ထွန်း မရှိတော့ပေမယ့် သားအမိနှစ်ယောက်လုံး ရွာလယ်မှာ နေထိုင်ဆဲပဲလို့ သိရပါတယ် ။ 

         နတ်ချောင်းကျေးရွာတွင်း ဖြစ်သွားတဲ့ အထက်ပါအဖြစ်အပျက်ဟာ တရွာလုံး တနယ်လုံး သိထားခဲ့ကြတဲ့ အဖြစ်အပျက်အမှန်ပါပဲ ။ အသက် ၄၅ အထက် လူကြီးတွေ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတဲ့ ဖြစ်ရပ်ဆန်းပါပဲ ။ 

       ဒါတွေကတော့ ကျနော် ကြုံတွေ့ ကြားသိခဲ့ရတဲ့ ပုဏ္ဏကတိုက်ခြင်းဆိုတဲ့ အံ့သြဖွယ် အောက်လမ်းအတတ်ပညာနဲ့ ဆယ်ကျော်သက်အထီးကျန် ဝေဒနာကြောင့် ပုဏ္ဏကတိုက်နဲ့ လွဲမှားတတ်ပုံတွေကို မျှဝေခြင်းဖြစ်ပါတယ် ။ 

        နောက်ပြီး မကောင်းလှတဲ့ wave တွေကြောင့် ဖြစ်တတ်တဲ့ သဘောသဘာဝ နဲ့  ပယ်ရှားနိုင်တဲ့ လွယ်ကူတဲ့နည်းလမ်းတွေ ကိုလည်း မျှဝေပေးပါတယ် ။ 

        ဒါတွေ မရှိပါဘူးကွာဆိုတဲ့ ပုဂ္ဂိုလ်များအတွက် ချင့်ချိန်နိုင်ရန် ကျနော်ရေးဖူးတဲ့ ဖြစ်ရပ်မှန်ကို ပြန်ပြောပါအုံးမယ် ။ 

         ယနေ့ လွှတ်တော်ဥက္ကဌကြီး ဦးတီခွန်မြတ်နေတဲ့ အိမ်တော်ကြီးမှာ အပေါ်ထပ်ကို ဘယ်သူမှ မနေဝံ့ပါဘူး ။ ပြောစကားအရတော့ အင်မတန်အခြောက်အလှန့်ကြီးသတဲ့ ။ ယခင် ဥက္ကဌဟောင်း ဦးရွှေမန်းနေစဥ်က အောက်လမ်းနည်းနဲ့ စီရင်ခဲ့တယ်လို့ ဆိုပါတယ် ။

         အဲဒါကို ဖယ်ရှားဖို့ နိုင်ငံတော်လူကြီးတွေ လက်စွဲ ဘိုးတော်ဆိုသူများနဲ့ ကြိုးစားခဲ့ကြပေမယ့် NLD သက်တမ်းကုန်ချိန်ထိ ဖယ်မရသေးပါဘူး ။ ဟုတ်မဟုတ်ကတော့ ဦးတီခွန်မြတ်နဲ့ မိသားစုတွေကိုမေးကြည့်ကြစေလိုပါတယ် ။ 

        ဒီတော့ ကျနော်တင်ပြခဲ့တဲ့ ပြဿနာများသည် ဖြေရှင်းလို့တနိုင်ပါတယ် ။ 95 % သော အခြောက်အလှန့်များသည် လူ့စိတ်ကြောင့် ဖြစ်နေကြခြင်းသာ ဖြစ်ပါတယ် ။ 

       အိမိဟောင်း ဆိုင်ဟောင်း များရှိ မကောင်းမှု ပါပဓာတ်လှိုင်းများအားလည်း လွယ်ကူတဲ့ပစ္စည်းများနဲ့ ရှင်းလင်းဖယ်ရှားနိုင်ပါတယ် ။ 

       စိတ်လှိုင်းများကြောင့် ဖြစ်ရပုံကို နမူနာပြောပြရလျှင် နတ်ပြည်ပေါ်ပေါက်လာရတာ လူတွေ ရဲ့စိတ်ဆန္ဒကြောင့်လို့ ဟောကြားတဲ့အခါ ဒါဆို ငရဲပည်ကရော ဘာကြောင့်ပေါ်လာရသလဲလို့မေးပါတယ် ။ 

       ဒါလည်း လူ့စိတ်ဆန္ဒကြောင့်ပဲ အနိုင်ကျင့်ခံရတဲ့သူတွေက ပြန်ပြီးကိုယ်တိုင် မတုန့်ပြန်နိုင်တဲ့အခါ ဒင်းကို နှိပ်စက်မယ့်သူ ပေါပါစေလို့ စိတ်ဆန္ဒပြင်းစွာ ဖြစ်ကြပါတယ် ။ အဲဒီ စိတ်ဆန္ဒကြောင့်သာ နှိပ်စက်မယ့် ငရဲပြည်ပေါ်လာရသတဲ့ ။ 

         အဲဒါကို ကြည့်ခြင်းအားဖြင့် စိတ်ဆန္ဒတွေရဲ့ ပြင်းထန်ထိရောက်မှုကို နားလည်သင့်သလောက် နားလည်လာနိုင်ပါမယ် ။ ကောင်းတဲ့ဆန္ဒ ၊ ကောင်းတဲ့စိတ်ထားများနဲ့ တိုင်းပြည်ကောင်းကျိုး သယ်ပိုးနိုင်ကြပါစေ ။ 

        ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...