Tuesday, July 5, 2022

ကျနော် ၊ ပုဏ္ဏက နဲ့ သိပ္ပံ (၅)


        ဆရာတော်က ထူးထူးခြားခြား မလုပ်ပဲ အမွှေးတိုင်ပဲ ထွန်းခဲ့တာ မြင်ရပါတယ် ။ အဲဒီနောက် ဗုဒ္ဓဘာသာထုံးစံအတိုင်း ဆွမ်းကပ် ကျွေးမွေး ဒါပါပဲဗျာ ။ 

         အားလုံးကိစ္စပြီးတော့ စျေးထဲက ဆိုင်ခန်းတခုဆီကို ဆက်သွားကြပါတယ် ။ ဆိုင်ခန်းက အခုမှ ဝယ်ယူထားတာမို့ ပါပဓာတ် အညံ့တွေနဲ့ ရေစက်ဖြတ်ဖို့ ဆောင်ရွက်တာပါပဲ ။ 

           ဆိုင်ခန်းထဲကို ကုလားတွေ ဆနွမ်းမှိုင်းခွက်နဲ့ ပူဇော်သလို ဆနွမ်းမှိုင်းတွေ မွှန်ထူနေအောင် တိုက်ပါတယ် ။ နောက်ပြီး ဆန်တောင်းပါတယ် ၊ ယူလာတဲ့ဆန်ကို ရေဆေးပြီး ရလာတဲ့ ဆန်ဆေးရေနဲ့ နေရာအနှံ့ပက်လိုက်ပါတယ် ။ ပြီးတော့ ဖယောင်းတိုင်မီးတွေ အကြိုအကြားမကျန် အကုန်လိုက်ထွန်းခိုင်းပါတယ် ။ 

         အားလုံးပြီးမှ ကဲ ရပြီဆိုကာ ပြန်လာကြပါတယ် ။ ဆိုင်သစ် ဖွင့်ပွဲ လုပ်ထုံးနဲ့ ဆိုင်ဟောင်းအတွက် ပါပဓာတ် ဖျက်ပွဲမှာ ဘဝင်မကျတာက ဆိုင်သစ်အတွက် အမွှေးတိုင်လေး ထွန်းခဲ့တာပဲ မြင်ရပြီး ဆိုင်ဟောင်းအတွက်တော့ ပိုပြီးအလုပ်ရှုပ်တာ ဘာအတွက်လဲ ပေါ့ ။ 

         ဘုန်းကြီးကျောင်းရောက်တော့ သိချင်တာ မအောင့်နိုင်ဘူး တခါတည်းမေးမိပါတော့တယ် ။

'' ဆိုင်သစ်ကို အမွှေးတိုင်ပဲ ထွန်းပြီး ဆိုင်ဟောင်းကျမှ ဘာလို့ ၃ / ၄ မျိုးလုပ်နေရတာလဲဘုရား ''

'' ဆိုင်သစ်ကို တမျိုးထဲ မထင်နဲ့ ဒကာမျိုး ပထမ ဆန်နဲ့ပက်ရတယ် ၊ ပြီးရင် ရေနဲ့သန့်ရတယ် ၊ ပြီးမှ အမွှေးတိုင်ထွန်းတာ အဲဒါမျိုး ၃ ရက်ဆက်တိုက် လုပ်ထားရတာ ။  ဒကာကြီးက အမွှေးတိုင်ထွန်းတာတခုပဲ သိလိုက်လို့ တမျိုးထင်နေတာပါ ''

'' တင်ပါ့ဘုရား အဲလိုမသိလို့ပါဘုရား ဆိုင်ဟောင်းမှာ ထူးခြားတာက အမွှေးတိုင်မထွန်းပဲ ဘာကြောင့် ဆနွန်းမှိုင်းခွက်ကြီးနဲ့ လုပ်ရတာလဲ ဘုရား ''

'' သူက ရှေ့ကထားခဲ့တဲ့ မကောင်းတဲ့ အငွေ့အသက်တွေ ဖယ်ရတော့ မှိုင်းအလုံးအရင်းလိုလို့လေ ''

'' ဆရာတော့်ဟာက ဟိန္ဒူစနစ်နဲ့ဆင်တူဖြစ်နေလို့ပါဘုရား ''

'' ဟုတ်တယ်လေ ဟန္ဒူတွေ ဆနွမ်းမှိုင်းတိုက်ပြီး ပါပဓာတ် နှင်ထုတ်ကြတာ စနစ်အမှန်ပဲ လေ ''

'' နောက်ပြီး ခါတိုင်းလို ဆန်စေ့နဲ့ ပက်တာမဟုတ်ပဲ ဆန်ဆေးရေနဲ့ပက်တာကရောဘုရား ''

'' စိတ်ထဲမှာ အနှောက်အယှက်က ကြီးနေလို့ ဆန်ဆေးရေကို သုံးလိုက်တာလေ ဆန်ကလည်း ပညပဓာတ်ကိုနိုင်တယ် ၊ ရေကလည်းနိုင်တယ် ၊ အနိုင်နှစ်မျိုးပေါင်းစည်းလိုက်တဲ့ ဆန်ဆေးရည်နဲ့ ရှင်းတော့ ပိုပြီးထိရောက်တာပေါ့ ''

'' ဒါဆို ဖြစ်သမျှ ပါပပြဿနာတွေကို ဆန်ဆေးရေနဲ့ချည်း ပက်ရင် ပိုပြီးထိရောက်မှာပေါ့ဘုရား''

'' အင်း ဆရာဆိုတာ အဲဒါပဲဗျ ဥပမာပြောမယ် ဆင်ချည်တဲ့ကြိုးနဲ့ ကြက်ချည်မရသလို ကြက်ချည်တဲ့ ကြိုးနဲ့ ဆင်ချည်လို့ မရနိုင်တာကို ​မြင်ယောင်ကြည့်လေ''

'' တင်ပါ့ဘုရား သဘာဝကျပါတယ်ဘုရား ဆန်ဆေးရည်နဲ့ ကုသပေးဖူးပါသလားဘုရား ''

'' တခါက ဝင်ငွေအလွန်ကောင်းတဲ့ ဌာနတခုက အရာရှိတယောက်ဟာ မပြောင်းရွှေ့ရအောင် အစိုးရနေအိမ်ဝန်းထဲ ရုက္ခမူနည်းနဲ့ အပင်တွေ စိုက်ထားတယ် လေ ''

'' တင်ပါ့ဘုရား ''

'' ပုံမှန်အရ ၅ နှစ်ဖလာက်ဆို ပြောင်းရွှေ့ကြရတဲ့ ဌာနမူအရ ပြောင်းမိန့်ကြလာပါရော ''

'' တင်ပါ့ဘုရား ''

'' ရုက္ခမူပညာကောင်းတော့ အကြောင်းအမျိုးမျိုးပေါ်ပြီး မပြောင်းရနိုင်ဖြစ်နေတယ် ၊ ဒါပေမယ့် မင်းမိန့်အရ မပြောင်းလဲ ဒုက္ခရောက်မှာမို့ ပြောင်းနိုင်ဖို့ ဆရာထပ်ခေါ် အကူညီတောင်းရပါရောလား''

'' တင်ပါ့ဘုရား ဘယ်လိုလုပ်ပါလိမ့်ဘုရား''

'' ဆရာဖြစ်သူက နားလည်သူမို့ မပြောင်ရဖို့ ဘာတွေစီမံထားလဲ မေးကြည့်တော့ ရုက္ခမူနည်းဆိုတာ သိသွားပြီး ကုစားပေးပါတယ် ''

'' ဘယ်လိုလုပ်ပါသလဲဘုရား''

'' ခဲရာခဲဆစ် မဟုတ်ပါဘူး စီရင်ထားတဲ့ သစ်ပင်တွေကို ဆန်ဆေးရေနဲ့ ပက်ပေးတာနဲ့ ပါပဓာတ်တွေ ကင်းသွားပြီး အဆင်ပြေသွားကြတယ် ဒကာကြီးရ ''

'' နောက်လူတွေကျတော့ကောဘုရား''

'' အင်း..ခုတ်သင့်တဲ့အပင်ခုတ် နှုတ်သင့်တဲ့အပင်နှုတ်ပစ်ရတာပေါ့ လေ ''

'' တင်ပါ့ဘုရား ဒါဆိုရင် တပည့်တော်ကြုံခဲ့ဖူးတဲ့ ပုဏ္ဏကတ်ိုက်ထားတဲ့ ပစ္စည်းတွေ အလိုအလျှောက် ရွှေ့နေတာတွေ ၊ အသံဗလံတွေ ကြားနေရတာတွေကိုရော ရှင်းလင်းလို့ ရပါသလားဘုရား''

'' အဲဒါကျတော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ ဇစ်မြစ်ကို ကြည့်ပြီး ရှင်းပစ်ရတာ ဒကာကြီး တချို့က လွယ်ပါတယ် တချို့က ခက်ခက်ခဲခဲ လုပ်ကြရတတ်တယ် ''

''တင်ပါ့ဘုရား တပည့်တော်ရှေ့မှာပဲ ပယောဂဆရာတယောက် ထွက်ပြေးရတာ ကြုံဖူးတယ်ဘုရား အဲဒီလို ပုဏ္ဏကတိုက်ဖြစ်စဥ်တွေကလည်း ကမ္ဘာအနှံ့ ဖြစ်နေကြတဲ့ သတင်းတွေလည်း တွေ့ရပါတယ်ဘုရား ဒါကြောင့် သာမန်လူတွေအတွက် လွယ်လွယ်လေးနဲ့ ရှင်းလင်းလို့ရတဲ့နည်းလမ်းရှိရင် လမ်းညွှန်ပေးပါအုံးဘုရား ''

'' အင်း  နည်းသိရင် လွယ်ပါတယ် ဒကာကြီး ဒါ့ထက် ဒကာကြီးမေးတဲ့ ပုဏ္ဏကတိုက်လို့ ခေါ်ရတဲ့ အကြောင်းအရင်းကိုရော သိသလား ''

'' မသိပါဘူး ဘုရား သူများခေါ်လို့သာ ခေါ်ရတာပါ ဘုရား ''

''ဒီလို ဒကာကြီးရ အခြေခံအကြောင်းလေးတွေက စပြီး ရှင်းပြမှ စိတ်ထဲမှာ ရှင်းကနဲဖြစ်မှာမို့ အချိန်ရလား အခြေခံကနေ ဘုန်းကြီးပြောပြချင်လို့ ''

'' ရပါတယ်ဘုရား တပည့်တော်ကလည်း အဲလို ဇစ်မြစ်ကစပြီး သိချင်ပါတယ် ဘုရား ''

'' ပထမဆုံး ပယောဂ အတိုက်ခံရတယ် ဆိုတဲ့ ကိစ္စက စပြောမယ် ''

'' တင်ပါဘုရား ''

'' ပယောဂတိုက်တယ်ဆိုတာက တကယ်ရှိတယ် ၊ နမူနာပြောရရင် နတ်ကတော်တွေကိုကြည့် သူတို့ကိုးကွယ်ရာ အမှောင်ထဲက နတ်တွေနဲ့ တိုင်တည်တိုက်ခိုက်လေ့ရှိတယ် ဒကာကြီး ''

'' ဘယ်လို တိုက်ပါသလဲ ဘုရား ''

'' အလွယ်ဆုံးနည်းကတော့ အင်း စမ ပတ်ထားတဲ့ ဖရောင်းတိုင်ကို ဇောက်ထိုးထား မီးထွန်းပြီး တခြားသူကို ရည်စူးတိုက်တာ အလွယ်ဆုံးနည်းပဲ ၊ ဘယ်လိုနတ်ကို တိုင်တည်သလဲဆိုတော့ ဒီမှာတော့ အနောက်မယ်တော်ကြီး (အမေရေယဥ်) လို အမှောင်နတ်မျိုး တိုင်တည်လေ့ရှိကြတယ် ''

'' ဒါဆို အတိုက်ခံရသူ ဒုက္ခရောက်ပါသလား ဘုရား ''

'' အဲလိုအတိုက်ခံရသူတိုင်းလည်း ဒုက္ခမရောက်ကြပါဘူး သူ့ရဲ့ သီလ သမာဓိ ပညာ အပေါ် မူတည်တာတချက် ၊ အတိုက်ခံရသူရဲ့ ငါတော့ အတိုက်ခံနေရပြီလား အပြုစားခံနေရပြီလား ဆိုတဲ့ ပျော့ညံ့ကြောက်ရွံ့တဲ့ စိတ်ကြောင့်အပေါ် မူတည်ပြီး ထိရောက်မှု မတူညီပါဘူး ''

'' ကိုယ့်ကို သူတပါးတိုက်ခိုက်တာ သာမန်လူက ဘယ်လို သိနိုင်မှာလည်း ဘုရား ''

'' အင်း...စိတ်ရဲ့သဘောက အင်မတန်ထူးခြားတယ် ဒကာကြီး မိမိဘာသာ လုပ်ကန်းကိုင်ငန်း အဆင်မပြေရင်ပဲ ကိုယ်အသုံးမကျတာ (ပျင်းတာ ဖျင်းတာ မကျွမ်းကြင်တာ) မသုံးသပ်ပဲ ငါ့ကို သူများလုပ်ထားသလားဆိုတဲ့ အတွေးစဝင်လာတတ်တယ် ၊ ပိုဆိုးတာက ဗေဒင်မေး နတ်မေး မေးမိရင် လုပ်ငန်းအဆင်မပြေရခြင်းအကြောင်းအချက် တရားခံမသိပဲ ရမ်းတုတ်တတ်တာက အလုပ်ခံထားရတယ်ဆိုပြီး ဟောချလိုက်တာပါပဲ ''

'' ဒီတော့...... ''

'' အဲဒီ ခြောက်လှန့်ခံရတဲ့စိတ်အခံနဲ့ သူတပါးက သူ့ကိုရည်စူးပြီး တကယ် တိုက်ခိုက်နေချိန်နဲ့ ဖတ်ကနဲ ဆုံသွားချိန်မှာ မကောင်းတဲ့ဆိုးကျိုးလှိုင်းက အကျိုးပေးလာတော့တာပဲ ဒကာကြီး ''

'' တင်ပါ့ဘုရား နားလည်ရခက်ပါတယ် ဘုရား ''

'' အဲဒီလို သာမန်နားလည်းရခက် ကုစားရခက်လို့ကို ပယောဂဆိုတဲ့ အမည်တပ်ထားရပေါ့ ဒကာကြီးရ ကဲ လက်စနဲ့ ပုဏ္ဏကကို ဆက်ရှင်း​ပြမယ် မရှင်းတာရှိရင် နောက်မှဆက်မေး ''

'' တင်ပါ့ဘုရား ''

'' ပုဏ္ဏကဆိုတာ ဇာတ်ကြီးဆယ်ဘွဲ့ထဲက အင်မတန်ဥာဏ်များပြီး တန်ခိုးကြီးတဲ့ နတ်ဘီလူးပဲ ဝိဓူရအမတ်ကြီးကို မြင်းမှီးဆွဲခိုင်းပြီး ခေါ်သွားတာ သူပဲလေ ''

'' တင်ပါ့ဘုရား ''

'' ပုဏ္ဏကဘီလူးရဲ့ ထူးခြားချက်က သူသည် နတ်ဆိုးတွေကို အုပ်ချုပ်ရတဲ့ ကုဝေရနတ်မင်းကြီးရဲ့ တူအရင်းဖြစ်နေပြီး အဲဒီအုပ်ချုပ်ခွင့်ကို ကုဝေရနတ်မင်းကြီးက အာဏာကုန်လွှဲအပ်ထားတဲ့ နတ်ဘီလူးဖြစ်နေတာ ထူးခြားချက်ပဲ ''

'' အောက်နတ်ဆိုတော့ သူတို့ကိုမှီပြီး ဖြစ်လာရတဲ့ ဇော်ကနီ ဇော်ကနက် မောက်လုံး မောက်ပြား ၁၂ ကြိုး စုံး ကဝေ အစရှိတဲ့ နတ်တွေရောလားဘုရား ''

'' မှန်တယ် အဲဒါကြောင့် တော်ရုံပယောဂဆရာ ကုမရတဲ့ ပယောဂအဆင့်မို့ ပယောဂတို့ရဲ့ ထိပ်ဆုံးက အဆင့် ပုဏ္ဏကတိုက် လို့ အမည်ပေးကြတာပဲ ခုနစ်စင်တိုက်လို့လဲ ခေါ်တတ်ကြသေးတယ် ၊ ကုဝေရနတ်မင်းကြီးရဲ့ အထူးအာဏာကုန်ပေးထားခြင်းခံရတဲ့အတွက် နတ်ဆိုးတွေ မပြောနဲ့ တော်ရုံနတ်ကောင်းလည်း ပုဏ္ဏကကို ကြောက်ကြရတယ် ဒကာကြီး ဒါကြောင့် သာမန်ပယောဂဆရာတွေ ပုဏ္ဏကတိုက်ခံသူတွေကို မကုသ မဖယ်ရှားနိုင်တာပဲ '

'' ဒါဆိုရင် ပုဏ္ဏကတိုက်နိုင်ဖို့အတွက် သူ့ရဲ့ ဟိတ်ကို ရယူဖို့လည်း ခက်မယ်ထင်ပါတယ် ဘုရား ''

'' တော်ရုံအောက်လမ်းဆရာ ဘယ်အနားကပ်နိုင်မလဲ ဒကာကြီး အခုခေတ်ဆို အတော်ရှားပါးနေရောပေါ့ လေ ''

'' ဘယ်လို တိုက်တတ်သလဲဆိုတာ ပြောပြပါအုံးဘုရား ''

'' တိုက်မယ့်ဆရာရဲ့ လမ်းကြောင်းအရ အင်း ၊ စမလိုင်း ၊ ဆေးလိုင်း ၊ ရုပ်ထုလိုင်းဆိုပြီး သူ့လိုင်းနဲ့သူ မှော်သွင်းစီရင်ပြီး တိုက်ခိုက်လေ့ရှိကြတယ် ဒကာကြီး ''

'' သြော် အင်းအိုင် ဂါထာတွေ ရွတ်ပြီး ပုဏ္ဏကရဲ့ ဟိတ်ကို အသက်သွင်း တိုက်ခိုက်တာပေါ့ ဘုရား ဘယ်နည်းက ပိုပြီး ပြင်းထန်မလဲ ဘုရား ''

'' သူ့နည်းနဲ့သူ ပြင်းထန်မှုကတော့ တိုက်တဲ့ ဆရာရဲ့ အစွမ်းအစအပေါ် မူတည်ပြီး ကွာသွားလေ့ရှိတာပေါ့ ဒါပေမယ့် အောက်လမ်းအတိုက်ထဲမှာတော့ ရှင်းရအခက်ဆုံး အပြင်းထန်ဆုံး အတိုက်ပညာဖြစ်တယ် ဒကာကြီး ''

'' ပယောဂအားလုံးကို စစ်နိုင်သလား ဘုရား ''

'' ဒီနေရာမှာ ပယောဂ သဏ္ဍန်ဖြစ်သော်လည်း ပယောဂမဟုတ်ရင် စစ်မရတော့ဘူး ၊ အဲလိုပဲ သိပ်မြင့်သွားတဲ့ ပယောဂကို အဆင့်မမှီတဲ့ဆရာ စစ်ဆေးရင်လည်း မသိနိုင်ဘူး မကုနိုင်ဘူးပေါ့ လေ ''

'' ဒါဆိုရင် လိုရင်းကို မေးကြည့်ပါမယ် ဘုရား အရှင်ဘုရား ပုဏ္ဏကတိုက်ကို ကုသဖယ်ရှားပေးနိုင်ပါသလား ဘုရား ''

'' ဒါကတော့ ဇစ်မြစ်ကို မေးမြန်းပြီးမှ ဖယ်ရှားလို့ ရမရ ပြောနိုင်မှာ ဖြစ်တယ်ဒကာကြီး ''

'' ဖယ်ရှားပေးဖူးတဲ့ အတွေ့အကြုံတော့ ရှိခဲ့တယ်ပေါ့ ဘုရား ''

'' ကြွားမပြောချင်ပေမယ့် မေးလာလို့ ဖြေရရင် ပုဏ္ဏကတိုက်တဲ့ အိမ် ၁၀ အိမ်လောက် ဖယ်ရှားပေးခဲ့ပြီးပြီ ဒကာကြီးရေ ''

'' အဆင်ပြေကြရဲ့လား ဘုရား ''

'' အားလုံး အဆင်ပြေတယ်ဒကာကြီး ''

'' တပည့်တော်နဲ့တွေ့တာ နောက်ကျသွားတယ်ဘုရား တပည့်တော်က ဘယ်လိုလုပ်သလဲ မြင်ဖူးချင်တာဘုရား ''

'' နောက်မကျပါဘူး ဒကာကြီး ဒီလကုန်ရင်ကို အိမ်တအိမ်သွားပြီး ဖယ်ရှားပေးဖို့ ရှိပါ့ဗျာ ''

'' ဒါဆို တပည့်တော် လိုက်ချင်ပါတယ်ဘုရား ''

'' ရပါ့ဗျာ ပြီးမှ ဆရာတော့် ဖယ်ရှားနည်းကလည်း ဆိုပြီး မပြောနဲ့နော် ''

'' တင်ပါ့ဘုရား ''

          ကဲ သိချင်နေတဲ့ လိုရင်းကို ရောက်လာပေပြီ ။ ပုဏ္ဏကတိုက်တာကို ဘယ်လို ကုသဖယ်ရှင်းမလဲဆိုတာ အရမ်းသိချင်နေပြီ ။ စိတ်ထဲမှာ ရှမ်းပြည်က ပုဏ္ဏကတွေကို မကျေနပ်နိုင်သေးဘူး ။ မျက်စေ့အောက်တင် မြင်ရပြီး ဘာမှ ပြန်မလုပ်နိုင်ခဲ့လို့လေ ။ 

         ဒီလိုနဲ့ လကုန်ရက်ရောက်တော့ ဆရာတော်နဲ့ လိုက်သွားခဲ့ပါတယ် ။ ရန်ကုန်နားက မြို့တမြို့ဖြစ်တဲ့ သံလျှင်ဖက်ကို သွားကြတာပါ ။ ပုဏ္ဏကတိုက်တဲ့ အိမ်ရောက်တော့ မိသားစုနဲ့တွေ့ပြီး ပုဏ္ဏကတိုက်ပုံမေးကြည့်ပါတယ်။

         ကျနော်ကြုံရသလိုပါပဲ ။ ထူးခြားမှုအနေနဲ့ ခဲလုံးတွေ ကျလာတာကို မြင်တွေ့ကိုင်တွယ်လို့ ရတဲ့အဆင့်ဆိုတော့ ကြောက်လာပြီး ဆရာတော်ကို ပင့်ကြတာပါ ။ ဆရာတော်က ပုဏ္ဏကနဲ့ တိုက်ခိုက်ဖို့ ဘာတွေ ပြင်ဆင်လာမယ် ဆိုတာ မမေးခဲ့မိလို့မသိရပေမယ့် ထူးဆန်းတဲ့ မေးခွန်းတွေကို မေးနေတာ တွေ့ရပါတယ် ။ 

         ကြမ်းတမ်းတဲ့ ပုဏ္ဏကတိုက်ကို ဖယ်ရှားပေးမယ့် ဆရာတော်က ပုဏ္ဏကဘယ်လို ခြောက်လှန့်ကြောင်း ဘယ်အချိန်ခြောက်လှန့်ကြောင်း မမေးပဲ မဆိုင်တာတွေ မေးနေလေရဲ့ ။

        ဘာတွေမေးနေလဲဆိုတော့ မိသားစုရဲ့ အလုပ်အကိုင် အသက်အရွယ် ကျန်းမာရေး လူမှုရေး စီးပွားရေး ပညာရေး အကုန်လုံးကို တဦးခြင်းဆီ မေးနေလေရဲ့ ။ မိသားစုလေးဦးလည်း လူစုံအောင်မေးပြီးရော ဆရာတော်က ကြမ်းတမ်းတဲ့ ဆရာမနိုင် နှစ်ဆောင်မြိုင် ပုဏ္ဏကတိုက်ကို ဖြိုဖျက်ဖို့ စီစဥ်ပါတော့တယ် ။ ဘယ်လိုစီစဥ်သလဲဆိုတော့........

        ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...