Thursday, July 7, 2022

ကျနော် ၊ ပုဏ္ဏက နဲ့ သိပ္ပံ (၇)



 '' ပုဏ္ဏကတိုက်ဆိုတဲ့ အတိုက်ပညာကို အသုံးချတဲ့နေရာမှာ ဆေးဝါးသုံးမလား ၊ အင်း စမ သုံးမလား ၊ ရုပ်ထုသုံးမလား ၊ အရိုးခေါင်းအစရှိတဲ့ ပစ္စည်းသုံးမလား ဆိုတဲ့ နည်းလမ်းတွေနဲ့ တိုက်ခိုက်ကြလေ့ရှိတယ် ''

'' တင်ပါဘုရား ''

'' အဲဒါကို ဖယ်ရှားဖို့ဆိုရင် သာမန် ဆရာနဲ့မရတော့ဘူး

- စရဏအားကောင်းရမယ် ၊

- ကျင့်ကြံအားထုတ်မှု ကောင်းရမယ် ၊ 

- စစ်မှန်တဲ့ဝိဇ္ဇာပညာကို ဥပဇ္ဇယ်ဆရာနဲ့ ကျကျနန သင်ခဲ့မယ် ၊ အတွေ့အကြုံလည်း ရှိရမယ်

- ဆရာတို့ စောင့်ထိမ်းအပ်သော စည်းကမ်းတွေကို လုံခြုံစွာ လိုက်နာထားမယ် ဆိုရင် နိုင်ပါတယ် ''

'' တပည့်တော်ကြားဖူးတဲ့ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်တွေ သင်ကြားပေးထားတဲ့ ဂိုဏ်းချုပ် ဂိုဏ်းအုပ်တွေဆိုရင်ကောဘုရား''

'' သူတို့လည်းနိုင်တာပဲ အဲဒီအဆင့်တွေရဲ့ စရဏအားကလည်း ဘယ်နည်းမလဲ ''

'' တင်ပါဘုရား အရှင်ဘုရား အတွေ့အကြုံလေးကို ပြောပြပါဘုရား ''

'' ဒီလိုကြုံဖူးတယ် ပုဏ္ဏကတိုက်ထဲက လူဝင်ပူးတဲ့ တယောက်ပေါ့ ကြမ်းတမ်းတဲ့အဆင့်ဆိုတော့ ဘယ်သူမှ မနိုင်လို့ သွားကုပေးရတာ နေရာက ရေလယ်ကျောက်တန်းဘက်မှာပဲ ဒကာကြီး ''

'' တင်ပါဘုရား ဘယ်လို ကုခဲ့ပါသလဲဘုရား ''

'' ပုဏ္ဏကဝင်သူက စိတ်ထပြီး ထခုန်ရင် ထုတ်တမ်းပေါ်ထိ ဖျက်ကနဲ တက်သွားနိုင်တယ် ၊ မင်းက ဘာကောင်လဲမေးတော့ ငါ ပုဏ္ဏကကွ မင်းမယုံရင် ခုန်ပြမယ် ထုတ်တမ်းပေါ်ရောက်စေရမယ် လို့ပြောတယ် ဒကာကြီး ''

'' တင်ပါဘုရား ''

'' ဒီတော့ ကဲ ခုန်စမ်းကွာဆိုတော့ သူထခုန်တယ် အခုန်မှာ သူ့အထက်ကို လက်ညှိုးထိုးပြီး စက်ကြိုးတွေ အကုန်ဖြတ်ဆိုပြီး သူ့ရဲ့ ပညာစက်ကြိုးကို ဖြတ်ချလိုက်တော့ ခုန်လက်စကနေ ဝုန်းကနဲ ခွေးကျပြန်ကျလာတာပဲ ''

'' အံ့သြစရာပဲ ဘုရား''

'' ပြီးတော့မှ ပုဏ္ဏကထက်ကြီးတဲ့သူတွေ လာစမ်း အဲဒီပညာတွေ အကုန်သိမ်းတယ် ဆိုင်ရာဂိုဏ်းချုပ်တွေ ပညာပြန်သိမ်း ၊ နိုင်တဲ့သူချုပ်ထား ၊ မိရာကြိုးနဲ့တုတ် ဆိုပြီး ဖမ်းချုပ်ပြီး ကုလိုက်တာ ကောင်းသွာပါတယ် ''

'' တပည့်တော့ သိချင်တာက ဆရာတော် အဲသလို အမိန့်ပေးတော့ လုပ်ပေးကြတာပဲလား ဘုရား ''

'' မေးထိုက်တဲ့ မေးခွန်းပဲ ဒကာကြီး ပယောဂပညာဆိုတာ အလှည့်အပတ် အဆင်အကွက်တွေနဲ့ ကစားကြရတာပဲ ၊ ဒီလောက်တန်ခိုး ပါဝါကြီးသူတွေကို ခိုင်းလို့ ဘယ်ရမလဲ တကယ်ကျတော့ နိုင်တဲ့သူရဲ့ ဟိတ်ကို ရယူပြီး ခြိမ်းခြောက်အနိုင်ယူရတာလို့ ပြောရင် နီးစပ်လိမ့်မယ် ''

'' သြော်ဒါဆို ကိုယ်တမ်းတတဲ့ ပုဂ္ဂိုလ်တွေရဲ့ အရှိန်အဝါနဲ့ ခြိမ်းခြောက်ပြီး စိတ်ဓာတ်လွှမ်းမိုးမှုမယ် ပြီးတော့ အထက်စီးနေ အမိန့်ပေးပြီး အနိုင်ယူရတာပေါ့  ''

'' အမှန်ပဲ အဲလိုပြောရင် ဆရာအချို့ကတော့ ကြိုက်မယ်မထင်ဘူး ဒကာကြီးရေ ''

'' တင်ပါ့ဘုရား ဒီလို လူကိုပူးကပ်တာ ဒီလိုကုသရသလို ရှေ့ကပြောခဲ့တဲ့ ဆေး ၊ အင်းစမ ၊ ရုပ်ထု ၊ မသန့်တဲ့အစီအရင်တွေကြတော့ရော ဘယ်လို ကုသပါသလဲဘုရား ''

'' အဲဒါမျိုးတော့ ခေါ်အင်း ၊ လိုက်အင်း တွေ နဲ့ အစီရင်ကို ရှာဖွေဖော်ထုတ်ပြီး ရှင်းလင်းရတာပေါ့ ''

'' ခေါ်အင်း လိုက်အင်း ဆိုတာ...''

'' ကုသဖယ်ရှားမယ့် ဆရာက သူသန်ရာနဲ့ ရှာဖွေကြရတယ် ၊ တချို့က ဆန်စေ့နဲ့ မြှပ်ထားတဲ့ အစီရင်ကို ရှာတယ် ၊ တချို့ကတော့ ကြက်မမှာအင်းဆွဲရှာကြတယ် ''

'' ဘယ်လိုတွေ့ကြသလဲဘုရား''

'' ဆန်ကတော့ အစီရင်ရှိရာကို သူ့အလိုလို ရွှေ့သွားပြီး ရောက်ရင် ဝဲကတော့ထိုးပြတယ် ၊ ကြက်မကျတော့ အစီရင်ရှိတဲ့နေရာကို ရှာပြီး ဝပ်ပြတယ် ''

'' အံသြစရာဘုရား အဲဒါလိုက်အင်းရဲ့သဘာဝလားဘုရား ခေါ်အင်းကရော ဘယ်လိုရှာသလဲ ဘုရား ''

'' ခေါ်အင်းက ပိုပြီး ပါဝါကြီးတယ် ဒကာကြီး သူ့ဆီကို အစီရင်လာဖို့ သစ္စာဆို မန်းမှုတ်တာနဲ့ ​မြေကြီးထဲ မြှပ်ထားလည်း သူ့အလိုလိုထိုးထွက်ပြီး ခေါ်အင်းဆီ အရောက်လာပူးရတယ် ''

'' တင်ပါ့ဘုရား ကျောက်ပြားနဲ့ ဖိထားရင်ကောဘုရား ''

'' ခေါ်အင်းရဲ့ ပါဝါက အင်မတန်အားကြီးတယ် ကျောက်ပြားလည်း ကွဲကြေပြီး ထိုးထွက်လာတာပဲ ဒကာကြီး ''

'' တင်ပါဘုရား ခေါ်အင်းက အလွန်ထူးဆန်းပါတယ် ဘုရား ဆရာတော်မြင်ဖူးပါသလားဘုရား ''

'' ၈၈ မတိုင်ခင်က ရန်ကုန် ဘဝမြင့် မှာ ဦးလူအောင်ဆိုတဲ့ ရွှေရင်ကျော်ဆရာတယောက်ရှိတယ် ။ သူ့ဆီမှာ ကျွဲဂျိုဖြူနဲ့ စီရင်ထားတဲ့ အင်မတန်အစွမ်းထက်တဲ့ ခေါ်အင်းရှိတယ် ၊ သူကုသဖယ်ရှားတာကို ဆရာတော် တွေ့ဖူးတယ် ဒကာကြီး ''

'' တင်ပါ တပည့်တော်ကို ပြောပြပါဘုရား ''

          ဆရာတော်ပြောပြချက်အရ ရွာကြီးတရွာရဲ့ ခြံကျယ်ကြီးထဲက အိမ်ကြီးတလုံးက ရှေးခေတ် အင်္ဂလိပ်အရာရှိကြီး နေသွားတဲ့ အိမ်ဆိုတော့ အခန်းတွေ အများကြီးနဲ့ အင်မတန်ကြီးကျယ်ပါတယ် ။ 

          သူတို့မိသားစုကို ရန်ငြိုးရှိတဲ့သူက ပုဏ္ဏကတိုက် အစီရင်နဲ့ မှော်သွင်းလုပ်ကြံပါတယ် ။ ပုဏ္ဏကတိုက် ထုံးစံအတိုင်း ခဲနဲ့ပေါက်တာ ၊ ပန်းကန်ခွက်ယောက်တွေကျကွဲတာ ၊ ဒါးတွေ လှံတွေ ပြုတ်ကြတာ ဖြစ်လာတော့ ရွာနီးချုပ်စပ်က ပယောဂဆရာတွေကို ခေါ်ပြီးရှင်းလင်းပါတယ် ။

        သာမန်အဆင့် ဆရာတွေမို့ ပုဏ္ဏကတိုက်ကို မနှိမ်နင်းနိုင်ပဲ သူတို့ပဲ ပုဆိုးစွန်တောင်စွဲ ပြေးကြရတာပါပဲ ။ ပုဏ္ဏကတိုက်က တဖြေးဖြေး ကြမ်းတမ်းလာပုံက ထရံမှာ ချိတ်ထားတဲ့ လွယ်အိတ် မီးလောင်တာတို့ ၊ အိမ်တိုင်တွေမှာ သူ့အလိုလို မီးထတောက်တာတို့ထိ ဖြစ်လာတော့ ဆရာကောင်း ရှာကြရပါပြီ ။ 

         ဒီလိုနဲ့နောက်ဆုံး ဆရာဦးလူအောင်ထံရောက်လာပါတယ် ။ ဒါနဲ့ အဲဒီရွာကို သွားတော့ ယခုဆရာတော်ပါ အဖော်လိုက်သွားပါတယ် ။ 

        ဆရာလူအောင်က မိုးနဲ့မြေအပါ စင်္ကြာဝဠာအားလုံးထိ တိုင်တည်သစ္စာဆိုပြီး လုပ်ငန်းစပါတယ် ။ သူ့ရဲ့နာမည်ကျော် ကျွဲဂျိုဖြူ ခေါ်အင်းကို အသက်သွင်းပြီး တနေရာရာကနေ ထွက်လာမယ့် ပုဏ္ဏကအစီရင်ကို စောင့်နေတုန်းမှာပဲ '' ဝေါကနဲ '' အသံနဲ့အတူ......

       ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...