Saturday, July 2, 2022

ပညာရှာ တကယ်သူတောင်းစား (၁၀)



          ညောင်ကိုင်းကြီးတွေ တဗြုန်းဗြန်းနဲ့ ကျိုးကျလာပါတယ် ။ ရွှေရင်ကျော် ဆရာကတော့ အပြုံးမပျက်ပဲ ဒီအတိုင်းထိုင်နေပါတယ် ။ ညောင်ကိုင်းတွေဟာ ရွှေရင်ကျော်ဆရာအား ထိခိုက်ခြင်း မရှိပဲ ဘေးဝန်းကျင်သာ ကျရောက်ပါတယ် ။ 

          အောက်လမ်းဆရာလည်း မောလောက်အောင် အစွမ်းကုန် တိုက်ခိုက်ပေမယ့် ဘယ်လိုမှ မထိခိုက်စေနိုင်ခဲ့လို့ ရွှေရင်ကျော် ဆရာရဲ့ တိုက်ခိုက်မှုအလှည့် ရော​က်လာရပါတယ် ။ 

       ရွှေရင်ကျော် ဆရာကတော့ ထုံးစံအတိုင်း ချုပ်ခိုင်း ရိုက်ခိုင်း နဲ့ မသေရုံဖြစ်အောင် နှိပ်စက်ပြီး အရှုံးပေးပါပြီ ပြောမှ ပြန်လွှတ်လိုက်ပါတယ် ။ ကြည့်နေတဲ့သူတွေလည်း ဒီတော့မှ သက်ပျင်းချနိုင်ပြီး လက်ခုပ်တီး အားပေးကြပါတော့တယ် ။ 

      အောက်လမ်းဆရာဟာ နောက်နောင် ဒီပညာ နဲ့ သူတပါးကို မနှိပ်စက်ပါဘူး ဒုက္ခမပေးပါဘူး လို့ ခံဝန်ကတိပေးပြီး သူပိုင် စည်းစိမ်တွေနဲ့ မယားတွေကို အပ်သွားရပါတယ် ။ ရွှေရင်ကျော် ဆရာကတော့ အောင်လမ်းဆရာရဲ့ မိန်းမတွေကို ပြုစားထားခြင်းများအား ကောင်းစွာ ကုသပေးပြီး ပြန်လွှတ်လိုက်ပါတယ် ။

       ကျနော်က သိချင်နေတာ တခု ထပ်မေးတော့ ဆရာတော်က ပြုံးပါတယ် ။ ဘာလဲဆိုတော့ မိန်းကလေးတွေ စုန်းပူးသလို နတ်ပူးသလို ဘာစကားတွေမှန်းမသိ လျှောက်ပြောနေတာ ပယောဂလားလို့ မေးမိတာပါ ။

        ဆရာတော်က အဲဒါ လူလိမ်ပယောဂ ဆရာဆိုရင်တော့ ဟုတ်တယ်ပြောပြီး ကုပေးလိမ့်မယ်တဲ့ ။ တကယ်တမ်းကျတော့ ပယောဂမဟုတ်ဖူးတဲ့ ။ မြန်မာ မိန်းကလေးတွေရဲ့ ထိမ်းချုပ်နေရတဲ့ စည်းကမ်းတွေကြောင့် ဖြစ်ရတာတဲ့ ။ 

        နားမလည်လို့ ထပ်မေးတော့ မိန်းကလေးတွေမှာလည်း ဖို မ သဘာဝ အရ ဆန့်ကျင်ဖက် ယောကျာ်းလေးတွေ နဲ့ ပုတ်ခတ်ထိတွေ့လိုတဲ့ ဆန္ဒရှိကြသတဲ့ ။ တကယ်တမ်းကျတော့လည်း ဒါဟာ သတ္တဝါတို့ရဲ့ သဘာဝမို့ မဆန်းပါဘူးတဲ့ ။ သို့သော် မြန်မာ့ယဥ်ကျေးမှုအရ လူကြီးမိဘတွေရဲ့ အုပ်ထိမ်းမှု အောက်မှာ တင်းကျပ်စွာ အုပ်ချုပ်ခံနေရတော့ ဆန့်ကျင်ဖက် လိင်ရဲ့ ထိတွေ့မှုနဲ့ လုံးဝ ကင်းကွာနေကြရတဲ့ အနေအထားထိ ရောက်သွားရသတဲ့ ။ 

       အဲဒီအချိန်မှာ ထိမ်းချုပ်ထားရတဲ့ သဘာဝစိတ်ခံစားမှု နဲ့ တောင်းဆိုမှုကို မလိုက်လျှောတဲ့အခါ စိတ်ထွက်ပေါက်ရှာမိပြီး စုန်းပူးသလို နတ်ပူးသလို လူနားမလည်တဲ့ ဝူးဝူးဝါးဝါး စကားတွေ ပြောနေတတ်ပါသတဲ့ ။ 

         ကုသနည်းက အင်မတန်လွယ်သတဲ့ ။ ယောကျာ်းလေး တဦးဦးက နောက်ကျောဖြစ်စေ ၊ ဦးခေါင်းဖြစ်စေ ၊ ခြေ လက်တို့ကို ဖြစ်စေ ပွတ်သပ်ပေးရုံနဲ့ ပျောက်ကင်းပါသတဲ့ ဗျာ ။ 

(ဒီလိုမျိုး ပြဿနာတွေ ကျနော်တို့ ဝန်းကျင်မှာ မကြာမကြာ ကြုံနေကြရပါတယ် ။ သဘာဝကိစ္စမို့ ရှက်စရာမလိုပါဘူး ၊ အခုပြောထားတဲ့ နည်းနဲ့ လွယ်လင့်တကူ ကုသကြည့်ကြပါ အမှန်တကယ် ပျောက်ကင်းပါတယ်)  

          ကျနော်လည်း သိချင်တာတွေ ဆက်မေးကြည့်တာက အထက်လမ်းဂိုဏ်းတွေ အများကြီး ရှိကြတဲ့ အထဲမှာ ရွှေရင်ကျော်က ဘာကြောင့်ပိုပြီး နာမည်ကျော်ရလဲ မေးကြည့်မိပါတယ် ။ 

       အဓိက ကွာခြားချက်က စည်းကမ်း နဲ့ စောင့်ထိမ်းခြင်း သစ္စာတွေ ကွာခြားလို့ပါတဲ့ ။ ရွှေရင်ကျော် ဆရာတွေက စောင့်ထိမ်းရတာတွေရှိသတဲ့ ။ 

- အမဲသား မစားရခြင်း

- အရက်သေစာ မသောက်သုံးရခြင်း

- သူတပါး သားမယားအား မပြစ်မှားရခြင်း

       အစရှိတဲ့ ရာသက်ပန် စောင့်ထိမ်းရတဲ့ သစ္စာတရားက ပိုပြီး အစွမ်းထက်စေတာလို့ ဆိုပါတယ် ။ ကျနော်လည်း စကားလက်စပြတ်တာနဲ့ ကိုရွှေကို တချက်လှည့်ကြည့်တော့ ကိုရွှေက ပြုံးပြုံးကြီး ကြည့်ပြီး ....

"ကြည့်မနေနဲ့ ငါလည်း တချိန်တုန်းက ရွှေရင်ကျော် ပဲ.... ''

"ထင်သားပဲ ဒါနဲ့ ကျနော်ငယ်ငယ်က အင်မတန်ထင်ရှားကျော်ကြားတဲ့ ရွှေရင်ကျော်ဂိုဏ်းကြီးက ဘာကြောင့် မှေးမှိန်သွားရတာလဲ ''

"အင်း အဲဒါ စစ်တပ်နဲ့ ပတ်သက်တယ် ကွ ''

"ဟိုက်...ဘယ်လို ပတ်သက်လာတာလည်း ''

"စစ်တပ်ထဲမှာ ရွှေရင်ကျော်ဂိုဏ်းဝင်တွေ အလွန်များလာပြီး တပ်သားက ဂိုဏ်းဆရာအဆင့် ၊ အရာရှိက ဂိုဏ်းသားတပည့်အဆင့် ဆိုတော့ စီမံအုပ်ချုပ်မှုကဏ္ဍမှာ ကမောက်ကမတွေ များလာတယ် ''

"ဒီတော့..''

"အဲလို ပြဿနာတွေ အလွန်များလာတော့ နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး ဦးစိန်လွင်ကို ဖြေရှင်းခိုင်းတယ် ဗျ ''

"သြော် လူရွတ်ကြီးနဲ့ ရွှေရင်ကျော် တွေ့ကြတာပေါ့ ဘာဆက်ဖြစ်လဲ ဗျ ''

"ရွှေရင်ကျော်ဂိုဏ်းက အဆင့်မြင့် ဂိုဏ်းအုပ်တွေကို ခေါ်ပြီး ဘာစွမ်းလည်း မေးသတဲ့ ''

"ဟုတ်ပြီ ဘာတွေစွမ်းသတဲ့လဲ ''

"အရေးကြီးတဲ့ အစွမ်း သုံးချက်ပြောတယ် ပယောဂ ကုနိုင်တယ် ၊ အဆိပ်ပြင်း သတ္တဝါအကိုက်ခံရတာ ကုသနိုင်တယ် ၊ အက်ဆစ်ကို မန်းလိုက်တာနဲ့ ရေဖြစ်တယ် လို့ ဖြေကြတယ် ''

"ဒါကို သက်သေပြခိုင်းမှာပေါ့ ''

"ဟုတ်ပါ့ အလွယ်ဆုံးနည်းဖြစ်တဲ့ မြွေဆိပ် ဖြေခိုင်းတယ် မြွေကိုက်ခံခိုင်းထားတဲ့ ရဲဘော်ကို ဘာဆေးဝါးမှ မပါပဲ ကုခိုင်းသတဲ့ အနီးမှာတော့ မြွေဆိပ်ဖြေဆေးနဲ့ ဆရာဝန်ကြီးတွေ အသင့်စောင့်နေတာပေါ့ ကွာ ''

"ပျောက်သလား ဗျ ''

"ရေမန်းနဲ့တင် အဆိပ်လျှောကျပျောက်ကင်းတယ် ဗျာ ''

"ဒီတော့...''

"နောက်တခု နိုက်ထရစ်အက်ဆစ်ကို မန်းခိုင်းတယ် ဒီတော့ ဘာမှားတယ် မသိဘူး ရေမဖြစ်တော့ဘူးတဲ့ အဲဒါကြောင့် ပြောသလို မဖြစ်ဖူး စစ်တပ်ထဲမှာ အုပ်ချုပ်မှုပြဿနာတွေ ဖြစ်စေတဲ့ အတွက် ရွှေရင်ကျော်ဂိုဏ်းကို ဖျက်သိမ်းတယ် ဆိုပြီး နိုင်ငံတော်ကောင်စီ အမိန့် နဲ့ ဖျက်သိမ်းလိုက်လို့ ပညာခေတ်တခု မှေးမှိန်သွားခဲ့ရတာပဲ ကွ ''

"သြော် ဒီလိုကိုး''

(ဒါကတော့ ကိုရွှေ ပြောပြခဲ့တဲ့ အကြောင်းအရာတွေပါပဲ ဟုတ်မဟုတ်ဆိုတာကတော့ လက်ရှိ အမွေဆက်ခံနေကြတဲ့ ရွှေရင်ကျော်ကြီးများလည်း သိကြပါလိမ့်မယ် ၊ ရွှေရင်ကျော် သမိုင်းအတွက် သိထားသင့်တဲ့ အချက်တခုဖြစ်ပါတယ် ၊ မှန်ခြင်း မှားခြင်း အငြင်းပွားစရာ မရှိပါဘူး)

         ကျနော် နဲ့ ညီအကိုလို ဖြစ်နေတဲ့ ကိုရွှေဟာ ယခုဆိုရင် အသက် ၆၀ ကျော်ပါပြီ ။ လူငယ်တဦးကဲ့သို့ နိုင်ငံအနှံ့​ခြေဆန့်ဆဲ ၊ ပညာသံကြားလျှင် နားစွင့်ဆဲ လူတယောက်အဖြစ် တွေ့နေရတုန်းပဲ ဖြစ်ပါတယ် ။ 

         ကျနော်တို့ နှစ်ယောက်မှာ တူညီတဲ့ အချက်အချို့ကတော့ ခရီးထွက်ရမှ ပျော်တတ်ခြင်း (ခြေများခြင်း) ၊ စပ်စုခြင်း (ကျနော်က အပေါ်ယံ သူက အတွင်းကျကျ) ၊ မည်သည့် ပစ္စည်းမျှ အလေးအနက်မထားခြင်း ၊ လူအထင်ကြီးခြင်း အထင်သေးခြင်းကို ဂရုမစိုက်ခြင်း တွေမှာ တူညီပါတယ် ။ 

         ကိုရွှေကတော့ ပညာအတွက်ဆိုရင် တကယ်သူတောင်းစားလုပ်ရပါစေ တစိုက်မတ်မတ် ရှာဖွေသင်ယူတဲ့ ဇွဲရှိသလောက် ကျနော်က ပျင်းရိခြင်း ၊ သင်ထားတဲ့ စာမှန်သမျှ ဒီအချိန်ထိ အလွတ်ရနေတဲ့ ကိုရွှေရဲ့ ဦးဏှောက် နဲ့  စာမှန်သမျှ ABC တောင် အစဥ်လိုက် မသိတော့တဲ့ ကျနော့်ဦးဏှောက်ရဲ့ ကွာခြားခြင်းတွေကလည်း ရှိနေတာပါပဲ ။ 

       ကျနော့်အကို ကိုရွှေတယောက် သူလိုချင်သော သူတတ်ချင်သော ပညာရပ်များအား ယနေ့တိုင် အမဲလိုက်နေသလို ရှာဖွေနေဆဲဖြစ်၍ တချိန်ချိန်မှာတော့ အကို့ရဲ့ ဆန္ဒများ ပြည့်လာမှာပါလို့ ယုံကြည်လျှက်........

      ကိုရွှေမျိုးဝင်း

။     ။ ပြီးဆုံးတဲ့အထိ စိတ်ရှည်စွာအားပေးကြတဲ့ မိတ်ဆွေအပေါင်း အန္တရာယ်ကင်း ဘေးရှင်းစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေ ။

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...