Thursday, July 14, 2022

မိမ္မလာ မှ လိမ္မာရင် အိမ်ပါမည် (၄)


         ပထမဆုံး ကိုကျော်ဟိန်းတို့ လမ်းညွှန်တဲ့ ဂူမကြီးဆီဝင်ပေါက်လမ်းကြောင်းတည်ရှိရာ မြေကို ကာလပေါက်စျေးနဲ့ ဝယ်ယူရပါတယ် ။ 

         ထို့နောက် လိုအပ်သော ယန္တယားများ ဌားရမ်းကာ စတင်တူးဖော်ပါတော့တယ် ။ တူးဖော်ခြင်းလုပ်ငန်းကို လုပ်ကိုင်ရင်း ကိုအောင်အတွက် များစွာသော အထောက်အကူရစေတဲ့ စေတနာရှင် ငွေကြေးပံ့ပိုးသူတွေလည်း ပေါ်လာကြပါပြီ ။ 

        တိုင်းပြည်အတွက်ပဲ ဆိုတဲ့ စိတ်နဲ့ ပထမဆုံးအကူညီလာပေးသူကတော့ ကို AKM ပဲ ဖြစ်ပါတယ် ။ ( အမည်တွေကို ဖော်ပြဖို့အတွက် အန္တရာယ်များလို့ နားလည်ပေးကြပါရန်) ။ သူက ကျပ်သိန်း ၁၅၀ စတင်ပံ့ပိုးကူညီခဲ့ပါတယ် ။ 

        မိမ္မလာတောင် ဆရာတော်ရဲ့ လမ်းညွှန်မှုနဲ့ ပွဲပေါင်း (၁၀၈) ပွဲ ၊ အခြားလှူဖွယ်ပစ္စည်း နဲ့ တခြားဆိုင်ရာပုဂ္ဂိုလ်များအတွက် ပွဲ ၁၅ ပွဲ ပေးပြီး ဆောင်ရွက်ကြပါတယ် ။ 

         ထူးခြားချက်အဖြစ် ပွဲပေးတဲ့နေ့ သန်းခေါင်ကျော် နံက်ပိုင်း 2:15 မှာ ၁၀၈ ပွဲထဲမှ အုန်းသီးတလုံးထဲ သီးသန့် ( ဘေးက ငှက်ပျောဖီးများ မပါ) အောက်ဖက်ကို လူယူချလိုက်သလို တည့်တည့်မတ်မတ်ကျလာပါတယ် ။ 

        ကျလာတဲ့အုန်းသီးရဲ့ အညှာဟာ အလိုလိုပြုတ်ထွက်သွားပြီး ယင်းအညှာမှ အုန်းရေများပန်းထွက်လာရာ အမြင့် ၁၅ ပေ ရှိ ခေါင်မိုးအထိ အံ့သြဖွယ်ရောက်ခဲ့ပါတယ် ။ 

         သာမန်အသေးအဖွဲ ကိစ္စထူးလေးတွေ များစွာကြုံတွေ့ခဲ့ကြရပြီး တူးဖော်ပြီး တပတ်အကြာမှာ နံနက် 3:15 ၌ ဘက်ဟိုးတူးနေတဲ့နေရာမှ ရွှေရောင်အလင်းတန်း ထွက်လာပါတယ် ။ 

         တူးဖော်ရာမှ ရေထွက်လာပြီး ကန်သဖွယ်ဖြစ်နေရာသို့ မည်သည့်နည်းဖြင့်ရောက်လာမှန်းမသိရတဲ့ ငါးများလည်း တွေ့ကြရပြန်ပါတယ် ။ 

          တူးဖော်ရေးလုပ်ငန်း လုပ်ဆောင်နေကြရာမှာ ညက်ဟိုးအားကို အသုံးပြုကြရာမှာ တွေ့ရှိပြီး ဂူပေါက်ငယ်များ ပြန်လည်ပိတ်ဆို့သွားပြီး ထပ်မံရှာဖွေရတဲ့ ပြဿနာ ရေအများကြီးထွက်တဲ့ ပြဿနာတွေလည်း တွေ့နေကြရပါတယ် ။ 

         အမှန်တကယ် လမ်းကြောင်းအစစ်ဆီကို တွေ့ရှိရန် အားထည့်ကြိုးစားလုပ်ဆောင်နေကြရာမှာ U S K ဆိုသူကလည်း သု့ကို ဒီတူးဖော်ရေးကိစ္စမှာ ကူညီပေးဖို့ သူတော်ကောင်းပုဂ္ဂိုလ်ကြီးတွေက မိန့်လို့ဆိုပြီး ငွေကြေးအကူအညီတွေကို ထောက်ပံ့ကူညီလာပြန်ပါတယ် ။ 

         ထို့အတူ K M M ဆိုတဲ့ လူငယ်တဦးကလည်း သူ့လုပ်ငန်းက အမြတ်ငွေ သိန်း ၂၀ ရရင် သိန်း ၂၀ ထောက်ပံ့ ၊ ၁၀ ရရင် ၁၀ သိန်းထောက်ပံ့နဲ့ အားသွန်ခွန်စိုက် တိုင်းပြည်အတွက်ဟူသော စိတ်ဖြင့် ပူးပေါင်းကူညီကြပါတယ် ။ 

         ပထမဆုံး သိန်း ၁၅၀ ထောက်ပံ့သူ AKM ဆိုရင်လစဥ် သူရတဲ့ လစာ သိန်း ဆယ်ဂဏန်းကို အကုန်ထောက်ပံ့သလို နောက်ဆုံး သူ့ကလေးရဲ့ ပြည်ပပညာသင်စရိတ်တွေပါ ထောက်ပံ့ခဲ့တာ လေးစားစရာပါပဲ ။ 

      ပါဝင်ကူညီသမျှ လူအားလုံးကလည်း ဖြူစင်တဲ့ စေတနာနဲ့ ပူးပေါင်းခဲ့ပေမယ့် အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပြီး နောက်ဆုံး ကျနော့်မိတ်ဆွေ ကိုရွှေကို အကူညီတောင်းကာ ရတနာသိုက်တူးရာသို့ ခေါ်ပါတယ် ။ 

        ကိုရွှေရဲ့ ပညာနဲ့ တွက်ချက်ကြည့်ရာမှာ ဒီနေရာမှာ လုံးဝမရနိုင်ဘူးလို့ ဟောချက်ထွက်လာပါတယ် ။ နက်နဲတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆက်စပ်နေလို့ သီလ သမာဓိ ပညာ နဲ့ ပြည့်စုံနားလည်သူရဲ့ အကူအညီရှာပါ လို့ အကြံပေးခဲ့ပါတယ် ။ 

        ဒါပေမယ့် ဆက်လက်ပြီး တပတ်လောက်ရှာကြပါသေးတယ် ။ ဘယ်လိုမှ လမ်းစမတွေ့ကြလို့ စိတ်ဓာတ်ကျပြီး 25-12-2021 မှာ ရန်ကုန်ကိုအရောက် ပြန်လာကြပါတယ် ။ 

        ဒီနေရာမှာ ရတနာရှာဖွေဖို့အတွက် ဦးဆုံးရှာဖွေရတာက ဂူလမ်းကြောင်းဖြစ်ပါတယ် ။ လှိုဏ်ဂူမကြီးဆီ သွားတဲ့ ပင်မလမ်းကြောင်းထဲ ရောက်ဖို့ ရှာနေရတာနဲ့တင် လက်လျှော့ရမလိုဖြစ်နေကြရတာပါ ။ 

         ဒီလိုဖြစ်နေတော့ ကိုအောင်လည်း စိတ်ညစ်ပြီး ပြန်လာပါတယ် ။ ရန်ကုန်ရောက်ပြီး တလလောက်အကြာ 25-1-2022 မှာ သူ့မိတ်ဆွေ ဒေါက်တာသန်းလွင်က သဲဖြူဆရာတော်ထံ ဒီကိစ္စလျှောက်ထားမေးမြန်းဖို့ဆိုပြီး ခေါ်သွားပါတယ် ။ ထူးခြားပါလိမ့်မယ်ဆိုပြီး အာမခံခေါ်သွားတာပါ ။ 

         အဲဒီနေ့မှာပဲ ချက်ခြင်းသွားဖူးတော့ ဆရာတော်က တရားထိုင်နေလို့ ဧည့်သည်တွေ့မရဘူးလို့ တားမြစ်ခြင်းခံရပါတယ် ။ ကိုအောက်လည်း တဲအောက်ကနေ ကန်တော့ပြီး စိတ်ထဲက သစ္စာဆိုကာ အကူညီတောင်းပြီး ခေါင်းအမော့ ကပ္ပိယလုပ်သူက ဆရာတော်စောင့်နေတယ် ဝင်ခဲ့ပါဆိုပြီး ခေါ်ပါတယ် ။

        အံ့သြပြီး တဲပေါ်တက်သွားတဲ့ ကိုအောင့်ကို ဆရာတော်က ဒကာကြီးအတော် ပင်ပန်းနေပြီပဲ လို့ မိန့်တော့ ကိုအောင်ဟာ ဟန်မဆောင်နိုင်ပဲ ဆရာတော်ရဲ့ ခြေအစုံကိုဖက်ပြီး ရှိုက်ကြီးတငင်ငိုကြွေးရင်း တင်ပါ့ဘုရား အမှန်တကယ် စိတ်ရောလူပါ ပင်ပန်းလှပါပြီဘုရားလို့ လျှောက်တင်လိုက်ပါတယ် ။ 

        ဆရာတော်က ဘာမှ မပူနဲ့ မင်းထပ်ပြီးသွား အောင်မြင်လိမ့်မယ်လို့ မိန့်ပါတယ် ။ တပည့်တော် ဘယ်နေရာတူးရမှာလည်းဘုရားဆိုတော့ မင်းရဲ့သမီးလေးက လမ်းပြလိမ့်မယ်လို့ မိန့်ပါတယ် ။ နက်ဖြန်မင်းမွေးနေ့ကစပြီး တပတ်အတွင်း လမ်းစတွေ့လိမ့်မယ်လို့ မိန့်ပါတယ် ။ သူ့မွေးနေ့ကိုပါ မလျှောက်မိပဲ သိနေတဲ့ သဲဖြူဆရာတော်ကြီးကို အံ့သြကြည်ညိုမဆုံး ဖြစ်ရတဲ့ ကိုအောင်တယောက် မိမ္မလာကို ပြန်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ် ။

           ဒီနေရာမှာ တဖက်က ဂျပန်ဗိုလ်ချုပ်ရဲ့ တိတ်တိတ်ပုန်း သားတွေရဲ့ အဆက်အနွယ် ကိုနိုင်ထွန်းတို့အကြောင်း ပြန်ချိတ်ရပါတော့မယ် ။ 

         ကိုနိုင်ထွန်း နဲ့ အဖွဲ့က သူတို့ရဲ့ သီးသန့်သတင်းကို ကိုအောင်ဆီ အကြောင်းကြားဖို့ ခက်နေပါသေးတယ် ။ သူတို့က ကိုအောင်ဘယ်လို လူစားလဲဆိုတာ စောင့်ကြည့်အကဲခတ်နေပါတယ် ။

            ကိုအောင်ရဲ့တူးဖော်ရေးလုပ်ငန်းမှာ အလုပ်ဝင်လုပ်ကြရင်း ကိုအောင်ရဲ့ စိတ်ဓာတ်ကို သဘောကျလို့ ပူးပေါင်းဖို့လည်း ဆုံးဖြတ်ထားပါတယ် ။ သူ့တို့ရထားအချက်အလက်ကို ကိုအောင်အား မပြောပြသေးပဲ သူတို့ဘာသာတူးကြည့်ဖို့ ခွင့်တောင်းပါတယ် ။ 

        ဒီနေရာမှာ ကိုအောင်သာ တရားဝင်တူးဖော်ခွင့်ရထားတဲ့အတွက် ခွင့်တောင်းရခြင်းဖြစ်ပါတယ် ။ နောက်တချက်က ကိုနိုင်ထွန်းတို့က ဘက်ဟိုးနဲ့တူးတာထက် ကြွက်တွင်းလို ဂလိုဏ်ဖွဲ့ လိုက်သွားရတာကို အာရုံရှိနေကြပါတယ် ။ 

       ဒီတော့ မိမ္မလာနဲ့ပတ်သက်တဲ့ ဇစ်မြစ်ကို မတူညီတဲ့ အခြေအနေကနေ မတူညီတဲ့ သတင်းနှစ်ခု ပေါင်းစည်းမိသွားတဲ့ သဘောဖြစ်နေပါပြီ ။

        ကိုအောင်တို့ သိပြီးလား မသိရသေးလား ဖြစ်နေတဲ့ မိမ္မလာတောင်ရဲ့ ရှေးသမိုင်းလေးကိုလည်း ဒီနေရာကနေ ဗဟုသုတ အဖြစ်လည်းကောင်း ၊ တူးဖော်ရေးလုပ်ငန်းမှာ မပြုလုပ်ရသေးလျှင် အထောက်အကူဖြစ်စေရန်လည်းကောင်း ပြောပြချင်ပါတယ် ။ 

         မွန်ဘုရင် ဝါယူရီမင်းဆီမှာ ခြေတဖက်သိမ်နေတဲ့ သားတော်တပါးရှိပါတယ် ။ မသန်စွမ်းတာကြောင့် နန်းလျှာစာရင်းကနေ ပယ်ဖျက်ထားလို့ စိတ်ညစ်ပြီး အမြဲသောက်စားနေသတဲ့ ။ 

      တနေ့  မိမ္မလာတောင်မှာ တောကြက်ဖမ်းရင်း ကျားကိုက်ခံရပြီး သေသွားရပါတယ် ။ သူ့အတွက် အပိုင်စားနယ်ပေးပါလို့ တောင်းဆိုလို့ သူသေဆုံးရတဲ့ မိမ္မလာတောင်ကို အပိုင်စားပေးခဲ့ကြပါတယ် ။ 

         ဝါယူရီမင်းလက်ထက်မှာပဲ စစ်ပွဲတွေဖြစ်လို့ မင်းညီမင်းသားတွေဟာ မိမ္မလာတောင်မှာ ပုန်းအောင်းရင်း ရတနာတွေ သိုဝှက်ခဲ့သတဲ့ ။ ပြီးတော့ မိမ္မလာတောင်ကို အပိုင်စားရတဲ့ မသန်မစွမ်း မွန်မင်းသားကို အစောင့်သိုက်ချုပ်လုပ်ဖို့ အမိန့်ပေးခဲ့သတဲ့ ။ 

        အဲဒီ မွန်သမိုင်းအရဆိုရင် သိုက်က ၂ မျိုးဖြစ်နေပါပြီ ။ ရှေးမွန်ရတနာသိုက်နဲ့ ဂျပန်ခေတ်သိုက်တွေပေါ့ ။ အဲဒါကြောင့် သိုက်စောင့်တွေကို အစားထိုးနေရာပေးပြီး ဖယ်ရှားချင်ရင် မြန်မာလို အမိန့်ပြန်ရုံနဲ့ မရနိုင်ဘူးလို့ဆိုပါတယ် ။

       ရှေးမွန်စကားနဲ့အမိန့်ပြန်ခြင်း ၊ ဂျပန်စကားနဲ့ အမိန့်ပြန်ခြင်း ၊ မြန်မာလိုအမိန့်ပြန်ခြင်း တွေနဲ့ ဆောင်ရွက်မှသာ နားလည်ဖယ်ရှားလို့ရနိုင်ပါလိမ့်မယ်လို့ ပြောကြပါတယ် ။ 

        ဇတ်ကြောင်းပြန်စရရင် ကိုအောင်ဟာ မိမ္မလာတောင်လုပ်ကွက်ကို ပြန်စဖို့လာပါပြီ ပြန်ရောက်တဲ့နေ့က 27-1-2022 ပါပဲ ။ 

        ဆရာတော်မိန့်လိုက်တဲ့ ပါရမီဖြည့်ဖက်လေး ဖြူမဟာ ကိုအောင့်ကို လမ်းပြဖို့ စောင့်နေပါပြီ ။ ကဲ သမီးလမ်းပြပေးတော့လို့ ပြောချိန်မှာ နားလည်နေသည့်အလား တောင်ပေါ်ကို ရှေ့ကနေ အပြေးသွားပါတော့တယ် ။ 

        တနေရာရောက်တော့ လက်နဲ့ ယက်ပြပါတယ် ။ ထူးခြားတာက အဲဒီနေရာဟာ ကိုနိုင်ထွန်းတို့ တူးမယ့်နေရာပါပဲ ။ ဒါနဲ့ ကိုအောင်လည်း ရေတွင်းတူးသမားနဲ့ တူးဖို့စီစဥ်ပါတယ် ။ 

         ကိုနိုင်ထွန်းတို့လည်း အားတက်သရော ကူညီကြပါတယ် ။ သဲလွန်စအဖြစ် သစ်သားတိုင်များ ပုလင်းဟောင်းများ မီးသွေးများ တွေ့လာပါပြီ ။ တိုက်ဆိုင်တာလားမသိ ပြန်စတူးတဲ့ 27-1-2022 မှ ၅ ရက်အကြာ နစက နှစ်ပတ်လည်နေ့ 1-2-2022 ဖြစ်နေတာလည်း အံ့သြဖွယ်ပါပဲ ။

       ဒီလို ထူးခြားမှုရှိပြီဆိုတာနဲ့ နိုင်ငံတော်ကလည်း တခါတည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး လုပ်ငန်းခွင်လုံခြုံရေးအတွက် ဥပဒေနဲ့ အသက်သွင်း ကာကွယ်ပေးလိုက်ပါပြီ ။

       ကဲ မင်းသားကြီးကိုအောင်တို့ ဘာတွေဆက်ကြုံရမလဲဆိုတော့......

        ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...