Tuesday, July 12, 2022

မိမ္မလာ မှ လိမ္မာရင် အိမ်ပါမည် (၂)



         အခြားဝင်ပေါက်ကတော့ တောင်ထိပ်က ဖောက်ထားတဲ့ လေဝင် လေထွက်ပေါက်ပဲ ဖြစ်ပါတယ် ။ ပင်မလှိုဏ်ခေါင်းသွားရာ လမ်းခုလတ်တနေရာကို အပေါ်ဖက်ကနေ တည့်တည့်ဖောက်ချထားတဲ့ လေဝင်လေထွက်ပေါက်ဟာ လူသိနည်းပါးလှပေမယ့် ဂျပန်ကြီးရဲ့ တိတ်တိတ်ပုန်းသားနှစ်ယောက်ပဲ သူတို့အဖေ ပြောပြလို့ သိထားခဲ့ကြတာပါ ။ 

         အဲဒီအကြောင်းတွေကို သိထားတဲ့ ညီအကို နှစ်ယောက်ထဲက တယောက်က ဆုံးပါးသွားခဲ့တာကြာပါပြီ ။ အမည်တွေကိုတော့ မရေးပါနဲ့လို့ မှာထားလို့ မဖော်ပြနိုင်ပါဘူး ။ 

        မိမ္မလာရတနာသိုက်ဟာ ဒေသခံတွေ အတော်များများ သိထားကြပါတယ် ။ ဒါပေမယ့် စနစ်တကျ မိုင်းခွဲဖြိုချထားခြင်း ၊ လှိုဏ်ခေါင်းသည်လည်း ရှည်လျှားလှို့ဝှက်ခြင်း တို့ကြောင့် အနည်းငယ် ခိုးတူးကြသူများအတွက် ပေါက်​မြောက်အောင် မစွမ်းဆောင်နိုင်ကြပါဘူး ။ 

        အဲဒီ မိမ္မလာတောင်ရတနာသိုက်အကြောင်းကို အခြေခံကျကျ အနီးစပ်ဆုံး သိရှိတဲ့ မျိုးဆက် ၂ ဆက်ရှိပါတယ် ။ 

- ဂျပန်ဗိုလ်ချုပ်ရဲ့ လူယုံတော် ဦးလှတင်

- ဂျပန်ဗိုလ်ချုပ်ရဲ့ တိတ်တိတ်ပုန်း သား နှစ်ယောက်

        အဲဒီမျိုးဆက်အရ ဦးလှတင်ရဲ့သား အမည်က ဦးကျော်ဟိန်းဆိုသူ ကျန်ခဲ့ပါတယ် ။ 

         တိတ်တိတ်ပုန်းသား နှစ်ယောက်အနက် တယောက်ကျန်နေပြီး ယင်းထံသို့ နှစ်ပေါင်းများစွာ ဝင်ထွက်ရင်းနှီးနေပြီး ဆီ ဆန် ဆား ရိက္ခာလေးတွေ ပေးကမ်းထောက်ပံ့ပြီး မေးမြန်းထားလို့ မိမ္မလာရတနာသိုက်လျှို့ဝှက်ချက်ကို သိရှိထားသော ကိုနိုင်ထွန်း တို့ ၅ ယောက် အုပ်စု ရှိပါတယ် ။ 

         အဲဒီ အုပ်စု နှစ်စုလုံးသည် ငွေကုန်ကြေးကျခံတူးပေးမယ့် အဆက်အသွယ်များနဲ့ ချိတ်ဆက်ပြီး တရားဝင်တူးဖော်ရန် ကြိုးစားခဲ့ကြပါတယ် ။ ဂျပန် ၃ ယောက်ကို မဆလခေတ်မှာ မိမ္မလာတောင်ခြေကနေ ဖမ်းမိပြီး ပြည်နှင်ဒဏ်ပေးခဲ့ရတာလည်း ရတနာသိုက်အတွက် အားတက်ဖွယ် အဖြစ်အပျက်ပါပဲ ။ 

         ပုံပြင်သဖွယ်ဖြစ်နေတဲ့ မိမ္မလာရတနာသိုက်အတွက် ရတနာသိုက်မုဆိုးတို့ အဆက်မပျက်လာကြပါတယ် ။ သူတို့လာတိုင်း တောင်ခြေက မိမ္မလာဘုန်းကြီးကျောင်းမှာ အခြေချစုံစမ်းလေ့ရှိပါတယ် ။ 

       သူတို့မသိတာက မိမ္မလာသမိုင်းကို နောကျေနေတဲ့ ကိုနိုင်ထွန်းတို့ အုပ်စုထဲက တဦးက အဲဒီကျောင်းမှာ ကပ္ပိယလုပ်လိုက် ၊ သင်္ကန်းစီးလိုက်နဲ့ နှစ်ပေါင်းများစွာ စိတ်ရှည်လက်ရှည် ရတနာမုဆိုး လုပ်နေတာကိုပါပဲ ။ 

        ဒီလိုနဲ့ ဦးသန်းရွှေလက်ထက်လည်း ဟိုနားဒီနား ကြားဖူးနားဝ ခိုးတူးတဲ့ အဆင့်ကနေ တက်မလာပဲ မိမ္မလာတောင် ပုံပြင်တွေပဲ နားထောင်နေခဲ့ကြရပါတယ် ။ 

           ကိုနိုင်ထွန်းတို့ကတော့ အဆက်အသွယ်ရှာရင်း စပွန်ဆာရသွားဟန်နဲ့ တရားဝင်တူးဖော်ခွင့်ကို NLD လက်ထက်မှာ တင်ကြပါတယ် ။ ဒေါက်တာအေးဇံက တူးဖော်ခွင့် ချပေးပြီး လုပ်စေခဲ့ပါတယ် ။ 

        အဲဒီနောက် သူကိုယ်တိုင် စုံစမ်းကြည့်ရာမှာ တိတ်တိတ်ပုန်း သားတွေရဲ့ ကွင်းဆက်အပြင် ၊ ဂျပန်ဗိုလ်ချုပ်ရဲ့ လူယုံတော်ဦးတင်လှဆီကပါ ခိုင်မာတဲ့ သတင်းရပြီဖြစ်ပါတယ် ။ 

        ဒီတော့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စကို ဆောင်ရွက်ပါတော့တယ် ။ အဲဒါကတော့ သူပေးထားတဲ့ တူးဖော်ခွင့်ကို သူကိုယ်တိုင်ပြန်ပိတ်ပြီး ထွေးပြီးသားတံတွေး မရွံမရှာ ပြန်မျိုချလိုက်ပါတော့တယ် ။

        အဲဒါနဲ မပြီးပါဘူး ဘယ်လောက် ယုတ်မာခဲ့သလဲဆိုရင် ဇစ်မြစ်လမ်းကြောင်း ၂ ခုလုံး သိပြီဆိုပြီး သူကိုယ်တိုင် တူးယူဖို့ လုပ်ပါတော့တယ် ။ 

          လူအား ငွေအာ ယန္တယားအင်အားများစွာနဲ့ လောဘဇောကြီးစွာ တူးဆွကြရာမှာ ချိုင့်ကြီးတွေဖြစ်ပြီး ရေများလာရာမှ ယင်းချိုင့်ထဲ ရေနစ်ပြီး လူလေးယောက် သေဆုံးသွားရပါတယ် ။

         တူးနေစဥ်ကာလအတွင်း မျိုးစုံနေတဲ့ အခြောက်အလှန့်တွေကြောင့် နေ့စဥ် ထိတ်လန့်နေတဲ့ တူးဖော်ရေးအဖွဲ့ဟာ လူလေးယောက်သေဆုံးပြီးနောက် လက်လျှော့သွားရပါတယ် ။ ရတနာဟူသည်ကား သစ္စမရှိ ကတိမတည်သော လူယုတ်မာများနှင့် လားလားမျှ မထိုက်တန်ကြောင်း မိမ္မလာတောင်က သက်သေပြလိုက်ပါပြီ ။ 

         အသက်အရွယ်ကြီးရင့်လာပြီဖြစ်တဲ့ ဦးတင်လှဟာ သူ့သား ကိုကျော်ဟိန်းကို ကျကျနန ရှင်းပြနေပုံကို video မှတ်တမ်းယူစေပါတယ် ။ အဲဒီနောက် ဘယ်လိုလူနဲ့ ဆက်သွယ်အကူညီတောင်းပြီး နိုင်ငံတော်သို့ အပ်နှံပါလို့ မှာကြားရင်း အသက် ၉၅ နှစ်မှာ ဆုံးပါးသွားရပါတယ် ။ 

        တဖက်မှာတော့ ဂျပန်ဗိုလ်ချုပ်ရဲ့ တိတ်တိတ်ပုန်းသား တယောက်ကျန်နေတာလည်း ကိုဗစ် တတိယလှိုင်းမှာ ဆုံးပါးသွားရပြန်ပါတယ် ။ 

        အမွေစားအမွေခံ အဖြစ် သိရှိထားသူ နှစ်ဖွဲ့လုံးကလည်း အကျိုးတူဆောင်ရွက်မယ့် ပုဂ္ဂိုလ်တွေကို စုံစမ်းမေးမြန်းနေပါတော့တယ် ။ ယခုဖြစ်စဥ်များက မိမ္မလာတောင်ခြေက ဒေသခံတွေ ကြုံတွေ့နေရတာတွေပါပဲ ။

        ကိုကျော်ဟိန်းကတော့ ဖခင်စကားအတိုင်း လူရှာရင်း ကိုဇော်ဝမ်း (ခေါ်) ကိုခင်မောင်ထွန်း (နိုင်ငံတော်ကောင်စီဝင် ဗိုလ်မှူးကြီးတင်သိန်း၏ သား အငယ်ဆုံး) နဲ့ ချိတ်ဆက်မိပါတယ် ။ ကိုဇော်ဝမ်းကတဆင့် သူ့မိတ်ဆွေ လုပ်ငန်းရှင်နဲ့ ထပ်မံချိတ်ဆက်ပေးပြန်ပါတယ် ။

         ယင်းချိတ်ဆက်ပေးသူက ဒီလို ရတနာသိုက်တူးရမယ့် အလုပ်တွေနဲ့ ဘယ်လိုမှ မပက်သပ်သော အခြားလုပ်ငန်းရှင်ပဲ ဖြစ်ပါတယ် ။ ( အမည်ဖော်ပြရန် မသင့်လို့ ကို​အောင်လို့ပဲ နမ်စားသုံးပါ့မယ်)

        တွေ့ဆုံစကတည်းက စိတ်ဝင်စားစရာပါပဲ ။ ကိုဇော်ဝမ်းက သူငယ်ချင်းရေ အခုလူတယောက်မင်းဆီလာလိမ့်မယ် တတ်နိုင်တာ ကူညီပေးလိုက်ပါလို့ ဖုန်းဆက်ပါတယ် ။ 

         ရောက်လာတာက ကိုမောင်တိုးဆိုတဲ့လူဖြစ်ပါတယ် ။ ကိုမောင်တိုးက ကိုအောင်နဲ့တွေ့တာနဲ့ မေးလိုက်တာက .....

'' ခင်ဗျားနာမည်ဘယ်သူလဲ ဗျ ''

'' ကိုအောင်ပါဗျာ ''

'' တနင်္ဂနွေသားလား ဗျ ''

'' ဟုတ်ပါတယ် ဗျာ ''

'' အောင်ပြီ အောင်ပြီ အောင်ပြီ ''

         ရုတ်တရက် ထအော်လိုက်တဲ့ အောင်ပြီဆိုတဲ့ စကားသံကြောင့် ကိုအောင်လည်း အံ့သြတကြီး ဘာအောင်တာလည်းဗျ လို့ မေးလိုက်ပါတယ် ။ သူ့မေးခွန်းကို ပြန်မဖြေပဲ ကိုမောင်တိုးကပဲ မေးခွန်းမေးပြန်ပါတယ် ။ သူမေးတဲ့မေးခွန်းကတော့.......

        ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...