Monday, July 4, 2022

ကျနော် ၊ ပုဏ္ဏက နဲ့ သိပ္ပံ (၂)



         ကျနော်တွေ့ရတဲ့ ပန်းကန်လုံးလေးက စားပွဲအစွန်မှာ ရောက်နေပြီး အောက်ဖက်ကို ပဲ့ကျနေတာက တဝက်မရှိတရှိ ။ တွေးကြည့်လေ ပန်းကန်လုံး တခုလုံး အောက်ကျကွဲရင် ဘာထူးဆန်းမလဲဗျ ။ အခုဟာက ပန်းကန်လုံးကို တခြမ်းက ဖိထားပြီး ဖဲ့ခွဲထားတဲ့ ပုံစံဗျ ။ 

        ကြောင်တိုး ကြွက်တိုးရင် အဲလို မဖြစ်နိုင်ဘူးလေ ။ အိမ်နားလူတွေကို ပြလိုက်တယ် ဒီပန်းကန် ဘယ်လိုကွဲတာဖြစ်နိုင်လဲမေးတော့ တယောက်မှ မဖြေနိုင်ဘူး အဖြေက သရဲခွဲသွားတာတဲ့ ။ 

         ကျနော်ကတော့ ကြက်သားပန်းကန် ကုန်သွားတာရယ် ၊ အခုလို ပန်းကန်လုံးကွဲတာရယ်ကို ဘယ်လိုမှ တွေးမရပါဘူး ။ ပစ္စည်းတွေ ရွှေ့လျှား ကျကွဲ တတ်တဲ့ ပုဏ္ဏကတိုက်တယ်ဆိုတဲ့ ကိစ္စမျိုးတွေကလည်း မကြာမကြာ ကြားနေရတော့ကား ကျနော်လည်း ယုံရခက် မယုံခက် ဖြစ်နေရပါပြီ ။ 

         ကျနော်က အကြောင်းအရာတခုကို သိချင်ပြီဆိုရင် ထဲထဲဝင်ဝင် သိချင်တာဗျ ။ အကျိုးနဲ့အကြောင်း ဆီလျှော်တဲ့ အဖြေရမှ စိတ်ကျေနပ်မှုရလေ့ရှိပါတယ် ။ ဒီတော့ ဒါတွေ ဘာကြောင့်ဖြစ်ရတာလဲ...? သိပ္ပံနည်းကျ ဖြေရှင်းလို့ရနိုင်မလား ဆိုပြီး စတင်စူးစမ်းလာမိပါတော့တယ် ။ 

            ပထမဆုံး တွေ့ခဲ့ရတာက အင်မတန်ချောင်ကျလှတဲ့ ပလောင်ရွာလေးတရွာမှာ ထူးဆန်းတာ တွေ့ခဲ့ရပါတယ် ။ ဘာလဲဆိုတော့ ဝမ်းတွင်းစုန်းဆိုပြီး ကလေးမလေးတယောက်ကို ရွာအစွန်မှာ တဦးထဲ ထားတယ်ဆိုတဲ့ သတင်းပါပဲ ။ 

          ဒါနဲ့ လမ်းကြုံတဲ့တနေ့မှာ အဲဒီ ပလောင်ရွာလေးဆီ သွားခဲ့ပါတယ် ။ ကားလမ်းမ( မြေလမ်းပါ) တနေရာက လမ်းဘေးမှာ ထူးခြားတဲ့ လက်ပံပင်ကြီးတွေ့ရပါတယ် ။ ဘာထူးတာလည်းဆိုတော့ လက်ပံပင်ကို သင်္ကန်းတွေ ပတ်ထားပြီး သံနဲ့ရိုက်ထားလို့ပါပဲ ။ 

         ဘာလို့ လုပ်ထားတာလဲမေးကြည့်တော့ အဲဒီလက်ပံပင်မှာ သရဲရှိသတဲ့ ။ သရဲက ထူးဆန်းတယ် နေဝင်ရီတရော ဆိုင်ကယ်စီးလာရင် နောက်ကနေ အတင်းလိုက်စီးသတဲ့ ။ သွားဖူးသူအများကြီး မကြာခဏကြုံနေရတော့ ဘုန်းကြီးက ပရိတ်ရွတ်ပေးတယ် ။ 

        မရဘူး လိုက်နှောက်ယှက်နေတာပဲတဲ့ ။ ဒါနဲ့ သရဲဆင်းမရအောင်ဆိုပြီး သိမ်ဝင်သင်္ကန်းနဲ့ လက်ပံပင်ကို ပတ်ပြီး သံရိုက်ထားရတာတဲ့ ။ လမ်းမှာတင် ဇတ်လမ်းတပုဒ်ရခဲ့ပါတယ် ။ 

         သိပ်မကြာဘူးဗျ စုန်းမလေးရှိတယ်ဆိုတဲ့ ရွာကိုရောက်ပြီး ရွာအစွန်က ကောင်မလေးအိမ်သွားစို့ဆိုတော့ တယောက်မှ အဖော်စပ်မရတော့ဘူး ။ နောက်ဆုံး လက်ညှိုးထိုးပြဖို့ပဲ ခေါ်ရတယ် ။ ကျနော်လည်း ဝယ်လာတဲ့ မုန့်ထုပ်လေးတွေယူပြီး အဲဒီ အင်ဖက်တဲလေးထဲ ဝင်သွားပါတယ် ။ 

        ၁၂ နှစ်လောက်ရှိသေးတဲ့ ပိန်ပိန်ကောင်မလေးကို ထမင်းစားနေတာ တွေ့ရပါတယ် ။ ဦးဝင်ခဲ့မယ်သမီး ရလားဆိုတော့ ပလောင်သံဝဲဝဲလေးနဲ့ ဘာလုပ်မလို့လဲတဲ့ ။ သမီးနဲ့စကားခဏပြောချင်လို့ပါဆိုတော့ စကားပြန်မပြောပဲ ကျနော့်ပဲ ကြည့်နေပါတယ် ။ 

         ဒါနဲ့ သူထမင်းစားနေတဲ့ စားပွဲသေးသေးလေးနား ထိုင်ပြီး သမီးမိဘတွေကောလို့ မေးကြည့်တော့ မရှိတော့ဘူးတဲ့ ။ သူ့ဦးလေးက ဆန်လေး ဆီလေး ပေးနေလို့ စားနေရတာတဲ့ ဗျ ။ စားတာကြည့်အုံး ပဲပုပ်ပြားလေးမီးဖုတ်ပြီး မုန်ညှင်းဟင်းချိုလေးနဲ့ စားနေရရှာတာပဲ ။ 

         ကျနော်လည်း သနားတာနဲ့ ယူခဲ့တဲ့ မုန့်တွေ အကုန်လုံး သမီးစားဖို့ ဆိုပြီးပေးတော့ သနားစဖွယ် မယုံကြည်ပဲ ကြည့်နေလေရဲ့ ။ ကျနော်က ဗမာလူမျိုးဖြစ်ကြောင်း မကြောက်ပါနဲ့ သမီးကို ကူညီဖို့ လာတာပါလို့ ပြောတော့ မျက်ရည်တွေ ကျလာပါတယ် ။ 

          ကလေးမလေးက မိဘတွေ မရှိတဲ့နောက်ပိုင်း အထီးကျန်နေတာတဲ့ ။ ဦးလေးဖြစ်သူကလည်း တောထဲထင်းခုတ်စားရတော့ အိမ်မှာ အဖော်မရှိဘူးပေါ့ ။ ရံဖန်ရံခါ ကလေးချင်း စကားများရန်ဖြစ်ရင် သူက မြွေကိုက်ပါစေ ကြိမ်ရင် အဲဒီကလေးတကယ် မြွေကိုက်ခံရသတဲ့ ။ 

         တခါ နှစ်ခါမဟုတ်ဖူး တိုက်ဆိုင်မှူတွေ များလာတော့ သတိထားမိလာကြသတဲ့ ။ နောက်ဆုံးဖြစ်ရပ်က သူ့ဦးလေးမိန်းမက မကြည်ဖြူတော့ အမြဲဆူပူနေတာနဲ့ ကားတိုက်သေပါစေ ဆုတောင်းလိုက်သတဲ့ ။ ကားဆိုလို့ တလတခါ ဖြတ်ခဲတဲ့ ရွာလေးထဲမှာပဲ ထူးထူးဆန်းဆန်း ဦးလေးမိန်းမ ကားတိုက်ခံရပြီး သေပါရောလား ။

         ဒီတော့ တရွာလုံးက စုံးမလေးဆိုပြီး နှင်ထုတ်တော့ ဦးလေးဖြစ်သူက ကလေးမို့ ရွာအစွန်မှာထားပါ သူပဲ ကျွေးပါရစေလို့ တောင်းဆိုလို့ အခုလို ရွာအပြင်မှာ ထားတာလို့ ပြောပြပါတယ် ။ 

        အရမ်းအံ့သြစရာပါပဲ ။ တိုက်ဆိုင်မှုဆိုတာ တခုတလေ ဆို ဖြစ်လေ့ရှိပေမယ့် အကြိမ်ရေများလာရင်တော့ ထူးခြားမှုရှိနေပါပြီ ။ 

         ကလေးမလေးကို တခြားလူတွေကို အဲလိုကြိမ်စာထပ်မတိုက်နဲ့နော်သမီး ဦးလေးနောက်ထပ်လာအုံးမယ် ၊ သမီးဖို့ မုန့်တွေ အင်္ကျီလှလှလေးတွေ ဝယ်ခဲ့မယ်နော် ဆိုပြီးပြောတော့ ဝမ်းသာအားရ ခေါင်းငြိမ့်ပြရှာပါတယ် ။ 

           အပြန်မှာ မုန့်ဖိုးလေး ၅၀၀၀ိ ပေးတော့ မယူရဲရှာပါဘူး ။ အများကြီးပဲတဲ့ သမီးဦးလေးပေးလိုက် သမီးကို ဟင်းကောင်းကောင်း ဝယ်ပေးလို့ပြောလိုက်ပါ ဆိုပြီး မနည်းပေးခဲ့ရပါတယ် ။ 

         ပြန်လာကြတော့ ရွာခံအဖော်က ခင်ဗျားမကြောက်ဖူးလားတဲ့ ။ ဘာကြောက်ရမှာလဲ သနားစရာပါဗျာ ကျုပ်နောက်တခေါက် လာရအုံးမယ် စားစရာနဲ့ အင်္ကျီတွေ ဝယ်ပေးမယ်လို့ ပြောခဲ့တယ်ဆိုတော့ အံ့သြနေလေရဲ့ ။ထူးဆန်းတာတွေ့ရင် ပြောအုံးလို့ မှာခဲ့ပြီး ကျနော်ပြန်လာပါတယ် ။

         ရပ်စောက်မှာ စျေးပွဲတော်လုပ်နေလေတော့ ကွက်တိပါပဲ ။ ကလေးအင်္ကျီလှလှလေးတွေ စျေးချိုချိုနဲ့ ဝယ်လို့ရပါရောလား ။ ခေါက်ဆွဲခြောက် ၊ ငါးခြောက် ၊ ဆီဗူး နဲ့ ကလေးသရေစာလေးတွေ ဝယ်ပြီး နောက်တနေ့ သွားပေးတော့ ကလေးမလေးခမျှာ ချုံးပွဲချ ငိုရှာပါတယ် ။ 

       သူ့ဘဝမှာ ဘယ်သူမှ အဲဒီလို ဝယ်မပေးဖူးဘူးတဲ့လေ ။ ကျနော်လည်း သမီး သူတပါးကို မကောင်းတဲ့ကြိမ်စာ မတိုက်နဲ့နော် ၊ ကောင်းတဲ့စကားတွေနဲ့ ဆုတောင်းပေး သမီးအဆင်ပြေလိမ့်မယ်လို့ သင်ပေးတော့ ဟုတ့ကဲ့ ဘယ်လိုပြောရမှာလဲ တဲ့ ။ 

         စိုက်ပျိုးရေးလုပ်နေရင် သီးနှံတွေရပါစေ ၊ သီးနှံပေါ်ရင် စျေးကောင်းရပါစေလို့ ဆုတောင်းပေါ့ သမီးရဲ့လို့ သင်ပေးတော့ ဟုတ်ကဲ့ပါတဲ့ ။ 

         ကျနော်လည်း မဖြစ်စလောက်ကုသိုလ်လေးလုပ်လာပြီး ဝမ်းသာပီတိစိတ်နဲ့ ပြန်လာခဲ့ပါတယ် ။ စိတ်ထဲမှာတော့ ဝမ်းတွင်းစုန်း ပြဿနာလည်း ဇစ်မြစ်မေးကြည့်ဖို့ စုံစမ်းဖို့ တေးထားမိတာပါပဲ ။ 

          တကယ်သိချင်နေတာက ကျနော်ကိုယ်တွေ့ဖြစ်နေရတဲ့ ပုဏ္ဏက ဆန်ဆန်ပြဿနာကို အစဆွဲချင်နေတာ ဝမ်းတွင်းစုန်းကိစ္စကြောင့် တပတ်လောက်အချိန်ကုန်သွားရပါတယ် ။ 

      ဒီလိုနဲ့ တနေ့တော့ ကျနော်သိချင်နေတဲ့ ပုဏ္ဏကပြဿနာကို သဲလွန်စရလာပါတယ် ။ တောင်ပေါ်က ပလောင်ရေဖြူဆိုတဲ့ ရွာမှာ ပုဏ္ဏကတိုက်တဲ့ အိမ်ကြီးရှိကြောင်း ဘယ်လိုမှ နေမရတော့လို့ အထက်လမ်းပယောဂဆရာနဲ့ နှိမ်နင်းမယ့် ပွဲ ရှိကြောင်း သတင်းရလာပါတယ် ။ 

         သေချာလားမေးပြီး ဆိုင်ကယ်ဆီထည့် ပလောင်ရေဖြူရွာကို ချီတက်လာပါတယ် ။ အမှန်က ရွာထဲမှာ မဟုတ်ပါဘူး လိမ္မော်ခြံကြီးရှိတဲ့ တောင်ကြားထဲမှာပါ ။ ဧရာမ လိမ္မော်ခြံကျယ်ကြီးထဲက အိမ်မဲမဲကြီးဆီကို သွားကြရတာပါ ။ 

          ကျနော်တို့လည်း အကျိုးအကြောင်းပြောပြီး လေ့လာချင်လို့ ခွင့်ပြုပါဆိုတော့ ဝမ်းသာအားရ လက်ခံပါတယ် ။ မနက်မှ ဆရာလာမှာမို့ ညအိပ်ကြပါတဲ့ ။ ပုဏ္ဏကကြမ်းတာလည်း ကြုံဖူးသွားတာပေါ့တဲ့ ။ 

         ဒါနဲ့ သူတို့ရဲ့ ပုဏ္ဏကတိုက်တယ်ဆိုတဲ့ အိမ်မဲကြီးထဲမှာ ညအိပ်ဖို့ ဆုံးဖြတ်ကြရပါတယ် ။ မိသားစုက ၁၅ သမီးလေး နဲ့ မိဘ နှစ်ပါးပဲ ရှိတယ်ဗျ ။ အလုပ်သမားတွေက အလုပ်ပြီးရင် ရွာထဲပြန်ကြတော့ ညဖက်ဆို သုံးယောက်ထဲ နေကြရတာပေါ့ ။

          ကျနော်တို့နှစ်ယောက်ရယ် ရွာထဲက ခေါ်ထားတဲ့ အလုပ်သမား နှစ်ယောက်ရယ် သူတို့မိသားစု သုံးယောက်ရယ် အားလုံး ၇ ယောက် အိမ်အောက်ထပ်မှာပဲ စကားစုပြောနေကြပါတယ် ။ 

        အဲဒီအချိန်မှာပဲ လူမရှိတဲ့ အပေါ်ထပ်က ကြမ်းပြင်ပေါ်ကို ခြေသံပြင်းပြင်းနဲ့ လမ်းလျှောက်နေတဲ့ အသံကြားလာရပါတယ် ။
အားလုံး စကားမပြောတော့ပဲ နားစွင့်နေကြပါတယ် ။ 

        ခဏနေတော့ ဖန်ခွက်ကျကွဲသံကြားရပြန်ပါတယ် ။ ကျနော်လည်း အဲလိုအသံတွေနဲ့ ရင်းနှီးနေတော့ မကြောက်မိဖူးဗျ ။ အားလုံးကတော့ ထိတ်လန့်နေဟန်ပါပဲ ။ တိုင်းရင်းသားလူရိုးတွေဆိုတော့ ပိုကြောက်နေကြပုံပါပဲ ။ 

       ကျနော်လည်း ဓာတ်မီးနဲ့ တုတ်တချောင်း တောင်းပြီး အပေါ်ကို တက်ကြည့်ပါတယ် ။ အပေါ်ရောက်တော့ အသံပျောက်သွားပါတယ် ။ ပလောင်အိမ်တွေက အခန်းဖွဲ့မထားတော့ အပေါ်ထပ်မှာလည်း ရှင်းနေတာပါပဲ ။ 

        ဘုရားစင်အောက်မှာ ဖန်ခွက်တလုံးကျကွဲနေတာမြင်ရပါတယ် ။ ထိုင်ခုံတလုံး တုံးလုံးလဲနေတာတွေ့ရတယ် ။ ကျန်တာဘာမှ မထူးခြားပါဘူး ။ ပြန်ဆင်းလာတော့ အားလုံးက ဝိုင်းမေးကြတယ် ဘာတွေ့လဲတဲ့ ။

       ဘာမှ မရှိဘူးဗျ သိပ်ကြောက်မနေကြပါနဲ့ ဒီလိုအသံတွေက ကြားရလေ့ရှိပါတယိဆိုပြီး ကျနော့်အိမ်ကအတွေ့အကြုံကို ပြန်ပြောပြတော့ သူတို့လည်း အနည်းငယ် အားရှိသွားကြပါတယ် ။ 

          အပေါ်ထက်က ပျောက်သွားတဲ့ အသံတွေဟာ ပြန်ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ ရံဖန်ရံခါ ခေါင်မိုးပေါ်ကို ကျောက်စရစ်ခဲလေးတွေ ကျလာသလို ကြားရပါသေးတယ် ။ ၇ ယောက်လုံးကြားနေရတော့ ဒါဟာ စိတ်က ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်ဖူးဆိုတာကတော့ သေချာနေပါပြီ ။

        တညလုံး မအိပ်ကြတာ ဖအေဖြစ်သူအိမ်ရှင်ရယ် ကျနော်တို့နှစ်ယောက်ရယ် ၃ ယောက်ပေါ့ ။ ကျန်တဲ့သူတွေကတော့ မီးဖိုဘေးမှာ ငုတ်တုတ်လေးတွေ မှီပြီးအိပ်နေကြလေရဲ့ ။

         ဘာမှ မထူးခြားပဲ မနက်လင်းတာနဲ့ အလုပ်သမားတွေ ၃၀လောက် ရောက်လာကြပါတယ် ။ သူတို့နဲ့အတူ ကန်တော့ပွဲတွေလည်း ပါလာလေရဲ့ ။ ချက်ပြုတ်စားသောက်ပြီးတော့ မနက် ၈ နာရီကျော်ပြီပေါ့ ။ ဒီအချိန်မှာ ဆရာလာပြီ ဆိုလို့ ကြည့်မိပါတယ် ။ 

        ရှမ်းဘောင်ဘီနဲ့ရှမ်းတိုက်ပုံဝတ်ထားတဲ့ ဖြူစပ်စပ် ခပ်ပုပုရှမ်းတယောက်ကို တွေ့ရပါတယ် ။ ရင်ဘတ်ဟောင်းလောင်းမို့ အင်းကွက် ဆေးမှင်ကြောင်တွေ အများကြီးကိုမြင်နေရပါတယ် ။ 

        ဆေးလွယ်အိတ်နဲ့ ကြိမ်လုံးတချောင်းကိုင်ထားပြီး ကွမ်းတဗြစ်ဗြစ်ထွေးနေပုံက တကယ့်မြန်မာပေါကားထဲက ပယောဂဆရာကြီး စတိုင်ပဲဗျ ။ ကိုင်း ဟန်ပန်ကတော့ ဟုတ်နေတာပဲ အစွမ်းအစကို ကြည့်ကြရအောင်ဗျာ ။ 

          ပထမဆုံး အိမ်ထဲကလူတွေ အကုန်အပြင်ထွက်ကြရပါတယ် ။ ကန်တော့ပွဲတွေကို ရိုင်ဖက်နဲ့ ကာထားပြီး ဖရောင်းတိုင်မီးထွန်းကာ ပယောဂဆရာက လှေခါးရင်းကနေ မန်ပါပါနဲ့ ဂါထာတွေရွတ်ပါတော့တယ် ။ 

        ရွတ်နေတာ ၁၀ မိနစ်လောက်ကြာရော အပေါ်ထက်ကနေ '' ဝုန်းကနဲ '' ဆို........

           ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...