Sunday, July 3, 2022

မနေ့ကရထား



(ဖြစ်စဥ် ၁)
-------

      ရပ်စောက်မြို့မှာ နေ့စဥ်ရထားပြေးဆွဲနေတာရှိပါတယ် ။ ရထားထွက်ချိန် မနက် ၆ နာရီ ဝင်ချိန် ညနေ ၆ နာရီ လို့တော့ ဘူတာမှာ ကြေညာထားပါတယ် ။ သို့သော် ကျနော်ရှိစဥ် ကာလများတုန်းကတော့ ဝင်ချင်တဲ့ အချိန်ဝင်ပြီး ထွက်ချင်တဲ့အချိန် ထွက်တာပါပဲ ။ 

         အဲဒီရထားထွက်ချိန် မမှန်တာကိုပဲ လက်ဖက်ဆိုင်မှာထိုင်ကြရင်း ဘူတာစာရေးအား စနောက်ပြီး ရီမောကြတာ နေ့စဥ်လိုပါပဲ ။ တနေ့မနက် လက်ဖက်ရည်မှာ ထိုင်သောက်နေကြတုန်း ရထားဥသြသံကို ၆ နာရီ အတိမှာ ကြားလိုက်ရတော့ အံ့သြတကြီး

'' ဟ ဒီနေ့တော့ ထူးထူးခြားခြား မီးရထားက အချိန်အတိအကျ ထွက်နေပါ့လား ဟ ''

      ဒီတော့ ဘူတာစာရေးက ရီကျဲကျဲနဲ့ ပြောတယ် ။

'' ရမ်းသမ်းချီးကျူးမနေနဲ့ အဲဒါ မနေ့က ထွက်ရမယ့်ရထား အခုမှ ထွက်နိုင်တာ '' တဲ့ လေ ။ 

ဖြစ်စဥ် (၂)
=======

      ဦးသိန်းစိန်လက်ထက် ရွေးကောက်ပွဲနီးနေတဲ့ကာလမှာ မှတ်ပုံတင်ရုံးမှာ ကိစ္စရှိလို့ ရောက်သွားတော့ အိမ်နားလေးက ကလေးမလေးတယောက် ခဏခဏလာနေရလို့ ဦးစီးမှူးကို ပြောနေလေရဲ့......

'' ဟိုဟာလိုတယ် ဒီဟာလိုတယ်နဲ့ တခေါက်တမျိုးပြောမနေပါနဲ့ တနေ့လုပ်မှ တနေ့စားရတာမို့ လိုတာတွေ အကုန် တခါတည်းပြောပါ ရပ်ကွက်ထောက်ခံစာ ရဲစခန်းထောက်ခံစာကလည်း အလကားရတာမဟုတ်ဖူး သွားရလာရတာလည်း အဝေးကြီး ကိုယ်ချင်းစာကြပါအုံး ''

'' နေပါအုံး မှတ်ပုံတင်အတွက် ထောက်ခံစာလုပ်သူတွေကို ငွေမတောင်းဖို့ ညွှန်ကြားချက်ထုတ်ထားတာ ရပ်ကွက်ဥက္ကဌက တောင်းနေလို့လား သေချာလား ''

'' သေချာပါ့တော် ၅၀၀ိ ကိုယ်တိုင်ပေးခဲ့ရပါ့ ''

        ဦးစီးမှူးလည်း ရပ်ကွက်ဥက္ကဌဆီ ချက်ခြင်းဖုန်းဆက်ပြီး ငွေမတောင်းဖို့ ပြဿနာဖြစ်ရင်ရှင်းရခက်မယ်ဘာညာနဲ့ ပြောပါတယ် ။ ကိစ္စပြီးတော့ အိမ်နားကကလေးမကို ဆိုင်ကယ်ကယ်ရီ မငှားနဲ့ ငါနဲ့ ပြန်လိုက်ခဲ့ဆိုပြီး အတူပြန်လာကြပါတယ် ။ 

        ညစာစားပြီးချိန်မှာ အဲဒီကလေးမ အိမ်ရောက်လာပြီး ရပ်ကွက်ရုံးက သူမကို ခေါ်ထားကြောင်း ထောက်ခံစာငွေတောင်းတာ မှတ်ပုံတင်ရုံးမှာ ပြောတဲ့ ကိစ္စဖြစ်ဟန်တူကြောင်း ဦးမျိုးသက်သေအဖြစ် ရုံးကို လိုက်ပေးပါအုံးတဲ့ ။ ကျမ မကြောက်တတ်ပေမယ့် ပြဿနာဖြစ်လာရင် သက်သေရှိအောင်ပါတဲ့ ။

        ကျနော်လည်းလိုက်သွားပါတယ် ။ ဥက္ကဌက ကျနော့်ကိုမြင်တော့ မျက်နှာပျက်သွားပါတယ် ။ ကိုမျိုးဘာကိစ္စလည်းတဲ့ ကျနော်လည်း ဒီကလေးမလေးကိစ္စပါ ဘာကြောင့်ခေါ်မယ်မသိဘူး လိုက်ခဲ့ပါအုံးဆိုလို့ လိုက်လာတာဆိုတော့ ဆက်မမေးတော့ဘူး ။

       ကလေးမလေးကိုပဲ...

'' ညည်းက မှတ်ပုံတင်ရုံးမှာ ငါတို့ကို ထောက်ခံစာဖိုး ပေးခဲ့ရတယ်လို့ ပြောတယ်ဆို ''

'' ပြောတယ်လေ တကယ်ပေးခဲ့ရတာပဲ မဟုတ့ဖူးလား လိမ်ပြောနေလို့လား ''

'' ဟ စာရွက်စာတမ်း​ကြေး မဖြစ်စလောက် တောင်းတာလေ အများနဲ့လုပ်နေရတာ ဒီလောက်တော့ ကုန်မှာပေါ့ အိတ်စိုက်လုပ်ရရင် ငါမွဲမှာပေါ့ ''

'' အစိုးရက စာရွက်စာတမ်းကြေး တလ ၇၀၀၀၀ိ ထောက်ပံ့နေတယ်လေ ကျမ စာဖတ်ပါတယ် ဥက္ကဌကြီး ''

'' ဟ အခြား နင်မသိတဲ့ ဧည့်ခံစရိတ်တွေ အများကြီးရှိသေးတယ်ဟ နင် ငါတို့ ထမင်းအိုးမခွဲနဲ့လေ ''

'' ကျမက ဥက္ကဌကြီးတို့ ထမင်းအိုးခွဲနေတာ မဟုတ်ပါဘူး ဥက္ကဌကြီးတို့ကသာ ကျမတို့ ဆင်းရဲသားတွေထမင်းအိုးထဲ လာနှိုက်နေတာပါ ''

'' ဟာ...ဒီကောင်မလေး....''

        အရိုးနင်သွားတဲ့ ဥက္ကဌ စကားဆက်မပြောနိုင်ပဲ ရပ်ပွက်ထဲက မိုက်ကပ်ညစ်ကျယ် ကျနော့်ကို တချက်ကြည့်ပြီး...

'' ကဲ ကဲ တော်ပြီ တော်ပြီ ပြန်တော့ နောက်အဲလိုမဖြစ်စေနဲ့ ''

ဖြစ်စဥ် (၃)
-------

       မီဒီယာသမားကမေးတယ် ပက်စပို့ ရုံးမှာ အမြန်ရအောင် လုပ်ရင် 5 သိန်းပေးရတယ် အဲဒါဘယ်လိုဖြေရှင်းကြမလဲဆိုတော့ ရဲမှူးကဖြေတယ် ။ ခင်ဗျားကိုယ်တိုင်ပေးခဲ့ရတာလားတဲ့ ။ 

        မီဒီယာသမားဆိုတာ ကိုယ်တိုင်ကြုံရမှ မေးမြန်းရမလိုသဘောဖြစ်နေတယ် ။ အပူသည်ပေါင်းစုံဆီကသတင်းတွေအရ သူက ပြည်သူ့ကိုယ်စား မတော်မတရားမှုကို မေးပေးရတာလေ ။ 

        အဲဒါကို ပြည်သူတွေ အဆင်ပြေဖို့ ဘယ်လိုဆောင်ရွက်ထားတယမပြောပဲ အခက်အခဲတွေ လျှောက်ပြောနေတယ် ။ ကောင်းပြီ အဲဒီစစ်ဆေးရပါတယ်ဆိုတဲ့ အခက်အခဲတွေက ပွဲစားကြ လွယ်သွားပြီး ပြည်သူကြမှ ဘာကြောင့်ခက်ခဲနေရသလဲဆိုတာ အဓိကသိချင်နေတာဗျ ။ 

        သာမန်ပြည်သူတွေအတွက် ကြိုးနီစနစ်နဲ့  အဟန့်အတားတွေ လုပ်ထားပြီး ကာလကြာအောင် ဆွဲရစ်နေပေမယ့် ဝေစား ပေါင်းစားမယ့် ပွဲစားနဲ့ကြမှ လွယ်ကူအဆင်ပြေ​အောင် ဖန်တီးပြီိး အကြံအဖန်လုပ်ကာ ပူးပေါင်းလာဘ်စားနေတဲ့ ကိစ္စကို ဖြေရှင််းဖို့ မေးမြန်းတာပါ ။ 

        ဒါကိုပဲ ခင်ဗျားကိုယ်တိုင််ပေးခဲ့ရလို့လားဆိုတဲ့ အပိတ်မေးခွန်းနဲ့ တုန့်ပြန်ပြီး မျက်စိမှိတ်ငြင်းနေတာ ရှက်စရာပါပဲ ။ တကယ်သိချင်ရင် တာဝန်ရှိလူကြီးမင်းတွေ လူကြားထဲတိုးပြီး ကိုယ်တိုင်ဝင်ကြည့်ရဲသလားမေးချင်ပါတယ် ။ 

        ဒီတော့ ကျနော့်အတွေ့အကြုံအရ အကြံပြုရမယ်ဆိုရင်တော့....

- ကိုယ့်ထမင်းအိုးထဲ အနှိုက်မခံရအောင် ကာကွယ်ကြပါ သတ္တိရှိကြပါ ဥပဒေနဲ့အညီ မိမိဖက်က ပြည့်စုံအောင် ဆောင်ရွက်ထားကြပါ ။

- ဝန်ထမ်းဆိုတဲ့နေရာမှာ မဟုတ်တာလုပ်နေသူတွေ ထုနဲ့ထည်နဲ့ ပူးပေါင်း လာဘ်စားနေကြပါသေးတယ် ဆိုတာ သတင်းစာရှင်းလင်းပွဲလို ပွဲကြီးမျိုးမှာ ဘယ်လို ပိတ်ဆို့ဖြေသွားသလဲ ကြည့်ရရင်ပဲ ထင်းထင်းကြီး မြင်သာနေပါပြီ ၊ ပြည်သူ့အခက်အခဲကို ကူညီဖြေရှင်းဖို့ထက် ဝန်ထမ်းဆိုးနဲ့ ပေါင်းစားမယ့်သူတွေ ဘယ်အဆင့်တာဝန်ယုနေသလဲ တွေးကြည့်နိုင်ပါပြီ ။

- ဦးသန်းရွှေ ၊ ဦးသိန်းစိန် ၊ ဒေါ်စုကြည် ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  ဘယ်လက်မှာပဲဖြစ်ဖြစ် ပြည်သူ့အကျိူးအတွက် လာဘ်ပေးလာဘ်ယူ တိုက်ဖျက််ရေးကို အမှန်တကယ် မလုပိဆောင်ကြပဲ ဟန်ပြအဖြစ်သာ ဆောင်ရွက်ကြရင်း ပြည်သူကို လိမ်နေကြပုံတွေက ထူးမခြားနားမို့ ခေတ်အဆက်ဆက် ယောင်မှားပြီး ဒီနေ့တော့ မီးရထား အချိန်မှန်သားလို့များ ချီးမွမ်းမစောလေနဲ့ အဲဒါ အချိန်မှန်တာမဟုတ်ဖူး 

 ''မနေ့ ရထားကြီး ဗျ ''

          ကိုရွှေမျိုးဝင်း

(ပြည်သူတွေကတော့ ရှုံးရှုံးရှက်ရှက်ဆိုတဲ့ မနေ့က ရထားပေါ်မှာပဲ လိုက်ပါနေရဆဲပါပဲ... ဘယ်အထိ လိုက်​နေရမလဲဆိုတော့ တာဝန်ရှိသူတွေ အရှက်ရှိလာတဲ့အချိန် ထိပေါ့ဗျာ)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...