Wednesday, July 6, 2022

ကျနော် ၊ ပုဏ္ဏက နဲ့ သိပ္ပံ (၆)


           ဆရာတော်က မိဘတွေကို ခေါ်ပြီး သူတို့ရဲ့ အထီးကျန်အိမ်ကြီးဆီကို အနီးနားက လူတွေ ဖိတ်ပြီး ဘုရားကိုးဆူ ကပ်ခိုင်းပါတယ် ။ ပြီးတော့ သမီးငယ်လေးကိုလည်း အနားက ရွယ်တူအဖော်တွေဆီ လည်ပတ် ဆော့ကစားစေပါတယ် ။ 

           အဲဒီအိမ်ကြီးထဲမှာ မီးရောင်ထိန်နေအောင် ထွန်းပြီး လူစည်ကားသိုက်မြိုက် အဝင်အထွက်များအောင် စီစဥ်ခိုင်းပါတယ် ။ အဲဒီလို တပတ်လောက် ပြုလုပ်ပြီးရင် ဘာထူးခြားလဲ လာကြည့်မယ်ဆိုပြီး ပြန်လာကြပါတယ် ။ 

          ကျနော်ကတော့ ရှမ်းပြည်မှာတုန်းကလို ပုဏ္ဏကနဲ့ ဆရာတော် ပညာပြိုင်မယ် မှတ်နေတာ မဟုတ်ဖူးဗျ ။ ဆရာတော်ရဲ့ အစီအမံကတော့ အထီးကျန်နေတဲ့ ကလေးမလေးကို အဖော်ရအောင် လုပ်ပေးခိုင်းတဲ့သဘောဖြစ်နေလေရဲ့ ။ 

         တပတ်လောက်ကြာတော့ ဖအေဖြစ်သူရောက်လာပြီး သူတို့အိမ်မှာ ခြောက်လှန့်နေတာတွေ တဖြေးဖြေး ပပျောက်လာကြောင်း ပြောပါတယ် ။ ဆရာတော်က ကလေးမလေးကို အဲလို အဖော်တွေနဲ့ အမြဲထားပါ သူတို့လာမလည်ရင် ကလေးမလေးကို အလည်သွားခွင့်ပြုပါ ပုဏ္ဏကလည်း ပျောက်သွားပါလိမ့်မယ်လို့ ပြောလိုက်ပါတယ် ။ 

         ကျနော်လည်း ဆရာတော်ရဲ့ ကုထုံးကို နားမလည်တော့ပါဘူး ။ ပုဏ္ဏကနဲ့ ကလေးမလေးအထီးကျန်နေတာ ဘာဆိုင်သလဲ မေးမိပါတယ် ။ ဆရာတော်က စိတ်ရဲ့ ဆန်းကျယ်မှုကို ပြောပြပြီး အခုဖြစ်နေတာတွေက အထီးကျန်နေတဲ့ ကလေးမလေးရဲ့ စိတ်ထဲမှာ တိတ်ဆိတ်နေတဲ့ အိမ်ထဲနေရရင်း မသိစိတ်က အသံဗလံတွေကို တောင့်တနေမိတယ်တဲ့ ။ 

         မိဘတွေ ပြန်လာလို့ တခါးဖွင့်သံတို့ ခြေသံတို့ ဘာတို့ပေါ့ ။ ကလေးမလေးရဲ့ စိတ်စွမ်းအင်ကလည်း မွေးရာပါ မြင့်မားမယ်ဆိုရင် သူ့စိတ်ရဲ့ လိုအင်ဆန္ဒတွေဟာ အကောင်အထည်ပေါ်လာသတဲ့ ။ 

          အထီးကျန်မှု အားကြီးလေ စွမ်းအားတိုးလာလေဖြစ်ပြီး မူလက အသံလေးတွေ ကြားရာကနေ ခဲလုံးတွေ လူရှေ့ကျလာတယ် ၊ ပေါ့ပါးကွဲရှလွယ်တဲ့ ပန်းကန်ခွက်ယောက်တွေ ကွဲလာမယ် ၊ ဒီထက်ဆိုးလာရင် လေးလံတဲ့ စားပွဲ ကုလားထိုင် ဘီဒိုတွေ မျက်စေ့အောက်တင် ရွှေ့လျှားလာမယ် ၊ အလိုလိုမီးထလောင်မယ် ဆိုတဲ့ သိပ္ပံနည်းနဲ့ စမ်းမရတဲ့ ပြဿနာတွေ ဖြစ်လာမယ်တဲ့ ။ 

          သူက စိတ်စွမ်းအင်ကြောင့် ဖြစ်တတ်တာမို့ ပယောဂမဟုတ်ဖူးတဲ့ ။ ဒီလို ပယောဂမဟုတ်တာကို ပယောဂဆရာတွေ ကုလည်း အနာတခြားဆေးတခြားမို့ ဖယ်ရှားမရဘူးတဲ့ ။ 

        ပယောဂဆရာတွေ လွယ်လွယ်ဖယ်ရှားမရကြတော့ ပုဏ္ဏကတိုက်ဆိုပြီး ခေါင်းစဥ်တပ်ကြပါရော ။ တကယ်ကျတော့ ပုဏ္ဏကတိုက် အစစ်မဟုတ်ဖူး ။ ဒီတော့ ပုဏ္ဏကတိုက် ဖျက်နည်းနဲ့ ဖယ်ရှားလည်း မရတော့ပြန်ဘူး ။ 

         အဲဒီကျမှ စိတ်ပညာရှင်တွေ သိပ္ပံနည်းကျ စမ်းသပ်ရင်း ဆယ်ကျော်သက် အထီးကျန် ပြဿနာလို့ ခေါင်းစဥ်တပ်ကြရတော့တယ် လို့ ရှင်းပြပါတယ် ။ ဒီပြဿနာကို ဆယ်ကျော်သက်လို့ ခေါင်းစဥ်တပ်ရတာက ၁၀ နှစ်ကနေ ၁၈ နှစ်အတွင်း အထီးကျန်ကလေးတွေကြောင့် အများဆုံးဖြစ်တတ်လို့ပါပဲ ။ 

        ယောကျာ်းလေးနဲ့ မိန်းကလေး အဖြစ်များတာကတော့ မိန်းကလေးက 70 % ခန့်ရှိပြီး ယောကျာ်းလေးက 30 % ခန့်သာ ဖြစ်တတ်ပါတယ် လို့ သိပ္ပံနည်းကျရှင်းပြပါတယ် ။ 

         ဒီလို သိလိုက်ရတော့ ကျနော်လည်း စုန်းမဆိုပြီး ရွာပြင်ထုတ်ခံရတဲ့ ပလောင်မလေးကို သတိရပြီး ဆရာတော်ကို ဝမ်းတွင်းစုန်းအကြောင်း ထပ်မေးမိပါတယ် ။ 

         အဲဒါ အတူတူပဲ သူလည်း အထီးကျန်ဘဝနဲ့ နေရရင်း အနှိမ်ခံရ ၊ အနှိပ်စက်ခံရ ဖြစ်လာပါများလာချိန်မှာ အနိုင်ကျင့်သူတွေကို ဘာဖြစ်ပါစေ ညာဖြစ်ပါစေ ဆုတောင်းရင်း စိတ်စွမ်းအားရှိနေတော့ သူပြောသလို သူကြိမ်သလို ဖြစ်ကုန်ကြလို့ စုန်းမလို့ စွတ်စွဲကြတာပဲလို့ ပြောပြပါတယ် ။ 

        ဆက်ပြီးပြောတာက အဲဒီလို စိတ်စွမ်းအား ကောင်းတဲ့ ကလေးတွေဟာ အကောင်းဖက်မှာ အသုံးချမိသွားရင် ထူးချွန်ထက်မြက်သူတွေ ဖြစ်သွားလေ့ရှိတယ်လို့ ပြောပြပါတယ် ။ 

        ကျနော်လည်း ဒီတော့မှ ပလောင်မလေးကို သတိပြန်ရပြီး ရွာခံမိတ်ဆွေကြီးကို ဖုန်းဆက်ပြီး သတင်းမေးကြည့်ပါတယ် ။ ရွာခံမိတ်ဆွေက ဝမ်းသာအားရပြောပြပါတယ် ။

        ခင်ဗျား အင်္ကျီတွေ စားစရာတွေ ပေးသွားပြီး ပြောင်းလဲသွားတာ အံ့သြစရာပဲတဲ့ ။ ကောင်မလေးက သူ့အိမ်နားက လယ်ကွက်တွေကို အထွက်ကောင်းဖို့ ဆုတောင်းပေးတာ ကျန်သူတွေသိပ်မရပဲ သူဆုတောင်းတဲ့လယ်ကွက်တွေ အများကြီးထွက်သတဲ့ ။ စျေးကောင်းလည်းရတယ်တဲ့ ။

        အဲဒီနောက်နှစ်တွေမှာ သူ့ဦးလေးနဲ့အတူ အထွက်ကောင်းအောင်ဆုတောင်း စျေးကောင်းအောင်ဆုတောင်းပေးတာ အဆင်ပြေကြလို့ အခုဆို ရွာထဲမှာ အတူပြန်နေကြရပြီး ပျော်နေရှာပြီလို့ သတင်းကောင်းပြောပြပါတယ် ။ 

        ဆရာတော်ကို အဲဒီနောက်ကြောင်းပြောပြတော့ လမ်းကြောင်းမှန်သွားတော့ ဝမ်းသာစရာကောင်းတယ် ဒကာကြီးလို့ မိန့်ကြားပါတယ် ။ ကျနော့်စိတ်ထဲမှာ ရပ်စောက်မြို့က ကျနော်နေခဲ့တဲ့ အိမ်အကြောင်း ပြန်စဥ်းစားမိပြန်ပါတယ် ။ 

         ကျနော်က တယောက်ထဲနေရပေမယ့် ဆယ်ကျော်သက်လည်းမဟုတ် ၊ အထီးကျန်လည်းမဆန် ၊ စိတ်စွမ်းအားလည်း တစက်မှမရှိ ဘာကြောင့် ပုဏ္ဏကတိုက်တဲ့ လက္ခဏာတွေ ထင်ထင်ရှားရှား မြင်တွေ့ကြားသိခဲ့ရတာလည်းဆိုတာ တွေးမရသေးပါဘူး ။ 

        ဒါနဲ့ ဆရာတော်ကို မေးကြည့်တော့....

'' ဒါက အရင်နေသွားတဲ့သူရဲ့ ကျန်နေခဲ့တဲ့ မကောင်းတဲ့ wave ရိုက်ခတ်မှုကြောင့် ဖြစ်နေတာ ဒကာကြီး ''

'' ဘယ်လိုနေရာမှာ ခိုအောင်းပြီး ကျန်နေတတ်သလဲဘုရား ''

'' အင်း ပြောရခက်တယ် ဒကာကြီး သစ်ကြိတ်ဆိုတာ ကြားဖူးသလား ''

'' တင်ပါ့ဘုရား နှစ်များစွာ သစ်ကိုင်းခြင်း ပွတ်တိုက်နေတဲ့ သစ်နဲ့ ဆောက်မိတဲ့ အဆောက်အဦးမှာ မြည်နေလေ့ရှိတဲ့ သစ်ကိုပြောတာပါဘုရား သစ်ခြောက်လို့လည်း ခေါ်ကြပါတယ်ဘုရား တပည့်တော်နေအိမ်မှာလည်း ကြုံခဲ့ဖူးပါတယ် ဘုရား ''

'' မှန်တယ် ဒကာကြီး အဲဒီအသံလှိုင်းတွေဟာ သူကပ်ငြိလို့ ရနိုင်တဲ့နေရာမှာ ကပ်ငြိဖို့ကြိုးစားအောင်မြင်သွားပြီး အသံလှိုင်းတွေ ပြန်ထွက်နေလို့ မြည်နေရတာ ဒကာကြီး ''

'' သိပ်နားမရှင်းဘူး ဘုရား ''

'' ဒကာကြီး CD ချပ်မှာ အရုပ်တွေ အသံတွေ ထည့်သိမ်းထားတာ သိမှာပါ ''

'' တင်ပါဘုရား ''

'' အဲလိုပဲ အရုပ်တွေ အသံတွေဟာ သူကပ်ငြိလို့ရရင် ရသလို ကပ်ငြိနေလေ့ရှိတယ် သဘာဝပစ္စည်းတွေမှာလည်း ကပ်ငြိနေနိုင်တဲ့အခါမျိုး အခြေအနေမျိုးမှာ နေလေ့ရှိတယ် ''

'' တင်ပါ့ဘုရား နဲနဲတော့ သိပ္ပံနည်းကျလာပါပြီ ဘုရား ''

'' ဒီသဘောအရ မကောင်းတဲ့ ပါပဓာတ်လှိုင်းတွေဟာ ဒကာကြီးနေအိမ်ရဲ့ သူကပ်ငြိစရာ အရာတချ်ို့ဆီမှာ ကပ်ငြိလို့ အဆင်ပြေသွားပြီး အခြေအနေပေးတိုင်း သူ့အာနိသင်ကို ထုတ်ပြနေလို့ ဒကာကြီးလည်း ကြုံတွေ့နေရတာပဲ ''

'' တင်ပါ့ဘုရား အဲလို လှိုင်းကိုလည်း ဆန် ၊ ရေ ၊ မီး တို့နဲ့ ဖယ်ရှားလို့ရပါသလားဘုရား ''

'' ပုဏ္ဏကတိုက် အစစ်မဟုတ်ဖူး ၊ လှိုင်းထုတ်ပေးထားတဲ့ ဆယ်ကျော်သက်လည်း မရှိတော့ဘူးဆိုရင်တော့ အဲဒီနည်းတွေနဲ့ပဲ ရှင်းလင်းဖယ်ရှားလို့ရပါတယ် ''

'' တင်ပါဘုရား တခုငိချင်တာက ပုဏ္ဏကတိုက် အစစ်နဲ့ အတိုက်ခံရရင်ကော ခုခံတန်ပြန်လို့ ရနိုင်ပါသလားဘုရား ''

'' တော်ရုံဆရာနဲ့ မရပေမယ့် တကယ့်ပဌာန်းဆက်ရှိပြီး စနစ်တကျ သင်ယူခဲ့မယ် ၊ လုံလောက်တဲ့ သီလ သမာဓိ နဲ့ အကျင့်အကြံရှိထားတဲ့ဆရာ နဲ့ဆို ရပါတယ် ''

'' ဒါဆို ဘယ်လိုဖယ်ရှားခဲ့တယ်ဆိုတဲ့ အတွေ့အကြုံ ပြောပြပေးပါဘုရား ''

'' ဒီလို ပုဏ္ဏကတိုက်အစစ်ကို ၈၈ နောက်ပိုင်း မတွေ့ဖူးတော့ဘူး ဒကာကြီး အဲဒီကာလအရင်မှာ ပုဏ္ဏကတိုက် အစစ်ကို ဖယ်ရှားနိုင်တဲ့ ဆရာနဲ့ တွေ့ခဲ့ဖူးတယ် မြင်ခဲ့ဖူးတယ် ဒကာကြီး ''

'' ဆရာတော်ရဲ့ အတွေ့အကြုံကို ပြောပြပါဘုရား ''

'' အတော်စွမ်းတဲ့ ပုဏ္ဏကတိုက် အစစ်က ဒီလို ဒကာကြီးရ.....''

        ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...