"ငါ့ ညီရေ အဆင်ပြေမယ်ထင်တာပဲ ကွ ''
"ဘယ်လို ထင်တာလဲ ဗျ လက်တွေ့ လုပ်လာတာ မဟုတ်ဖူးလား ''
"အေး လုပ်လာတာပဲ ကွ သူပြောသလို တိုးတယ်ကွာ သူ့မိန်းမ သွားရောင်းတာ ဝယ်တယ်ကွာ ''
"ဒါဆို လုပ်ပေါ့ ဗျာ ''
"အေး အကို ငွေစုရအုံးမယ် ပြီးတော့ လုပ်မယ်ကွာ ''
"လုပ်ပါဗျာ အကို့ကြည့်ရတာ ပင်ပန်းလွန်းလို့ ''
"အံမယ် ငါတယောက်တည်းတော့ မလုပ်ဖူးနော် မင်းရော ငါ့တပည့်ရော သင်ရမယ် ''
"အလုပ်ရှုပ်လို့ ဗျာ ခင်ဗျားတို့က ပညာသင်ပေးရင် ဟိုသစ္စာဆိုခိုင်း ဒီ သစ္စာဆိုခိုင်း ဟိုစာ အလွတ်ကျက်အုံး ဒီစာ အလွတ်ကျက်အုံး နဲ့ မသင်ချင်ဖူး စိတ်ရှုပ်တယ် ''
"အမလေး ဗျာ ဒါမျိုး သင်ချင်လွန်းလို့ ခြေသလုံး ဖက်နေသူတွေ အများကြီး ဟ မင်းကြမှ ဖြစ်မှ ဖြစ်ရလေ ကွာ ''
"ဟုတ်တယ်လေ အကိုတတ်တဲ့ ပညာ ကျနော့်သင်ပေးပါလို့ ဘယ်တုန်းက ပြောခဲ့ဖူးလို့ လဲ ''
"ခက်တော့ နေပြီ အေး မင်းက အဲလို လောဘ မရှိလို့ သင်ပေးချင်တာ တခု ၊ ငါ့ကို ခိုင်းနေမှာ ကြောက်လို့ တခု သင်ပေးမှကို ရမယ်ကွ ''
"ဟမ်..အကို့ကို ဘာခိုင်းဖူးလို့ လဲ အခုထိတခါမှ ဗေဒင်မမေးဖူးဘူး ၊ လက္ခဏာ မမေးဖူးဘူး လေ ''
"မဟုတ်ဖူးကွ အောင်မြင်သွားရင် မင်းက အကိုကျုပ်ကို တကျပ်သားထိုးပေး နှစ်ကျပ်သားထိုးပေးအုံး လုပ်မှာလေ ငါပဲ အပင်ပန်းခံ ထိုးပေးရမှာ ကြောက်လို့ ဟေ့ ''
"လုပ်ပြီ အဲဒါတော့ အာမမခံနိုင်ဖူးလေ တောင်းစရာရှိရင်တော့ တောင်းရမှာပဲ ''
"သိပြီးသားပါကွာ ကဲ အခုလောလောဆယ် တို့ မြို့ထဲသွားရအောင် ဧည့်သည်နဲ့ ချိန်းထားသေးတယ် ''
"ဘယ်သူနဲ့လဲ ဂမ်ကြောင်တွေနဲ့လား ဒါဆို ကျနော်မလိုက်တော့ဘူး ''
"မဟုတ်ဖူး မင်း စိတ်ဝင်စားမယ့် ကိစ္စပဲ ကွ လိုက်ခဲ့ပါ ''
ဒါနဲ့ ကျနော်လည်း ကိုရွှေနဲ့အတူ မြို့ထဲသွားကြပါတယ် ။ ဆူးလေ ဘုရား အရှေ့ဖက် ဘားလမ်းထောင့်က ဧရာဝတီဘဏ် အရှေ့ဖက်လမ်းကြားထဲက ရွှေညောင်ပင် ဆိုတဲ့ လက်ဖက်ရည်ဆိုင်လေးထဲ သွားကြပါတယ် ။
ထမင်းဆိုင်လေးတွေ နဲ့ ကော်ဖီမစ်လောက်ပဲ ရောင်းတဲ့ ဆိုင်ပေါက်စလေးပါပဲ ။ ကျနော်တို့ ရောက်ပြီး ကော်ဖီသောက်နေတုန်း ကုလားတယောက် ဝင်လာပါတယ် ။
ကိုရွှေ့ကို မြင်တော့ ဆိုက်ဆိုက်မြိုက်မြိုက် စားပွဲဆီ လာပါတယ် ။ ကိုရွှေက မိတ်ဆက်ပေးပြီး စကားပြောကြပါတယ် ။ ဒီတော့မှ သိရတာက ကုလားက အောက်လမ်းပညာ သင်ယူလေ့ကျင့်နေတဲ့ သူတဲ့ဗျာ ။ ရှားရှားပါးပါး ကုလားပါပဲ ။
သူတို့ပြောတဲ့အထဲမှာ ကျင့်စဥ်တွေ ပါတယ်ဗျ ။ ဘာတဲ့ ကျင်းကိုးကျင်း ၊ စင်ကိုးစင် ၊ သခ်ျိုင်းကိုးခု တဲ့ ။ ဘာတွေလဲ မေးကြည့်တော့ ကျင်း ကိုးကျင်း ဆိုတာ သင်မယ့်တပည့်ကို ကျင်းထဲမှာ တယောက်ထဲ ထည့်ထားသတဲ့ ။
အဲဒီထဲမှာ ကျင့်စဥ်ကျင့်ရင်း ကြုံရမယ့် အနှောက်အယှက်တွေကို ဖြတ်ကျော်ရသတဲ့ ။ စိတ်မခိုင်လို့ ရှုံးခဲ့ရင် သေတဲ့အထိ ဖြစ်ရတဲ့ ကျင့်စဥ်တွေတဲ့ ဗျာ ။ အဲဒါမျိုး ကိုးကျင်းပြည့်အောင် ကျင့်နိုင်ရင် ဆရာတဆူ ဆိုပဲ ဗျ ။
နောက်အဆင့်ကတော့ စင်ကိုးစင် တဲ့ ။ သူလည်း ကျင်း နဲ့ အတူပဲ လင့်စင်ပေါ်မှာ တယောက်တည်း ကျင့်ရသတဲ့ ။ အဆင့်မြင့်ဆုံးက ကိုးသခ်ျိုင်း ကျင့်စဥ်တဲ့ အောင်မြင်အောင် ကျင့်နိုင်ရင်တော့ အောက်လမ်းလောကမှာ ထိပ်သီးဆရာကြီး ဖြစ်ပြီ ဆိုပဲ ဗျ ။
ဒီကုလားက ကျင်း ကိုးကျင်း ပြီးအောင် ကျင့်ပြီးပြီတဲ့ ။ နောက်ထပ် စင် ကိုးစင် ကျင့်စဥ်အတွက် ဆရာရှာနေတာတဲ့ ။ အဲဒါ ကိုရွှေနဲ့ ဘယ်လို ဆက်စပ်တွေ့လာတယ် မသိဖူး ကိုရွှေက ပညာစုံလို့ လာမေးတာတဲ့ ။
ကိုရွှေက မင်း ကျင်းကိုးကျင်း ပြီးပြီဆိုတော့ ဘယ်လို အစွမ်းပြနိုင်ပြီလဲ ကွ လို့ မေးပါတယ် ။ သူက မိုးရွာအောင် လုပ်ပြနိုင်သတဲ့ ။ ဒါနဲ့ အပေါ် မော့ကြည့်တော့ မိုးက သူ့ဘာသာကို ရွာမလို မဲနေတာလေ 😁😁😁မစမ်းပါနဲ့ကွာ ဆိုပြီး အခြားစကားတွေ ပြောကြပါတယ် ။
နောက် ကိုရွှေက သူစုံစမ်းပေးမယ် အခု ဖုန်း နံပါတ် ပါမလာလို့ ဆိုပြီး ပြန်လွှတ်လိုက်ပါတယ် ။ ကုလား ပြန်သွားမှ ကိုရွှေက ဟေ့ကောင် ဒီကုလားပြောတာ ဟုတ်တယ်ကွ သူက နောက်တဆင့် တက်ချင်လို့ ဆရာရှာနေတာ ငါ လည်း ဘယ်လမ်းညွှန်လို့ ဖြစ်မလဲ ကွာတဲ့ ။
ဘာဖြစ်လို့လဲ လို့ ကျနော်မေးတော့ အကုသိုလ် အလုပ်ကွ လူတွေ ဒုက္ခပေးမယ့် ပညာ ဘယ်ပြန့်ပွားလို့ ဖြစ်မလဲ ကွာ တဲ့ ။
အပြန်ကျတော့ ကျနော်လည်း ကျောက်မြောင်း သီတာမှတ်တိုင်နားမှာ လူဝင်တွေ့ပြီး အလုပ်ကြောင်း ပြောကြပါတယ် ။ ခဏပါပဲ ပြောပြီးတာ နဲ့ ကိုရွှေနဲ့ လက်ဖက်ရည် နဲ့ အအေးဆိုင် ထဲ ဝင်ထိုင်ပါတယ် ။
ကိုရွှေက ပလိန်းတခွက် ကျနော်က ပုံမှန်တခွက် မှာသောက်ပါတယ် ။ ထူးထူးခြားခြား ပဲ ကုလားပိန်ပိန်လေး တယောက် ကျနော်တို့ စားပွဲကို ဝင်ထိုင်ပါတယ် ။ ပြီးတော့ ကျနော့်ကို ကြည့်ပြီး ခဏထိုင်မယ်နော် တဲ့ ။
သြော် ထိုင်ပြီးနေပြီပဲ ဗျာ ထိုင်ပါဆိုတော့ သူလည်း လဖက်ရည် မှာသောက်ပါတယ် ။ ပြီးတော့ ကျနော့်ကို ကြည့်ပြီး အကို့ လက္ခဏာလေး တချက်လောက် ကြည့်ပါစေတဲ့ ။
ကျနော်က ကိုရွှေ့ကို တချက်လှမ်းကြည့်တော့ ရီနေပါတယ် ပြလိုက်ပါ ငါ့ညီရာ တဲ့ ။ ကျနော်လည်း အင်းးးဒီကုလား ငါ့ဆီက လက်ဖက်ရည် သောက်ချင်လို့ အကြံအဖန်လုပ်တာ နေပါ တိုက်လိုက်ပါ့မယ် ဆိုပြီး ပေးလိုက်ပါတယ် ။
ကုလားက လက္ခဏာကြည့်ပြီး အကိုက ဂမ္ဘီရကြက်ခြေ ပါတော့ အခုချိန် ဘာလုပ်လုပ် အဆင်မပြေသေးဘူး ၊ အသက်ကြီးမှ အဆင်ပြေမယ် ၊ ချမ်းသာလောက်တဲ့ ကိစ္စကြီးငယ်များ ပွတ်ကာသီကာ လွဲနေမယ် ကုန်ကုန်ပြေရရင် မိသားစုနဲ့ အတူနေရချိန်တောင် အလွန်နည်းလိမ့်ဗျ တဲ့ ။
ဒါတော့ ဟုတ်နေသလိုပါပဲ ။ လုပ်ငန်းတွေက အဆင်ပြေခါနီးတိုင်း မထင်မှတ်တဲ့ အကြောင်းတွေနဲ့ ပျက်သွားတတ်တာကိုးဗျ ။ ကိုရွှေက ပြုံးပြီး ဆက်ဟောအုံး လို့ပြောပါတယ် ။
အဆင်မပြေဖူး ဆိုပေမယ့် စားစရာမရှိအောင် အဆင်မပြေတာ မဟုတ်ဖူး စားဖို့ သောက်ဖို့ကတော့ သူ့ဟာသူ ဝင်နေလိမ့်မယ် ဒုက္ခကြီးကြီးမားမား မရောက်နိုင်ဘူး တရားအားထုတ်ရင် အခြားသူတွေထက် မြန်မြန် တရားရနိုင်တယ် သို့သော် တော်ရုံနဲ့လည်း အားထုတ်မယ့်လူစား မဟုတ်ဖူး ၊ အခု သေချာတာ တခုပြောလိုက်မယ် ၄၈ နာရီ အတွင်း ငွေ တသိန်း ဝင်မယ် မြန်မာကျပ်ငွေ မဟုတ်ပဲ ဒေါ်လာ ဖြစ်ပါစေသာ ဆိုတောင်းပါ တဲ့ ။
ကျနော်လည်း ကဲ ဗျာ ဟောပေးတာ ကျေးဇူးပါပဲ ကျနော်တို့လည်း ပြန်တော့မယ် လက်ဖက်ရည်ဖိုး ရှင်းပေးလိုက်ပါ့မယ် လို့ ပြောလိုက်ပါတယ် ။
ကုလားက လက်ကာပြီး နေပါစေ ခင်ဗျားတို့ အတွက်ပါ ကျနော် ရှင်းပါရစေ ဆိုပြီး ဇွတ်အတင်းရှင်းပြီး ထပြန်သွားလေရဲ့။
ကျနော်က အကိုရေ ထူးဆန်းတယ်ဗျ လက်ဖက်ရည်သောက်ချင်လို့ ဖောရှောလုပ်နေတယ် ထင်နေတာ သူကတောင် ကိုယ့်အတွက် ရှင်းသွားလိုက်သေးတယ် နော်လို့ ပြောလိုက်ပါတယ် ။
ကိုရွှေက မင်းကိုဟောသွားတာ မှန်လား မှားလားကွ တဲ့ ။ မှန်တယ်လို့ ပြောတော့ အေး နောက် ၄၈ အတွင်း မှန် မမှန် ထပ်သိရမှာပေါ့ ကွာ ၊ သူတို့က အဓိဌာန် နဲ့ လိုက်ဟောတဲ့ အုပ်စုကွ လူတိုင်းလည်း မဟောကြဘူး သူတို့ အာရုံလာမှ ဟောကြတာ တဲ့ ။
အကို သူတို့အကြောင်း သိသလား ဆိုတော့ ဟိုတုန်းက ပုဏ္ဏားမျိုးနွယ်တွေ တဲ့ ။ ဒါနဲ့ ပြန်လာကြပါတယ် ။ ကျနော်လည်း အမှုမဲ့ နေမိတာပါပဲ ။ ထူးခြားတာက နောက် နှစ်ရက်အကြာမှာ လှိုင်မြို့နယ်ထဲကို ငှက်ပျောမတက် လာစမ်းပေးပါ တသိန်းပေးပါ့မယ်ဆိုပြီး ကားနဲ့ လာခေါ်လို့ လိုက်စမ်းပါတယ် ။
ပစ္စည်းက မအောင်ပါဘူး ကျနော်လည်း တသိန်းရပါတယ် ။ ဒီတော့မှ ထူးထူးဆန်းဆန်း လဖက်ရည်တိုက်ပြီး လက္ခဏာဟောသွားတဲ့ ပုဏ္ဏားသတိရမိပါတယ် ။ အတော်မှန်တဲ့ ပညာလို့ အသိအမှတ် ပြုဖူးတာ ဘဝမှာ ဒီတကြိမ်ပဲ ရှိဖူးပါရဲ့ ။ ဘာကြောင့်လဲ ဆိုတော့ တသက်လုံးက ဗေဒင် လက္ခဏာ တခါမှ မမေးဖူးလို့ပါပဲ ။
အဲဒီနောက် ကိုရွှေစမ်းကြည့်ချင်တဲ့ ရွှေတိုးတဲ့ ပညာအတွက် ကျနော့်အသိ သံဃာတပါးဆီက ရွှေငှားပြီး စမ်းဖို့ စီစဥ်ပါတယ် ။ ဆရာတော်အမွေရထားတဲ့ လက်ကောက်လေး တကွင်း ပေးလိုက်ပါတယ် ၊ ချိန်ကြည့်တော့ တကျပ်သား မပြည့်တတ်လို့ ရွှေအတိုအစလေးပါ ပြည့်အောင်ချိန် ပေးလိုက်ပါတယ် ။
ကိုရွှေ့ဖိုရုံမှာ ရွှေကို အခေါက်ချွတ်ဖို့ လုပ်ကြရပါတယ် ။ ကျနော့်အတွက်တော့ ပထမဆုံး အတွေ့အကြုံပါပဲ ။ လက်ကောက်ကို ဖြတ်တောက်ကြည့်တော့ အတွင်းမှာ ကြေးပြားပါးပါးလေး ပါနေတာ တွေ့ရပါတယ် ။
ပထမဆုံး လုံထဲကို ရွှေဖြတ်စတွေ ထည့်ပြီး နောက်ထပ် ကြေးစတွေ ထည့်ကြိုပါတယ် ။ ကြိုပြီးတော့ အရည်ပျော်ချိန်မှာ ရေထည့်ထားတဲ့ ဇလုံကြီးရဲ့ အလည်မှာ ရေမမြှပ်တမြှပ် သံတုံးတခု ထည့်ထားပါတယ် ။ နောက် ရေကို ဇလုံထဲ လှည့်ပေးပြီး အရှိန်ရတာ နဲ့ ရွှေနဲ့ကြေးရောထားတဲ့ အရည်တွေ သံတုံးပေါ် တည့်တည့် လောင်းချပါတယ် ။
ရွှေပျော်ရည်တွေဟာ သံတုံးပေါ်ကနေ တဖျက်ဖျက် နဲ့ ရေပေါက်တွေလို အစက်အပေါက်လေးတွေ အဖြစ် စင်ပြီး ရေထဲ ကျသွားပါတယ် ။ အလုံးသေးသေးလေးတွေ ဖြစ်သွာတာပါပဲ ။ ဒါကို ဥစိတ်ခွဲတယ်လို့ ခေါ်ပါတယ် ။
အဲဒါလေးတွေကို နိုက်ထရစ်အက်ဆစ် (ဘော်စားငရဲ) ထဲ ထည့်ပါတယ် ။ တဖြစ်ဖြစ်နဲ့ အသံမြည်ပြီး စိမ်းပြာရောင် အငွေ့တွေထွက်လာကာ စားပစ်ပါတော့တယ် ။ စိမ်းပြာရောင်က ကြေးကိုစားလို့ ထွက်လာတဲ့ အရောင်ပါပဲ ။
ခဏနေတော့ အမဲဖတ်တွေ ပဲ ကျန်ပါတော့တယ် ။ အဲဒီ အမဲဖတ်တွေကို လုံသေးသေးထဲ ထည့်ပြီး အရည်ပြန်ကြိုပါတယ် ။ ပြီးတော့ ထွက်လာတာက အခေါက်ရွှေတဲ့ ဗျာ ။ အလေးချိန် ပြန်ချိန်ကြည့်တော့ သိပ်မလျှော့ဘူး ဗျ အဆောင်းယူလာတဲ့ လေးရွေးသားပဲ လျော့ပြီး တကျပ်သား အတိကျန်ပါတယ် ။ ကြေးပြားပါးပါးလေး မပါရင် မလျော့လောက်ပါဖူး ။
အဲဒီ အခေါက် တကျပ်သားနဲ့ ကိုရွှေက ဖိုထိုးဖို့ စနစ်တကျ ပြင်ပါတယ် ။ ကျနော့်ကိုတော့ ခိုင်းမကောင်းတဲ့ကောင်လို့ သဘောထားပြီး သူ့တပည့်ပဲ ခိုင်းတာပါဗျာ ။ မီးသွေးခုတ်ရလွန်းလို့ သူ့တပည့်လည်း မဲ သဲနေတာပါပဲ ။
သူ့နည်းစနစ်နဲ့ အသေအချာ ထိုးနေတာ ကြည့်ပြီးမှ ကိုရွှေ ဂေါက်ကိုင်ပုံ ၊ မီးသွေးထည့်ပုံ ၊ လုံမံပုံ အားလုံး ကြည့်မိပါတယ် ။ အလွန်စနစ်ကျသေသပ်ပြီး သူ့ရဲ့ ဝါ သဘာ ကို သိရပါတယ် ။
စိတ်တိုင်းကျ ထိုးပြီးတာ နဲ့ အစောက နည်းစနစ်အတိုင်း ကြေး နဲ့ ရွှေကို ရောကြိုပြီး ရေဇလုံထဲ ထည့်ကာ ဥစိတ်ခွဲပါပြီ ။ ပြီးတာ နဲ့ ဘော်စားငရဲထဲ ထည့်ပါတယ် ။ ထုံးစံအတိုင်း အမဲဖတ် (ကွမ်းဖတ်) တွေ ကျလာပါပြီ ။
အဲဒါတွေကို ရွှေကြိုလုံ သေးသေးလေးထဲ ထည့်ပြီး ကြိုပစ်ပါပြီ ။ မကြာပါဘူး အင်မတန် ဝင်းလက်နေတဲ့ အခေါက်ရွှေတုံးလေး ထွက်လာပါပြိ ။ ချိန်ခွင်ပေါ်တင်ပြီး ဘယ်လောက်တိုးမလဲ ဒါမှ မဟုတ် ဘယ်လောက်လျှော့မလဲ ဆိုတာ လက်တွေ့သိရပါတော့မယ် ။
ချိန်ခွင်ထဲ တကျပ်သားအလေး ထည့်ပြီး တဖက်က ရွှေတုံးလေး ထည့်ကြည့်လိုက်တော့..........
ကိုရွှေမျိုးဝင်း
No comments:
Post a Comment