Friday, July 1, 2022

ပညာရှာ တကယ်သူတောင်းစား ၇



         ဦးသာပိုလက်ထဲက စာလိပ်ထဲမှာ ရေးထားတာက သိုက်ထဲက ယူလာတဲ့ ပစ္စည်း ပြန်ထားလိုက်ပါ ၊ ဘယ်သူပဲ ပိုင်ပါစေ ဘယ်လိုပဲ စေတနာနဲ့ ပေးပါစေ သိုက်ဝင်ပစ္စည်းအား လုံးဝယူခွင့်မရှိကြောင်း ၊ ဒီလိုယူခဲ့တဲ့ အတွက် ဘယ်သူ့အကူအညီမှ မယူပဲ ကိုးတောင်ပြည့်စေတီတဆူ တည်ရန် အပြစ်ပေးလိုက်ကြောင်း ရေးသားထားလို့ပါပဲ ။

      ခဏထိတ်လန့်သွားခဲ့ရတဲ့  ဦးသာပိုဟာ မတွေ့ရတာ ကြာပြီဖြစ်တဲ့ သူ့ဆရာကို ကျေးဇူးတင်စွာ နဲ့ ဆရာရှိရာ ရွှေမြင်တောင် အရပ်ဆီသို့ ဦးတိုက်ကန်တော့ရှာပါတယ် ။ 

       သူ့ရဲ့ ထွက်ရပ်ပေါက် လမ်းစဥ်မှာ အဟန့်အတား ဖြစ်စေမယ့် ကိစ္စတွေကို ဆရာဖြစ်သူက မျက်ခြေမပျက် ကြည့်ရှုစောင့်ရေဖာက်ပေးတာ သိသွားလို့ မျက်ရည်ဝဲအောင် ပိတိဖြစ်နေတဲ့ ဦးသာပိုဟာ ချက်ခြင်းပဲ သိုက်ကို သွားတုန်းက ခေါ်သွားတဲ့ ဝက်ကြီးကိုပဲ လိုက်ခဲ့ဆိုပြီး ထွက်သွားပါတယ် ။ 

.......လက်ထဲမှာတော့ သိုက်စောင့်ကြီး မေတ္တာနဲ့ ပေးလိုက်တဲ့ ၂၅ ကျပ်သား အလေးချိန်ရှိတဲ့ ဟသ်ာရုပ်လေးကို လက်ကိုင်ပါဝါနဲ့ ထုပ်ပြီး ကျစ်ကျစ်ပါအောင် ကိုင်လာလေရဲ့ ။ 

         ဆရာတပည့် နှစ်ယောက် သိုက်ရှိရာ နေရာကို ရောက်တာနဲ့ ဦးသာပိုက ဝက်ကြီးကို ရွှေဟသ်ာရုပ်လေးပေးထားပြီး သူမန္တန်ရွတ်လို့ ပြီးရင် ဒီနေရာ ချထားဆိုပြီး မှာကြားပါတယ် ။ 

    အင်းချ မန္တန်ရွတ်ဆိုနေစဥ်မှာပဲ တော်လဲသံတွေကြားရပါတယ် ၊ ပြီးတာနဲ့ ဝက်ကြီးလဲ ဆရာမှာသလို ရွှေဟသ်ာရုပ်လေးကို မြေကြီးပေါ် ချထားလိုက်ပါတယ် ။ 

     ခဏအကြာမှာ လေတိုက်လာသလို အရုပ်အောက်က မြေကြီးဟာ ထမနှဲအိုးမွှေသကဲ့သို့ ဝဲကတော့ထိုးပြီး ပျော့ပြောင်းစွာလည်ပတ်ဟန်နဲ့ ရွှေဟသ်ာအရုပ်လေးပို အတွင်းသို့ ဆွဲယူသွားပါတော့တယ် ။ 

       အဲဒီကျမှ ဦးသာပိုတို့ ဆရာတပည့် နှစ်ယောက်သား ပြန်လာကြပါတယ် ။ ဦးသာပိုဟာ သူ့ဆရာ ပြစ်ဒဏ်ပေးတဲ့ အတိုင်း မမျိုးစုရွာ မှာ ကိုးတောင်ပြည့်ဘုရားကို တယောက်တည်းနဲ့ တည်ထားကိုးကွယ် ခဲ့ပါတယ် ။ 

     တွံ့တေး လှိုင်သာယာ လမ်းအနီးရှိ မမျိုးစုရွာထိပ်မှာ ယနေ့တိုင် တွေ့မြင်နေရတဲ့ ကိုးတောင်ပြည့်ဘုရား နဲ့ သူ့သားဦးသာဆိုင် ဆိုသူတို့ ယနေ့တိုင် ရှိနေတာတွေဟာ ပုံပြင် မဟုတ်တဲ့ ဦးသာပို ရဲ့ ဖြစ်ရပ်မှန်ဆိုတာ သက်သေပြနေပါတယ် ။ 

         ဦးသာပိုဟာ အင်းပညာနဲ့ ဒီဘဝမှာ ထွက်ရပ်ပေါက် မရတော့ဖူးလို့ ဆရာပြောခဲ့လို့ သိထားတဲ့အတွက် ဓာတ်လုံးထိုးရင်း လမ်းကြောင်းအသစ်ရှာနေရပါတယ် ။ 

       ၈၈ အရေးအခင်းကြီး နီးလာတော့ ဦးသာပိုလည်း အသက် ၁၀၀ နားနီးလာပါပြီ ။ ကျန်းမာနေသေးတဲ့ ဦးသာပိုဟာ လူတွေကို သူ့ပညာနဲ့ ကယ်တင်နေဆဲပါပဲ ။ 

      သူ့မှာ တပည့်တွေ အများအပြားရှိနေပါလျှက် သူ့လို အစွမ်းအစပြနိုင်သူ မပါခဲ့ပါဘူး ။ 

    နောက်ဆုံး ဦးသာပိုရဲ့ သား နှစ်ယောက် နဲ့ သမီးတယောက်တောင်မှ ဖအေဖြစ်သူရဲ့ ပညာတွေကို အကုန်အစင် မရပါဘူး ။ တပည့်ရင်းဖြစ်သူ ဦးစိန်လှိုင်က ဆရာကို မေးကြည့်တော့ ဒီပညာတွေက သီလ သမာ ပညာ နဲ့ ပြည့်စုံမှသာ ရနိုင်သာမို့ သီလကောင်းဖို့ စကျင့်ပါလို့ မှာသတဲ့ ။ 

     ဆရာမရှိရင် ဘယ်လို ပုဂ္ဂိုလ်ကို ဆရာတင်ရမှာလဲ မေးတော့

 '' မင်းကို သံသရာကနေ လွတ်အောင် သင်ပေးနိုင်သူဆီ တပည့်ခံကွ''

     လို့ မှာပါသတဲ့ ။ 

        ၈၈ အရေးအခင်း ပြီးတော့ ဦးသာပိုဟာ သူ့ရဲ့ ဖိုလုပ်ငန်းတွေ လက်စသိမ်းပါတယ် ။ သားသမီးတွေနဲ့ တပည့်တွေကို ကြိုးစားသင်ကြားပါတယ် ။ 

      ဒီလိုနဲ့ ၁၉၉၀ ကျော်ကာလမှာ ဦးသာပို အသက် ၁၀၀ ပြည့်ပါပြီ ။ အသက် ၁၀၀ မှာပဲ ဦးသာပိုဟာ အစွမ်းထက်လှတဲ့ သူ့ရဲ့ ပညာရပ်များနဲ့အတူ လောကကြီးကို နှုတ်ဆက်သွားပါပြီ ။ 
(တပည့်တွေကတော့ သူတို့ဆရာဟာ သေတာမဟုတ်ဖူး ထွက်ရပ်ပေါက်သွားတာလို့ ယနေ့တိုင် ယုံကြည်နေဆဲပါပဲ)

          ကျနော်တို့လည်း အံ့သြစရာကောင်းလှတဲ့ ဦးသာပိုရဲ့ အကြောင်းကို နားထောင်ရင်း အခုမှ သက်ပြင်းချရပါတော့တယ် ။ 

         နောက်တနေ့ကျတော့ ကိုရွှေကို ကျနော်မေးကြည့်ပါတယ် ။ 

"အကိုက ဗေဒင် ၊ ဆေး ၊ နက္ခတ် ၊ အဂ္ဂရပ် အားလုံး တတ်တယ်နော် ဒါပေမယ့် ဘာလို့ လုပ်မစားတာလည်း ''

"ငါတွေးကြည့်တယ်ကွ စိတ်မထားတတ်ရင် ဗေဒင် နဲ့ ဆေးပညာက အကုသိုလ်ပဲ ကွ ''

"ဟိုက် ..လုပ်ပြီ ဘာဆိုင်လို့လဲ ဗျ''

"ကဲ ဗေဒင် ဟောစားပြီကွာ ဘယ်လိုလူတွေ ဗေဒင်မေးသလဲ ပြန်ကြည့် ကြွေးပူ လင်ပူ သားပူ အမှုပူ စတဲ့ အပူသည်တွေပဲ လာမေးနေကြတာ 95 % ပဲ ကွ ''

"အင်း ဟုတ်ပါပြီ ဒီတော့ ''

"ဗေဒင်နဲ့ အသက်မွေးမှတော့ လူများများလာမေးဖို့ ဆုတောင်းရပြီ အဲဒီဆုတောင်းကိုက လုပ်ငန်းသဘာဝအရ လူတွေအပူများကြပါစေလို့ သွယ်ဝှိက်ဆုတောင်းနေရတာပဲ ကွ ဒါကြောင့် ငါမလုပ်တာ ''

"ဟိုက်..ချိတ်ဆက်ဒဿနကတော့ ဟုတ်နေတာပဲ နေပါအုံး အကို ယတြာဆိုတာကရော တကယ်စွမ်းသလား ဗျ ''

"ယတြာကလည်း အမျိုးမျိုးကွ ဓာတ်နု ဓာတ်ရင့် သက်ရှိ သက်မဲ့ အစရှိသည်ဖြင့် ကွဲသေးတယ် ဝါရင့်ဆရာတွေက ဓာတ်နုယတြာ မသုံးဖူး ကွ ''

"ဓာတ်နုဆိုတာ ''

"အသီးအရွက် အပွင့်အခတ် အညွှန့်အတက် စတာတွေပေါ့ ကွာ သူတို့က ညှိုးနွမ်းပျက်ဆီးလွာ်တာကိုးကွ ဓာတ်ရင့်ဆိုတာ သတ္တုပစ္စည်းတွေပေါ့ ကမ္ဘာတည်ကတည်းက တည်ရှိခဲ့တဲ့ စိန် ပတ္တမြား နီလာ မြ အစရှိတဲ့ သက်တမ်းရင့် ယတြာတွေပေါ့ ကွာ ခိုင်မြဲရှည်ကြာတဲ့ မူလဓာတ်ခံကိုက ကောင်းပြီးသားကိုး ''

"ဒါဆို ယတြာချေတိုင်း ကောင်းသွားပြရောလား ''

"ယတြာချေတိုင်း ကောင်းသွားရင် ဘုရားဟောတဲ့ ကံ  ကံ၏အကျိုးဆိုတာ မှားသွားမှာပေါ့ ဒီ​တော့ ယတြာချေတိုင်း မကောင်းပါဘူး ''

"ဒါဖြင့် ဘာလို့ ချေခိုင်းကြတာလဲ ''

"ဒီလိုကွ အပြင်မှာ မိုးတိမ်တွေ မဲနေပြီ မင်းကလည်း မဖြစ်မနေ သွားရတော့မယ် ဒီတော့ မင်းကို ငါက ထီးပေးလိုက်တယ် ၊ လမ်းမှာ မိုးရွာတယ် မင်းကို မိုးဒဏ်ကနေ ထီးက ကာကွယ်ပေးတယ် ၊ အေး လေပြင်းပါ ပါလာရင်တော့ မင်းစိုရမှာပဲ ဒီထက်ဆိုးပြီး မိုးကြိုးပစ်ခံရရင် ထီးကမကယ်နိုင်ဖူး သေမှာပဲ ကွ   ယတြာဆိုတာ အဲဒီသဘောပဲ ကွ မင်းအကုသိုလ် နည်းသေးရင် ယတြာစွမ်းမယ် အကုသိုလ် သိပ်များရင် မရဖူး ခံရမှာပဲ ''

"သြော် ဒီလိုကိုး ကဲ ဗေဒင်ကို ထားပါတော့ ဆေးကုတာကရော အကုသိုလ် ဖြစ်စရာလား ဗျာ''

"ဖြစ်တာပဲ ငါကိုယ်တွေ့ပါ ကွာ ဆေးကုပေးနေတော့ နေ့စဥ် လူနာမျှော်နေရတာလေ ၊ အဲလို လူနာလူပါစေ မျှော်နေရတာကိုက လူတွေကို ဝေဒနာခံစားရပါစေလို့ ဆုတောင်းနေတာ နဲ့ အတူတူပဲ မဟုတ်လား ကွ ''

" လုပ်ပြန်ပြီ ဒါနဲ့ အကိုတနေ့က ဗေဒင်ဟောစာတမ်းတွေ ရေးနေသလား လို့ ''

"အေးကွ နာမည်ကြီး ဗေဒင်ဆရာ ငါ့တပည့်တယောက် အရေးကြီးတဲ့ ဇာတာရှင်မို့ ဆရာတွက်ပေးပါဆို​လို့ တသက်စာ ဟောစာတမ်း ရေးပေးခဲ့တာ ပဲ ''

"ဘယ်လောက်ရသလဲ ''

"သူက ဘယ်လောက်တောင်လဲ မသိဖူး ငါ့ကိုတော့ တသိန်းကန်တော့သွားတယ် ''

"ဒီအသံ ကြားချင်နေတာ ကိုင်း ရွှေတောင်တန်းသွားပြီး ကြေးအိုးစားကြစို့ ''

"ဟိုက်  အတော်လည်တဲ့ အညာသားကွာ ငါတော့ ခံရပြီ ''

       နှစ်ယောက်သား မြို့လည်က ရွှေတောင်တန်းကို ရောက်ပါပြီ ။ ကြေးအိုး အသေးနှစ်ပွဲ မှာပြီး စားကြပါတယ် ။ ဆော့ချဥ်ထည့်ဖို့ ပန်းကန်လွတ်တွေ ရှိပေမယ့် ဆော့ပုလင်း မရှိဘူး ။ စားပွဲပေါ်မှာ ရေဘူးအဝါရောင် အကြီးတလုံး နဲ့ တစ်ရှူးဘူး ပဲ တွေ့တယ် ။ 

     ဒါနဲ့ စားပွဲထိုးကိုခေါ်ပြီး ဆော့ဘူး ပေးအုံး ဆိုပြီး တောင်းတော့ စာပွဲထိုးက ရေဘူးအကြီးနဲ့ ထည့်ထားတဲ့ ဆော့တွေကို ပန်းကန်ထဲ ငှဲ့ချထည့်ပေးတယ် ။ ကိုရွှေက ပြုံးပြုံးကြီး ကြည့်ပြီး မှတ်ထား တောသားလူလည် ဘာမှ မသိဖူး တဲ့ ။ တကယ်တမ်းကျတော့ သူလည်း မသိဖူးရယ် 😁😁။ 

       စားသောက်ပြီးတော့ ကျနော်သိချင်တာ ဆက်မေးပါတယ် 

"အကိုက ပညာစုံနေပြီ ဘယ်ပညာနဲ့ ငွေရှာမှာလဲ ''

"အဂ္ဂိရပ်ပညာနဲ့ ရွှေလုပ်နိုင်ရင် အကုသိုလ် အကင်းဆုံးပဲ ကွ ၊ ဒါကြောင့် ငါအဲဒီနည်းကို လိုက်ရှာနေတာပဲ ''

"အိန္ဒိယနယ်စပ်က ဘုန်းကြီးပေးတဲ့ နည်းကရော ''

"ငါလေးခါ စမ်းပြီးပြီ မဖြစ်သေးဖူးကွ ဖြစ်ရင်လည်း ရွှေပမာဏက နည်းတယ်ကွ သူတို့က ရိက္ခာထောက် အဆင့်ပဲ လုပ်ကြတာကိုး ''

"ရိက္ခာထောက်ဆိုတာက ''

"ထွက်ရပ်ပေါက်လမ်းလိုက်သူတွေ အတွက် စားရေ ရိက္ခာမပူရအောင် ရွှေလုပ်ယူတဲ့ နည်းပေါ့ကွာ စားရယုံပေါ့ ''

"ဒါဆို အကို ဆရာထပ်ရှာရအုံးမှာပေါ့ ''

"အေးကွ တွေ့ထားပြီ နက်ဖြန်သွားရမယ် ဟုတ်မဟုတ်တော့ မသိသေးဖူး သတင်းကြားရတာတော့ ယုတ္တိရှိပြီး ခိုင်မာတယ် ကွ ''

"ကျနော့်ကို ပြန်ပြောအုံးနော် ''

"အေးပါ မပြောလည်း ပြဿနာ ရှာမှာ လေ ''

          နောက်တနေ့ ကိုရွှေတယောက် သူပြောတဲ့ဆီ သွားပါတယ် ။ ပြန်လာတော့ 

"ကဲ ငါ့ညီရေ ဒီဆရာ သူပြောတဲ့ အတိုင်းဆို ငါတို့ လိုချင်တာထက် ပိုရမယ့် အပေါက် ဗျာ ''

"သူပြောတာကတော့ ရွှေတကျပ်ထိုးရင် နှစ်ပဲ တိုးသတဲ့ ဒါလည်း မဆိုးဖူး နောက်ထပ် သူနားမလည်ပဲ စွတ်လုပ်တာ ငါတို့ အဂ္ဂရပ်သမားတွေ လိုချင်တဲ့ ရွှေသေလုံးပါ ဖြစ်နေတယ် ဗျာ ''

"ဟမ်  ဘယ်လို ဘယ်လို   သူက အဂ္ဂရပ်ပညာ နားမလည်ဖူးလား ''

"အေး မျက်စေ့လည်စရာပဲ ကွ သူ တကယ်ကျွမ်းကျင်တာ ရွှေမိုက်လုပ်ငန်းကွ ''

"သြော် ရွှေထီးတို့ ၊ ဖလင်တို့ ၊ ငွေဒဂ်ါးတို့ကနေ ရွှေပြန်ထုတ်တဲ့လူလား ''

"အေး ဟုတ်တယ် အဂ္ဂိရပ်ကို လုံးဝနားမလည်ဖူး သူ့ဘာသာ ရွှေကို ၁၆ ပဲ ထက် သန့်လို့ရမလားဆိုပြီး ရမ်းထိုးရင်း ဖြစ်သွားတာ ပဲ ''

"ရွှေသေ ဓာတ်လုံးက ''

"ဥပမာ ပြောမယ် ရွှေသေဓာတ်လုံးကို ပြဒါးထဲ ထည့်လိုက်ရင် ပြဒါးပြာဖြစ်သွားတယ် ၊ အဲဒီပြာကို ကွမ်းရိုးနဲ့တို့ပြီး ပျားရည် ပုလင်း ခုနစ်လုံးစီထားလိုက် အောက်ကနေ ဇလုံတွေခံထား ''

"ပြီးတော့ရော ''

"ပထမဆုံးပျားရည်ပုလင်းထဲ အဲဒီကွမ်းရိုးထည့်လိုက် ခဏနေရင် ပျားရည်တွေ ပွက်လာပြီး အောက်က ဇလုံထဲ လျှံကျလာမယ် ''

"အင်း အဲဒါကို လျှက်ရမှာလား ''

"နေအုံးဟ မလောနဲ့ လျှံကျလာတဲ့ ပျားရည်ကို တဇွန်းခပ်ပြီး ဒုတိယပုလင်းထဲထည့် ထပ်လျှံလာမယ် ၊ တဇွန်းယူပြီး တတိယပုလင်းထည့် ထပ်လျှံလာမယ် အဲသလို အစဥ်လိုက် တဇွန်းစီ ထည့်လာရင် နောက်ဆုံးပုလင်းမှာ ပျားရည် မပွက်နိုင်တော့ဖူး ''

"အဲဒီ ပျားရည်တွေကို..... ''

"အေး နောင်ဆုံးပုလင်းက အာနိသင်အနည်းဆုံး အဲဒီပုလင်းကနေ စစားရမယ် တနေ့ တဇွန်းစား နောက်ပြန်နော် နံပါတ်  ၇ ပြီးရင် ၆... ၆ ပြီးရင် ၅. အဲလို စားလို့ အားလုံးကုန်ပြီဆိုရင် မင်းအတွက် ၉၆ ပါး ရောဂါ မဖြစ်တော့ဖူး ''

"မသေတော့ဖူးပေါ့ ''

"မဟုတ်ဖူး ၉၆ ပါးပဲ မဖြစ်တာ ကားတိုက်ရင်သေမယ် ၊ ဒါးထိုးခံရရင် သေမယ် ''

"သြော် ပေါက်ပြီ ဒါနဲ့ ပျားရည်ထဲ မထည့်ခင် အဲဒီပြာစွမ်းမစွမ်း ဘယ်လို စမ်းကြသလဲ ''

"အတော်စေ့စပ်တဲ့ကောင် ပဲ အေး ဒီလိုစမ်းရတယ် ပြာကို အပ်ဖျားနဲ့ တို့ထားပြီး ငှက်ပျောအစိမ်းတဖီး ၊ တခိုင် ကြိုက်သလောက်ယူထား ၊ ပြီးရင် မင်းကြိုက်တဲ့ တလုံးကို အပ်နဲ့ထိုးထား အဲဒီအလုံးက ကျန်တဲ့ အလုံးတွေ မှည့်ချိန်အထိ အစိမ်းအတိုင်းပဲ ရှိနေရမယ် ၊ ကုန်ကုန်ပြောရရင် အဲဒီအလုံးက ဘယ်လောက်ကြာကြာ အစိမ်းအတိုင်းပဲ ဖြစ်နေရမယ် ၊ ခြောက်သွားတာမျိုး မဟုတ်ဖူး အစိမ်းရဲ့ အနံ့ အရသာအတိုင်း တည်နေရမယ် ဒါဆို အဲဒီပြာက စွမ်းပြီ ''

         ကိုရွှေပြောတာကို ဗဟုသုတအဖြစ် နားထောင်ပြီး နောက်တနေ့မှာ ကိုရွှေနဲ့ အတူ ကြည့်မြင်တိုင်စျေးထဲက ဆင်ပျံ အဂ္ဂိရပ် ပစ္စည်းရောင်းတဲ့ ဆိုင်မှာ ပစ္စည်းတွေ ဝယ်ကြပါတယ် ။ 

    လက်တွေ့ထိုးပြဖို့ ချိန်းထားလို့ ကိုရွှေတယောက် ကုန်ကြမ်းတွေဝယ်ပြီးတာနဲ့ အဲဒီရွှေမိုက်ဆရာ့ဆီကို ထွက်သွားပါပြီ ။ ကျနော်ကတော့ ပညာကို အင်မတန်မက်မောလှတဲ့ ကိုရွှေအတွက် အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ် ။ ကျနော့်အကို ပင်ပန်းလှပါပြီ ။ 

       ညနေစောင်းတော့ ကိုရွှေပြန်လာပါတယ် ။ အပေါက်ဝကနေ သူအော်ခေါ်တဲ့ အသံကို ကြားရပါပြီ ။ 

"ငါ့ ညီရေ..........''

        ကို​ရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...