Friday, July 1, 2022

ပညာရှာ တကယ်သူတောင်းစား ၉



          ပြန်ချိန်ကြည့်တော့ ရွှေက အလေးချိန် မတိုးပါဘူး တကျပ်သား ကွက်တိပါပဲ ။ တရွေးသားတောင် အတိုးအလျှော့မရှိပါဘူး ။ ရွှေရဲ့ အရောင်းအဆင်းကတော့ နီ ဝါ မှိုင်း စို ဆိုတဲ့ အချက်တွေ နဲ့ ပိုပြီး ပြည့်စုံလာတာ တွေ့ရပါတယ် ။ 

       ကိုရွှေလည်း သူ့ကို သင်ပေးတဲ့ ဆရာဆီကို ဖုန်းဆက်မေးပါတယ် ။ ဒီတော့ တိုးကို တိုးရမှာ အခေါက်ရွှေ မစစ်လို့ ဖြစ်မယ်ထင်တယ်တဲ့ ။ ကိုရွှေက အခေါက်အစစ်ပဲ သူကိုယ်တိုင် စိတ်တိုင်းကျ ချွတ်ပြီးမှ ပြန်ထိုးတာလို့ ပြောလိုက်တယ် ။ 

       အဲဒီဆရာက သူထိုးပြမယ် ယူလာခဲ့လို့ ပြောတော့ ကိုရွှေ တခေါက်သွားပါတယ် ။ နောက် ကျနော်နဲ့လည်း တော်တော် နဲ့ ပြန်မတွေ့တော့ပါဘူး ။ အတော်ကြာမှာ ဖုန်းဆက်ပြီး ပြန်တွေ့ပါကြပါတယ် ။ ကိုရွှေက ပြောပါတယ်....

"သူတိုးတာ ငါ သိပြီဟေ့ သူက ရွှေချွတ်တော့ အက်ဆစ် တဆ ရေး ခုနစ်ဆ ၊ နောက်တခါ ရေငါးဆ ၊ နောက်တခါ ရေ သုံးဆ ဆိုပြီး ချွတ်တာကွ ဒီတော့ ၁၅ ပဲရည်ပဲ ထွက်မှာပေါ့ ၊ ၁၅ ပဲရည် ထွက်မှတော့ ရင်းထားတဲ့ ကုန်ကြမ်းဖိုးထက် တိုးလာတဲ့ တပဲဖိုးက နည်းနေတော့ ရှုံးပြီပေါ့ကွ''

"နေပါအုံး အကို ဒါဆို ရွှေအရည်နိမ့်သွားပြီးမှ တိုးလာတာပေါ့ စျေးနိမ့်သွားတော့ ဘာထူးမှာလဲ ''

"အေး လေ အဲဒါကြောင့် ဒီလို တိုးချင်တာများ ဆယ်မိနစ်မကြာဖူး ရွှေတပဲသား နုတ်ပြီး ကြေးတပဲသား ထည့်ထိုးလိုက် ၁၅ ပဲရည် ရနေပြီလို့ ပြောတော့ မျက်စိမျက်နှာ ပျက်နေလေ ရဲ့ ''

"အကိုကလည်း ဆရာကြီး လုပ်နေပြီးတော့ ဗျာ......''

"အေး ကွ အမှန်တိုင်းပြောရရင် သူတို့ရောင်းခဲ့တဲ့ ရွှေဘောက်ချာတွေ ပြတော့ ရုတ်တရက် ဟုတ်ပြီ ထင်တာပေါ့ ကွာ ''

          အင်း တကယ်တော့ စစ်မှန်တဲ့ ပညာရဖို့ အင်မတန်ခက်တယ်ဆိုတာ သိလိုက်ရပြန်ပါတယ် ။ ကျနော်လည်း ပြန်လာပြီး အဆက်ပြတ်သွားပြန်ပါတယ် ။ ဒီကြားထဲမှာ မိတ်ဆွေတယောက်နဲ့ ဘုန်းကြီးကျောင်းကြီး တကျောင်းဆီ ရောက်သွားပါတယ် ။

       ဆရာတော်က အဂ္ဂိရပ်အင်မတန်ထိုးတဲ့ ဘုန်းကြီး ဖြစ်နေပါတယ် ။ သူဌေးတွေ ကိုးကွယ်တဲ့ ဆရာတော် ဆိုတော့ကား သူ့ရဲ့ ဖိုရုံကြီးက ကျနော်တွေ့ဖူးသမျှထဲမှာ အခန့်ညားဆုံး အပြည့်စုံဆုံး ဖိုရုံကြီးပါပဲ ဗျာ ။

       ကျနော်တို့ ပြန်ခါနီးတော့ ဆရာတော်က သွပ်သေဆိုပြီး ရွှေရောင် ဓာတ်လုံးသေးသေးလေးတွေ တလုံးစီ ပေးလိုက်ပေးလိုက်ပါတယ် ။ လာဘ်ကောင်းတယ် ဘာညာပေါ့ဗျာ ။ သံသေအောင် ထိုးနေတာလို့ ပြောပါတယ် ။ သွပ်သေကတော့ ရပြီဆိုတဲ့ သဘောပါပဲ ။

      ကုလားပဲခြမ်းတစေ့လောက် သွပ်သေဆိုတဲ့ ဓာတ်လုံးလေးတွေက ဘုန်းကြီးဆီမှာ ငါးဆယ် တရာလောက် ရှိနေသေးတာ တွေ့ရပါတယ် ။ လာတဲ့လူတိုင်း ပေးနေဟန်တူပါရဲ့ဗျာ ။ 

       ကျနော်လည်း အဲဒီက အပြန် ကိုရွှေက ဖုန်းဆက်ခေါ်လို့ သွားတွေ့လိုက်ပါတယ် ။ ကိုရွှေနဲ့အတူ လှည်းကူးဖက်က ဘုန်းကြီးကျောင်း တကျောင်းကို ရောက်ကြပါတယ် ။ အဖိုးကြီး တယောက်လည်း ရှိနေပြီး ကိုရွှေက အဖိုးကြီးဆီ လာတာပါ ။ ကျနော့်ကို စပ်စုမှန်း သိလို့ တမင်ခေါ်လာတာပါ ပဲ ။ 

       သူတို့ချင်း နှုတ်ဆက်ပြီး တယောက် နဲ့ တယောက် တီးခေါက် စကားစမြီပြောပြီး ကိုရွှေက သူသိချင်တာ မေးပါတယ်......

"အဘ ရွှေဖြစ်တဲ့ ပညာက ဖြစ်တော့ဖြစ်မယ် နဲနဲပဲ ရနိုင်တဲ့ အဆင့်ပဲလား အဘ ''

"မင်းက ဘာလို့ အဲလို ထင်တာလဲ ကွ ''

"ကျနော်တွေ့ဖူးတာက ကုန်ကြမ်း ၄ ကျပ်သားမှ တပဲသားပဲ ရတာ တွေ့ဖူးလို့ပါ ''

"အေး ဒါဆို မင်း အဲဒီနည်းနဲ့ ကုန်ကြမ်းကို ဆပွားထိုးပေါ့ ကွာ ''

"မရလောက်ဖူးနဲ့တူတယ် အဘ ''

"အေး ဘယ်လိုတွေးမိလို့လဲ ''

"အခု အဲဒီနည်းနဲ့ လေးကျပ်သား စမ်းထိုးနေတာ လေး ငါး ကြိမ်ရှိပြီ မဖြစ်သေးဘူး အဘ စိတ်လည်း သိပ်မပါဘူး ရတာ နည်းလို့ ''

"ဟေ မင်းက ဘယ်လို ထိုးယူချင်တာလဲ ကွ ''

"ဒယ်အိုးနဲ့ထိုးရတော့ ပိုကောင်းတာပေါ့ ရှင်ဥဇ္ဇာဂေါဏ လို ကူညီကယ်တင်လို့ ရတာပေါ့ အဘ ''

"အင်း.....မင်းကို အဘပြောမယ် ရွှေလုပ်နည်းက တကယ်ရှိတယ်ကွ ဒါပေမယ့် လောဘသမားတွေကို မပေးကြဖူးကွ သူတို့က ဝိဇ္ဇာလမ်းလျှောက်နေသူတွေ အတွက် ရိက္ခာထောက်အဖြစ်ပဲ နည်းလည်းချပေးကြတာကွ ''

"သတ္တဝါတွေ ကယ်ဖို့ ဘာကြောင့် မပေးနိုင်ရတာလည်း အဘ ''

"ဒီလိုကွ မင်း​ပြောသလို သတ္တဝါတွေ အားလုံးကို ကယ်ဖို့ ရွှေတွေချည်းထိုးပြီး ကူညီရင်း ကုသိုလ်ယူလို့သာ ရမယ်ဆိုရင် လုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေက သူတို့ကိုယ်တိုင် လုပ်ပြီး ကုသိုလ်တွေ ယူသွားကြမှာပေါ့ ကွာ ''

"ဗျာ အဲသလို ကူညီလို့ မရဖူးလား ''

"ဘယ်ရမလဲ ကွ သတ္တဝါတွေရဲ့ ကုသိုလ်ကံ အကုသိုလ် အရပဲ ကူညီကယ်တင်လို့ ရတာကွ ကားမှောက်တာခြင်း အတူတူ တောထဲ တောင်ပေါ် မှောက်တဲ့ သူနဲ့ ဆေးရုံနားမှောက်တဲ့သူ ကွာသလိုပေါ့ ''

"သြော် ဒါဆိုရင် ရွှေအများကြီး လုပ်ယူလို့ မရနိုင်ဖူးပေါ့ ''

"မင်းမှာ ကံပါလာရင် ရမှာပေါ့ကွာ မိမိရဲ့ အတိတ်ကံက အကျိုးပေးချိန် တန်ရင်ပေါ့ ''

         ကိုရွှေလည်း သူသိချင်တာတွေ မေးမြန်းပြီး ပြန်လာကြပါတယ် ။ အပြန်လက်ဖက်ရည်ဆိုင် ထိုင်တော့မှ ဘုန်းကြီးပေးလိုက်တဲ့ သွပ်သေ သတိရတာ နဲ့ အကိုရေ ဒါ သွပ်သေတဲ့ ကြည့်အုံး ဟုတ်လား မဟုတ်လား ဆိုတာ... ။

      ကိုရွှေက တချက်ကြည့်ပြီး ငါက မဟုတ်ဖူး ဆိုရင် မင်းက ငြင်းနေအုံးမှာ မင်း ဘာသာ လက်နဲ့ ပွတ်ပြီး နမ်းကြည့်လိုက် တဲ့ ။ ဒါနဲ့ သွပ်သေလုံးကို လက်ဖဝါးနဲ့ အတင်းဖိပွတ်ပြီး နမ်းကြည့်လိုက်ပါတယ် ။ ဒီတော့ ကြေးနံ့က ထောင်းကနဲ ထွက်လာပါရော ။

     အကို ကြေးနံ့ကြီးဗျ ဆိုတော့ ရီနေတယ် ၊ ဒါမျိုးတွေ အများကြီး ပါကွာ အဂ္ဂိရပ်လောကမှာ လူအထင်ကြီးအောင် လုပ်နေကြတာတွေ တပုံကြီးကွ တဲ့ ။ ကျနော်လည်း ကိုရွှေ့ကို သိချင်နေတဲ့ ကိစ္စတွေ ထပ်မေးမိပြန်ပါတယ် ။

 "အကို အပင်းသွင်းတယ် ဆိုတာ တကယ်လား ဗျ ''

 "အဲဒါတွေ သိချင်ရင် မင်းနဲ့ငါ တနေရာ သွားကြစို့ ကွာ ''

         အဲဒါ နဲ့ တချိန်တုန်းက ပယောဂကု နာမည်ကြီးတဲ့ ဆရာတော်တပါးဆီ သွားကြပါတယ် ။ ဆရာတော်က အခုအဲဒီ အလုပ်တွေ မလုပ်တော့ပါဘူး ဝိပဿနာလိုင်း ဖြစ်နေပါပြီ ။ ဗဟုသုတ အနေနဲ့ ပြောပြတာက

"အပင်းသွင်းတာ ရှိတယ်ဒကာကြီး သူက ရုပ်အပင်းသွင်းခြင်း နဲ့ နာမ်အပင်းသွင်းခြင်း ဆိုပြီး ရှိတယ် နာမ်အပင်းသွင်းပညာကတော့ အတော်အဆင့်မြင့်ပြီး တိမ်ကောနေပါပြီ ''

"တင်ပါ့ဘုရား ရုပ်အပင်းသွင်းတယ် ဆိုတာရောဘုရား '

"သူက အစားအစာ တခုခု နဲ့ ဗိုက်ထဲရောက်အောင် လုပ်ရတာပေါ့ ''

"ရှိတယ်ဆိုပေမယ့် တွေ့ရခဲတယ်ဘုရား ဘယ်လိုတွေ့နိုင်လဲ ဘုရား''

"အင်း တွေ့ရင်လည်း သိနိုင်တဲ့ ပညာရှိမှ သိရတာမျိုး ဒကာကြီးရ အပင်းသွင်းခံရသူကို အများအမြင်မှာ ရူးသွပ်သူ ၊ မကြာခဏ အတက်ရောဂါ ရှိသူ ၊ အစရှိတဲ့ ရောဂါလက္ခဏာတွေ နဲ့ တွေ့ရလေ့ရှိတော့ ခွဲခြားသိဖို့ ခဲယဥ်းတယ် ''

"တပည့်တော်တို့ ငယ်ငယ်တုန်းက အတော်များများ တွေ့ဖူးပါတယ် ဘုရား အခုတော့ သိပ်မတွေ့ရတော့လို့ပါဘုရား ''

"ပညာစက်ဝိုင်းက လည်နေတာ ဒကာကြီး ဒီကာလက သိပ္ပံပညာ ထွန်းကားရမယ့် ကာလအပိုင်းအခြား ဖြစ်သွားပြီ ဘုန်းကြီး အထင်ကတော့ သက္ကရဇ် ၂၀၀၀ ခုနှစ်လောက်ကစပြီး လူတွေရဲ့ အာရုံဟာ သိပ္ပံပညာဖက် အင်နဲ့အားနဲ့ ရွှေ့သွားပြီ လို့ယူဆမိတယ် ''

"တင်ပါဘုရား သို့သော်လည်း ယနေ့ထိ ကုသပေးနေရသေးတဲ့ အနေအထားလည်း တွေ့မြင်နေရပါတယ် ဘုရား ဒီတော့ကုသရာမှာ ဘယ်လို ဘယ်ဆရာက ပိုစွမ်းပါသလဲ ဘုရား ''

"အင်း ဆရာတွေရဲ့ စာရဏ နဲ့ သီလ သမာဓိ တို့နဲ့ပဲ သက်ဆိုင်လိမ့်မယ် လောလောဆယ်တော့ စည်းကမ်း နဲ့ သိက္ခာကြီးတဲ့ ရွှေရင်ကျော် ဂိုဏ်းဆရာတွေက နာမည်ထွက်နေတာလည်း သူ့ဂိုဏ်းစည်းကမ်းကြောင့် ပါပဲ ''

"တကယ်ဖြစ်ခဲ့ရတဲ့ နာမည်ကြီး အဖြစ်အပျက် တခုလောက် ပြောပြပါဘုရား ''

"အင်း ရွှေရင်ကျော် ဂိုဏ်းရဲ့ နာမည်ကျော် ယှဥ်ပြိုင်မှုကြီးတခု ဖြစ်ခဲ့ဖူးပါတယ် ''

"ဘယ်လိုပြိုင်တာလည်း ဘုရား''

"အောက်လမ်းဆရာ တယောက်ကလည်း အင်မတန်စွမ်းတယ် သူက သူ့ပညာနဲ့ လက်ရှိ မိန်းမ ၂၀ ကျော်ထိ ယူထားသတဲ့ ''

"ဟိုက် စွမ်းလှချည်လား ဘုရား ''

"အင်း..သူများမယား က တဝက်လောက် ပါသတဲ့ ကလေးမလေးတွေကို သူ့ဆေးဝါး သူ့ပညာတွေ နဲ့ ထိမ်းချုပ်ထားတာကိုး ''

"နောက်ကော... ''

"ရွှေရင်ကျော် ဂိုဏ်းချုပ်က သူ့တပည့်ကို နှိမ်နင်းလွှတ်လိုက်တော့ သူက မခံချင်ဖြစ်ပြီး သူ့ပညာသူ မြင့်လှပြီ ဆိုပြီး ရွှေရင်ကျော် ဆရာရဲ့ မိန်းမကို သူ့ပညာနဲ့ ဝင်ပြီး ဒုက္ခပေးပါရော ''

"တင်ပါ ဘုရား... ''

"ရွှေရင်ကျော်ဂိုဏ်းချုပ်ကလည်း သိတာပေါ့ သု့မိန်းမကို ဒုက္ခပေးတဲ့ကောင် ကိုယ်တိုင် ငါ့အိမ် အခုလာစမ်း ဆိုပြီး အမိန့်ပေးပါရောလား ''

"ဒီလို ခေါ်ခဲပါတယ်ဘုရား ''

"ဟုတ်တယ် ရွှေရင်ကျော်ဂိုဏ်းချုပ်က သူ့မိန်းမကို ဒီလိုလုပ်တာ သူ့ကို တိုက်ရိုက်ပညာစမ်းတာမို့ ဖော်ထုတ်လိုက်တာပဲ ''

"ဒီတော့ ဘာဆက်ဖြစ်လဲ ဘုရား''

"ပြုစားထားတဲ့ အောက်လမ်းဆရာက သူတို့နဲ့ မလှမ်းမကမ်းမှာ နေတော့ ခေါင်းငိုက်စိုက်နဲ့ ခြေလျှင် အိမ်ပေါ်တက်လာရသတဲ့ ''

"တွေ့တော့ကော ဘုရား ''

"မင်းလားကွ ငါ့မိန်းမကို ဒုက္ခပေးတာလို့ မေးတော့ ဟုတ်တယ် မကျေနပ်လို့ ပညာစမ်းချင်လို့ ဆိုပြီး စိန်ခေါ်သတဲ့ ''

"သြော် ဆရာကြီးခြင်း တိုက်ရိုက်တွေ့ပြီပေါ့ ''

"ဟုတ်တယ် ဒီတော့ ရွှေရင်ကျော်ဂိုဏ်းချုပ်က ကောင်းပြီ ပညာပြိုင်မယ် မင်းနိုင်ရင် ငါ့စည်းစိမ် နဲ့ ငါ့မယားပါ မင်းယူလိုက် မင်းရှုံးရင်လည်း မင်း စည်းစိမ်နဲ့ မင်း မယားတွေကို ငါ သိမ်းမယ်လို့ စိန်ခေါ်သတဲ့ ''

"ဟိုက် ပွဲကြမ်းလှချည်လား ဘုရား''

"ဟုတ်တယ် အောက်လမ်းဆရာကလည်း လက်ခံတယ် သူတို့ ပညာပြိုင်မှာကို လူတွေလာကြည့်ကြတာပေါ့ ''

"တင်ပါဘုရား ဘယ်လို ပြိုင်သလဲ ဘုရား''       

"ညောင်ပင်ကြီးအောက်မှာ ပြိုင်ကြတော့ ရွှေရင်ကျော် ဆရာက အောက်လမ်းဆရာကို မင်းက စိန်ခေါ်တော့ မင်းပဲ စတိုက်ပါလို့ ပြောလိုက်တယ် ''

"တင်ပါ ဘယ်လို တိုက်သလဲ ဘုရား ''

"အောက်လမ်းဆရာလည်း သူ့ပညာနဲ့ မန်းမှုတ်ပြီး ညောင်ပင်ကြီးကို လက်ညှိုးလိုက်တော့ ညောင်ပင်ကြီးရဲ့ ကြီးမားတဲ့ ညောင်ကိုင်းတွေဟာ ဖြိုးဖြိုးဖြစ်ဖြစ် မြည်လာပြီးတော့ ဧရာမညောင်ကိုင်းကြီးတွေ ဝုန်းဒိုင်းကြဲပြီး.........''

          ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...