Tuesday, July 5, 2022

ကျနော် ၊ ပုဏ္ဏက နဲ့ သိပ္ပံ (၄)



         ဆရာတော်က ဆန်စေ့တောင်းပါတယ် ။ ပြီးတော့ လူနာနေခဲ့တဲ့ နေရာကို ဆန်စေ့တွေနဲ့ ပက်ကျဲပစ်ပါတယ် ။ ထို့နောက် အမွေးတိုင်အထုပ်လိုက် များစွာ ထွန်းညှိပြီး အခန်းတံခါးအား ပိတ်လှောင်ကာ အမွှေးတိုင်မှိုင်းများ နဲ့ ပြည့်စေခဲ့ပါတယ် ။ 

        ဆရာတော်က ဒီနည်းပဲ သုံးပြီး ကဲ ကောင်းသွားလိမ့်မယ် ၊ ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ် ၊ အမြန်ဆုံး အဆိုးလှိုင်းတွေ ပပျောက်ပြီး သာမန်လှိုင်းတွေ ပြန်ပြည့်လာအောင် ဘုရား တရား သံဃာကို မမေ့နဲ့ ၊ ဆွမ်းကပ်ကုသိုလ်လေး လုပ်ပေးကြ သိပ်မကြောက်ကြနဲ့တော့ ဆိုပြီး ပြန်လာကြပါတယ် ။

        ဘာမှလဲမတတ် ၊ ဘာမှလဲ မသိတဲ့ ကျနော်ကတော့ ဒီလောက်ကြီးတဲ့ ပြဿနာကို ဆရာတော် ကုစားဖယ်ရှားလာတာ ကလေးကစားသလို တောက်တီးတောက်တဲ့ပဲ ဟုတ်မှ ဟုတ်ပါ့မလား သံသယဝင်မိပါရဲ့ ။

        ဆရာတော်က ကျနော့်ကို လမ်းမှာ ဘာမှ မပြောပါဘူး ။ ကျောင်းပြန်ရောက်မှ....

'' ဒကာမျိုး စိတ်ထဲ လွယ်လှချည်လား ဟုတ်မှ ဟုတ်ပါ့မလားလို့ တွေးနေတယ် မဟုတ်လား ''

'' တင်ပါ့ဘုရား တွေးမိပါတယ် လူတိုင်းလုပ်တတ်နေတာကိုးဘုရား ''

'' ဘယ် လူတိုင်း လုပ်တတ်ရမှာလဲ ဒကာမျိုးရ ကဲ ဆန် နဲ့ အမွှေးတိုင် ဘာကြောင့်သုံးရသလဲ သိသလား ''

'' မသိဘူး ဘုရား ''

'' ပါပဓာတ်လို့ခေါ်တဲ့ မကောင်းတဲ့ wave တွေကို ဆန်က နှိမ်နင်းနိုင်တယ် ဆိုတာ ဒီလောကရဲ့ ဆရာတွေ သိကြသလို အံ့သြစရာတချက်က တရုတ်အပါအဝင် တကမ္ဘာလုံးက ပညာရှင်တွေပါ လက်ခံကြတယ်ဆိုတဲ့ အချက်ပဲ ဒကာမျိုး ''

''တင်ပါဘုရား''

'' ဆန်ပြီးရင် ရေနဲ့လည်း ငြိမ်းသတ်လို့ရတယ် ၊ ရေရဲ့ သန့်ရှင်းစင်ကြယ်စေသော ဂုဏ်ကလည်း မကောင်းတဲ့ ဓာတ်တွေကို ခြေဖျက်နိုင်တယ် ''

'' အမွှေးတိုင်ကရောဘုရား ''

'' အမှန်က မီးခိုးကို သုံးချင်တာ မီးခိုးမှိုင်းကလည်း မကောင်းတဲ့ဓာတ်ကို လွှမ်းခြုံပယ်ဖျက်နိုင်တယ် ''

'' ဒါဆို မကောင်းတဲ့ဓာတ်ကို ပယ်ဖျက်နိုင်တာ တော်တော်များများ ရှိနေတာပဲ ဘုရား ကျန်သေးလားဘုရား ''

'' အထူးခြား အထိရောက်ဆုံးက မီးပဲ ဒကာမျိုးရေ ''

'' ဘယ်လို ထူးခြား ထိရောက်တာလည်း ဘုရား ''

'' ပထမဖြစ်စဥ်တခု ပြောပြမယ် ဆင်းရဲသားရပ်ကွက်တခုမှာ မုန့်ဟင်းခါးရောင်းစားတဲ့ အဖွားကြီးတယောက်ရှိတယ် ၊ သူက ဓာတ်တွေ နတ်တွေ အလွန်ယုံကြည်တော့ သူ့အိမ်တခုလုံး ဘိုးတော်ရုပ်တွေ နတ်ရုပ်တွေ နဲ့ အဆောင်လက်ဖွဲ့တွေ အပြည့်ပဲ တဲ့ ''

'' တင်ပါ့ဘုရား ''

'' သူ့အိမ်ကို ပညာရှင်တယောက် ရောက်လာတော့ ခင်ဗျား ဒီအဆောင်လက်ဖွဲ့တွေ ရုပ်ထုတွေများလွန်းနေတော့ သူတို့ခြင်း မတဲ့တာနဲ့ ခင်ဗျားပါ ခိုက်ပြီး ဆင်းရဲနေတာ ဖျောက်ဖျက်ပစ်ပါလို့ အကြံပေးတာပေါ့ ''

'' တင်ပါ့ဘုရား ဖျက်ပစ်ရောလားဘုရား ''

'' နှမျှောပြီး မဖျက်ရက်တော့ ဆက်ထားတာပေါ့ တနေ့တော့ အဲဒီရပ်ကွက် မီးလောင်ပြီး အဖွားကြီးအိမ်ပါ ပါသွားရော ''

'' ကုန်ရောပေါ့ အဆောင်လက်ဖွဲ့တွေ ''

'' ဟုတ်တယ် ကုန်ရော အဖွားကြီးလည်း ရပ်ကွက်သစ်လေးမှာ အကြော်ရောင်းရပါရော အံ့သြစရာကောင်းအောင် ရောင်းလိုက်ရတဲ့အကြော် နောက်ပိုင်း မုန့်ဟင်းခါးဆိုင်နဲ့တွဲရောင်း ၊ အခုဆို လက်ဖက်ရည်အကြီးကြီးနဲ့ ကြီးပွားနေပါရောလား ''

'' သြော် မီးဓာတ်က ပါပဓာတ်ကို ချေဖျက်နိုင်တာ အသာထား အိမ်မီးရှို့ရင် ဘဝပျက်ကုန်မှာပေါ့ ဘုရား ''

'' အင်းးးလာမယ်လေ မီးမရှို့ခိုင်းပါဘူး ဒကာမျိုးရ တခါတုန်းက မအူပင်မှာ ပုဏ္ဏကတိုက်တဲ့ ပြဿနာဖြစ်ပါရော ရိုးရိုးဖြစ်တာမဟုတ်ဖူးဗျာ သမီးပျိုလေးခမျှာ အဝတ်မကပ်အောင် ရူးနေရရှာတာ ''

'' တင်ပါဘုရား''

''အဲဒီသတင်းကြားလို့ ဘုန်းကြီးတပါးက ဆွမ်းခံကြွရင်း ဘယ်သူမှ မသွားရဲတဲ့ အဲဒီအိမ်ဝင်ပါရောလား ''

''တင်ပါဘုရား''

''အဲဒါ သူ့သပိတ်ထဲ ခဲကြီးပြုတ်ကျပါရောလား ''

''ဒီတော့ ဘာဆက်ဖြစ်ပါသလဲဘုရား''

'' ဘုန်းက ပညာရှင်ဆိုတော့ ညနေမှောင်တဲ့အချိန် ဖယောင်းတိုင်တွေ တောင်းကြီးနဲ့တတောင်း ယူလာပါရော ''

'' တင်ပါ့ဘုရား''

'' ပြီးတော့ တအိမ်လုံး ကြွက်လျှေက်ပါမကျန် ထိန်လင်းနေအောင် ထွန်းတာပေါ့ ခြံထဲအထိ နေရာလပ်မရှိ ထွန်းတာပေါ့ ''

''တင်ပါ့ဘုရား ''

'' သိပ်အံ့သြစရာကောင်းတယ် မီးတွေထိန်ထိန်ငြီးအောင် လင်းနေခိုက်မှာပဲ ကာလရှည် ဝတ်လစ်စလစ်ရူးနေရှာတဲ့ သမီးပျိုလေးက အမေသမီးအဝတ်အစားတွေပေးပါ ဆိုပြီး လူကောင်းပကတိဖြစ်သွားလေရဲ့ ''

'' သြော် ဒါဆို မီးအလင်းရောင်ကလည်း ပါပဓာတ်ကို ချေဖျက်နိုင်တယ်ပေါ့ဘုရား ''

'' ဟုတ်တယ် ဒကာမျိုးမိတ်ဆွေ ကိုရွှေတို့ အဂ္ဂိရပ်ထိုးရင် သတ္တုတွေထဲက ပါပဓာတ်ကို မီးနဲ့သတ်ရတာလို့ ပြောဖူးတာ ကြားတယ်မဟုတ်လား''

'' တင်ပါ့ဘုရား ဒီလိုဆက်စပ်မတွေးမိခဲ့ပါဘူးဘုရား ''

'' ပါပဓာတ်တွေက အရမ်းအံ့သြစရာကောင်းတယ် ဒကာကြီး မကောင်းတဲ့အငွေ့အသက် အာနိသင်ကို နောက်လူတွေထိ ရိုက်ခတ်စေနိုင်တယ် မသိရင် ခံကြရတာပဲ ''

'' ဘယ်လို အမွေဆိုးပေးတာလည်း ဘုရား ''

'' စျေးရောင်းမကောင်းပဲ ဆိုင်ခန်းပါရောင်းချရပြီဆိုရင် နောက်ဆိုင်ခန်းရှင်လည်း ရောင်းမကောင်းတဲ့ ပါပဓာတ် အငွေ့အသက် ကျန်နေလို့ မရှင်းရင် သူလည်းအရောင်းအဝယ် မကောင်းပဲ လုံးချာလည်လိုက်နေတတ်တယ်လေ''

'' ဖြေရှင်းလို့တော့ ရတယ်မဟုတ်လားဘုရား ''

'' ရှင်းနည်းသိရင် လွယ်ပါတယ် ဒကာမျိုးသိချင်ရင် စျေးဆိုင်အသစ် ဘယ်လိုလုပ်ရမယ် ၊ ဆိုင်ခန်းအဟောင်း ဘယ်လိုသန့်ရမယ်ဆိုတာ မနက်ဖြန် လက်တွေ့လိုက်ကြည့်ပေတော့ ဗျာ ''

'' တင်ပါ့ဘုရား ဗဟုသုတအဖြစ် လိုက်ခဲ့ပါ့မယ် ဘုရား ''

'' နောက်မှ လွယ်လှချည်လား မပြောနဲ့ ဘယ်လိုလုပ်မလဲ​ဆိုတာ ညကတည်းက ကိုယ့်ဘာသာစဥ်းစားထားနော် ဒကာမျိုး ပြီးမှ ကိုလံဗက်ကြက်ဥပြုတ်ထောင်ပြသလို မပြောနဲ့ဗျား ''

          ဆရာတော်က ရီစရာပြောပြီး ပြန်ကြွသွားပါတယ် ။ ညလည်း မစဥ်းတတ်ပါဘူး ။ မနက်လင်းတော့ ပထမ အခါပေးထားတဲ့ အချိန်အရ ဆိုင်သစ်ဖွင့်ပွဲသွားကြပါတယ် ။ 

        ရောက်တော့ ဆရာတော်က နာရီကိုက် အစီအမံလုပ်ပါတယ် ။ ဒီတော့မှ သြော် ဒါလေးများဆိုပြီး ပြုံးမိပါသေးရဲ့ ။ ဆရာတော်ရဲ့ အစီအမံကတော့......

        ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...