Friday, July 1, 2022

ပညာရှာ တကယ်သူတောင်းစား ၆



      ကောင်းကင်ပေါ်က ကျဆင်းလာတဲ့ လေဆင်နှာမောင်းကြီးဟာ ဧရာမကျွန်းတိုင်ကြီးတွေကို တလုံးစီ အပေါ်သို့ ဆွဲယူသွားပါတယ် ။ ပြန်ကြလာတဲ့ ကျွန်းတိုင်ကြီးတွေ မှန်သမျှ သုံးပိုင်းကျိုးပြီးမှ ကျလာပါတယ် ။ 

     ရသေ့ကြီး ဦးခန္တီရဲ့ ပြိုင်ဖက်လည်း ပါးစပ်ကနေ 

"အဌမုံအင်း   အဌမုံအင်း ပြေးကြ ပြေးကြ "

        ဆိုပြီး အော်ရင်း တောင်အောက်ကို ဆင်းပြေးကြပါတယ် ။ ဒီလိုနဲ့ ရသေ့ကြီး ဦးခန္တီဟာ မန္တလေးတောင်ပေါ်မှာ သာသနာပြုလုပ်ငန်းတွေကို အနှောက်အယှက် ကင်းစွာ လုပ်ဆောင်နိုင်ပါတော့တယ် ။ 

       ယခုရေးသားခဲ့တဲ့ အဌမုံအင်း ပညာဆိုတာ အင်းပညာထဲမှ အင်မတန် အဆင့်မြင့်လှတဲ့ ပညာလို့ ဆိုကြပါတယ် ။ အချို့အင်းဆရာတွေဆိုရင် တကယ်မရှိတဲ့ ဒဏ္ဍာရီပညာလို့တောင် ပြောကြပါတယ် ။ 

     အင်းပညာရပ် အများစုဟာ သူ့လိုင်းနဲ့သူပဲ အသုံးချလို့ ရ​တြယ် ။ အခံပညာဆိုရင် ခုခံတဲ့နေကာမှာပဲ သုံးကြရတယ် တိုက်ခိုက်လို့ မရပါဘူး ၊ အတိုက်ပညာဆိုလည်း အတိုက်ပဲရပါတယ် သူအစော်ခံရရင် မစွမ်းတော့ဘူး ခံရတာပဲ ။ 

      အဌမုံအင်းကတော့ အတိုက်ရော အခံကော ဘက်စုံသုံးလို့ ရပြီး သုံးသူစွမ်းရင် စွမ်းသလောက် အတိုင်းအဆမရှိ စွမ်အင်ထုတ်ပြနိုင်လို့ ဒဏ္ဍာရီ ပညာ လို့ ပြောနေကြတာပါ ။ 

      ဦးသာပိုဟာ သူ့ဆရာပြောလိုက်စကားအတိုင်း လိုက်လုပ်ပါတယ် ။ သူ့ကို မှာလိုက်တာက အင်းပညာ နဲ့ ဒီဘဝမှာ ထလက်ရပ်ပေါက်အောင် ကျင့်ကြံလို့ မရတော့ဖူး ၊ ဒီတော့ ဓာတ်လုံးဝိဇ္ဇာအဖြစ် ကြိုးစားချင် ကြိုးစား​ကြည့်ပါ ဆိုပြီး နည်းအချို့ ပေးလိုက်ပါတယ် ။ 

      ဒါကြောင့် ဦးသာပိုဟာ ရန်ကုန် ဝဂ္ဂီအရပ် မှာ နေထိုင်ရင်း ဖိုထိုးပါတယ် ။ သူအိမ်ထောင်ကျပြီး ဆေးကုတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းနေပါတယ် ။ သူထိုးနေတဲ့ ဓာတ်လုံးကလဲ အဆင့်မြင့်လာပါပြီ ၊ လုံပေါ်တက်ပျံဝဲတဲ့ အဆင့်ရောက်လာပါပြီ ။ 

       အဲဒီ အချိန်မှာပဲ ဝဂ္ဂီအရပ် မီးလောင်ပါတော့တယ် ။ တရပ်ကွက်လုံး ပြာကျသွားချိန်မှာ ထူးဆန်းစွာ ဦးသာပိုရဲ့ အိမ်တလုံးပဲ ကွက်ကျန်နေပါတယ် ။ ဝဂ္ဂီအရပ်သားတွေ ပုံပြင်သဖွယ် ပြောနေခဲ့ရပါတယ် ။ 

         ဂျပန်ခေတ်မှာ ဘက်နက်နဲ့ အထိုးခံရပြီး သေမလိုဖြစ်နေသော ဦးသာပိုကယ်တင်ခဲ့ဖူးတဲ့ လှမိုးဆိုတဲ့ တော်လှန်ရေးသမားတယောက် ရှိခဲ့ပါတယ် ။ သူက ဦးသာပိုနဲ့ မြန်မာ့တိုင်းရင်းဆေးအတွက် ကြီးမားလှတဲ့ အပြောင်းအလဲကြီး တခု ဆက်စပ်ဖော်ဆောင်ပေးနိုင်ခဲ့ပါသေးတယ် ။ 

      ဦးသာပိုဟာ လူတွေကို သူ့ရဲ့ အင်းပညာ ဆေးပညာတွေ နဲ့ ကယ်တင်ရင်း နာမည်ကြီးလာပါတယ် ။ တပည့်တွေလည်း များပြားလာပါတယ် ။ တပည့်တွေက ဆရာရယ် ပညာပြပါအုံးလို့ ဇွတ်ပူဆာကြလို့ အိမ်အပေါ်ထပ်မှာ သူ့ကို ကြိုးနဲ့ ချည်ခိုင်းပြီး တပည့်တွေကို အိမ်အောက်ဆင်းစေပါတယ် ။ 

    တပည့်တွေ အိမ်အောက်ရောက်တော့ ဦသာပိုက လက်ပိုက်ပြီး ပြုံးပြုံးကြီး စောင့်နေလေရဲ့ ။ အံ့သြလွန်းလို့ အိမ်ပေါ်ပြန်တက်ကြည့်တော့ ချည်ထားတဲ့ ကြိုးတွေက ဖြေထားတာ မဟုတ်ပဲ အပုံလိုက်ကျန်နေသတဲ့ ။ လူကို သေးငယ်အောင် ဖန်ဆင်းပြီး ထွက်သွားတဲ့ သဏ္ဍန်ပါပဲ ။ 

      တွံ့တေးမှာ ဦးသာပိုကလည်း နာမည်ကြီး နေတော့ ခေတ်ကာလအရ သူပုန်တွေကလည်း ဆူပူရင်း ဦးသာပိုကို ပညာစမ်းကြပါတယ် ။ သေနတ်ပေါင်းစုံနဲ့ ပစ်ကြတာ ကျည်မထွက်ဖူးတဲ့ ။ တယော​က်က စိတ်တိုတိုနဲ့ ခြောက်ချက် ဆက်ပစ်ပြီး နောက်ထပ် ပစ်ဖို့ အားထုတ်နေတုန်း ဦးသာပိုက

"နောက်ထပ်ပစ်ရင် မင်းကို ပြန်မှန်တော့မယ် တော်တော့ ''

     အဲလို ပညာစမ်းတဲ့ ပွဲကို လူတွေကြည့်နေတုန်း လူအုပ်ထဲမှာ ဦးသာပိုကို သိထားတဲ့သူ ပါနေပါတယ် ။ အဲဒီလူကတော့ မန္တလေးတောင်ပေါ်မှာ ဦးသာပိုရဲ့ အဌမုံအင်းပညာကို ပထမဆုံး မြင်ခဲ့ရတဲ့ ကောင်လေးဖြစ်ပါတယ် ။ သူက 

" ဟာ ဆရာ့ကို သိပြီ မန္တလေးနောင်ပေါ်မှာ ကျွန်းတိုင်တွေ ချိုးပစ်တဲ့ ဆရာမဟုတ်လား ''

"အေးဟုတ်တယ် ''

"ဆရာရယ် ဒါကျနော့်သားပါ သူ့ကို ဆရာ့တပည့်အဖြစ် အပ်ချင်ပါတယ် လက်ခံပေးပါ ''

        ကလေးတယောက်ကို ပညာသင်ဖို့ အပ်နေလို့ မိသားစုလို သဘောထားနိုင်ရင် လက်ခံမယ် ဆိုလို့ တခါတည်းအပ်လိုက်ပါတယ် ။ အဲဒီပညာသင် ကလေးကတော့ မောင်စိန်လှိုင်လို့ ခေါ်ပါတယ် ။ 
(ယခု အကြောင်းတွေကို ပြောပြသူပါ)

         မောင်စိန်လှိုင်ဟာ ဆရာဖြစ်သူနဲ့ ဆေးကုသွားတိုင်းလိုက်ပါတယ် ။ အခြားတပည့်တွေထက် မောင်စိန်လှိုင် နဲ့ ဝက်ကြီးဆိုတဲ့ တပည့်နှစ်ယောက်ဟာ လက်စွဲတော်တွေ ဖြစ်လာပါတယ် ။ 

      ဦးသာပိုဟာ အတိုက်အခိုက်တွေကို ကုစားပေးရာမှာ ဦးစွာ ဆန့်ဖြူတောင်းပါတယ် ။ နောက် သူမန်းတဲ့အခါ ဆန်ကဝါကျင်ကျင် ဖြစ်သွားပါတယ် ။ အိမ်ရှင်ကို သူလက်ညှိုးထိုးပြတဲ့ နေရာအား ဆန်တွေ ပက်ခိုင်းပါတယ် ။

    ဆန်စေ့တွေဟာ လေပွေဝှေ့သလို လည်နေပြီး တနေရာထဲမှာ စုသွားပါတယ် ။ ဒီတော့မှ အဲဒီနေရာကို တူးဆွစေပါတယ် ။ ထူးဆန်းစွာပဲ မြေကြီးထဲမြှပ်ထားတဲ့  အင်း ၊ ဆံချည်ထွေး ၊ အရိုးခေါင်း အစရှိသည်ဖြင့် တခုခု တွေ့ရပါတယ် ။ 

     တူးဖော်ပြီးတာ နဲ့ ဦးသာပိုဟာ အဆိုပါ တူးရတဲ့ ပစ္စည်းကို သူကိုယ်တိုင်ယူလာပြီး စွန့်ပစ်ပါတယ် ။ တန်ပြန်လုပ်ကြမှာ စိုးလို့တဲ့ ။ အမုန်းမီးမပွားအောင် ရည်ရွယ်တာပါ ။ 

      တနေ့တခြား နာမည်ကြီးလာတဲ့ ဥွီးသာပိုဟာ အိန္ဒိယမှ လေယာဥ်ဖြင့် လာပင့်ရသည်အထိ ဆေးလိုက်လာပါတယ် ။ 

     တနေ့ ဦးသာပိုဆီကို သူကယ်တင်ပေးဖူးတဲ့ ကိုလှမိုး ရောက်လာပါတယ် ။ ရိုးရိုးလှမိုးမဟုတ်တော့ ပါဘူး ။ ဗိုလ်မှူးလှမိုးဖြစ်နေပါပြီ ။ 

     ဗိုလ်မှူးလှမိုးဟာ ဦးသာပိုကို အရေးတကြီး ကားနဲ့လာခေါ်ပြီး အကျိုးအကြောင်း ပြောပြပါတယ် ။ ခေါင်းဆောင်ကြီးဦးနေဝင်း ရဲ့ သမီး Dr ဒေါ်လဲ့လဲ့ဝင်း တယောက် သတိမေ့သွားတာ ကြာပြီ ဖြစ်တယ် ။ 

    မြန်မာပြည်မှာ ကုမရလို့ အင်္ဂလန်သွားကုတာလည်း လက်လွတ်လိုက်လို့ ပြန်လာပြီ ဖြစ်ကြောင်း ယခုထိ တပ်မတော်စစ်ဆေးရုံမှာ တင်ထားရကြောင်း ဦးသာပို အနေနဲ့ လိုက်လံကြည့်ရှု ကုသပေးဖို့ တောင်းဆိုပါတယ် ။ 

       ဦးသာပိုက လိုက်ကြည့်တဲ့အခါ အထူးကု ဆရာဝန်ကြီးတွေက အထင်သေးဟန် နဲ့ ကြည့်နေပြတာကို ဦးသာပို မနှစ်သက်ပါဖူး ။ ဒါကြောင့် ဦးသာပိုက လူနာကို စမ်းကြည့်ပြီး 

"လှမိုးရေ လူနာကို ငါက သတိရယုံ ကုရမှာလား လူကောင်းပကတိ ဖြစ်အောင်ကုပေးရမှာလား ''

     သူက ဗိုလ်မှူးလှမိုးကို မေးတာ ဖြစ်ပေမယ့် ဘေးနားက အထူးကုဆရာဝန်ကြီးက 

"သတိရရင် တော်ပါပြီ ကျန်တာ ကျုပ်တို့ ဆက်ကုပါ့မယ် ''

       ဒါနဲ့ ပြန်လာကြပါတယ် ။ ဦးသာပိုကို ဗိုလ်မှူးလှမိုးက ညတိုင်း ဝဂ္ဂီအရပ်ဆီကနေ လာပြီး ခေါ်ပါတယ် ။ ခုနှစ်ရက်မြောက် ကုသပေးပြီးချိန်မှာ လနဲ့ချီပြီး သတိလစ်နေတဲ့ ဦးနေဝင်းသမီး ဒေါ်လဲ့လဲ့ဝင်းတယောက် သတိရလာပါပြီ ။ 

      သူမ သတိရလာပြီး မုန့်ဟင်းခါးဆွမ်းကပ်တဲ့ နေ့မှာပဲ ဦးနေဝင်းက အထူးကုဆရာဝန်ကြီးတွေကို အကျိုးအကြောင်းမေးမြန်းပြီး ဆရာကြီး ဦးသာပိုတို့လို မြန်မာ့ဆေးပညာရှင်တွေ ရှိနေတုန်း တိုင်းရင်းဆေးသိပ္ပံကျောင်းတွေ တည်ထောင် မြေတောင်မြှောက်ပေးဖို့ အမိန့်ပေးပါတော့တယ် ။ 

     ယနေ့ မြင်တွေ့နေရတဲ့ တိုင်းရင်းဆေးသိပ္ပံပညာရပ်များ ကျယ်ပြန့်လာရခြင်းရဲ့ ကျေးဇူးရှင်ဟာ ဦးသာပိုပဲ ဖြစ်ပါတယ် ။ 

       ဦးသာပိုဟာ သူကုသပေးပြီး သတိရလာတဲ့ လူနာကို ကြည့်ပြီး လှမိုး ငါ့တာဝန်ကျေပြီ ပြန်ပို့တော့ လို့ ပြောတာနဲ့ ပြန်ပို့ပါတယ် ။ 

     ဦးနေဝင်းသမီး Dr ဒေါ်လဲ့လဲ့ဝင်းကို သတိရပြီးနောက် ဂျပန်နိုင်ငံမှ အထူးကုဆရာဝန်များနဲ့ ဆက်လက်ကုသခဲ့ရာ ကာလ အနည်းငယ် အတွင်း ဆုံးပါးသွားရပါတယ် ။ 

     အဲဒီအခါကြမှ ဗိုလ်မှူးလှမိုးတယောက် ဦးသာပို မေးစဥ်က လူကောင်းပကတိအတိုင်း​ ဖြစ်အောင် ကုပေးပါလို့ ပြောဖို့ နောက်ကျခဲ့တဲ့ သူ့ကိုယ်သူ အပြစ်တင် မဆုံးဖြစ်နေမိပါတော့တယ် ။ 

      ဦးသာပိုဟာ တဖြေးဖြေး မြင့်တက်လာတဲ့ ပညာရပ်တွေကြောင့် မြေတွင်းက သိုက်တွေအထိ ဝင်ထွက်သွားလာနိုင်ပါပြီ ။ တနေ့ သူ့တပည့် ဝက်ကြီးကို ခေါ်ပြီး သိုက်ကြီးတခုဆီ သွားပါတယ် ။ 

      အင်းချ မန္တန်ရွတ်တာနဲ့ သိုက်ဟာ မြေပေါ်ရောက်လာပါတယ် ။ လောဘမထိမ်းနိုင်သေးတဲ့ တပည့်ကို နေခဲ့စေပြီး ဦးသာပို တယောက်ထဲ ဝင်သွားပါတယ် ။ 

    အဆောင်ဆောင် အခန်းခန်းတွေ နဲ့ စနစ်တကျ ထိမ်းသိမ်းထားတဲ့ ရတနာတွေကို ဦးသာပို လိုက်ကြည့်ပေမယ့် သမာဓိအားကို ကောင်းစွာဆောက်တည်ထားလို့ လောဘအလျှင်း မရှိပါဘူးတဲ့ ။ 

       ပြန်ထွက်လာတော့ သိုက်စောင့် အဖိုးကြီးတယောက်က ဦးသာပိုရဲ့ သီလ သမာဓိ ပညာကို လေးစားလို့ပါ  ဒီပစ္စည်းက သိုက်နဲ့ မဆိုင်ပါဘူး သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်းဖြစ်ပါတယ် လက်ဆောင်ယူသွားပါလို့ အတင်းပေးနေလို့ ယူခဲ့ပါတယ် ။

     အိမ်ရောက်တော့ ပစ္စည်းကို စစ်ဆေးချိန်တွယ်ကြည့်ရာ ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ ဟသ်ာရုပ်လေး ဖြစ်ပြီး အလေးချိန် ၂၅ ကျပ်သားရှိကြောင်းတွေ့ရပါတယ် ။ 

      တပည့်တွေနဲ့ အရုပ်လေးအကြောင်း ပြောနေစဥ်မှာ လူတယောက်ရောက်လာပြီး ဦးသာပိုကို လိမ္မော်သီးတွေ ပေးပါတယ် ။ ဦးသာပိုက လိမ္မော်သီးကို ချက်ခြင်း ခွာစားမည်ပြုရာ လိမ္မော်သီး အတွင်းမှ ထူးဆန်းစွာ စာလိပ်လေးတခု ထွက်လာပါတယ် ။ 

    တပည့်တွေအားလုံး ထူးဆန်းလို့ စာလိပ်လေးကို ဝိုင်းကြည့်နေချိန်မှာပဲ ဦးသာပိုက စာလိပ်ကို ဖတ်ကြည့်ပြီး မျက်စိမျက်နှာ ပျက်သွားရပါတော့တယ် ။ 

     အင်မတန် အစွမ်းကြီးတဲ့ ဦးသာပိုကို ထိတ်လန့်သလားစေတဲ့ စာလိပ်လေးထဲက စာကတော့.........

          ကို​ရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...