Tuesday, July 5, 2022

ပြဒါးပြယ်တဲ့မှန် နဲ့ မိတ်ကပ်မျက်နှာ


          မတွေ့တာ ကြာပြီဖြစ်တဲ့ ကိုစိုးနဲ့ တွေ့သခိုက်လေး လက်ဖက်ရည်ဆိုင်သွား လေကန်ဖို့ ထွက်လာခဲ့ပါတယ် ။ လမ်းမှာ ကျောက်ပေါက်မာ သဲ့သဲ့ရှိတဲ့ အပျိုကြီး မဖြူနဲ့ ပါးက အမာရွတ်လေးရှိတဲ့ အပျိုကြီး မသန်းတို့ သူငယ်ချင်းနှစ်ယောက်နဲ့ တွေ့လို့ နှုတ်ဆက်ခဲ့ရပါသေးတယ် ။ 

        အပျိုကြီးနှစ်ယောက်ကတော့ ဘယ်သွားမယ်မသိဘူး မျက်နှာမှာ မိတ်ကပ် ၅ ကျပ်သားစီလောက် ထူပျစ်နေအောင်လိမ်းပြီး ပဲ များနေကြလေရဲ့ ။ လက်ဖက်ရည်ဆိုင်ရောက်တော့ အစောကြီးရှိပါသေးတယ် ။ 

       စာပွဲထိုးကောင်မလေးတောင် ပြဒါးပြယ်နေတဲ့ ခပ်မှိန်မှိန် မှန်အဟောင်းလေးကြည့်ပြီး သနပ်ခါးညှိနေတုန်းဗျ ။ ကိုစိုးက '' ကောင်မလေး ပဲများရင်လည်း ထင်းနေအောင်ကြည့်လို့ရတဲ့ မှန်အသစ်နဲ့ ကြည့်ပြီး အလှပြင်ပါဟ '' လို့နောက်တယ် ။ ဟိုကလေးမက ပြန်ပြောတယ် ထင်းနေတဲ့ မှန်နဲ့ဆို မလှတာတွေပါ ပြန်မြင်ရတော့ စိတ်ညစ်လို့ ပြဒါးပြယ်တဲ့ မှန်လေးပဲ ကောင်းသတဲ့ စိတ်ချမ်းသာသတဲ့ ဗျာ ။ 

         လက်ဖက်ရည်သောက်ပြီးတာနဲ့ အင်တာဗျူး စပါရော.....

'' ငမျိုးရေး မင်းတနေ့က တင်တဲ့ မနေ့ကရထား ပို့စ် အရ တို့တိုင်းပြည် တိုးတက်ဖို့ ခက်နေပြီပေါ့ နော ''

'' တကယ်လုပ်ချင် မခက်ဘူးဗျ ''

'' ဌာနဆိုင်ရာ ပေါင်းစုံပြင်ဖို့ဆိုတာ လွယ်မလားကွ ''

'' အားလုံးပြင်ဖို့ မလိုပါဘူးဗျာ အဓိက အကျဆုံး ဌာန ၃ ခု ပြင်ရင် ရပါပြီ ''

'' ဟ လုပ်စမ်းပါအုံး ကွ ''

'' အရေးကြီးဆုံးက မှန်ကန်ရဲရင့်တဲ့သမ္မတဦးဆောင်ပြီး ပြတ်ပြတ်သားသားလုပ်ဝံ့တဲ့ သမ္မတရုံး ၊ ပြီးရင် လာဘ်မစားတဲ့ စာရင်းချုပ်ရုံး ၊ ပြီးရင် တိုင်မှ ဟန်ပြ ထလုပ်​ပြနေတဲ့ စောက်ရူး အဂတိတိုက်ဖျက်ရေးကော်မရှင်အစား တိုင်စရာမလိုပဲ အသွင်ယူဖော်ထုတ်ပြီး တိတိကျကျ အားမနာတမ်း အရေးယူပြမယ့် အဂတိတိုက်ဖျက်ရေးကော်မရှင် အဲဒီ ၃ ဌာန တကယ်အလုပ်လုပ်တဲ့နေ့ တိုင်းပြည်ကောင်းပြီ ''

'' မင်းပြောသလိုဆို သူတို့လည်း နေသာသလိုနေပြီး ဟန်ပြပဲလုပ်နေတာပေါ့''

'' လာဘ်ပေးလာဘ်ယူ ဒီလောက်ထူပြောနေတာ သူတို့တာဝန်မကျေလို့ဆိုတာ လယ်ပြင်မှာ ဆင်သွားသလိုရှင်းနေတာဗျာ ''

'' ဒါဆို နှစ်စဥ် စာရင်းစစ်ဝင်နေတာတွေ အဂတိတိုက်ဖျက်ရေးကော်မရှင်လှုပ်ရှားနေတာတွေ ၊ ညွှန်ကြားချက်အမိန့်တွေ တောက်လျှောက်ထုတ်ပြန်နေတဲ့ သမ္မတရုံးအမိန့်တို့ဆိုတာ​တွေက...''

'' ဘယ်နေ့ စာရင်းစစ်လာမယ် ၊ ဘာ်နေ့ ဘယ်ကိစ္စလာဘ်စားမှုတိုင်ထားတာ လာစစ်ဆေးမယ် တို့ဆိုတာတွေက ဘယ်နေ့ ဘာပွဲရှိတယ် အလှပြင်ထားဆိုပြီး ကြိုပြောထားလို့ ဌာနဆိုင်ရာတွေက ကိုယ်အားချက်တွေကို ဖုံးဖိဖာထေး လိမ်ညာဖို့ အချိန်ရခဲ့တယ်လေဗျာ ''

'' သြော် အစောက အပျိုကြီး မဖြူ နဲ့ မသန်းတို့လိုပေါ့ မိတ်ကပ်အဖွေးသားနဲ့ လှချင်ယောင်ဆောင်ကြတာပေါ့လေ ကဲ ဒါဆို အမိန့်ထုတ်ထားတဲ့ သမ္မတရုံးနဲ့ စစ်ဆေးတဲ့သူတွေကရော ကွာ ''

'' သူတို့လည်း ဝတ္တရားအရသာ လုပ်ပြနေတာ ကိုယ်ထုတ်ထားတဲ့အမိန့် အတိအကျ လိုက်နာရဲ့လား ဘယ်တော့မှ ပြန်မလေ့လာတဲ့ သမ္မတရုံးရယ် လာဘ်စားမှုစစ်မယ့်သူကိုယ်တိုင် ဝေစားမျှစား လုပ်နေတာရယ်က ပကတိတရားကို မြင်အောင် မကြည့်ရဲပဲ ဝါးတားတားနဲ့ မဆိုးပါဘူး လှပါတယ်ဆိုပြီး ဝိုင်းလိမ်ပေးနေတာနဲ့ တူတယ်ဗျ ''

'' ဟိုက်...ဒါကျတော့ အစောက မလှတာတွေ မြင်ရမှာစိုးလို့ ပြဒါးပြယ်နေတဲ့ မှိန်တိန်တိန် မှန်နဲ့ပဲ ကြည့်နေတယ်ဆိုတဲ့ သဘောပေါ့လေ ''

'' မှန်ပါ့ ခင်ဗျားတောင် ဥပမာပေးကောင်းလာပါပေါ့ ပြီးရင်တော့ အလှပြင်တဲ့ အပျိုကြီးတွေနဲ့ ကိုယ့်ဘာသာကိုယ်ရှင်းနော် ''

'' မင်းစပြောလို့ပါကွာ နေပါအုံး အဲလို တိုင်းပြည်ကို ချုံးချုံးကျစေတဲ့ အဖြစ်ကို မကာကွယ်နိုင်ဘူးလား ကွ ''

'' အဓိကကျတဲ့ အစိုးရလုပ်သူတွေရဲ့ အယူအဆအမှားကို တည့်သွားရင် ဝန်ထမ်းဆိုးတွေ အချိန်တိုအတွင်း ပပျောက်သွားလိမ့်မယ်ဗျ ''

'' မှားနေကြတာ ဘယ်အယူအဆလည်း ကွ ''

'' ဝန်ထမ်းတွေသည် အစိုးရယန္တယားရဲ့ အမာခံပင်နီယံတွေဖြစ်တယ် ၊ ဝန်ထမ်းတွေကို မဟုတ်တာလုပ်လည်း အလွန်အကျွံမလုပ်ရင် အရေးမယူဖို့ မသင့်ဘူးဆိုတဲ့ အယူအဆပဲ ဗျ ''

'' ဆိုလိုတာက....''

'' လာဘ်စားမှုကို ဌာနဆိုင်ရာတိုင်းလိုလို ကျူးလွန်နေကြတာ အစိုးရအဖွဲ့ဝင်လူကြီးတွေသိကြပါတယ် ဒါပေမယ့် အဲဒါကို အရေးယူပြလိုက်ရင် ဝန်ထမ်းတွေ မရှိရင်ခက်မယ်လို့ တွေးနေကြတာ တကယ့်အမှားဗျ ''

'' အင်း အရေးယူလည်း မထွက်ကြဘူးလို့ ယူဆလို့ရသလားကွ''

'' ငှက်ဆယ်ကောင်နားနေတာ သေနတ်တချက်ပစ်လို့ ဆယ်ကောင်လုံးမသေဘူး တကောင်ပြီး ၉ ကောင်လန့်ပြန်သွားတယ်ဆိုတဲ့ ပဟေဠိလိုပါပဲ ဌာနဆိုင်ရာအသီးသီးက ထိပ်ပိုင်းအရာရှိတွေထဲက အစားဆုံးလူအချို့ ၊ အလယ်အလတ်အဆင့်က အချို့ နဲ့ အောက်ခြေအဆင့်က တချို့ကိူသာ စံပြအရေးယူပြလိုက် ကျန်တဲ့သူတွေ ငြိမ်သွားလိမ့်မယ် ၊ ငြိမ်ပြီး အတင့်ရဲ ထပ်မံလာဘ်စားရင် အချိန်မဆိုင်းဆော်ပစ်လိုက် ပွဲသိမ်းပြီဗျ ''

'' မင်းပြောသလိုဆို တကယ်လုပ်ဖို့ပဲ လိုတာပေါ့လေ ''

'' မှန်တယ် ဘယ်အစိုးရတက်တက် တိုင်းပြည်အတွက် မိတ်ကပ်လိမ်းချိန် မပေးနဲ့ ပြဒါးပြယ်တဲ့မှန်နဲ့မကြည့်နဲ့ တိုင်းပြည်ချက်ခြင်းကောင်းသွားပါလိမ့်မယ် ''

'' good တယ်ကွ အဲလိုအစိုးရပေါ်ဖို့ကလဲ မင်းပြောဖူးသလို သမ္မတကောင်းတယောက်ပဲ လိုအပ်တာမို့ မသေခင် တွေ့ချင်ပါသေးရဲ့ကွာ ပြန်ကြစို့ ''

       ကိုရွှေမျိုးဝင်း

(မြန်မာအစိုးရအဆက်ဆက် ကျန်းမာရေးလိုက်စားပုံနဲ့ တပုံစံထဲ မဖြစ်မှ ထလုပ်ပုံက... ဒီပုံနဲ့တို့တိုင်းပြည်ကြီးကျန်းမာနေအုံးမယ်....)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...