Monday, July 4, 2022

ကျနော် ၊ ပုဏ္ဏက နဲ့ သိပ္ပံ (၃)



          '' ဝုန်းကနဲ '' ကျလာတာက ညက အပေါ်ထပ်မှာ တုံးလုံးလဲနေတဲ့ ကုလားထိုင်ကြီး လှေကားထိပ်ကနေ ကျလာတဲ့ အသံပါပဲ ။

         တဆက်တည်းမှာပဲ အုတ်ခဲကျိုး နဲ့ ကျောက်စရစ်ခဲတွေ တဗြုံးဗြုံးကျလာချိန်မှာတော့ မာန်ပါပါ ရွတ်ဖတ်နေတဲ့ ပယောဂတရာ ဖရိုဖရဲနဲ့  အိမ်အပြင်ဘက်ကို ပြန်ပြေးလာပါတော့တယ် ။

          အိမ်ရှင်ကိုလည်း အမောတကောနဲ့ နင်တို့အကောင်က အတော်ကြီးတယ် ငါမနိုင်ဘူး တခြားဆရာခေါ်တော့ ဆိုပြီး ကပျာကယာပြန်ပြေးပါရော ။ 

           ရွာသားတွေနဲ့ အိမ်ရှင်လည်း တိုင်ပင်ကြပြီးနောက် အိမ်ကြီးမှာ မနေတော့ပဲ ရွာထဲကိုပဲ ပြောင်းရွှေ့နေကြဖို့ ဆုံးဖြတ်လိုက်ပြီး ပစ္စည်းတွေကို လူအားနဲ့သယ်ကြပါတယ် ။ အပေါ်ထပ်က ပစ္စည်းတွေကိုတော့ ကျနော်နဲ့ အခြားလူငယ် ၄ ဦးတက်သယ်ပေးလိုက်ပါတယ် ။ 

        အလွန်အကျွံမကြောက်မိပေမယ့် မျက်မြင်ကိုယ်တွေ့ ကြားခဲ့ရတဲ့ ညက အသံတွေ နဲ့ မနက်က ကျလာတဲ့ ခုံတွေ ခဲတွေကြောင့် အနည်းငယ်တော့ ရင်ခုန်မိတာ အမှန်ပါပဲ ။ ရွာထဲကို သွားကြတော့ ၁၅ သမီးလေးကတော့ ပျော်ရွှင်နေဟန်ပါပဲ ။ သူလည်း ခြံကြီးထဲမှာ အထီးကျန်နေလို့ အခုပျော်နေပုံပဲလို့ တွေးမိပါတော့တယ် ။ 

            ဘာပဲပြောပြော ဒီလို အတွေ့အကြုံအရတော့ နာဘာဝ ဝိနာဘာဝ တို့ ပရလောကတို့ကို မယုံကြည်ဖို့တော့ ခက်နေပါပြီ ။ ဒီလို အခြောက်အလှန့်တွေ ဖြစ်ပေါ်ရခြင်း အကြောင်းက ဘာကြောင့်လဲ.... ဘယ်လို ကုစားဖြေရှင်းကြမလဲ... ဆိုတာကို ကြုံကြိုက်တိုင်း လေ့လာစူးစမ်းမိပါတော့တယ် ။ 

            ဒီတော့ လူအများစု ကြုံတွေ့ဖူးတဲ့ စုံးပူး သရဲပူး ပြဿနာက စပြီးလေ့လာမိပါတယ် ။ အကြောင်းအားလျှော်စွာ မကြာခဏကြံရလေ့ရှိတဲ့ အဆိုပါ အပူးပြဿနာများကတော့ ဘုန်းကြီးတွေရဲ့ ရေမန်း ၊ ပယောဂဆရာရဲ့ အချုပ်အနှောင် အရိုက်အနှက်တွေ နဲ့ လွယ်လင့်တကူ ဖြေရှင်းလို့ ရနေတာလည်း တွေ့ရပါတယ် ။ 

         ဒီနေရာမှာ ယုံချင်ယုံ မယုံချင်နေ အောက်လမ်းနည်းနဲ့ တိုက်ခိုက်တယ်ဆိုတာကလည်း အမှန်တကယ်ရှိနေတာ တွေ့ရပါတယ် ။ ထူးခြားတာက အောက်လမ်းနည်းနဲ့ အတိုက်ခံရတာကို ဂရုလည်းမစိုက် ကြောက်လည်းမကြောက်တတ်သူဆိုရင် မထိရောက်ပေမယ့် အတိုက်ခံရမှာကို ဂရုစိုက်သူ ကြောက်တတ်သူဆိုရင်တော့ ထိရောက်မှုရှိတယ်လို့လဲ သိမှတ်ခဲ့ရပြန်ပါတယ် ။ 

          လေ့လာခဲ့မှုအရ ယခုလို ထူးဆန်းတဲ့ ပြဿနာများအတွက်  သူ့အဆင့်နဲ့သူ တိုးတက်ကြမ်းတမ်းလာတာကိုတွေ့ရပါတယ် ။ ကျနော်တို့ လွယ်လွယ်တွေ့နေကြရတဲ့ ပူးကပ်ခြင်း ပြဿနာကို သိပ္ပံနည်းနဲ့ ကုသဖို့ ခက်ခဲတဲ့အတွက် ပယောဂဆိုပြီး အမည်တပ်ကြပါတယ် ။ 

         သူ့နည်းနဲ့သူ ကုသပေးနိုင်တဲ့ ပယောဂဆရာတွေ အမှန်တကယ်ရှိနေပါတယ် ။ ထို့အတူ ယင်း ပယောဂဆရာများ အလွယ်တကူ ကုသဖြေရှင်းလို့ မရနိုင်တဲ့ ပြဿနာကိုတော့ ပုဏ္ဏကတိုက် သို့မဟုတ် ခုနစ်စင်တိုက် လို့ အမည်ပေးကြပါတော့တယ် ။ 

          ပုဏ္ဏကတိုက်ပြဿနာကလည်း မြန်မာပြည်မှာပဲ ရှိနေတာ မဟုတ်ပါဘူး ။ ကမ္ဘာ့နေရာ အနှံ့မှာ ဖြစ်နေတတ်တာလည်း အမှန်ပါပဲ ။ သူကလည်း ဖြစ်လာတာ သူ့အဆင့်နဲ့သူ စနစ်တကျ မြင့်တက်လာပါတယ် ။ 

        ပထမဆုံး တံခါးပေါက်တို့ ပြူတင်းပေါက်တို့မှာ တတောက်တောက် အသံလေးတွေ ကြားလာရပါတယ် ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝအသံတွေနဲ့ ( ငှက်က ပြူတင်းပေါက်ကို အသံမြည်အောင်ပေါက်တတ်သလိုမျိုး) ရောထွေး အသံပေးလာတာပါ ။ 

           အဲဒီအသံလေးတွေက တဖြေးဖြေး စိတ်လာပါတယ် ။ နောက်တဆင့်ကြတော့ တခုခုပြုတ်ကျတဲ့အသံလေးတွေ ဖြစ်လာပါမယ် ။ အကြွေစေ့ပြုတ်ကျသံ ၊ ဖန်ထွေလုံးလှိမ့်ချသံလေးတွေ ကြားရတတ်ပါတယ် ။ သို့သော် ရုပ်ပစ္စည်း မြင်ရခြင်းမရှိသေးပါဘူး ။ 

         နောက်တဆင့်ကျတော့ သက်မဲ့ပစ္စည်းလေးတွေ လှုပ်လာပါတယ် ။ ပန်းအိုး​​နေရာ​ရွေ့လာတာ ၊ စာအုပ်တွေ အလိုလိုရွေ့လာတာ အစရှိသည်ဖြင့် ဖြစ်လာပါပြီ ။

       ဒီထက်မြင့်လာရင် ပန်းအိုး ဖန်ခွက် ကျကွဲလာပါပြီ ။ ထူးဆန်းမှုအနေနဲ့ ဖန်ခွက် ကြွေခွက်တွေဟာ မကျပဲ အလိုလို ကွဲအက်လာတာပါပဲ ။ ( ကျနော့်အိမ်က ကြွေပန်းကန် ကွဲကျထားတဲ့ ပုံစံမျိုးပါပဲ) 

         နောက်ဒီဂရီထပ်တိုးလာရင်တော့ ပြင်းထန်တဲ့ အသံတွေကြားလာရပါပြီ ။ အပေါ်ထပ်လူနေရင် အောက်ထပ်ကကြားရတာမျိုး ၊ အောက်ထပ်လူနေရင် အပေါ်ထပ်ကကြားရတာမျိုး ပေါ့ ။ 

         ဒီထက်ဆိုးလာရင် အိမ်ပေါ်ခဲကျသံကြားရလိမ့်မယ် ။ ဘာမှမပါသေးဘူး ။ 

          နောက်တဆင့် တကယ်ခဲတွေကျလာပါတယ် ။ 

      အဲဒီအဆင့်မှာ မနှိမ်နင်း မဖယ်ရှားဘူးဆိုရင် လူတွေရှိနေတဲ့အချိန်မှာပဲ ခဲလုံးလေးတွေ ကျလာပါမယ် ။ ပစ္စည်းတွေ ရွေ့လျှားလာပါမယ် ။ ဒါတွေကို မြင်တွေ့နေရပါလိမ့်မယ် ။ 

         အဲဒီအဆင့်ဆိုရင်တော့ အုတ်အော်သောင်းနင်း ဖြစ်ပြီး တတ်နိုင်သလောက် ကုစားဖယ်ရှားဖို့ ဆောင်ရွက်လာကြပါပြီ ။ 

         သေချာတာတခုကတော့ တော်ရုံလူနဲ့ ကုစားဖယ်ရှားဖို့ ခက်ခဲတယ်ဆိုတာပါပဲ ။ နည်းလမ်းမရှိဘူးလားဆိုတော့ ရှိပါတယ် ။ ဘယ်လိုတွေ ကုစားဖယ်ရှားကြသလဲ ၊ ဘာတွေကြောင့် ဒီလိုဖြစ်နေရတာလည်း ဆိုတာကို အင်မတန်သိပ္ပံနည်းကျကျ တွေ့ရှိခဲ့ရပါတယ် ။ 

          ကုစားနည်းကိုတော့ ကံအားလျှော်စွာ ကြုံကြိုက်ခဲ့ရပါတယ် ။ မြန်မာပြည်အနှံ့သွားလာနေရင်း ပယောဂကုပေးတဲ့ လူများစွာ ဘုန်းကြီးများစွာနဲ့လည်း သိကျွမ်းခဲ့ရပါတယ် ။ 

         တနေ့ အသိဆရာတော်တပါးက စကားစပ်မိရင်း ပယောဂတို့ ပုဏ္ဏကတိုက် (ခုနစ်စင်တိုက်) တို့ဆိုတာ ဘာမှ မဟုတ်ပါဘူး ဒကာကြီးရာ နည်းသိရင် လွယ်လွယ်လေး ကုလို့ရပါတယ်တဲ့ ။ 

        ကိုယ်ကလည်း ရှမ်းဘောင်ဘီကြီးဖိုးရိုးဖားယားနဲ့ ကပျာကယာပြန်ပြေးရတဲ့ ပယောဂဆရာကို မြင်ယောင်နေတော့ ဟုတ်ပါ့မလားဘုရား သာမန် ပယောဂ အပူးအကပ်ကိုတော့ ထားပါ ပုဏ္ဏကတိုက်ကတော့ လွယ်မယ်မထင်ဘူး ဘုရားလို့ ပြန်လျှောက်မိပါတယ် ။

         ဒကာကြီး ပုဏ္ဏကတိုက်ရဲ့သဘောသဘာဝကို တကယ်နားလည်ရဲ့လား လို့ ပြန်မေးပါတယ် ။ တကယ်တန်းကျတော့ ကျနော်က ထဲထဲဝင်ဝင် ဘာမှ မသိဘူးလေ ။ ဟိုစပ်စပ် ဒီစပ်စပ် ဂယောင်ခြောက်ခြားအဆင့် သိတာဗျ ။ 

         ဒီတော့လည်း ထဲထဲဝင်ဝင်တော့ မသိလှပါဘူး ဘုရား လို့ပဲ လျှောက်ရတာပေါ့ ။ ဒါနဲ့ ဆရာတော်က ဆက်ရှင်းပြပါတယ် ။ ပုဏ္ဏကတိုက်မှာ တကယ့်အဆင့်မြင့် ပညာရပ်အစစ်နဲ့ တိုက်ခိုက်တာ ရှိသလို ၊ ပုဏ္ဏကတိုက်နဲ့ သဏ္ဍန်တူတဲ့ ပုဏ္ဏကတိုက် အတုလည်းရှိသတဲ့ ။

        အများဆုံး တွေ့နေရတဲ့ ပုဏ္ဏကတိုက်ဆိုတာတွေထဲက 95 % က ပုဏ္ဏကတိုက် အတုတွေပဲတဲ့ ။ ကိုယ်လည်း ဘာမှ နားမလည်တော့ ကြားရသမျှ မှတ်ထားရတာပေါ့ ။ ဒီတော့ သိချင်တာပဲ မေးလိုက်ပါတယ် ။ 

         ဒါဆို ကုသဖယ်ရှားလို့ ရပါသလားဘုရား ဆိုတော့ ဒကာကြီးကို သင်ပေးရင်တောင် ချက်ခြင်းကုတတ်ပါ့ဗျာ တဲ့ ။ လူလည်းမျက်စေ့လည်သွားပါရောလား ။ 

          ကဲဒကာကြီး အချိန်ရရင် နက်ဖြန်ကို ပုဏ္ဏကတိုက်တော့ မဟုတ်ဖူး ထူးဆန်းတဲ့ အကုသိုလ် wave လှိုင်း ဖြတ်တောက်ဖယ်ရှားဖို့ ကိစ္စတခု ချိန်းထားတယ် လိုက်ကြည့်မလား လို့ မေးပါတယ် ။ 

       ဟိုက် လာပြန်ပြီ အကုသိုလ် wave တဲ့ ။ ဘာများပါလိမ့်လို့ ထပ်မေးတော့ အိမ်တအိမ်မှာ နာတာရှည် လူနာတယောက် နှစ်အစိတ်လောက် နေသွားရသတဲ့ ။ သူသေသွားပြီးနောက် အဲဒီအိမ်မှာ နေတဲ့သူတွေ အဲဒီရောဂါနဲ့ပဲ ထူးခြားတိုက်ဆိုင်စွာ သေနေကြလို့ လန့်နေကြပြီး ဆရာတော်ကို လာမေးလို့ ကုသဖယ်ရှားပေးမယ်လို့ ပြောပြီး ချိန်းထားတာတဲ့ ။

        ကဲ ပြဿနာအသစ်ကို အသာထား ကုသနည်းတော့ အကြမ်းဖျင်းသိရမှာပဲဆိုပြီး ဆရာတော်နဲ့ လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ နောက်နေ့ သွားကြစို့ဆိုပြီး ဆရာတော်က ပြောပြောဆိုဆို ခေါ်ပါရော ။ 

         ကုမယ်သာဆိုတယ် ဆရာတော်က ဘာဆေးဝါ ဘာအဆောင်လက်ဖွဲ့ မှမပါဘူး ။ ယုတ်ဆွအဆုံး ရေမန်းလေးတောင် မပါပဲ ထွက်လာကြတာပါ ။ 

        ကဲ အစောက ပြောတဲ့ ခိုက်တယ်ဆိုတဲ့ အိမ်ကို ရောက်ပါပြီ ။ ဆရာတော်က ထူးခြားဖြစ်စဥ်တွေ ထပ်မေးပြီး ကဲ ငါလိုတဲ့ ပစ္စည်းတွေ ရှာပေးကြဆိုပြီး ပစ္စည်းယူခိုင်းပါတယ် ။ 

       ပထမတော့ ဆရာတော်ကတော့ လုပ်ပြီ တခါတည်း ကျောင်းက ယူမလာပဲ အခုမှ ပစ္စည်းရှာခိုင်းရသလားဆိုပြီး စိတ်ထဲက တမျိုးထင်မိသေးတယ်ဗျ ။ နောက်မှ ဆရာတော် ပြောတဲ့ ပစ္စည်းတွေကို နားထောင်ပြီး ဟုတ်သားဟလို့ တွေးမိပြန်ရော ။ 

        နှစ်ပေါင်းများစွာအတွင်း လူပေါင်းများစွာကို တူညီတဲ့ ရောဂါတွေနဲ့ သေစေခဲ့တဲ့ ခိုက်နေတဲ့ မကောင်းဓာတ်တွေကို ဖယ်ရှားဖို့ လိုအပ်တဲ့ ပစ္စည်းတွေက အံ့သြစရာဗျ ဘာတွေလဲ ဘယ်လိုနည်းသုံးပြီး ဖယ်ရှားမလဲ ဆိုတော့......

        ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...