Wednesday, July 27, 2022

အတိတ် နမိတ် နဲ့ နောင်ဗိန်နောင်


         ကိုစိုးတယောက် မနက်အစောရောက်လာပြီး လေကန်ဖို့ လာခေါ်တော့ ဘရိတ်ဖက်ဝါးတီး ခိုင်ပြန်ပြီပေါ့ဗျာ ။ သူမေးသမျှ ပေါက်ကရပြန်ဖြေရင်း လေကန်ရတာတော့ ရှိတာပေါ့လေ....

'' ငမျိုးရေ အခု နာမည်ကြီးနေတဲ့ ဆင်ဖြူတော် အကြောင်း မင်းဘာသိထားလဲ ကွ ''

'' ဆင်ဖြူရဲ့ ကြန်အင်လက္ခဏာတွေက ရှိပြီးသားပါဗျာ ဆိုင်ရာပညာရှင်တွေ သိကြမှာပါ အချို့ လက္ခဏာတွေက အရွယ်ရောက်လာမှ အသိအမှတ်ပြုကြရတာလည်း ရှိတယ်ဗျ ''

'' အခုတွေ့ရသလောက် ညီညွတ်တဲ့ အချက်တွေ ပါတယ်ဆိုပဲကွ ''

'' ပါတော့လည်းကောင်းတာပေါ့ဗျာ ''

'' ပတ္တမြားတွေ့တာရယ် ၊ ဆင်ဖြူတော်မွေးလာတာရယ်ကြောင့် အတိတ်နမိတ်ကောင်းပြီလို့ ဝမ်းသာနေသူတွေ ရှိကြသလို ဘာမှမဆိုင်ပါဘူးကွာ ကုန်စျေးနှုံးကြီးတာပဲ အရင်ဖြေရှင်းပါဆိုပြီး ငေါ့ နေသူတွေလည်း တွေ့ရသကွ ''

'' ဝမ်းသာသူတွေက တိုင်းပြည်အနာဂါတ်အတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဖို့ မုဒိတာဆိုတဲ့စိတ်ကောင်းနဲ့ မျှဝေနေသလို ၊ ဘာမှမဆိုင်ပါဘူးကွာဆိုပြီး ပတ္တမြားတွေ့လည်း တို့ဘာမှမရ ဆင်ဖြူတွေ့လည်း ငါတို့ ကုန်စျေးနှုံးမှ မကျတာပဲ ဆိုတာတွေက စိတ်ဓာတ်ကျဆင်းနေတဲ့ လက္ခဏာတွေပေါ့ဗျာ ၊ ဘာ်ခေတ်ရောက်ရောက် ငါတို့လုပ်မှ ငါတို့စားရမယ်ဆိုတဲ့ အသိထက် အစိုးရအပေါ် အရာရာမှီခိုလွန်းသူတွေ ဖြစ်တတ်တဲ့ရောဂါပါပဲ ''

'' ဒါဆို အစိုးရ နဲ့ မဆိုင်ဘူးပေါ့ ''

'' ယတိပြတ် အဲလိုမဆိုလိုဘူးဗျ အစိုးရရဲ့ မူဝါဒတွေ အရေးကြီးသလို လူတယောက်ခြင်းဆီရဲ့ အလုပ်အကိုင် ၊ အသုံးအဖြုံး ၊ နေထိုင်မှုပုံစံတွေကလည်း အရေးကြီးတာပဲ ဆိုတာ မေ့နေကြလို့လေ ''

'' ထူးထူးခြားခြား တွံ့တေးက ဘုရားစောင်းတန်းလှေကားပေါ်က ရေကျလာတာ ရေတံခွန်အလားအောက်မေ့ရတယ်ကွ ''

'' အင်း...အရင်က ကျဖူးသလား အခုမှ ကျလာတာလားဆိုတာမသိရပေမယ့် အခုမှ ကျလာတာဆိုရင်တော့ဖြင့် မြင့်မြတ်တဲ့နေရာကနေ အမှုက်သရိုက်တွေ အသန့်စင်ခံရတော့မယ့် နမိတ်ပဲဗျ ''

'' ဟေ...ဒါဆိုရင်တော့ အခု အကြမ်းဖက်သမားတွေထဲက သေဒဏ်ကျခံထားရတဲ့သူတွေကို မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ပေးနေပြီ ဆိုတော့ကား.....''

'' အကုသိုလ်နိဂုံးချုပ်​တော့မယ့် အနေအထားပေါ့ ဗျာ ''

'' အေးကွ ဒါနဲ့ သတင်းစာရှင်းလင်းပွဲ အကြောင်း ရေးသူသိပ်မတွေ့ပါလားကွ ဘာတွေထူးသေးလဲ ''

'' ကျုပ်ဖြင့် အဲဒီ နောင်ဗိန်နောင် သတင်းစာရှင်းလင်းပွဲ မကြည့်တာ ကြာပေါ့ဗျာ ဘယ်နှယ့်ဗျာ နိုင်ငံတော်အဆင့်သတင်းစာရှင်းလင်းပွဲတဲ့ ငယ်ငယ်ကကြည့်ခဲ့ရတဲ့ လမ်းဘေးမျောက်ပွဲလောက်မှ စိတ်ဝင်စားစရာမရှိတာပဲ ဗျ ''

'' အေးကွ ဒါလည်းဟုတ်တာပဲ ငါမေ့တေ့တေ့ ဖြစ်နေလို့ နောင်ဗိန်နောင်လေး ပြန်ပြောစမ်းပါအုံး ကွ '' 

'' ဒီလိုဗျ..... အင်္ဂလိပ်ခေတ်တုန်းက ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ ပွဲတော် ကျင်းပတော့ အဂ်လိပ်လူမျိုး အရေးပိုင်က လာပြီး ကြည့်တယ် ။ 

         ရှမ်းရိုးရာ အိုးစည်သံ နဲ့  မောင်းသံမြိုင်မြိုင် နဲ့ နောင် ဗိန် နောင် ၊ နောင် ဗိန် နောင် နဲ့ ကခုန်နေတာကို အလွန်သဘောကျသွားပြီး ဆုငွေ တရာ ချီးမြှင့်သွားပါရော ။ 

       နောက်နှစ်လည်း ထပ်လာတယ် နောင် ဗိန် နောင် နဲ့ ကနေတာကို ကြည့်ပြီး ဆုငွေ ၅၀ ချသွားတယ် ။ 

      နောက် တိတယမြှောက်နှစ် ဘုရားပွဲ ထပ်လာတယ် ။ ရှမ်းတွေကလည်း ထုံးစံအတိုင်း နောင် ဗိန် နောင် နဲ့ ကတာပါပဲ ။ အရေးပိုင်မင်းက ကြည့်နေရင်း ပွဲပြီးရင် သူ့ကို လာတွေ့ပါ ဆိုပြီး ရှမ်းလူကြီးတွေကို ပြောသွားတယ် ။ 

    ကပွဲပြီးတော့ သွားတွေ့ရတာပေါ့ ။ အရေးပိုင်က ပြောတယ်

"မင်းတို့ တူရိယာလည်း သုံးမျိုးနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကခုန်တာကို ငါသိပ်သဘောကျတယ် ဒါကြောင့် ပထမနှစ်မှာ ဆုငွေ တရာ ချီးမြှင့်ခဲ့တယ် မှတ်မိကြသလား ''

"မှတ်မိပါတယ် ကျေးဇူးလည်း တင်ပါတယ် ''

"အေး ဒုတိယနှစ်လာတယ် နောင် ဗိန် နောင် နဲ့ ပဲ ကကြတယ် ငါ ဆုငွေ ၅၀ ပဲ ချီးမြှင့်ခဲ့တယ် သိတယ်မဟုတ်လား ''

"သိပါတယ် အရေးပိုင်မင်း ''

"အေး အခု တတိယနှစ် ဆက်လာတယ် မင်းတို့ ရှမ်းတွေက တူရိယာ သုံးမျိုး နဲ့ ဒီ နောင် ဗိန် နောင် ပဲ ကနေကြပြန်တယ် ၊ ဘာတခုမှ တိုးတက်တီထွင်လာတာ မတွေ့ရဖူး ဒါကြောင့် မင်းတို့ကို ဒဏ်ငွေ တထောင် ရိုက်တယ် မနက်ဖြန် ငါ့ရုံးကို ဒဏ်ငွေလာဆောင်ကြ ဆိုပြီး ဒဏ်ရိုက်သွားတယ် ဗျ ''

'' အေးကွ သူပြောသွားတာလည်း ကျယ်ကျယ်ပြန့်ပြန့် စဥ်းစားရတော့မယ့်အချက်ပဲကွ ဟာသ သဘောနဲ့ ရီပြီး ပြီးသွားရမယ့် ကိစ္စမဟုတ်ဖူးနော ငမျိုး ''

'' သိပ်မှန်တာပေါ့ ရိုးရာအတိုင်းဆိုပြီး ဆင့်ပွားတီထွင်မှုမရှိပဲ မှေးနေလေ့ရှိတဲ့ မြန်မာ့အကျင့်ကို လှုပ်နိုးလိုက်တဲ့ အဖြစ်ပဲဗျ ''

'' ဒီတော့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြည်သူစိတ်မဝင်စားတော့ သတင်းစာရှင်းလင်းပွဲ ပုံစံအစား....''

'' ပြောင်းကို ပြောင်းရတော့မှာဗျာ ရူးကြောင်ကြောင်နဲ့ ကျနော်တို့ရဲ့ သတင်းတင်ဆက်ပုံ မူဝါဒက ဘာညာ ဘာညာ ဆင်ခြေပေးနေရမယ့် အချိန်မဟုတ်တော့ဘူးဗျ ၊ အစိုးရက ပေးချင်တဲ့ မက်ဆေ့ကို ပြည်သူတွေ နားစွင့်ချင်စိတ်ပေါက်လာအောင် ၊ ပြည်သူ့ရင်ထဲ ဟက်ထိ သွားအောင် အလုပ်မဖြစ်တော့တဲ့ ပုံစံတွေ ရဲရဲတင်းတင်းပြောင်းရမှာဗျ ''

'' မင်းကသာ ပြောင်းရမှာ တွင်တွင်ပြောနေတယ် အစိုးရ သတင်းစာရှင်းလင်းပွဲ နဲ့ သတင်းတင်ဆက်ပုံတွေကတော့ နောင်ဗိန် နောင် က ကို တက်မလာသေးဘူးဟေ့ ''

'' ကဲ ဒီတခါ ငပိကျော်နံ့က ခင်ဗျားဆီက ရနေပြီ ပြန်ကြစို့ဗျာ ''

       ကိုရွှေမျိုးဝင်း

(တခါတခါ လောကကြီးမှာ အမှန်တကယ် သုံးစားမရတဲ့ အရာတွေက တန်ဖိုးကြီးနေတတ်တာလည်း တွေးစရာပဲ ဗျ)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...