Saturday, June 5, 2021

သတင်းစကား အတွက် ပြူတင်းတံခါး ထပ်ဖွင့်ထားပါ



           ကျနော်တို့ တွက်ဆထားကြသလိုပါပဲ တပ်ချုပ်ကြီးထံ စီးဝင်နေတဲ့ သတင်းလမ်းကြောင်းတွေဟာ အချိန်ကိုက် စီးဝင်နေခြင်း မရှိပါဘူး ။

     နိုင်ငံပိုင်သတင်းမီဒီယာများသာ တရားဝင်တင်ပြခွင့်ရှိနေတဲ့ တပ်ချုပ်ကြီးရဲ့ သတင်း တံခါးမကြီးရဲ့ ဝင်ပေါက်ဟာ အဲဒီ တာဝန်ရှိသူတွေရဲ့ ကြောက်စိတ် စိုးရိမ်စိတ် နဲ့ အတူ ပိတ်ဆို့နေပါတယ် ။ 

       မိတ်ဆွေတို့ သတိထားမိကြပါလိမ့်မယ် မြဝတီသတင်းမှာ အကြမ်းဖက်ခံရမှုတွေ ပါမလာတာ ရက် ၂၀ ကျော်ရှိပြီတဲ့ ။ 

     အဲဒါ ဟုတ်သလားဗျာ ၊ အမှန်က တရက်ကို ပျမ်းမျှ ငါးမြို့လောက် ပေါက်ပေါက်ဖောက်သလို ပေါက်ကွဲနေကြတာလေ ။

     နိုင်ငံပိုင်မီဒီယာတွေဆီကို ဒီသတင်းတွေ စီးဝင်နေမှာ သေချာပါတယ် ။ ဒါပေမယ့် သတင်းစီစစ်တည်းဖြတ်ကြတဲ့ အဆင့်မှာပဲ အဲဒီသတင်းမှန်တွေကို အမှောင်ချလိုက်ကြပါတယ် ။ 

     သူတို့ကတော့ ထုံးစံအတိုင်း ဆင်ခြေပေးကြမှာပါပဲ ဘာတဲ့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်ငုန်မှာ စိုးလို့ စေတနာနဲ့ပါ ဘာညာ ပေါ့လေ ။

     အဲဒီလို မဆလ ခေတ် အတွေးအခေါ်နဲ့ ဘိုးတော်ကြီးတွေကို ပြောချင်တာက ယနေ့ အင်တာနက် ခေတ်မှာ အိချောပို ထမင်းဘယ်နှစ်လုပ်စားတယ် ဆိုတာကအစ သိနေကြတယ် ဆိုတာပါပဲ ။ 

       နိုင်ငံပိုင် MRTV နဲ့ တပ်မတော်ပိုင် မြဝတီတို့လို မီဒီယာကြီးတွေက ပြည်သူတွေ လန့်မှာ စိုးလို့ပါ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆင်သေကို ဆိတ်ရေနဲ့ ဖုံးဖိနေချိန်မှာ ကြောက်စရာသတင်းက အဆပေါင်းများစွာ ပိုကြောက်စရာကောင်းတဲ့ ကောလဟာလတွေနဲ့  စကြ်ာဝဠာတိုက်တသောင်းကို ပြန့်သွားပါပြီ ။ 

      အချို့ အရေးကြီးသတင်းတွေ တင်ပြရန်သွားကြချိန်မှာ တပ်ချုပ်ကြီး မျက်နှာမကောင်းသေးလို့ ဆိုပြီး ပြန်လှည့်လာတာမျိုးတွေ ၊ သေရေးရှင်ရေး အချိန်မှီဆုံးဖြတ်ရမယ့် ကိစ္စ တင်ပြရမှာကို တပ်ချုပ်ကြီး ထမင်းစားနေလို့ ၊ တပ်ချုပ်ကြီး စာရေး နေလို့ ဆိုပြီး မတင်ပြပဲ ပြန်လာကြတာတွေ 
(သေစရာရှိရင် သေပြီးမှ သတင်းရောက်ရော) အဲဒီပြဿနာတွေ အများကြီး ပါပဲ ။ 

         တပ်ချုပ်ကြီးအနေနဲ့ မိမိထံအရေးကြီး သတင်းများ အချိန်မှီပို့ရန် (ထမင်းစားနေသည်ဖြစ်စေ ၊ စာရေးနေလျှင်ဖြစ်စေ ၊ မျက်နှာမကောင်းနေလျှင်ဖြစ်စေ ဘယ်အခြေပဲ​ဖြစ်ဖြစ်) အမိန့်ထုတ်ထားသင့်ပါတယ် ။ 

     နောက် သတင်းစကားအတွက် တံခါးမကြီးက ဝင်လာမယ့် သတင်းတွေနဲ့ချည်း အားရတင်းတိမ်မနေပါနဲ့ အခြားသတင်းစကားများအတွက် ပြူတင်းတံခါးများ ဖွင့်ထားပြီး နားစွင့်စေချင်ပါတယ် ။ ခဲရာခဲဆစ်မဟုတ်ပါဖူး fb fake ACC လေး ဖွင့်ပြီး တနေ့ နာရီဝက်လောက် ဝင်ကြည့်ရင်ကို ​ပြည်သူ့ အသံတွေကို သိနိုင်ပါတယ် ။ 

        လက်စနဲ့ တနေ့က ပြောလိုက်တဲ့ နစက အရပ်သား အဖွဲ့ဝင်တွေ လှုပ်ရှားမှု မထင်ပေါ်ရခြင်း အကြောင်းကို ကြားသိလိုက်ရပါပြီ ။ 

       ဦးသိန်းညွှန့် ၊ ဒေါ်သက်သက်ခိုင် ၊ ဖဒိုကြီး ၊ ဦးခင်မောင်ဆွေ အစရှိတဲ့ အရပ်သား ၉ ဦးလုံး အပြင်းအထန် ကြိုးစား လုပ်နေကြပါတယ်တဲ့ဗျာ ။

     အစည်းအဝေးတွေဆိုရင် အလွန်ကောင်းတဲ့ အကြံဥာဏ်တွေ အမြဲတင်ပြကြပါတယ်တဲ့ ။ အထူးသဖြင့် ဦးသိန်းညွှန့်ဆိုရင် ယခု အကြမ်းဖက်နေတာတွေကို နှိမ်နင်းဖို့ အမြဲဆွေးနွေး အကြံပြုနေပါတယ် ။ 

       မြဝတီသတင်းကြည့်လိုက်ပါ အစည်းအဝေးလုပ်ကြောင်း ကြေညာတယ် တပ်ချုပ်ကြီး မိန့်ခွန်း အပြည်အစုံ ထည့်တယ် ၊ ကျန်အဖွဲ့အဝင်အသီးသီးက တင်ပြကြသည် ၊ နောက် နိဂုံးချုပ် တပ်ချုပ်ကြီးပြောတာ အတိအကျအကုန်ပြန်ပြတယ် ၊ ကြားထဲက တင်ပြသူ အဖွဲ့ဝင်တွေရဲ့ တင်ပြဆွေးနွေးမှုတွေကို စက္ကန့် ပိုင်းမျှ အကျဥ်းချုပ်လေးတောင် လုံးဝ မထည့်ဖူးဗျာ ။ 

     MRTV နဲ့ မြဝတီက သတင်းတွေဟာ နစက အဖွဲ့ဝင်တွေရဲ့ လုပ်ရည်ကိုင်ရည် နဲ့  စွမ်းဆောင်မှုတွေကို မှေးမှိန်အောင်လုပ်ပြီး အရောင်လက်ပြီးသား တပ်ချုပ်ကြီးကိုပဲ မန်းကျည်းသီးမှဲ့နဲ့ ပွတ်ပေးနေတဲ့ ငဖားမီဒီယာတွေ ဖြစ်နေပါတယ် ။ 

       ဒေါ်သက်သက်ခိုင်ရဲ့ ဝန်းကျင်က လာတဲ့ အတွင်းသတင်းအရဆိုရင် သူ့လှုပ်ရှားမှုတွေကို မြဝတီတို့ MRTV တို့ကို ငတင်းမပို့တော့ဖူးလို့ ကြားပါတယ် ။ သဘောကတော့ မင်းတို့ ငါ့သတင်း ထည့်ချင်ထည့် မထည့်ချင်နေ ဆိုတဲ့ သဘောပါပဲ ။ သူမ ဘယ်လောက် အလုပ် လုပ်ပြနေတယ်ဆိုတာ ပြည်သူတွေ သိပါတယ် ။ 

        ကျနော် ပြောချင်တဲ့ အဓိကအချက်က 

၁ ။ တပ်ချုပ်ကြီး အနေနဲ့ သတင်းမှန်တွေကို သိရမှ အချိန်မှီ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မှာ ဖြစ်လို့ သတင်းဝင်လာမယ့် တံခါးအားလုံး ဖွင့်ထားစေချင်ပါတယ် ၊ လူမှုကွန်ယက်အပါအဝင်ပေါ့ ။

၂ ။ MRTV နဲ့ မြဝတီ မှ တာဝန်ရှိသူများ အနေနဲ့ မိမိတာဝန်အရ ဆောင်ရွက်ရတဲ့ သတင်းမှန်ပို့ခြင်း လုပ်ငန်အပေါ် တပ်ချုပ်ကြီး မျက်နှာမကောင်းတာတွေ စာရေးနေတာတွေက ခင်ဗျားတို့ အလုပ်မဟုတ်ပါဖူး သတင်းမှန်ကို အချိန်မှီ တင်ပြပေးဖို့သာ ခင်ဗျားတို့ ရဲ့ အဓိကတာဝန် ဖြစ်ပါတယ် ။ 

၃ ။ တိုင်းပြည်အနှံ့အပြား ဆူညံပေါက်ကွဲနေချိန်မှာ MRTV နဲ့ မြဝတီမှာ တည်ငြိမ်အေးချမ်းပြနေတာ သိပ်ရှက်စရာကောင်းတဲ့ အောက်တန်းစား မီဒီယာအဆင့် ရောက်နေတာကို အခြေနေမှန်သုံးသပ်ပြီး ပြင်ဆင်ကြဖို့ တိုက်တွန်းချင်ပါတယ် ။ မဆလခေတ် အတွေးအခေါ်တွေ စွန့်ပစ်ပါတော့ ။ 

၄ ။ သတင်းတင်ဆက်ရာမှာ ရွှေရောင်နဲ့ ပြောင်လက်နေသူကို ဖားယားပွတ်တိုက် မပေးပါနဲ့တော့ တကယ်မြေပြင်မှာ အားကြိုးမာန်တက် လုပ်ပြနေရပြီး ကြေးညှိတက်နေသူတွေကို အရောင်တင်ပေးနိုင်ဖို့ မျှတစွာ စဥ်းစားလုပ်ကြပါ ။ 

        မျိုးဝင်း
(ဘယ်လောက်ကောင်းတဲ့ ပတ္တမြားဖြစ်နေပါစေ ဘေးက အကွပ်မကောင်းရင် ကြည့်မကောင်းဘူး ဗျ)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...