Saturday, June 19, 2021

တမ်းတမှု နဲ့ ပစ္စုပ္ပန်



 ကိုကြီးစိုးတယောက် ထုံးစံအတိုင်း ရောက်လာပြီး လက်ဖက်ဆိုင်မှာ လေကန်ကြတယ် ။ 

"ငမျိုးရေ အခု ခြောက်လနား ရောက်တဲ့အထိ ငြိမ်ဝပ်ပိပြားမှု မရှိသေးတာ ဘာကြောင့်လဲ ကွ ''

"တဲ့တဲ့ပြောရရင် နစက သောက်သုံးမကျလို့ပေါ့ ဗျာ ''

"ဟိုက်. မေးမိတာ မှားပြီနဲ့ တူတယ် ''

"ဒီမယ် ကိုစိုး ဒီလို အချိန်မှာ ၈၈ က အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်ကြီးတွေကို သတိမရဖူးလား ''

"ရတာပေါ့ ကွာ မင်းကလဲ ''

"ခင်ဗျား ဘောလုံးပွဲတွေ ကြည့်ခဲ့တော့ မာရာဒိုနာခေတ်ကို မှီတယ်နော် ''

"အေးကွ မှီတယ် ''

"အခုခေတ် မက်ဆီ ဒိုလေး ခေတ်လည်း မှီတော့ ခင်ဗျား မက်ဆီ တို့ ဒိုလေးတို့ ပွဲစဉ်တွေ ကြည့်နေရင် အတိတ်က မာရာဒိုနာကို သတိရတမ်းတမိသလား ဗျ ''

"ဘယ်ရမလဲကွာ အလွန်ကောင်းတဲ့ စကေးတွေ ကန်ချက်တွေ အလိမ်အခေါက်တွေ ကြည့်နေရတာ အသက်တောင်မနည်းရှူမိတယ် ''

"အဲဒါပဲ ဗျ ခေတ်စနစ်အရ လေ့ကျင့်မှုတွေ စားသောက်မှုတွေ ပံ့ပိုးပစ္စည်း ဘောလုံး ဖိနပ်က အစ ကွာသွားတော့ အခုခေတ်က ပိုသာနေလို့ အတိတ်က သူရဲကောင်းကို မေ့နေတာ ဗျ ''

"ဟင် ဒါဆို အခု တို့က ၈၈ အာဏာသိမ်း စစ်ခေါင်းဆောင်ကြီးတွေကို သတိရနေမိတာက...''

"ဟိုးထား ......ငပိကျော် အတွေး မတွေးခိုင်းနဲ့ ခင်ဗျားကို ပုံပြင်တခု ပြောပြမယ် ''

"အေး လုပ်စမ်း ဟ ပေါက်ကရ''

"တခါတုန်းက ဘယ်သူဘာပြောပြော ထင်သားပဲ ဆိုပြီး တတ်ယောင်ကား ပြောတတ်တဲ့ မိန်းမ နဲ့ အဲလို ပြောတာကို အလွန် အမြင်ကပ်တဲ့ သူ့ယောက်ျား တို့ ရှိတယ် ဗျ ''

"အင်း ''

"တနေ့ကျတော့ ယောက်ျားက ပြောတယ်...... မိန်းမရေ ရွာတောင်ပိုင်းက ဖိုးကျော်တို့ နွား ချောက်ထဲကျတာ ခြေကျိုးသွားတယ် ဟေ့ ''

"ထင်သားပဲ အဲဒီနွား ရွာထဲလာရင် ဟိုစည်းရိုးတိုက် ဒီခြံဝန်းထရံ ပွတ်ဆွဲ နဲ့ တနေ့ ဒင်း ရွာပြင်က ချောက်ထဲ ပြုတ်ကျမှာလို့.... ''

"အေးဒါနဲ့ ရွာအရှေ့ပိုင်းက မိဝိုင်းသမီးလေး လင်နောက် လိုက်သွားသတဲ့ ''

"ထင်သားပဲ ဒီကောင်လေး ကောင်လေးတွေနဲ့ တရုန်းရုန်းဖြစ်နေကတည်းက မကြာဖူး လင်ရမယ့် ကလေးမလို့ တွက်ပြီးသား''

"ရွာမြောက်ဖက်က ဘကြီးဝေတော့ မြို့ဆေးရုံမှာ ဆုံးပြီတဲ့ ''

"ထင်သားပဲ လူနာ သွားမေးတော့ အခြေအနေ ကြည့်ရတာ တပတ်မခံဖူးလို့ သိပြီးသား .....အဲသလိုတွေ ပြောနေတော့ ယောက်ျားက စိတ်တိုလာပြီ ဗျ ''

"အေးကွ ငါတောင် နရင်းရိုက်ချင်လာပြီ ဘာဆက်ဖြစ်လဲ ''

"ယောက်ျားက ဆက်ပြောတယ်...... မိန်းမရေ ရွာလည်က ဒွေးလေးငြိမ်း ဝက်မကြီး မိုးပေါ်ပျံတက်သွား လေရဲ့ ဗျာ ''

"ထင်သားပဲ ဒီဝက်မ ခြံထဲကို ဟိုခုန် ဒီခုန် နဲ့ ကျော်ဟယ် လွှားဟယ် ဒီလောက်လုပ်နေတာ တနေ့ မိုးပေါ်ပျံမှာ သိနေလို့ ကြိုးတောင် ချည်ခိုင်းထား သေး ''

"ဟေ...ဝက်မကြီး မိုးပေါ်ပျံတာတောင် ကြိုပြီး ထင်နေ သိနေတဲ့ မိန်းမ ကိုင်းကွာ... ကိုင်းကွာ.......ဆိုပြီး ထရိုက်ပါရောလား''

"ဟား..ဟား..ဟားးး အေး ငါဆိုလည်း ရိုက်မှာပဲ ကွ မိန်းမလည်း မလှုပ်နိုင်တော့ဖူး ပေါ့ ''

"ဘယ်ကလဲ မိန်းမက အရိုက်ခံရတော့ ဒီလို အော်ငိုတာဗျ''

"ဘယ်လို အော်တာလဲ ဟ ''

"ထင်သားပဲ တော့  တနေ့ ရှင် ဒီလို ကျမကို အပြစ်ရှာ ရိုက်လိမ့်လို့  တဲ့ ဗျာ ''

"မင်းကွာ အတော် ပေါက်တီးပေါက်ရှာ ပြောတဲ့ကောင်ပဲ အဲဒါနဲ့ ခုနက ငါမေးမယ့် ဘာဆိုင်လဲ ဟ ''

"ကျနော်က ပြန်မေးရမယ်လေ အရင်က စစ်ခေါင်းဆောင်ကြီးတွေကို ပြန်ပြီး တမ်းတနေတာ အခု ပစ္စုပ္ပန် ခေါင်းဆောင်ကြီးတွေ ဘာဖြစ်နေတယ်လို့ ခင်ဗျား ထင်သလဲ ဗျ ''

"ဟိုက်.....ထင်သားပဲ ငါ့ဖက် လှည့်လာမယ်လို့... မင်း fb မိတ်ဆွေတွေပဲ ဘယ်လို ထင်ကြသလဲ မေးပါအုံးကွာ ငါကတော့ အခုတလော သွေးတိုးနေလို့  ပြန်ကြစို့ ဟ ''

       ကိုင်း ကိုစိုးကတော့ မေးခိုင်းပြီ ခင်ဗျားတို့ကော ဘယ်လို ထင်ကြတုန်း ဗျ😁😁😁

          မျိုးဝင်း


No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...