မျှော်လင့်နေတဲ့ အလန့်တကြားအော်သံကြီးဟာ မော်ကြီးအသံမဟုတ်ပဲ ကာယဆရာရဲ့ အသံကြီး ပါပဲ ။ ကျနော် နဲ့ ဖိုးဌေးလည်း ဆူးကိုင်းကြီး လွှတ်ချပြီး အသားကုန် ပြေးရပါတော့တယ် ။
အိမ်သာထဲက ဆရာကတော့ အီးတွေဘာတွေ သုတ်သင်နေတော့ ကျနော်တို့ကို အဝေးရောက်မှ မြင်ပါတယ် ။ နောက်ကျောဖက်တွေပဲ သူမြင်ရပြီး မှုန်နေအောင် ပြေးသွားတော့ ဘယ်အတန်းက ဘယ်သူတွေဆိုတာ သူမသိပါဘူး ။
တကယ်တန်းကျတော့ ကျနော်တို့ ၂ ယောက်လုံး မြေကျင်းတူးနေတော့ မြေကြီးတွေက ပေတူးနေတာ ဗျ ။ အားကိုးပုန်းအောင်းစရာကလည်း ကိုယ့်အခန်းပဲ ရှိတော့ အဲဒီပဲ ပြေးတာပေါ့ ။ ၂ ယောက်လုံး ချွေးတွေ သံတွေနဲ့ အတင်းပြေးဝင်လာတော့ ဆရာမက ဟဲ့ ဟဲ့ ဘာဖြစ်လာပြန်ပြီလဲ တဲ့ ။
အံမယ် ဖိုးဌေးက ဥာဏ်ကောင်းသဗျ ဒီကောင် ကျနော့်ခေါင်းရိုက်ပြီး ထွက်ပြေးလို့ လိုက်ဖမ်းတာ တဲ့ ။ ဆရာမက ပေတူးနေတဲ့ ကျနော်တို့ကို ကြည့်ပြီး လာစမ်းဆိုပြီး ဖုန်တွေ သဲတွေ ခါပေးပါတယ် ။
အတော်ဆော့တဲ့ ကောင်တွေ အပြစ်ပေးတာတောင်ဆော့တုန်း ဘာညာ နဲ့ ပြောပြီး မြေတူးထားလို့ လက်တွေ နီရဲပေါက်ပြဲနေတာ မြင်သွားပြီး စိတ်မကောင်းဖြစ်သွားဟန် တူပါတယ် ။ သွား သွား ကိုယ့်နေရာကို ပြန်ထိုင်တော့ တဲ့ ။
၂ ယောက်သားထိုင်နေတုန်း မော်ကြီး ပြန်ဝင်လာတယ် ။ ခဏနေတော့ ဖင်လေး ပွတ်ခါပွတ်ခါ နဲ့ ကာယဆရာရယ် ကျောင်းအုပ်ကြီးရယ် ရောက်လာပါတယ် ။
အပြင်ကို ထွက်တဲ့ကျောင်းသား ရှိလားဘာညာ နဲ့ စစ်ပါတယ် မော်ကြီးလည်း ခုမှ ပြန်လာတော့ မရှိတော့ဘူးလို့ ဆရာမက ပြောပြီး ဘာဖြစ်တာလည်း မေးပါတယ် ။ ကာယဆရာက သူ့ဖင် ဆူးကိုင်းနဲ့ ထိုးသွားကြောင်း ခြေသလုံးတွေပါ ဆူးတွေ ခြစ်မိကြောင်း ပြောပြီး ပုဆိုးကို ခြေသလုံးပေါ်အောင် လှန်ပြပါတယ် ။
သူအော်တော့ ဖိုးဌေးက ကြောက်ကြောက်နဲ့ ဆူးကိုင်းကို အားနဲ့ပြန်ဆွဲချိန် ခြစ်မိတာနေမှာပါ နီရဲ ဖွာလန်သွားတယ် ဗျ ။ မော်ကြီးဆိုလည်း အဲသလောက်ဆို အထိုးခံရလောက်တယ် ။
ဆရာမက အတော်ဆိုးတဲ့ ကျောင်းသားတွေ ဆရာအိမ်သာထိ ဒီလိုလုပ်တာတော့ မကောင်းဘူး ဆိုပြီး ပြောတော့ ဆရာအိမ်သာ မဟုတ်ဖူး ၊ အဲဒီမှာ လူရှိနေတော့ ကျောင်းသားအိမ်သာဖက် သွားလိုက်တာ လို့ ဖြေပါတယ် ။ နောက်တော့ ဆရာတွေက အခြားအခန်းတွေကို တရားခံလိုက်ရှာဖို့ ထွက်သွားပါတယ် ။
ကျနော်နဲ့ဖိုးဌေးကတော့ လိပ်ပြာမလုံတော့ ခေါင်းတွေ ငုံ့ထားရတာပေါ့ မှတ်မိသွားမလားဆိုပြီး စိုးရိမ်တာကိုး ။ မော်ကြီးက ပြောတယ် ဆရာမ အဲဒီဆရာအော်တာ ကျနော်တောင် ကြောက်သွားတယ် တဲ့ ။
မော်ကြီးပြောတဲ့ စကားလဲဆုံးရော ဆရာမက မျက်မှောင်ကုတ်ပြီး စဥ်းစားတယ် နောက် ကျနော်တို့ ၂ ယောက်ကို လှမ်းကြည့်တယ် ။ ပြီးတော့ ဟို နှစ်ကောင် ပြီးရင် ဆရာများနားနေခန်း လာခဲ့ကြားလား တဲ့ ။
ဆရာများ နားနေခန်းရောက်တော့ ဆရာတွေ မရှိသလောက်ပဲ ။ ဆရာမ ဒေါ်ဘေဘီ နဲ့ အတန်းပိုင် ဆရာမတို့က ဒေါင့်ကျတဲ့ စားပွဲကို ခေါ်ပြီး တိုးတိုးလေး ကျိတ်မေးကြပါတယ် ။ မင်းတို့ မော်ကြီးဆိုပြီး လုပ်လိုက်ကြတာ မဟုတ်လား တဲ့ ။
မော်ကြီးပြောတဲ့စကား ရယ် ပြေးဝင်လာတဲ့ ကျနော်တို့ ၂ ယောက်ရယ် ဖင်ဆူးကိုင်းထိုးခံရတဲ့ ဆရာရယ် ကို ဆရာမက ချိတ်ဆက်တွေးမိသွားပြီး ကျိတ်မေးတာပါ ။
"ဟုတ်ပါတယ် ဆရာမ ဒီကောင်က အဲဒီအိမ်သာ မော်ကြီးတက်သွားတယ် ပြောလို့ပါ "
(သူတောင်းစား ရိုက်မစစ်ရဖူး ဖော်ပြီ😁)
"ဟဲ့ နင်က ဆရာမှန်းမသိဖူးလား"
"ကျနော်လည်း လုံခြည်စိမ်းနဲ့ ဖိနပ်ပဲ မြင်လိုက်ရတာ မော်ကြီးပဲ ထင်တာပေါ့ ဆရာအိမ်သာမှ မဟုတ်တာ "
ဆရာမ ၂ ယောက် ကြိတ်ပြီးရီလိုက်ကြတာ ဗျာ ။ ခဏနေမှ ကဲ သွားသွား ဘယ်သူမှ မသိစေနဲ့ ကျောင်းအုပ်ကြီးက မလွယ်ဖူး တဲ့ ။ ငါသာ ရိုက်ချင်တာ ငါ့တပည့်တွေ သူများရိုက်တာ မကြိုက်ဖူး ဆိုတဲ့ ၈ တန်း တန်းပိုင်ဆရာမကြီးနဲ့ စိတ်ထားအတူတူပဲ ဗျ ။ ဒါကြောင့်လည်း အခုထိ ချစ်ခင်လေးစားစွာ နဲ့ သတိတရရှိနေရတာပါပဲ ဗျာ ။
ကျောင်းက ပြဿနာကတော့ ဆရာမတွေ ဖုံးဖိထားလို့ ပြီးသွားရပြန်ပါတယ် ။ ကျောင်းပိတ်ရက် တခုမှာ ပြဿနာ တခါ ကြုံရပါတယ် ။ မောင်ကျော်က မီးရှူးလွတ်ရအောင် တဲ့ ။ ရတယ်လေ သွားရှာကြတာပေါ့ ဆိုပြီး ၂ ယောက်သား ထွက်ခဲ့ကြပါတယ် ။
မီးရှူးဆိုတာ ဒီလိုဗျ ။ မီးခြစ်ကျောက်လောက် ယမ်းစလေးတွေကို စီကရက်အတွင်းက ရွှေရောင် / ငွေရောင် ခဲစက္ကူနဲ့ ပတ်ပြီး မီးရှို့လိုက်ရင် ရှူးဆို အပေါ်ကို ထောင်တက်သွားတာပါ ။
ယမ်းစလေးတွေက အမှတ် ၁၈ အရှေ့ဖက်က ကျောက်ရံရွာကုန်းက လယ်ကွက်တွေထဲ သွားရှာရတာပါ ။ ဘာလို့ ယမ်းစတွေ အများကြီး ရှိနေရသလဲဆိုရင် သမိုင်းနဲ့ ချီတယ် ဗျ ။
တတိယ အင်္ဂလိပ် မြန်မာ စစ်ပွဲဖြစ်တော့ မြင်းခြံကနေ မြေကတုတ်ကြီးလုပ်ပြီး ခုခံခဲ့ကြတယ် ။ အခြေအနေမကောင်းတော့ ခံတပ်ကနေ ခုနက ကျောက်ရံရွာကို ဆုတ်ခွါပြီး ခုခံကြတော့ တိုက်ပွဲ အပြင်းအထန် ဖြစ်ကြရတယ် ။ အဲဒီ တိုက်ပွဲက ယမ်းစတွေပဲ ဗျ ။ သူ့ကျွန်မခံပြီထဲက ပါတဲ့ ဇာတ်ဝင်ခန်းပေါ့ ဗျာ ။
အဲဒီ ယမ်းစတွေကို လိုက်ရှာယူရတာပေါ့ ။ အတော်များများ ရတော့မှ ပြန်လာကြပါတယ် ။ အပြန်ကြတော့ မောင်ကျော်က ချောင်းထဲအတိုင်း ပြန်ကြစို့ကွာ ရေချိုးချင်သေးတယ် တဲ့ ။
နှစ်ယောက်သား လေးခွတွေ ဟိုပစ်ဒီပစ် လုပ်ရင် လျှေက်ပတ်နေသေးတယ် ။ တန်းတန်းမပြန်ကြဖူးလေ ။ ဆပ်ပြာကျင်း လို့ ခေါ်တဲ့ နေရာ တခုရှိသေးတယ် ဗျ ။ သူကလည်း ပြောင်းပြာချောင်းထဲ စီးဝင်တဲ့ ချောင်းငယ်လေးတခုပဲ ဗျ ။ သူ့ရေက ငံခါးနေပြီး ဆပ်ပြာပေါက်နေလေရဲ့ ။
ထူးခြားတာက ရထားလမ်းဂုံးကျော်လေး အောက်မှာ ၂ ပေ ပတ်လည်လောက် ရေထွက်ကလေး ရှိတယ် ။ အဲဒီရေကျတာ့ မငံဖူးဗျ ။ သောက်လို့ ရပါတယ် ဒါကိုလည်း အဲဒီဝန်းကျင်က နတ်ညွှန်းရွာသားတွေ နဲ့ နွား ကျောင်း ဆိတ်ကျောင်းသားတွေရယ် ကျနော်တို့လို ဖိုးကမျင်းလေးတွေရယ်ပဲ သိတာ ဗျ ။
အဲဒီမှာရေသောက်ပြီးတော့ မောင်ကျော်က ဟေ့ကောင် နတ်ညွှန်းဘုန်းကြီးကျောင်းထဲမှာ သရက်သီးတွေ ကြီးပြီကွတဲ့ ။ ဘုန်းကြီးက မလွယ်ဖူး လေးခွနဲ့ ဆော်လိမ့်မယ် ကိုယ်က ပြန်ပစ်မရဖူး မသွားနဲ့ကွာ ဆိုတာ မရဘူး ဗျာ ။ အတင်းသွားပါရော ဗျို့ ။
ဘုန်းကြီးကျောင်းက ချောင်းအစပ်မှာဗျ ။ ချောင်းထဲကနေ ဝင်မရအောင် ကန္တာရဆူးကိုင်းလေးတွေ အပုံလိုက် ချထားလေရဲ့ ။ တိရိစ္ဆာန် ဝင်မရရုံပေါ့ ။ သရက်ပင်က စည်းရီုးနားထိ ရှိတော့ မောင်ကျော်က လေးခွနဲ့ ပစ်ပြီး အောက်ကျမှ အမြန်သွားယူဖို့ စီစဥ်ပါရော ။
မဟုတ်တာ လုပ်ဖို့ ၂ ခါမညှိရတဲ့ ကျနော်ကလည်း ချကွာ ဆိုပြီး စည်းရိုးအပြင်ကနေ သရက်သီးတွေကို ပစ်ချပါရော ။ အသီးမှန်တော့ ပဲ့ရွဲ့ပြီး ပြုတ်မကျဖူးဗျာ ။ အညှာကို ဟိုဖက် ဒီဖက် ရှုထောင့်မျိုးစုံက ချိန်ပစ်တော့ ၃ တွဲလောက် ပြုတ်ကျလာပါတယ် ။
မောင်ကျော်က ကန္တာရကိုင်းတခု မရွေ့ပြီး ဝင်ကောက်ပါတယ် ။ သူလည်းကောက်ရော ဟေ့ကောင်တွေ မပြေးနဲ့ဆိုပြီး ဘုန်းကြီးက ထွက်လာပြီး လေးခွနဲ့ ပစ်ရင်း လာဖမ်းပါရော ။ ကျနော်က အပြင်ကနေ မောင်ကျော်ပြေးဟေ့ ထွက်ခဲ့ဆိုပြီး စောင့်နေတုန်း မောင်ကျော်က လည်း အတင်းပြေးလာပါတယ် ။
ခြံစည်းရိုးရောက်တော့ ဆူးကိုင်းဖယ်ထွက်မနေပဲ ပေါင်လောက်ပဲ မြင့်တဲ့ ဆူးကိုင်းတွေကို ခုန်ကျော်ထွက်လာပါတယ် ။
သူများတွေတော့ ကြောက်ကြောက်နဲ့ ခုန်ပြေးတာ လူတရပ်လောက် ခုန်မိသွားတာတို့ ဘာတို့ ကြားဖူးပါတယ် ။ မောင်ကျော်ကတော့ ခါတိုင်းဆို ရင်ညွှန့်လောက်ထိ ဆော့ရင် ခုန်နေကျတောင် အခု ပေါင်လောက်ရှိတာကို ခုန်သတဲ့ ဆူးလုံးကြီးက ပုဆိုးညှိပါလာပြီး တန်းလန်းကြီး ဗျာ ။
သူ့ကို အပြင်က စောင့်နေတဲ့ ကျနော့်ကို ကျော်ပြေးပြီး ရှေ့ကနေ တလွှားလွှားပြေးနေတာများဗျာ ဆူးလုံးကြီးက တလှိမ့်လှိမ့် နဲ့တန်းလန်းကြီး ချောင်းသဲတွေက ဖွာကနဲ ဖွာကနဲ ပါပဲ ဗျာ ။
ချောင်းရိုးအတိုင်း အတင်းပြေးလိုက်ကြတာ ရိုးကျဥ်းကျဥ်း အရိပ်အောက်မှ နားရတော့တယ် ။ သူ့ပုဆိုးက ဆူးလုံးကြီး မနည်းဖြေရတယ် ဗျာ ။ ခြေသလုံးနဲ့ ပေါင်တွေလည်း ဆူးတွေခြစ်တာပေါ့ ။ ဒီကောင်က ငပေဗျာ တချက် မညည်းဖူး ဗျ ။ ဒီလောက် သေပြေးရှင်ပြေး ပြေးလာတာကို သရက်တွဲ ၂ တွဲ ၆ လုံးပါလာသေးတယ် ဗျာ ။
ခဏနားပြီး အဲဒီ ချောင်းရိုးလေးမှာပဲ အဝတ်တွေ ဆပ်ပြာမပါပဲ လျှော်ပြီး နေလှမ်း လူတွေက ရေစိမ်ရင်း အဝတ်ခြောက်အောင် စောင့်ပေါ့ ။ ဟမ် ဘယ်လိုချိုးကြသလဲ ဟုတ်လား တယောက်က ၈ တန်း တယောက်က ၉ တန်း ကျောင်းသားကြီးတွေလေ နတ်ဝတ်ပုဆိုး နဲ့ ချိုးတာပေါ့ ဗျ 😁😁
သရက်သီးတလုံး စားပြီး ပြန်လာကြတယ် ။ ချောင်းရိုးအတိုင်းဆိုတော့ ဒေါ်ဂွက်ထော် ပဲကြော်ဖိုတွေနား ရောက်လာပါတယ် ။ ပဲကြော်နေတဲ့ အနံ့တွေဟာ မွှေးကြိုင်နေပြီး အရမ်းဆွဲဆောင်နေပါတယ် ။ ဒါနဲ့ ၂ ယောက်သား ပဲကြော်ဖိုထဲ ဝင်သွားကြပါတယ် ။
အဲဒီကာလတုန်းက အကြံအဖန်ဆီမရှိသေးပဲ ပဲဆီသန့်သန့်ကို အခုပျိုး အခုကြော်နေတဲ့ လတ်လတ်ဆတ်ဆတ် ပဲကြော်ဟာ အင်မတန်မွှေးပြီး ကြွပ်ရွနေတာ ဗျာ ။ ပူပူနွေးနွေး ပဲ ဗျာ အားပါးတရစားနေတာပေါ့ ။
အလုပ်သမားအားလုံးနဲ့ သိနေတာကိုး ။ အံမယ်တယောက်က စိုက်ထားတဲ့ ကြက်သွန်နီတွေ နုတ်လာပြီး ဒါနဲ့စား ပိုကောင်းတယ် တဲ့ ။ ဟုတ်ပါ့ အင်မတန်လိုက်ဖက်ပါ့ ဗျာ ။ စားသောက်ပြီး အိမ်ပြန်ရောက်တော့ သရက်သီး ၅ လုံးထဲက ၂ လုံးယူပြီး အမေ့ပေးလိုက်တယ် ။
အမေက ဒါးနဲ့လှီးပြီး ဝက်သားအကျန်နဲ့ ရောချက်ကြွေးတာ စားကောင်းတာ ဗျာ ။ အဖေကတောင် ကောင်းတယ် ဟ တဲ့ အမေက တော့်သားယူလာတဲ့ သရက်သီးနဲ့ ရောချက်ထားတာ ဆိုတော့ ဒီကောင် ဘယ်သူ့ဆီက ခူးလာတယ် မသိဘူး တဲ့ ။ သားအဖခြင်း သိတာပေါ့ လေ ။
အဲဒီညမှာပဲ အဖေ့ဆီကို ရွာဖက်က လူတွေလာကြပါတယ် ။ စပါးလာဝယ်တာ အလေးချိန် ပိုယူလို့ ဆိုပြီး လာတိုင်ကြတာ ဗျ ။ အဖေ့ရဲ့ မူလ လစာရနေတာက ကုန်သွယ်လယ်ယာ ကိုးဗျ ။ တကယ်တန်းကျတော့ အဝယ်ဒိုင်မှူးရာထူးနဲ့ တူပါတယ် ။ တာဝန်လွဲပေးထားဟန်ပါပဲ ။
အဖေက ချက်ခြင်းပဲ ဝယ်တဲ့သူကို ကျနော့်ခေါ်ခိုင်းလို့ ခေါ်ပေးရပါတယ် ။ ဖြေရှင်းကြတော့ ပြဿနာက ထိပ်ကလာတဲ့ ပြဿနာပါပဲ ။ နောက်ဆုံးတော့ တောင်သူတွေ ခံကြရတာပါပဲ ဗျာ ။
အဲဒီအဝယ်တာဝန်ခံ နဲ့ တောင်သူတွေကို ဖြစ်ကြောင်းကုန်စင်မေးကြည့်တော့ တောင်သူတွေက တတင်းအတွက် ၄၆ ပေါင်ကို အိမ်ကနေ ချိန်တွယ်ယူလာကြောင်း ဒိုင်ရောက်တော့ ချိန်တွယ်ကြည့်ရင် လိုသေးတယ် ပြောကြောင်း ဒါကြောင့် မကျေနပ်လို့ လာတိုင်တာ တဲ့ ။
အဲလိုပြောတော့ အဖေက ပြန်ရှင်းပြပါတယ် ။ အဖေ့ရဲ့ နိုင်ငံသမား အပြောစကေးကို ကျနော် အဲဒီမှ စကြားဖူးတာပါ ။ ဒီလို စပါး အပိုဆောင်းပြီး ချိန်တွယ်ရတဲ့ အကြောင်းကို အဖေက အကြောင်းပြချက် ၃ ခု နဲ့ ရှင်းပြတယ် ဗျ ။ တောင်သူတွေလည်း ကျေနပ်သွားလေရဲ့ ဗျာ ။
အဖေပြောပြလိုက်တဲ့ မဆလခေတ် တာဝန်ကျေစပါး ဘာကြောင့်ဝယ်ရတယ် ၊ ဘာကြောင့် အနည်းငယ်အပိုဆောင်း ချိန်ရသလဲ ဆိုရင် ............?
မျိုးဝင်း
No comments:
Post a Comment