Monday, July 5, 2021

ပျော်ရွှင်ခဲ့ရ ငယ်ဘဝ (21)



            လဲ့လဲ့ဟာ ကျော့မော့နေအောင် ဖီးလိမ်းပြင်ဆင်ပြီး ကျနော်အလာကို စောင့်မျှော်နေတာ တွေ့ရပါတယ် ။ ရွံ့ဗွက်တွေ နဲ့ လယ်ကန်သင်းတွေ ကျော်ဖြတ်ပြီး ရေထုကို ခြေကန်ရုန်းခဲ့ရလို့ ပင်ပန်းသမျှဟာ လဲ့လဲ့ အပြုံပန်း တပွင့်အောက်မှာ မိုးဆန်းပန်းလို လန်းဆန်းစေနိုင်ခဲ့ပါပြီ ။ 

        သူတို့အိမ်က စားပွဲပေါ်မှာလည်း အကြော်စုံ ပန်းကန် နဲ့ ထမင်းဆီဆမ်း ပဲပြုတ်နယ်ထားတာလေးတွေ အဆင်သင့်တွေ့ရပါတယ် ။ ကျတော်တို့ အဖွဲ့တွေ ကုလားရွာမှာ အိပ်တာ သိနေကြပါတယ် ။ မိန်းကလေးတွေ ဆီမီးခုံကို ရောက်လာတော့ သူ့အဖေက လူကြီးဆိုတော့ ကြိုသိနေတာပါ ။

      ကျနော်က မနက်ကျရင် လာမယ်ဆိုတာ သိနေလို့ ကြိုပြီး ပြင်ဆင်စောင့်နေပြတာ တဲ့ ။ ကျနော်ကသာ ဗိုက်ဆာတာတွေ ဘာတွေ မေ့နေတာ ပါလာတဲ့ အငတ်တွေက ခြေတို့ လက်တို့ နဲ့ စားချင်နေပြီ လေ ။ 

         ဒါနဲ့ စကားလက်စသပ်ပြီး စားကြတာပေါ့ ။ အတော်ကြာမှ ကုလားရွာက တဖွဲ့လုံး ကောင်စီရုံးထဲ ရောက်လာကြပါတယ် ။ သတင်းကောင်း ပါလာတာက နေ့လည် ၂ နာရီလောက်မှ မော်တော်နဲ့ ပြန်ကြရမယ် တဲ့ ။ 

        အားရဝမ်းသာ လဲ့လဲ့တို့အိမ် ပြန်သွားတော့ သူတို့က သိပြီးသား ဗျ ။ ကျနော် လဲဖို့ လုံခြည်နဲ့ အက်ျီတွေ ပေးပြီး ပေတူးနေတဲ့ ယူနီဖောင်းကို လျှော်ပေးပြီး ခြောက်အောင် မီးပူထိုးပေးပါတယ် ။ တနေ့ခင်းလုံး လဲ့လဲ့ နဲ့ လေကန်ပြီး ပြန်ချိန်ကျလာတော့ မော်တော်ပေါ် တက်ကြရပါပြီ ။ 

        မော်တော်ပေါ်မှာ အလယ်နားလေး ထိုင်ပြီး ဟိုတွေးဒီတွေး တွေးနေတုန်း  လဲ့လဲ့ တယောက် လှေလေးနဲ့ ရောက်လာပြီး ကိုကြီးရေ ဆိုပြီး အော်ခေါ်တယ် ဗျ ။ တဖွဲ့လုံး ဘယ်သူမှ လဲ့လဲ့ကို မသိပဲ အတူပါလာတဲ့ သုံးယောက်ပဲ မြင်ဖူးတာလေ ။ 

      ကျနော်လည်း အံ့သြဝမ်းသာသွားပြီး ဗြုန်းကနဲ့ ထပြီး လဲ့လဲ့ လှေလေး ကပ်ထားရာ အခြမ်းကို ဝမ်းသာအားရ ဝုန်းကနဲ ပြေးမိရာ လမ်းတကျောရှိ ခြေဆင်းထိုင်နေသူ ၂ ယောက် နဲ့ တုန်းလုံးလဲသူ တယောက် တို့ကို တက်နင်းမိပြီး ငုတ်တုတ်ထိုင်နေသူ တယောက်ကို ခေါင်းပေါ်က လွှားကနဲ ကျော်ပြီးသကာလ လဲ့လဲ့ဆီ ရောက်သွားပါတယ် ။ 

        လကုန်ရင် မြင်းခြံလာမယ် ကားဂိတ်လာကြိုဖို့ လိုက်ပြောတာလေ ။ ဆယ်မိနစ်လောက် တွတ်ထိုးပြီးနောက် သဘော်အင်ဂျင်နှိုးမှ လဲ့လဲ့ လည်း နှုတ်ဆက်ပြီး လှေလေးပြန်လှော် သွားပါတယ် ။ 

        ကျနော်လည်း မူလက ထိုင်ခဲ့နေရာကို ပြန်လျှောက်လာရာမှာတော့ လမ်းမှာရှိတဲ့လူတွေက ကျုံ့ကျုံ့လေးတွေ ပြင်ထိုင်ပြီး ကပျာကယာ လမ်းဖယ်ပေးလေရဲ့ ။ နောက်ထပ် အနင်းမခံနိုင်ကြဖူးလေ ။ 

       ကျနော်ကလည်း ပြန်တောင်းရတာပေါ့ ဆောရီးပါကွာ မင်းတို့ ကြားဖူးတယ် မဟုတ်လား မိုးမမြင် လေမမြင် ဆိုတာ အဲလိုပဲကွ မိုးနဲ့လေကိုတောင် မမြင်တာ မင်းတို့ကို မမြင်လို့ နင်းမိတာ ခွင့်လွှတ်ကြပါကွာ လို့ ပြောတော့ ရီနေ​ကြလေရဲ့ ။ 

         ကိုမြင့်ဟန်က လဲ့လဲ့တို့ မိသားစုကို သိလို့ မေးတယ်ဗျ ။ မင်းကောင်မလေးလား ကွ တဲ့ ။ ဟုတ်တယ် ဆိုတော့ သြော် ကောင်မလေးတော့ သနားပါတယ် တဲ့ ။ သူတို့က တကယ်ကို အံ့သြနေကြတာ ဗျ ။ ဒီလောက် ဘရုတ်ကျတဲ့ ကောင်နဲ့ ဒီလောက် ချောတဲ့ ကောင်မလေး ဘယ်လို တွေ့ကြပါလိမ့်ပေါ့ လေ ။ 

           ဒီလိုနဲ့ ကျနော်တို့ မော်တော်လည်း မြင်းခြံကို ရောက်လာပါပြီ ။ မြင်းခြံမှာ ကျနော့်အဖေ နဲ့ ကောင်စီဥက္ကဌ တို့ နှစ်ယောက်သား စကားများနေကြပါတယ် ။ ဖြစ်ပုံက မြင်းခြံကုန်စိမ်းစျေးမှာ စျေးခေါင်းကြီးတယောက် လစ်လပ်နေတော့ အဖေက အမှတ် ၇ ထဲက ကိုသောင်းညွှန့် ဆိုတဲ့ ဘွဲ့ရလူငယ် တယောက်ကို ခန့်ချင်ပါတယ် ။ 

       ကောင်စီဥက္ကဌက သူ့လူ အဖိုးကြီးတယောက်ကို ခန့်ဖို့ ဖိအားပေး လာခိုင်းနေတာပါ ။ တကယ်တန်းကျတော့ အဖေက စျေးများ ဥက္ကဌ ဆိုတော့ အဖေ့ရဲ့ လုပ်ပိုင်ခွင့်ပါပဲ ။ ဒါကို ဝင်စွက်ဖက်တာပါ ။ 

         အဖေက ပါတီဥက္ကဌကို ရင်းနှီးတော့ ပြောပြလိုက်ပါတယ် ။ လူကြီးကတော့ ရှင်းပါတယ် ကိုညိုရဲ့ လုပ်ပိုင်ခွင့်ပဲ ကိုယ့်သင့်တော်မယ် ထင်တာ လုပ်ပါ ကိုညိုနောက်မှာ ကျနော် ရပ်ပေးမယ်လို့ ပြောလို့ ကိုသောင်းညွှန့်ကို ခန့်လိုက်ပါတယ် ။ 

       ကိုသောင်းညွှန့်က နေပြည်တော်မှာ ညွှန်မှူးအထိ အဆင့်ဆင့်ရာထူးတက်သွားပြီး အဖေ့ကိုလည်း ပြန်လည်စောင့်ရှောက်ရှာပါတယ် ။ တကယ့်ကို လူတော်ပါပဲ ။ 

              တနေ့ ရုံးကို လာခဲ့အုံးတဲ့ ဧည့်သည်လာမှာလို့ ပြောပါတယ် ။ အဲဒီတုန်းက ဧည့်သည်လာရင် ဆည်​မြောင်းဌာနပိုင် ဘိုတဲ မှာ ဧည့်ခံကြရပါတယ် ။ သူက ပါတီယူနစ်ရုံးရဲ့ မြောက်ဖက် က ချောင်ကျလှတဲ့ နေရာလေးမှာ ရှိတာပါ ။ သာမန်လူတွေ မေးကြည့်ရင် လူတရာ တယောက် ဆည်မြောင်းဘိုတဲ နေရာကို မသိနိုင်ပါဘူး ။ 

          ညအိပ်ဧည့်သည်တွေကို ဧည့်ခံရရင် ကျနော်တို့လို အတွေ့အကြုံ ရှိသူတွေနဲ့ မှ အဆင်ပြေပါတယ် ။ ကျနော်လည်း စစ်သား နဲ့ သေနတ်ကို အဲဒီကျမှ အနီးကပ် မြင်ဖူးတာပါ ။

         ကျနော်က စားစရာ သယ်လိုက် အအေးဗူးတွေ သယ်လိုက်နဲ့ လုပ်နေတုန်း ကန္တရခြုံထဲက စစ်သားတယောက် ထွက်လာပြီး ရေတောင်းပါတယ် ။ သူတို့က လုံခြုံရေး ယူနေကြတာကိုး ။ ကျနော်က သူတို့ခေါ်မှ ရှိမှန်းသိတာ ဗျ ။ ၅ ယောက်ထဲပါ အဲဒါ နဲ့ သူတို့ဖို့ ရေဗူးကြီးတွေ မုန့်တွေ ဆေးလိပ်တွေ သွားပေးလိုက်ပါတယ် ။

       သူတို့လည်း ဝမ်းသာနေကြလေရဲ့ ။ ကျနော်ကတော့ သူတို့နဲ့ လေကန်လိုက် သေနတ်တွေ ကိုင်ကြည့်လိုက်နဲ့ သဘောကျနေတာပေါ့ ။ 

........ဆည်မြောင်းဘိုတဲကို ကျနော်က အုတ်တိုက်ထင်နေတာ ဗျ ။ နှစ်တရာကျော် ပြီဖြစ်ပေမယ့် ပျက်ဆီးမှုက မဖြစ်စလောက်ပဲ တွေ့ရတာကိုး ။ 

        ဒါပေမယ့် မဟုတ်ဖူးဗျာ ကျနော်တို့ နံရံဖောက်ပြီး ရေပိုက်ထည့်ဖို့ လုပ်တော့မှ အံ့သြသွားတာ ။ အတွင်းက ဝါးကို ရာဇမက် ကွက် ယက်ထည့်ထားပြီး အပြင်ကနေ ဘိလပ်မြေ ကျံထားတာပဲ ဗျ ။ ဝါးက မဆွေးသေးဘူး ဗျာ ။ နည်းပညာကတော့ အံ့သြစရာ ပါပဲ ။ အခုထိ ကောင်းနေသေးတယ် ဗျာ ။ 

          ဒီအချိန်မှာ ကျောင်းကတော့ ပုံမှန်ပဲ ဗျ ။ ဒီနှစ်ကထိန်ကို ဂူကြီးရွာ ဘုန်းကြီးကျောင်းမှာ လှူရမယ်တဲ့ ။ ဂူကြီးရွာက မြို့တောင်ဖက် အစွန် နဲ့ ကပ်ရက်သား ရွာကြီးပါပဲ ။ ထန်းရေ အလွန်ပေါတဲ့ ရွာကြီးပေါ့ ဗျာ ။ 

         ဆရာမက ပဒေသာပင် လှည့်ရင် ကျနော်တို့ အခန်းက အိုးစည် ​ဒိုးပတ် နဲ့ ကချင်သတဲ့ ။ ဒါနဲ့ စီစဥ်ကြရပါတယ် ။ မနှစ်တုန်းက ပုဆိုးကျွတ်ကျတဲ့ မြင့်သိန်းက ဆိုင်းဆရာသားဆိုတော့ တီးတတ်တယ် ဗျ ။ နောက် ကျော်စိုးနိုင်က မင်းသားရူး ဗျာ ။ မျက်မှန်ပါဝါက ပုလင်းဖင် လောက် တပ်ထားရပြီ ။ 

       ကျနော်က ပုလွှေနဲ့ သီချင်း ရနေတော့ အဆင်ပြေပြီ ။ သုံးယောက်လုံးက ဘင်ခရာ အဖွဲ့ဝင်တွေ လေ ။ ဆရာမက အဲဒါသိလို့ တာဝန်ပေးတာ ဗျ ။ ကျန်တဲ့ ဝေလေလေ ကတော့ အဆင်ပြေသလို ဆွဲသုံးကြတာပေါ့ ။ 

          ဒီပွဲမှာတော့ သုံးစားမရတဲ့ သောင်းတန်ညွှန့် တို့ စိုးဌေးတို့ မော်ကြီးတို့က ကျနော်တို့ လက်တို လက်တောင်း ခိုင်းတာ လုပ်ပေးရတာပေါ့ လေ 😁😁။ 

          ကထိန်နေ့မှာ မင်းသားဝတ်စုံနဲ့ ကျော်စိုးနိုင်ကလည်း တလမ်းလုံး ကလိုက်တာ ကွေးလို့ဗျာ ။ ဒိုးပတ်တီးတဲ့ မြင့်သိန်းကတော့ မသိဖူး ကျနော်ကတော့ အာတွေညောင်း ၊ လျှာတွေထွကိအောင် မှုတ်လိုက်ရတဲ့ သီချင်းဗျာ တယောက်တည်းကိုး ဗျ ၊ ခိုမရ ကပ်မရ လေ ။ 

         ဆရာကြီး လုပ်ချင်တဲ့ ဘင်ခရာ ဆရာ သုံးယောက် ဂူကြီးရောက်တော့ လှုပ်တောင် မလှုပ်နိုင်တော့ပါဘူး ။ ဘုန်းကြီးကြွေးတဲ့ ဆီထမင်းလေးတောင် မစားနိုင်ကြဖူး ဗျ ။ သောင်းတန်ညွှန့်တို့က သူ့ဂျစ်ကားနဲ့ တင်ခေါ်လာပြီး မြို့ထဲကျမှ ချစ်ကြည်ရေး က ခေါက်ဆွဲကြော် ဝယ်ကျွေးလို့ စားခဲ့ရတယ် ဗျာ ။

       သူတို့ကလည်း ကျနော်တို့ အခန်းက ဒီလောက် မြိုင်မြိုင်ဆိုင်ဆိုင် နဲ့ အဆင်ပြေတာကိုပဲ ပျော်ရွှင်ဂုဏ်ယူနေပြတာ ဗျ ။ အထူးသဖြင့် တကျောင်းလုံးရဲ့ လူရှုပ်ဘွဲ့ရ သူတို့ ဘော်ဒါ ကျနော့် အတွက် ဂုဏ်ယူပြီး အခြားအခန်းက လူတွေကို ကြွားနေ​ကြတာ တဲ့ ဗျ ။ 

          လကုန်ရက် ရောက်တော့ လဲ့လဲ့တကယ် ရောက်လာပါတယ် ။ ကျနော် သွားကြိုရတာပေါ့ ။ အိမ်နားရောက်တော့ သမီးရီးစား အသစ်စက်စက်လေး နှစ်ယောက်ခြင်းကို မတွေ့ရပါဘူး ဗျာ ။ လဲ့လဲ့လာတယ် ဆိုတာနဲ့ အိမ်နားကလူတွေ တယောက်ပြီး တယောက်လာပြီး နှုတ်ဆက်ကြ ။ 

       သူတို့အိမ်တွေကို ရေနွေးကြမ်းသောက် အတင်းခေါ်လို့ ပါသွားရနဲ့  အနှောက်အယှက် များလွန်းနေလို့ မှုန်သုန်နေတဲ့ ကျနော့်မျက်နှာကို လဲ့လဲ့က တခစ်ခစ် နဲ့ ရီပြီး ပြောင်နေလေရဲ့ ဗျာ ။ စျေးဦးပေါက် ရီးစားဦး အိမ်လာတာကို နှစ်ယောက်တည်း စကားပြောခွင့် မရပဲ ကားအမှီ ပြန်ပို့ရတာ နဲ့ အချိန်ကုန်ခဲ့ရတာကတော့ ရိုမန်တစ် နဲနဲလေး မှ မဆန်ခဲ့ရပါကြောင်း ဗျာ ။ 
(မနာလိုသူတွေ ဝမ်းသာကြပါကုန်တော့)    

          ကျောင်းပိတ်ရက်မှာ ပါတီယူနစ်ရုံးက လာခေါ်ပြန်ပါတယ် ။ ဒီတခါ စက်မှုဝန်ကြီး ဦးစိန်ထွန်း လာမှာ တဲ့ ။ ဝန်ကြီးအဆင့်ကတော့ ကျနော်ကြုံခဲ့ဖူးသမျှ အဆင့်မြင့်ဆုံး အစိုးရ အဖွဲ့ဝင် လာတာပဲ ဖြစ်ပါတယ် ။ 

          အားလုံး ​ရောက်ယက်ခတ်အောင် အလုပ်များနေပါပြီ ။ လူကြီးစီးတဲ့ ဂျစ်ကားဖြူလေးနဲ့ ခေါက်တုန့် ခေါက်ပြန် သွားလာနေရပါတယ် ။ သဘောကျတာက ကားမြင်တာ နဲ့ ဘယ်သူပါမှန်း မသိပဲ ရမ်းသန်း အလေးပြု​ကြတဲ့ မော်တော်ပီကယ်တွေပါပဲ ။ မောင်ကျော်များ ကားပေါ် ပါလာရင် ဘယ်လိုနေမယ် မသိဘူးဗျာ သွားကြီးဖြီးပြီး သဘောကျနေမှာ သေချာပါတယ် ။ 

         ကိုအောင်မြင့်က ခိုင်းတဲ့နေရာမှာ အလွန်တော်တယ် ။ ကျနော့်ကို စျေးဝယ်ရပြီဆိုရင် မရရအောင် ရှာဖွေပြီး ခိုင်းတတ်တယ် ။ စာရင်းစာရွက် နဲ့ ပိုက်ဆံပေးလိုက်တယ် သွားဝယ်ချည်ပေါ့ လေ ။ 

       ကျနော်ကလည်း စျေးခေါင်းကြီးရုံး သွားတာပဲ ။ ကိုသောင်းညွှန့်ကြီး ရှာပြီး ငွေ နဲ့ စာရွက်ပေးပြီး ကဲ အဲဒါဝယ်ပြီး ဆိုက်ကားနဲ့ ရုံးကို ပို့ခိုင်းပေးပါ ဆိုပြီး ဂျူတီ ခွဲခဲ့တာပဲ ။ စိတ်ချရပါ့ဗျာ လိုတယ်ဆိုတာ မရှိစေရဖူး စာရင်းအတိုင်း ကွက်တိပဲ ။ 

          ဒီလိုနဲ့ ဝန်ကြီးလာပါရော ဗျာ ။ ဝန်ကြီးက အရမ်းဆဲတဲ့ ဝန်ကြီးအဖြစ် နာမည်ကြီးတော့ ကြောက်ကြတာပေါ့ ဗျာ ။ မြို့ထဲ ပတ်သွားပြီး ပါတီယူနစ် ရုံးထဲမှာ အစည်းအဝေး လုပ်တော့ လျှပ်စစ်ဦးစီးကို မေးပါတယ် ။ 

"ဟေ့ကောင် မင်း လျှပ်စစ်ကြိုးတွေကို ဘာလို့ ဒေါင်လိုက် ဆင့်ပြီး ဆွဲထားတာလဲ ကွ ကြိုးတွေ အိကျလာပြီး အထက်အောက် ပူးကပ်ရှော့ဖြစ်မှာပေါ့ ''
(ဝန်ကြီးတော်ချက်ဗျာ အဲလို ခဏခဏ ဖြစ်တာအမှန်ပဲ ဗျ)

"ဟုတ်ကဲ့ဝန်ကြီး ခင်ဗျ ကြိုတွေ မပူးအောင် ကွန်ကြု ပိုက်တွေနဲ့ တွဲထားပါတယ် ခင်ဗျ ''

"မင်းတမြို့လုံး မလုပ်နိုင်ပါဘူး ကွာ အဲလို တွဲထားရင်လည်း လျှပ်စီးကြောင်းကို ခုထားလို့ ဓာတ်အားလျှော့တယ် ကွ ''

"ဟုတ်ကျနော် အလျှားလိုက် ပြန်ဆွဲပါ့မယ် ခင်ဗျ ''

"အေး ပြီးရော နောက်ထပ် သစ်တော ဌာန ထပါအုံး ''

"ဟုတ်ကဲ့ ကျနော်ဦးစီးမှူးပါ ခင်ဗျ ''

"အေး ဟုတ်ပြီ ဟေ့ကောင် မြင်းခြံက မပူဖူးလား ကွ ''

"ပူပါတယ် ဝန်ကြီး ''

"အေး ပူမှာပေါ့ ကွ လီးတဲ့မှ သစ်ပင်မှ မစိုက်ကြတာကိုးကွ မင်း မြို့အဝင်အထွက် သစ်ပင်တွေ စိတ်နေအောင် စိုက်စမ်းကွာ သဘာဝအတိုင်းပေါက်နေတဲ့ လမ်းဘေးက ထနောင်းပင်တွေ သွားကြည့်အုံး မအေလိုးတွေ အခေါက်တွေ ခွာထားတာ မြင်ကြလား သေချာ ထိမ်းကွ ဘာလို့ အခေါက်တွေ ခွာကြတာလည်း''

"သားရေ စိမ်တော့ ထနောင်းခေါက်နဲ့ စိမ်ရတော့ ပိဿချိန် နဲ့ ရောင်းစားရလို့ အခေါက်တွေ ခွာကြတာပါ ''

"သြော် အေး သစ်ပင်ဖြစ်အောင်စိုက် မဖြစ်ရင် မင်း အိပ်ယာလိပ်ထား ကဲ နောက်ထပ် စည်ပင်..''

"ကျနော် ဦးစီးမှူးပါ ဝန်ကြီး ''

"အေး ခုန ပြောသွားတဲ့ သားသတ်လုပ်ငန်းက သားရေတွေ ထနောင်းခေါက် မဝယ်ဖို့ တားလိုက်တော့ သူတို့မဝယ်ရင် ဘယ်သူမှ ထနောင်းခေါက် ခွာမှာ မဟုတ်တော့ဖူး သေချာပြောနော် ''

"ဟုတ်ကဲ့.. ''

         ဝန်ကြီးဟာ မြို့တပတ်ထဲနဲ့ သူကြည့်ခဲ့တဲ့ ပြစ်ချက်တွေကို ဒေါင့်စေ့အောင် ခိုင်းပါတော့တယ် ။ ပါတီယူနစ် နဲ့ ကောင်စီလူကြီးတွေကို ညစာ စားချိန် လာတွေ့ဖို့ မှာပြီးတော့ အစည်းအဝေး နားလိုက်တယ် ။ 

        ညကြမှ မြို့နယ်လူကြီးတွေ ဘာတွေ အဆူခံရမလဲ ဆိုတာ ကြည့်ကြပါအုံး ဗျာ..... ?

             မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...