Saturday, July 3, 2021

ပျော်ရွှင်ခဲ့ရ ငယ်ဘဝ (14)


"ဘယ်လို လုပ်ရမှာလဲ ကွ ''

"ငါ့ နောက်ကနေ မီးစင်ကြပေတော့ ကွာ ''

       အဲသလို တိုင်ပင်ပါတယ် ။ နောက် တန်းပိုင်ဆရာမ အချိန်လည်း ပြောင်းသွားရော ခပ်တည်တည် ပဲ ရှေ့ထွက်ပြီး 

"ကဲ မင်းတို့ ကြားတဲ့ အတိုင်းပဲ ဆရာမက ရေအိုးစုဝယ်ကြဖို့ မှာသွားတယ် အဲဒါ တယောက် တမတ် ပေးကြ ''

"ဟာ..ဘာဆိုင်လဲကွ မင်းတို့ကြောင့် ကွဲတာ မင်းတို့ဘာသာ ဝယ်ပေါ့ ''

"ဆရာမက စုဝယ်ကြလို့ ပြောသွားတာလေ မင်းတို့ ကြားတယ်မဟုတ်လား ''
(အမှန်က ကျနော်တို့ တရားခံ သုံးယောက်ပဲ စုဝယ်ခိုင်းတာ လေ😁😁)

      တွက်ဆထားသလိုပဲ ဆူပွ ဆူပွ တွေ ပြောကြပါတယ် ။ ကိုယ်က အဲလောက်ပဲ ပြောပြီး ပြန်လာတယ် ၊ ဖိုးဌေး စာရင်းယူမယ် လိုက်ခဲ့ ဆိုပြီး ခပ်တည်တည်ပဲ သူဌေးသား သောင်းတန်ညွှန့်ဆီ အရင်ဆုံး သွားလိုက်တယ် ။ 

"ဟကောင် လူလည်မလုပ်နဲ့ နော် ''

"အေး မင်းတို့ အုပ်စု မထည့်ရင် အိမ်တွေအထိ လာပြီ ချွန်ရလိမ့်မယ် မင်းတို့ မဟုတ်တာ လုပ်ထားတာတွေ အများကြီး ပဲ နော် ငါတို့ချည်း ဝယ်ရရင် ဆယ်ရက်လောက် မုန့်စားရမှာ မဟုတ်ဖူး ငွေ တမတ် နဲ့ အနေခက်ချင်သလား စဥ်းစားနော် ဟွန်း..ဟွန်း.''

"ဟာ.ဒီကောင် မွှေပြီကွာ ဟေ့ကောင် မော်ကြီး မကြွေပါတယ် မဟုတ်လား ထည့်လိုက်စမ်းပါ ကွာ''

      ဟဲ ဟဲ ဒီလူတွေ မဟုတ်တာ လုပ်ထားတာ ပေါ်မှာ စိုးလို့ ထည့်ကြပါရော ၊ သူတို့အုပ်စုက အတန်းထဲတင်မကဖူး တကျောင်းလုံး နာမည်ကြီးတဲ့ မိုက်ကပ်ညစ်ကျယ် အုပ်စုလေ ။ သူတို့ကို ကိုင်လိုက်တာ နဲ့ ယောကျာ်းလေးတွေ ပွဲ ပြီးပြီ တယောက် တမတ် လာထား ပဲ ။ 

       မိန်းကလေးတွေလည်း အဲလိုပဲ သူဌေးသမီးတွေက စပြီး ဒါးပြတိုက်သလို အတင်းတောင်းတော့ ရှက်ပြီး ပေးကြပါတယ် ။ တယောက်ပဲ မရလိုက်ဖူး ။ ဒါးဘုရင် မအေးအေးမြင့် လေ သူ့ဆီသွားတော့ မသာ ငါ့ဖင်ရိုက်ပြီး ၁၅ ကျပ်ရထားတာ လာတောင်းရသလား ဆိုပြီး ဟောက်လွှတ်လို့ ကုတ်ချောင်းချောင်း လေး ပြန်လာရတယ် 😁😁။ 

         ဆွေဝင်းအေးက မကောက်ပါနဲ့ ဟ ငါပေးဝယ်ပေးပါ့မယ် တဲ့ ။ နေစမ်းပါ ဂွင်ဆိုတာ ရတုန်းယူရတာ ကွ ဆိုပြီး စောက်ကျင့်ယုတ်ခဲ့တာပေါ့ ဗျာ 😁😁

        ရတဲ့ငွေက ၁၅ ကျပ်တောင်ကျော်သေးတယ် ဗျာ ။ သြော် ရေအိုးဝယ်ပြီး နဲနဲပိုမယ် ထင်သလား ဗျ ။ ဟဲ ဟဲ ၁၅ ကျပ်လုံး ပိုတာဗျာ ။ ရေအိုးမှ မဝယ်တာကိုး ဗျ ။ အမှန်က ကျောင်းရန်ပုံငွေ နဲ့ ဝယ်ထားတဲ့ ရေအိုးအသစ်တွေ အပိုအများကြီး ရှိတယ် ဗျ ။ 

        အဲဒါ ကျောင်းစတိုခန်းထဲ သိမ်းထားတာ ။ စတိုခန်းက သော့ခတ်ထားပေမယ့် တံခါးရွက်က ခပ်သေးသေး မှန်တချပ်ကွဲနေတာ ရှိတယ် ။ လူကောင်သေးရင် ဝင်လို့ ရတယ် ဗျ ။ တဖက်ခန်းမှာ စားပွဲတင် တင်းနစ် ရှိတယ် ၊ ပင်ပေါင်ဘောလုံးလေး အဲဒီ စတိုခန်းထဲ ကျော်ကျသွာရင် အဲလို ဝင်ကောက်ရတာ ကျနော် သိထားတာကိုး ။ 

         သူများတွေ ကျောင်းဆင်းချိန်ကျမှ ကျနော် နဲ့ ဖိုးဌေးက နေခဲ့ပြီး စတိုခန်းထဲက ရေအိုးအသစ် ဝင်ခိုးရတာပေါ့ ။ ပြူတင်းပေါက်ကနေ ရေအိုးထုတ်ပြီး ပြန်ပိတ် ​ချက်ချ ပြီးတော့ မှန်ကွဲ အပေါက်ကနေ ပြန်ထွက် ။ ရေအိုးအသစ်ကို X D ဆိုပြီး မြေဖြူရေစွတ် ရေးထားလိုက်တာပေါ့ ။ 

        နောက်တနေ့ မှာ ရေအိုးအသစ်လေး ရောက်နေတော့ အားလုံးကျေနပ်သွားနေတုန်း ဆရာမ ဝင်လာတယ် ။ ရေအိုးစင် တန်းကြည့်တာ ပဲ ။ တွေ့တော့ မေးမယ် မျောက်လောင်းတွေ ဝယ်လာပြီပဲ ဘယ်လောက် ပေးခဲ့ရသလဲ တဲ့ ။ 

     ကျနော်က တဆယ် လို့ ပြောချိန်မှာပဲ လျှာသွက်တဲ့ ဖိုးဌေးက ရှစ်ကျပ် တဲ့ ။ 

"ဟဲ့ နင်တို့က ဘယ်လိုဖြစ်ပြီး စျေး နှစ်မျိုး ကွဲနေတာတုန်း ''

"ကျနော်ပြောတဲ့ တဆယ်က ဆိုက်ကားဖိုး နှစ်ကျပ်ပါ ပေါင်းလိုက်လို့ပါ ဆရာမ ''

        လွယ်တော့ မလွယ်ဖူး ကြံဖန် လိမ်ရတာပေါ့ ။ 

"ဟာ ဒါဆို ငါးကျပ်ပိုတာ ပြန်ခွဲပေး လေ ''

"ဟုတ်တယ် ပြန်ခွဲပေးကြ''

         အံမယ် ကိုစိုးဌေးက ချွန်ပြီး ထပြောတာ နဲ့ အစာမကျေတဲ့ မိန်းကလေး​တွေကပါ ရောရောင် အော်လာပါတယ် ။

"တိတ်စမ်း ဘာတွေ အော်နေကြတာလဲ ဘယ်က ပိုတဲ့ ငါးကျပ်လဲ''

"ဒီလိုပါ ဆရာမ ရေအိုးကို စုဝယ်ကြဆိုပြီး ဆရာမပြောသွားတော့ သူတို့က တယောက် တမတ် လိုက်ကောက်ပြီး ဝယ်တာပါ အဲဒါ ၁၅ ကျပ်ကျော် ရလို့ ပိုတာ ပြန်တောင်းနေကြတာပါ ''

"ဘာ.....ငါ ပြောတာ အဲဒီ တရားခံ သုံးယောက်ကို စုဝယ်လို့ ပြောတာလေ နင်တို့က ဘာလို့ ပေး​ကြတာလဲ ''

"မသိပါဘူး ဆရာမကြီးရယ် သူတို့က အတင်းတောင်းလို့ ဆရာမ ကို ကြောက်ပြီး မုန့်မစားပဲ ပေးကြရတာပါ ''

  (သြော် မော်ကြီးက ဒရမ်မာချိုးပြနေပြန်ပြီ မသာကြီး ဆေးလိပ်ဗူးလိုက် ခိုးသောက်နေတာကို တမတ် နဲ့ ဘဝပျက်မတတ် ငိုပြနေတာ လေ)

"အေး ရပြီ လူလည်ကျတဲ့ ကောင်တွေ တွေ့သေးတာပေါ့ လာခဲ့ စမ်း''

           ကျနော်အကြံဆိုးကြောင့် လူရိုးလူအေး ဆွေဝင်းအေးပါ အရိုက်ခံရတယ် ဗျ ။ မပြီးသေးဖူး ကျောင်းရှေ့က မြက်တွေ ရှင်းကြရသေးတယ် ။ 

       မော်ကြီးတို့က စပ်ဖြီးဖြီး နဲ့ လာစနေတာ လေ ။ လူကောင်သေးတွေ ဆိုတော့ ပင်ပင်ပန်းပန်း မလုပ်နိုင်ကြဖူးလေ ၊ အဲဒါ စနေရင်း မကြည့်ရက်တော့ ဖယ်စမ်းပါ မျောက်လောင်းတွေရာ ဆိုပြီး သူတို့ ပေါက်ပြားတွေ နဲ့ လုပ်ပေးလို့ အမြန်ပြီးသွား လေ ရဲ့ ။ 

     တော်သေးတယ် ရေအိုးခိုးလာတာ မသိလိုက်လို့ ။ 

        အဲဒီလို ဗရုတ်သုတ်ခ နေလာရင်း စာမေးပွဲ ဖြေရပါပြီ ။ တနှစ်လုံး စာမကြည့်ပဲ ကမြင်းကျော ထနေတော့ မဖြေနိုင်တော့ပါဘူး ။ 

        နွေရာသီရောက်တော့ ဘင်ခရာ သင်တန်း အသစ် ဖွင့်ပါတယ် ။ ကျနော်တို့ကတော့ မွမ်းမံသင်တန်းဆိုပြီး သီချင်းသစ်တွေ သင်ကြ ၊ အင်တာနေရှင်နယ် နုတ်တွေ နဲ့  သီချင်းစပ်နည်းတွေ သင်ကြ လုပ်ရပါတယ် ။ ကျနော်က ကျိုင်းကိုင် ကနေ အားလုံး ကျွမ်းကျင်နေပေမယ့် တန်းစီပြီး လမ်းလျှောက်တီးတဲ့ အခါ ဘင် မတီးဖူးသေးပါဘူး ။ 

        ဒါနဲ့ ဘင်လွယ်ပြီး လမ်းလျှောက်အတီးကျင့်ပါတယ် ။ ပြဿနာက လွယ်ထားတဲ့ ဘင်က မြင်ကွင်းကွယ်နေတော့ ရှေ့က ကျိုင်းကိုင်တဲ့ သူနဲ့  ဝေးသွားလိုက် နီးသွားလိုက် ဖြစ်နေတာပါ ပဲ ။ ကျနော်လည်း မချိန်ဆတတ်ပါဘူး ။ 

     အဲဒါ နဲ့ ဆရာ ကိုတာက လမ်းလျှောက်တီးနေတဲ့ ကျနော့်ဘေးကို ကပ်လျှောက်ရင်း သင်ပေးပါတယ် ။ 

"မင်း မြင်ကွင်းမှာ ယုနိုင်ရဲ့ ခြေဖနောင့်ကို မြင်ရလား ''

"မြင်ရတယ် ''

"ဒါဆို နဲနဲ ရှေ့တိုးလျှောက်...... အေး အခု ယုနိုင်ရဲ့ ခါးကိုပဲ မြင်ရလား"

"အင်း နောက်ကျောပဲ မြင်ရတယ်''

"ဒါဆို ပြန်နှေးလိုက်..... ဟုတ်ပြီ အခု ဘာမြင်ရလဲ ''

"ဖင် ပဲ မြင်ရတယ် ''

"အေး အဲဒါ အကွာအဝေး အမှန်ပဲ  နောက်ကျောကိုပဲ မြင်ရရင် နီးသွားပြီ ခြေသလုံး ထိ မြင်ရရင် ဝေးသွားပြီ ဖင်ပဲ မြင်ရရင် ကွက်တိဖြစ်ပြီ မသေမချင်း မှတ်ပေရော့ ''

        ကိုင်းဗျာ သင်တဲ့ ဆရာကလည်း အသင်ကောင်း တပည့်ကလည်း ဒါမျိုးဆို ပါရမီပါလေတော့ကား တခါတည်း နဲ့ တန်းတတ်သွားတော့တာပါပဲ ။ လေ့ကျင့်ပြီးတော့ ကိုတာ့ကို ခပ်ကြွားကြွားလေး လက်မ ထောင်ပြလိုက်တယ် ။ ကိုတာက ပြောလေရဲ့ 

"အမလေး ကွာ သူများဖင်ကြည့်လိုက်ပြီး နဲနဲ အဆင်ပြေတာ နဲ့ လက်မထောင်ပြနေသေးတယ် ''

          ကျနော်တို့ အပြင်းအထန်လေ့ကျင့်ရပါပြီ ၊ မတ်လ ၂ ရက်နေ့မှာ မန္တလေးတိုင်း ၂၉ မြို့နယ် ကိုယ်စားပြု မြင်းခြံမြို့မှာ တောင်သူလယ်သမားနေ့ အကြီးအကျယ် ကျင်းပရမယ် ဆိုလို့ ပါပဲ ။ 

        သင်တန်းသား အသစ်တွေလည်း ကံကောင်းသွားကြတယ် ဗျာ ။ အရပ်အမောင်း ကောင်းသူတွေ ရုပ်ရည်လှပတဲ့ ကောင်မလေးတွေ ကျိုင်းကိုင်သင်ပေးရပါပြီ ။ ကောင်လေးတွေထဲကလည်း တချို့ကို ဆိုက်ဒရမ်တွေ သင်ပေးရပါပြီ ။ 

      ယူနီဖောင်းက ယခင် သုံးနေကျ အပြာဝမ်းဆက် မဟုတ်တော့ပါဖူး ။ အကောင်းစား ပိတ်စ အဖြူကို အထက်အောက် ဝမ်းဆက် ချုပ်ပေးပါတယ် ။ နာမည်ကြီး အပ်ချုပ်ဆိုင် Five Star မှာ ချုပ်ကြရပါတယ် ။ 

      အပေါ်က အပြာရောင် ဝေ့စ်ကုတ် နဲ့  လိပ်ပြာတောင် နက်စ်ကတိုင် နဲ့ ခန့်ညားတဲ့ ဝတ်စုံပါပဲ ။ နောက် အုပ်ထုပ်ကိုလည်း အရာရှိ အုပ်ထုပ် ပိကပ်ပုံတွေ ဆင်ပေးပါတယ် ။ 

        တဖက်မှာ သင်တန်းတက်နေသလို ကျနော်ကတော့ ပါတီယူနစ်မှာ ညအိပ်ညနေ သွားနေပေးရပါပြီ ။ ပါတီလူ​ကြီးကလည်း ကျနော့်ကို သဘောကျပါတယ် ။ အဖေက ပါတီလူကြီး သွားတဲ့ ခရီးတိုင်း လိုက်သွားရလေ့ ရှိပါတယ် ။ 

          လူကြီးက အစားကောင်းဆို မက်မောပုံ ရပါတယ် ။ သူတို့ ခရီးထွက်ပြီး ပြန်လာရင် ဘယ်ဆိုင်က ဘာ နာမည်ကြီးတာ ၊ ဘယ်လိုစားကောင်းတာ အမြဲပြောလေ့ရှိပါတယ် ။ သွားလေပါတဲ့ ကျနော့်အဖေလည်း အတူစားရမှာပေါ့ ဗျာ ။ 

         တနေ့ အဖေ နဲ့ လူကြီးတို့ သတင်းစာ ဖတ်ရင်း တဝေါ့ဝေါ့ လုပ်ရင် ပလုပ်ကျင်းနေကြလေရဲ့ ။ ကျနော်က ဘာဖြစ်နေမှန်း မသိဖူးလေ ။ ဒါနဲ့ စာရေးကြီး ကိုဌေးဝင်းကို မေးကြည့်တော့ သူတို့ နှစ်ယောက် ရန်ကုန်သွားတုန်းက နညမည် အရမ်းကြီးတဲ့ အမဲအူပြုတ် ဆိုင်ကို နေ့တိုင်းသွားစားကြသတဲ့ ။ 

     အဲဒါ အခု သတင်းစာထဲ ကာလာတာက အဲဒီအူပြုတ်ဆိုင်က အူတွေက အမဲအူ မဟုတ်ပဲ လူအူတွေ ဖြစ်နေလို့ ဖမ်းဆီးထားရတဲ့ သတင်းပါလာ လို့ နှစ်ယောက်သား အံနေကြတာ တဲ့ 😁😁။ 

        အဲဒီခေတ်က အနေအထားကို ပြောရပါအုံးမယ် ။ မြို့ကို အထက်လူကြီး လာပြီဆိုရင် ဧည့်ခံရတာပေါ့ ဗျာ ။ အဓိက ဧည့်ခံရတာ ပါတီယူနစ်ရုံးကပေါ့ ။ ပါတီယူနစ်ရုံးက နာမည်သာ ကြီးတာဗျ ငွေရှိတာ မဟုတ်ဖူးရယ် ။ 
  
     အဲလို ဧည့်ခံရမယ် ဆိုရင် လူကြီးတွေက မြို့နယ် သမ နဲ့  မော်တော်ပီကယ်တွေကို လည်ပင်းညစ်တာပဲ ဗျ ။ မြို့နယ်သမက ဘာပစ္စည်းတွေ ဧည့်ခံရမယ် ၊ မော်တော်ပီကယ်က ဘာတွေ ဧည့်ခံရမယ် ဆိုပြီး စာရင်းနဲ့ တောင်းကြရတာ ။ 

       ဧည့်ခံစာရင်းလုပ်ကြတာက စာရေးကြီးတွေ လုပ်ကြတာ ဗျ ။ ပစ္စည်းလာပို့ရင် ကျနော်က စာရင်းမှတ်ပြီး လက်ခံရတယ် ။ ပွဲပြီးသွားရင် လက်ကျန်ထဲက ကိုယ်စားချင်တာ ယူထားပြီး မြို့နယ်သမ ကို ပြန်ပေးတယ် ။ မော်တော်ပီကယ်ကတော့ မပေးပါဘူး ။ 

          ဧည့်သည်လူကြီးတွေကို စားပွဲထိုးလုပ် ဧည့်ခံရတာလည်း လူစိမ်း မရဖူးဗျ ။ ရင်းနှီးစိတ်ချရပြီး သန့်ရှင်းသပ်ရပ်တဲ့ ဥပတိရုပ်ကောင်းကောင်းလူတွေမှ ဧည့်ခံရတာ (ဥပမာ ကျနော်လိုပေါ့😁😁😁)

       ဒီနေရာမှာ လူကြီးတွေ ပြန်ရင် မြင်းခြံလက်ဆောင် ပေးရတာ ထုံးစံဖြစ်နေပြီ ဗျ ။ ဘာတွေလည်းဆိုတော့ သနပ်ခါးတုံးကောင်းကောင်း ၊ ရွှေဟသာ်သားရေဖိနပ် ၊ မလှိုင်လုံး မလှိုင်ခဲ ၊ မဖြစ်မနေ ပေးကြရတယ် ။ 

        ကျနော်တို့ အဓိကထားတာက ဧည့်ခံကျွေးမွေးရတဲ့ ဟင်းလျှာတွေပါပဲ ။ မြို့နယ်သမကို မှာလိုက်ကတည်းက ဧည့်သည်လူကြီး ကြိုက်တာ မကြိုက်တာ မသိဖူး ကိုယ်စားချင်တာတွေ လျှောက်ရေးပေးလိုက်တာပဲ 😁😁

        အဲဒီစာရင်းအတိုင်း ချက်ပြုတ်ကျော်လှော်ပြီး ဧည့်သည်တွေ ကျွေးပြီဆိုရင် ကိုယ့်အကြိုက်ဟင်း သူတို့ မစားရအောင် ​ပညာသားပါပါ ပြင်ဆင်ပေးရတယ် ဗျ ။ 

         စားပွဲ ရှည်ကြီးမှာ ထိပ်ဆုံးက အကြီးဆုံးလူကြီးမင်းပေါ့ ၊ နောက်စားပွဲ ဟိုဖက် ဒီဖက် မှာ နောက်တော်ပါ အဖွဲ့သားတွေပေါ့ ။ 

      စားပွဲတွေကို စစီကတည်းက အလျှားလိုက် မစီရဖူး စားပွဲတွေကို ကန့်လန့် တန်းစီချထားရပါတယ် ။ ဒါမှသာ ဟိုဖက် ဒီဖက် အလှမ်းဝေးမှာ ဖြစ်ပါတယ် ။ 

       နောက်တဆင့် ကိုယ်စားချင်တဲ့ ဟင်းကို သူတို့ နှိုက်မစားအောင် ဘယ်လို ပြင်ကြမလဲ ဆိုတာ ကြည့်ပါ...........

          မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...