Saturday, July 3, 2021

ပျော်ရွှင်ခဲ့ရ ငယ်ဘဝ (11)



          စောခိုင်နဲ့ မလှမ်းမကမ်းရှိ ကန္တရပင်ကြီး အောက်မှာ ဆံပင်ရှည်ကြီးနဲ့ ထောင်ထောင်မောင်းမောင်း လူကြီးဟာ ကျနော်တို့ ပြေးလာတာမြင်တော့ ကန္တာရပင်တွေ ကြားထဲကနေ ၆ တန်းကျောင်းဆောင်ဖက် ပြေးသွားပြီး ပျောက်ကွယ်သွားပါတယ် ။ 

     သူ့မျက်နှာကြီးက အလွန်ရုပ်ဆိုးတာကိုတော့ ကျနော် အသေအချာ မှတ်မိပါတယ် ။ ဖင်ထိုင်ရက် လဲကျနေတဲ့ စောခိုင်ဆီ ကျနော် အရင်ဆုံး ​ရောက်သွားပြီး စောခိုင် မကြောက်နဲ့ မကြောက်နဲ့ လို့ ပြောပြီး သူ့လက်ထဲက ဒါးကို အရင် လုယူလိုက်ပါတယ် ။ 

      အခြားလူတွေပါ ရောက်လာပြီး စောခိုင်ကို ပြန်ခေါ်လာကြပါတယ် ။ စောခိုင်ကတော့ တကယ့်ကို တုန်တုန်ရင်ရင် နဲ့ ပြန်ပါလာတာပါပဲ ။ သူ့အိမ်ရောက်တော့ ပရိတ်ရေယူပြီး တိုက်ကြပါတယ် ။ ပြီးတော့မှ ဖြစ်ကြောင်းကုန်စင် မေးကြပါတယ် ။ 

      စောခိုင်က သူတယောက်ထဲ သွားတော့ ကန္တာရပင်ကြီးအောက်မှာ လူသွားလမ်းကို ကျောပေးပြီး ဆံပင်ရှည်ကြီးက ကျောလောက်ထိ ရှိတဲ့ ယောကျာ်းပြီးတယောက် ငုတ်တုတ်ကြီးထိုင်နေတာ တွေ့သတဲ့ ။ 

        သူလဲ လူလား သရဲလား ဘာမှန်းမသိပဲ သရဲပုံပြင်တွေ များလွန်းတဲ့ ဘောလုံးကွင်းထဲမှာ ရှေ့ဆက်သွားရမလား နောက်ပြန်လာရမလား စဥ်းစားနေသတဲ့ ။ 
ကျနော်တို့ရဲ့ ဆူညံနေတဲ့ ကစားသံတွေ သဲ့ကနဲကြားတော့ အားတင်းပြီး ရှေ့ဆက်သွားသတဲ့ ။ 

        ကျောပေးထိုင်နေတဲ့ လူကြီးရဲ့ အနားလည်း ရောက်ရော မနေနိုင်ပဲ ဒါးနဲ့ ချိန်ထားပြီး ဟေ့ ဘယ်သူလဲ ဆိုပြီး မေးသတဲ့ ။ ဟိုက တုတ်တုတ်မလှုပ်ဖူး တဲ့ ။ ၃ ခွန်းလောက် မေးတဲ့အထိ ပြန်တောင် လှည့်မကြည့်ဘူး တဲ့ ။ လေးခွန်းမြောက် မေးတော့မှ ဟီး ဟီး  ဟီး  ဆိုပြီး လှည့်ကြည့်သတဲ့ ။

        ကွမ်းဂျိုးတွေနဲ့ သွားမည်းကြီးတွေရယ် အင်မတန်ရုပ်ဆိုးတဲ့ မျက်နှာကြီးရယ် တဟီး  ဟီး  ဟီး  ရယ်သံကြီးရယ် နေဝင်မိုးချုပ်စ ကာလရယ်  မူလကတည်းက ကြောက်နေတဲ့ စောခိုင်ဟာ အကြောင်းပေါင်းစုံသွားတော့ ငယ်သံပါအောင် အော်တော့တာပါပဲ ။ 

      သူအော်ပြီး စက္ကန့် ပိုင်းအတွင်း ဆော့နေတဲ့ ကျနော်တို့ ပြေးလာနေတာမြင်ပြီး လူလိုလို သရဲလိုလို ကြီးလည်း ထွက်ပြေးတာပါပဲ ။ ယနေ့ထိ လူလား သရဲလား မကွဲပါဘူး ။ အဲလိုထူးထူးခြားခြား ရုပ်ဆိုးတဲ့သူ မမြင်ဖူးတာ အမှန်ပါပဲ ။ ကျနော်တို့ ဝန်းကျင်မှာ မရှိတာတော့ သေချာပါတယ် ။

          ကဲ မဆလခေတ် တရားရေး ဗဟုသုတဖက် တချက်ကြည့်စို့ဗျာ ။ ကျနော်တို့မြို့မှာ အလွန်နာမည်ကြီးသွားတဲ့ အမှုတခုရှိတယ် ဗျ ။ ကာယကံရှင်တွေ ထဲက တရားခံက မြို့မျက်နှာဖုံး အဆင့်ဖြစ်နေပြီး သူ့မိသားစု ဂုဏ်သိက္ခာကြောင့် အမည်မရေးတော့ပါဘူးဗျာ ။ 

      ဖြစ်စဥ်က ပုံမှန်ဦးဏှောက်မဟုတ်တဲ့ ပေါကြောင်ကြောင် ကောင်မလေး တယောက်နဲ့ အထက်ပါလူကြီးလူကောင်း တယောက်တို့  သမီးရီးစား ဖြစ်ကြပါတယ် ။ 

     သူတို့ ၂ ယောက် ချိန်းတွေ့ပြီး လွန်လွန်ကျူးကျူး ဖြစ်ကြပြီး ကောင်မလေး မိဘတွေက သိသွားတော့ တရားစွဲကြပါတယ် ။ လူကြီးလူကောင်းက မိန်းမရှိတယ် ဗျ ။ တမြို့လုံး စိတ်ဝင်စားကြတာပေါ့ မိန်းကလေးငယ်ငယ်လေး နဲ့ ဒီလိုဖြစ်တယ် ဆိုတော့ မုဒိန်းမှုနဲ့ တရားစွဲတာကိုး ။ 

        အဲဒီခေတ်က ရှားပါးတဲ့အမှုဖြစ်စဥ်ဆိုတော့ တမြို့လုံး စိတ်ဝင်စားကြပါတယ် ။ ကောင်မလေးကိုလည်း ဆေးရုံတင်ရတယ် ဗျ ။ တရားလီု ရှေ့နေက ကျနော်ရေးဖူးတဲ့ ရှေ့နေကြီး ဦးလှဖေဖြစ်ပါတယ် ။ 

      တရားရုံးမှာ ဘယ်လိုထွက်ရမယ် ဆိုတာ ကောင်မလေးကို သင်ပေးထားမှာပေါ့လေ ။ အဲဒီအမှုက ကျနော့်အဖေ ကိုင်ရတော့ ဦးလှဖေ  လျှောက်လဲရမယ့် ရက်ကို သိရပါတယ် ။ လူကလည်း စပ်စုတော့ ကျောင်းဖွင့်ထားတာကို ခွင့်တိုင်ပြီး အိမ်မှာ နေတယ် ။ 

        နောက် အဖေ့ဆီကို ထမင်းချိုင့်ပို့မယ်ဆိုပြီး ၁၀ နာရီ ခွဲကတည်းက သွားပို့တယ် ။ မပြန်ပဲ ဦးလှဖေ ပြောတာ နားထောင်ချင်လို့ ထိုင်စောင့်နေတယ် ။ နေ့လည် ၁ နာရီမှ သူတို့ကို စစ်ဆေးပါတယ် ။ ဦးလှဖေက ကောင်မလေးကို မေးပါတယ် 

"ညည်းကို မလိုက်ရင် ဘာလုပ်မယ် ညာလုပ်မယ် ဆိုပြီး ခြိမ်းခြောက်ခေါ်တာ မဟုတ်လား"

"မဟုတ်ပေါင် ကျမက တွေ့ချင်လို့ ချိန်းတာ"

"အဲလို တွေ့တော့ သူနဲ့လိုက်ခဲ့ဖို့ အတင်းခေါ်တာ မဟုတ်လား"

"အတူတူသွားတာလေ အတင်းမခေါ်ပါဘူး"

"နင့်ကို သူ့စက်ဘီးနဲ့ ခေါ်သွားတော့ ခုန်ဆင်းပြေးလို့ မရအောင် အရှိန်နဲ့အမြန် နင်းတာ မဟုတ်လား"

"မဟုတ်ပါဘူး နှေးလို့ လဲမလိုတောင် ဖြစ်သေး"

"ဖြေးဖြေးစီးပေမယ် နင်အကူအညီ မတောင်းနိုင်အောင် လူသူပြတ်တဲ့ လမ်းကနေ သွားကြတာ မဟုတ်လား "

"မဟုတ်ပေါင် လမ်းမှာ ဂဠုန်တွေနဲ့တောင် တွေ့သေးတယ် "

( ဂဠုန်ဆိုတာ မဆလခေတ်က ဌာနပေါင်းစုံပါတဲ့ ယာဥ်စည်းကမ်းထိမ်းသိမ်းရေး အဖွဲ့)

"ကိုင်း  တော်ပြီ "

       ရုံးနားတော့ လက်ဖက်ရည်ဆိုင်မှာ ရှူးရှူးရှားရှား ဖြစ်နေတဲ့ ဦးလှဖေကို ကောင်မလေးဖက်က မေးသတဲ့ 

"ဆရာကြီး အခြေအနေ "

"လီးမှမကောင်းဘူး အရူးမ ဘာတွေ ဖြေတယ် မသိဘူး သင်ထားတာနဲ့ တလွဲ"

      ကျနော်ဖြင့် ရီလိုက်ရတာဗျာ ။ တရားသူကြီးလည်း ပြုံးစိစိနဲ့ ဗျ ။ အဲဒီအမှု လွတ်သွားတယ် ဗျာ ။ တကယ်လည်း ၂ ဦးသဘောတူဖြစ်သွားတာကိုး တလင် တမယား ဥပဒေလည်း မရှိသေးဘူး လေ ။ ဒီလူလည်း နောက်တော့ ကောင်းကောင်းမွန်မွန်ပါပဲ မိသားစုနဲ့တူ စီးပွါးလည်း ကောင်းပါ့ ။ ထူးချွန်ကျောင်းသားတွေကိုလည်း နှစ်စဥ် ထိုက်ထိုက်တန်တန် ဆုပေးပွဲတွေ လုပ်ပေးနေလေရဲ့ ။ 

       ဒီလိုနဲ့ ၉ တန်းစာမေးပွဲ ဖြေပြီးတော့ နွေကျောင်းပိတ်ပြန်ပါပြီ  ။ ဒီနှစ်မှာတော့ ဘင်ခရာ မွှမ်းမံသင်တန်းဆိုပြီး ထပ်တက်ရပြန်ပါတယ် ။ ကျနော်တို့ ရပ်ကွက်ထဲက ကျနော်ပဲ ကျန်ခဲ့ပါတော့တယ် ။ 

         မွှမ်းမံသင်တန်းမှာ သီချင်းအသစ်တွေ အများကြီး ထပ်သင်ရပါတယ် ။ မြန်မာသီချင်း စစ်စစ် ဗျောသံ နဲ့ မိုးလုံးပတ်လည် သီချင်းသစ် တက်တော့ ကျနော်နဲ့ ခင်မောင်ဆွေ ဆိုတဲ့ အမှတ် ၁ ရပ်ကွက်သားတို့က အရင်ဆုံး အလွတ်ရကြပါတယ် ။ 

       အဲဒီအချိန်မှာ ကျနော်တို့ရှေ့က လူဟောင်း စီနီယာတွေဟာ လုပ်ငန်းခွင် ရောက်သူရောက် ရပ်ဝေးပြောင်းသူ ပြောင်းနဲ့  မို့  ခေါင်းတွဲပိုင်းလို့ ခေါ်တဲ့ တီးခတ်ရတဲ့ ပစ္စည်းတွေကို သင်ပေးပါတယ် ။ အရပ်ရှည်ကြီးနဲ့ အမှတ် ၁၂ ရပ်ကွက်သား ခင်မောင်စိုးကို ဘင်တီးသင်ပေးပါတယ် ။ ကျနော့်ကို ရှဲလ် လို့ ခေါ်တဲ့ လင်းကွင်းသင်ပေးပါတယ် ။  

      အခန်းထဲမှာ လေ့ကျင့်ကြတော့ အဆင်ပြေပါတယ် ။ ရက်ကြာလာတော့ လင်းကွင်းကို လေထဲမြှောက်ပြီး ပြန်ဖမ်းတီးနိုင်တဲ့ အထိ ကျွမ်းကျင်လာပါတယ် ။  

      ဒါနဲ့ တနေ့ကျတော့ ဘောလုံးကွင်းထဲ လမ်းလျှောက်ရင်း လေ့ကျင့်ကြပါတယ် ။ ရှေ့ဆုံးက ကျိုင်းကိုင်တဲ့ အမှတ် ၁၄ သူ မယုယုနိုင် ၊ သူ့နောက်က ဘင်သမား ခင်မောင်စိုး ၊ ခင်မောင်စိုးနောက်က ကျနော် ပေါ့ ။ 

    အဲလို လမ်းလျှောက်တီးနေရင်း အခန်းထဲမှာ လေ့ကျင့်သလို လင်းကွင်းကို မြှောက်ပြီး ပြန်ဖမ်းတီးဖို့ လုပ်မိပါရော ။ ရွှမ်းကနဲ့ ပွတ်တီးပြီး အပေါ်ကို ပစ်မြှောက်လိုက်တဲ့ လင်းကွင်းခြမ်းဟာ ကျနော်မှန်းဆသလို ကျနော်ဆီ ပြန်ကျမလာပဲ လေဝှေ့ပြီး ရှေ့က ဘင်သမား ခင်မောင်စိုးခေါင်းပေါ် အကျ ကျနော်လည်း အမြန်ခုန်ပြီး ကြိုးစားဖမ်းတာပါပဲ ။ 

    လင်းကွင်းခြမ်းက ခေါင်းပေါ်မကျပဲ ခင်မောင်စိုး နားရွှက်ပေါ် ကျပါတယ် ။ ကျနော်က ခင်မောင်စိုး ကျောပေါ် ခွမိပြီး ဘင်ပြီးတန်းလန်းနဲ့ ခင်မောင်စိုးက ရှေ့က ဟန်တန်ပန်တန် နဲ့ ဖင်လေးလှုပ်ခါလှုပ်ခါ လမ်းလျှောက် ပဲများနေတဲ့ မယုနိုင်ကို ဘင်ကြီးနဲ့ တွန်းမိပါတယ် ။ အပျိုကြီး ပဲမမ မယုနိုင်လည်း ကျိုင်းကြီး ဖုတ်ကနဲ လွှတ်ကျပြီးလေးဘက်ထောက် ကျသွားပါတယ် ။ 

     စက္ကန့်ပိုင်း အတွင်း ရှေ့ဆုံးက သုံးယောက်သား ကို့ယို့ကားယား လဲကျသွားတော့ နောက်က အဖွဲ့လည်း ဘင်စီးချက်နဲ့ လျှောက်နေရတော့ တဖွဲ့လုံး ယိမ်းထိုးတွန်းတိုက်ကုန်ပါတော့တယ် ။ 

       ပြီးမှ နားရွက်ရှသွားတဲ့ ခင်မောင်စိုးက 

"ငါလိုး ကလေး ဘာဖြစ်တာလည်း ဟ"

"လေထဲမြှောက်ပြီး ပြန်ဖမ်းတာ လေတိုက်နေတော့ မင်းဆီလွှင့်သွားလို့ ပြန်ဖမ်းတာ မမိတော့လို့ ဟ "

     ဘေးကကြည့်နေတဲ့ ဆရာတွေလည်း ဗိုက်တွေနှိပ်ပြီး ရီနေကြတာ ခဏနေမှ လာတော့တယ် ။ သူတို့က အကုန်မြင်နေရတော့ ကျနော့်ကိုပဲ ဘောလုံးကွင်း ၃ ပါတ် ပြေးခိုင်းတယ် 😁😁😁😁

       လမ်းစဥ်လူငယ် သင်တန်းတွေကို ရပ်ကွက်တွေ ကျေးရွာတွေမှာ ဖွင့်လှစ်ပေးတော့ ကျနော်တို့က သက်တန်းဆင်းပွဲဆိုရင် သွားပြီး တီးမှုတ်ပေးရင်း လမ်းစဥ်လူငယ် သီချင်းတွေ သင်ပေးရပါတယ် ။ 

        ရွာတွေကို သွားရတာလည်း ပျော်စရာ အလွန်ကောင်းပါတယ် ။ ကျနော်က ဘင် ဒါမှမဟုတ် လင်းကွင်းတီးရပါတယ် ။ ဧည့်ခံသီချင်း ဗျောသံ တို့  မိုးလုံးပတ်လည် ၊ လုလင်ငယ်သွေး ၊ ဆင်ကြီးဂဠုန်ချီ တို့ ဆိုရင် ပုလွှေမှုတ်ရပါတယ် ။ မိုက်ကို ကျနော့် အိတ်ကပ်ထဲ ထည့်ပြီး မှုတ်ရလေ့ရှိပါတယ် ။

        မှတ်မှတ်ရရ နဘူးအိုင်ရွာမှာ တီးမှုတ်နေတုန်း မိုက်ကကြိုးဟာ ခဏခဏ လျှောကျနေတော့ ဆရာကိုတာက ကျနော့်လည်ပင်းကို တပတ် ရစ်ပြီး အိတ်ထဲထည့်ပေးပါတယ် ။ 

........အဲဒါ သီချင်းမှုတ်ကောင်းနေတုန်း မယုနိုင်က စင်အောက်ဆင်းသတဲ့ ။ အောက်မကြည့်ပဲ မော့တော့မော့တော့ နဲ့ ပဲများပြီး ဆင်းလိုက်တာ ကျနော့်လည်ပင်း ရစ်ထားတဲ့ ဝါယာကြိုးကြီး ခလုတ်တိုက်ပါရောလား ။ 

     အမှုမဲ့ အမှတ်မဲ့ ဆိုတော့ ကျနော်လည်း လည်ပင်းအစ်ပြီး ဖင်ထိုင်လဲကျတာပေါ့ ။ တီးမှုတ်နေတဲ့ သီချင်းလဲ ရပ် အောက်ကလူတွေလည်း တဝေါဝေါ ရီကြပေါ့ ဗျာ ။ 

      ပွဲပြီးတော့ ပြန်လာမှ ကားပေါ်မှာ မယုနိုင်က သူနမော်နမဲ့နိုင်တာကို စကားနိုင်လုပြီး မြင်သားပဲ ငါ အဲဒီ ကိုကြီးညိုသားကို အမြင်ကပ်လို့ တမင်လုပ်တာ တဲ့ ။ သူ့ကို လဲအောင် လုပ်ထားလို့ လက်စားချေတာ တဲ့ မဟုတ်က ဟုတ်က အတော်ပြောတဲ့ အပျိုကြီး ပါဗျာ ။ 

         ကိုယ်ကသာ မြို့ထဲက သူငယ်ချင်းပေါင်းစုံနဲ့ ပျော်ပါးနေတာ ဗျ ရပ်ကွက်ထဲမှာ ထူးခြားဖြစ်စဥ်တွေ ဖြစ်နေပြီ ။ ပထမတချက်က ကျနော်ရဲ့  ဘော်ဒါကြီး မောင်ကျော်က သူ့အိမ်အနောက်ဖက်က မူယာ ( အမည်လွဲ ယခုထိ အပျိုကြီး မို့ ရန်လုပ်မှာစိုးလို့ 😁😁😁😁) ကို ကြိုက်နေသတဲ့ ။

    ကျနော်ကသာ ပေါကြောင်ကြောင် နေတာ မောင်ကျော်က ရီးစားထားချင်ပြီတဲ့ ။ မူယာကလည်း အတော်စွံတယ် ဗျ ။ အိမ်နားမှာ သူ့ကိုကြိုက်တဲ့သူတွေ အတော်ပေါသဗျ ။ မောင်ကျော်က ကျနော့်ကို အကူညီတောင်းတယ် အောင်သွယ်လုပ်ပေးဖို့ ။ 

     ရတယ် ကြံရဖန်ရအုံးမယ် ခဏစောင့်ဆိုပြီး ဥာဏ်နီဥာဏ်နက် ထုတ်ရတာပေါ့ ။ အဲဒီညမှာပဲ ကျနော်တို့ အနောက်နားက မလှမ်းမကမ်းမှာ စီကနဲ အသံကြားရပြီး လာကြပါအုံး လှံနဲ့ထိုးသွားလို့ပါ ဆိုပြီး အော်သံကြားရပါတယ် ။ 

     စပ်စုစိန်တွေ ဆိုတော့ ရှေ့ဆုံးက သွားကြည့်တာပေါ့ ။ ဦးစိုးသိန်းဆိုတဲ့ လူဝဝကြီးဟာ သူ့အိမ်ရှေ့မှာပဲ ဗိုက်ကို လှံကြီး တန်းလန်းနဲ့ ဘေးတစောင်းလဲပြီး ငြီးငြူနေပါတယ် ။ လူတွေများလာတော့ ဦးစိုးသိန်းက လှံကို နုတ်ခိုင်းပါတယ် ။ 

........အတင်းပြောနေလို့ တယောက်က နုတ်ပေးတယ် ။ တော်တော်နဲ့ နုတ်မရဘူးဗျာ ။ အဲလူကလည်း မူးနေလားမသိပါဘူး လှံစူးနေတဲ့ ဗိုက်ကို ခြေထောက်နဲ့ ကန်ပြီး အားကုန်ဆောင့်ဆွဲမှ လှံကထွက်လာသလို သွေးတွေလည်း ဒလဟောထွက်လာပါတယ် ။ 

      အဲဒီအချိန်မှာ ဦးလေးက ကျနော့်နားရွက်ဆွဲပြီး ပြန်ခေါ်လာပါတယ် ။ သေသွားတယ် ဗျာ သမီးလေးတွေနဲ့ သူ့မိန်းမလည်း တယောက်တည်း ခက်ခက်ခဲခဲ ရုန်းကန်သွားရရှာပါတယ် ။ သတ်သူလည်း ထောင် ၁၀ နှစ်ကျသွားပါတယ် ။ 

     ကဲ အရေးကြီးတဲ့ မောင်ကျော့် ကိစ္စ စဥ်းစားနေတာ အကြံရပြီ ။ ဒါနဲ့ နောက်နေ့ကြတော့ မောင်ကျော့်ကို မှာထားတယ် ။ ငါမူယာတို့အိမ်သွားမယ် ။ မင်းက အပြင်ကနေ ငါနာမည်လှန်းခေါ်ရင် ဟဲ ဟဲ ဟဲ လို့ ၃ ခါရီပြလိုက် ။ ခေါ်တိုင်း ၃ ခါပဲ  ရီပြ မမေ့နဲ့ လို့ မှာခဲ့ပါတယ် ။ 

         စီစဥ်ပြီးတော့ မူယာတို့အိမ်အခြေအနေ ကြည့်ပြီး လူရှင်းတာနဲ့ ခပ်တည်တည် နဲ့ သွားပါတယ် ။ နောက်ပြီးစီအစဥ်အတိုင်း မူယာကို လှမ်းခေါ်ပြီး

"မူယာရေ ...........?"

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...