အခန်းထဲက စွာတေးလန်နာမည်ကိုတော့ သင်းသင်းလို့သာ မှတ်ပေတော့ အခုထိ စွာတုန်းမို့ နာမည်မှန် မရေးတော့ဘူး ။ သင်းသင်းတယောက်တည်း ရှိတုန်း ကျနော်က သူ့နားသွားပြီး
"ဟေ့ သင်းသင်း နင့်ကို ပြောစရာ ရှိလို့"
"ဘာလဲ လူရှုပ် ပြော"
"ဒီမယ် နင် ကိုမော်ကြီးကို သိတယ်မဟုတ်လား"
"နှစ်ကျကိုမော်ကြီး မဟုတ်လား သိတယ်လေ တခန်းထဲပဲ ကို "
"အေး ကိုမော်ကြီးက နင့်အကြောင်းတွေ လျှောက်ပြောနေတယ် သိလား ငါက မဟုတ်ပါဘူး ဆိုတာကို မင်းမသိပါဘူး ဆိုပြီး နင့် အကြောင်းတွေ လျှောက် ပြောနေတယ်"
စွာတေးလန်မ မျက်လုံးတွေ ပြူးသွားပြီး အလွန်သိချင်သွားပါတယ် ။
"ဟဲ့ ဘာတွေ ပြောတာလည်း ''
"နင်က လူရှုပ်လူပွေ ဘိုဘို နဲ့ သမီးရီးစား ဖြစ်နေတာ တဲ့ "
"ဟယ် မဟုတ်ပါဘူး ငါ့မှာ ဘယ်ရီးစားမှ မရှိပါဘူး အိမ်က သိရင် အသတ်ခံရမှာပေါ့ မသာကြီး မဟုတ်တာပြောတယ် သိမယ် "
"နေအုံးဟ နင် သွားပြီး မရမ်းနဲ့ လူတွေသိပြီး ပိုဆိုးမယ် ဒီလိုလုပ်"
"အေးဟာ လူတွေလျှောက်ပြောရင် ရှက်စရာကြီး ငါဘာလုပ်ရမလဲ "
"မော်ကြီး အမေ ကြီးကြီးမော်က ဒေါသကြီးတယ် သားတွေကို ဆော်လည်းဆော်တယ် ဟ ကိုမော်ကြီး ကြောက်တာ သူ့အမေပဲ ရှိတယ်"
"ငါက သူ့အမေ သွားပြီး တိုင်ရမှာလား "
"ပေးပေါ့ဟ အဒေါ်သားကို ဆုံးမပေးပါအုံး ကျမရဲ့ နာမည်ဖျက်နေလို့ပါ ဆိုပြီး သွားတိုင် သူနောက်လည်းမပြောရဲတော့ဘူး အဆော်လည်း ခံရမှာ ပဲ "
"ငါမှ သူ့အိမ်ကို မသိတာ "
"မပူနဲ့ ညနေကြ ငါလိုက်ပို့မယ် နီးနီးလေးရယ် "
"အေး နင် စက်ဘီးယူခဲ့ ငါအိမ်က စောင့်မယ် "
"ပြီးရော ငါသက်သေလိုက်ပေးမယ် "
ညနေကျတော့ မော်ကြီးအိမ်နားသွားချောင်းပြီး မော်ကြီး အပြင်သွားတာနဲ့ စွာတေးလန်မ ပြေးခေါ်ပြီး တိုင်ခဲ့တာပေါ့ ။ ကျနော်က သက်သေပေါ့လေ ။
နောက်နေ့ မင်္ဂလာ သတင်းကြားရတာပဲ မော်ကြီး အဆော်ခံတယ် ။ သူ့ဘယ်ကောင်မလေးက လာတိုင်သွားမှန်း မသိဘူး သိတာကတော့ ကျနော် ပါလာတာပဲ ကြီးကြီးမော်က ကျနော့်ကို သိတာကိုး ။
ဟေ့ကောင် မင်းမနေ့က ဘယ်သူနဲ့ လာပြီး ချွန်တွန်းလုပ်တာလဲ ကွ ငါ အဆော်ခံရတယ် တဲ့ ။ သူငယ်ချင်းတွေက ချစ်စရာဗျာ မော်ကြီးက သူခံရတာကို ရီပြီးပြောနေတာ ဒီကောင်ဂျပု ငါ့ကို လုပ်ချလိုက်ပြန်ပြီ ဆိုပြီး ရီနေတာဗျ ။ သူစိတ်ဆိုးပြီး ထိုးရင် ကျနော်ခံရမှာပဲ ။
ကျနော်လည်း သံဝေဂရသွားတယ် ဗျ ။ ကိုစိုးဌေးကို ဒုက္ခပေးမယ့် အစီအစဥ်လည်း ဖျက်လိုက်တယ် ။ ကိုမော်ကြီးကိုတော့ မှတ်ပြီလား ဆိုပြီး သွားပြောင်လိုက်တယ် စိတ်မကောင်းတာတခြား ပြောင်ချင်တာ တခြားဗျ ။
ကျနော်တို့ နဲ့ ကပ်လျှက်ရပ်ကွက်ထဲမှာ ကျူရှင်လည်းသင်တဲ့ ရှေ့နေကြီး ဦးလှဖေ ဆိုတာ ရှိတယ် ဗျ ။ သူက အပြောကောင်းသလောက် စိတ်လည်းတိုတတ်တယ် ဗျ ။
တနေ့ ကျောင်းက နေ့တပိုင်းပိတ်လိုက်တော့ အမေက အဖေ့ဆီ ထမင်းချိုင့် သွားပို့ခိုင်းတယ် ဗျ ။ ဒါနဲ့ တရားရုံးဆီသွားပြီး ထမင်းချိုင့် သွားပြီးပို့ပေးပါတယ် ။ အဖေတို့ရုံးထဲမှာ အမှုစစ်ဆေးနေတုန်းမို့ ဝင်ထိုင်ပြီး နားထောင်မိတယ် ဗျ ။
အမှုက စျေးနားလေးက ဝါးထောင်ထဲမှာ ကြက်တိုက်ကြတာကို ဖမ်းလာတဲ့ အမှု ဖြစ်ပါတယ် ။ ကလေး လူကြီး ၂၀ လောက် ဖမ်းထားတဲ့ အမှု ဗျ ။ သက်သေခံက ငွေတွေ စက်ဘီးတွေ နဲ့ တိုက်ကြက် တကောင် ဗျာ ။ အဲဒီအမှုရဲ့ တရားခံရှေ့နေက ဦးလှဖေ ဗျ ။ သူထုချေတဲ့ အချိန် မှာ နားထောင်ရတာ ဗျ ။
သူပြောသွားတာက ယခု ဖမ်းမိတဲ့ ကြက်ပိုင်ရှင် ဦးမြက သူ့ကြက်ကို စျေးထဲက ကြက်သားတန်းမှာ ရောင်းဖို့ ယူသွားပါတယ် တဲ့ ။ ဝါးထောင်ရှေ့ ရောက်တော့ ဘယ်ကမှန်းမသိတဲ့ ကြက်လေကြက်လွင့် တကောင်က တွန်သတဲ့ ။ ဒီတော့ ဦးမြရဲ့ ကြက်ဖက တိုက်ကြက်တို့ရဲ့ ဘာသာ ဘာဝ အရ လက်ထဲက ခုန်ဆင်းပြီး သွားခွပ်သတဲ့ ။
မြန်မာတို့ရဲ့ ထုံးစံအတိုင်း စျေးသွားစျေးလာတွေ နဲ့ ဝန်းကျင်က ကလေးလူကြီး အပေါင်း ဝိုင်းပြီး ကြည့်နေမိပါသတဲ့ ။ အဲဒီထဲမှာ နွားဝယ်ဖို့ ထွက်လာတဲ့ ငွေတွေနဲ့ နွားပွဲစားလည်း ရပ်ကြည့်သတဲ့ ။ အဲဒါကို ကြက်တိုက်လောင်းကစားလုပ်တယ် ဆိုပြီး ဖမ်းဆီးကာ ရုံးတင်လိုက်တဲ့ အတွက် ယခု အမှုဖြစ်နေရသတဲ့ ။
သက်သေအဖြစ် တိုက်ကြက် ၂ ကောင် တင်ပြရမှာ ဖြစ်ပေမယ့် တဖက်က ပိုင်ရှင်မရှိတဲ့ ကြက်လေကြက်လွှင့်မို့ ရဲတွေ မတင်ပြနိုင်ကြောင်း နဲ့ ငွေတွေကလည်း နွားဝယ်ဖို့ ဖြစ်ကြောင်း သက်သေပြထားပြီး ဖြစ်လို့ စွဲချက်မတင်ပဲ လွှတ်ပေးသင့်ကြောင်း လျှောက်လွဲချက် ပေးနေလေ ရဲ့ ။
အမှန်ကတော့ တကယ် ချိန်းပြီး ကြက်တိုက်တာ ဗျ ။ တရပ်ကွက်ထဲ နေတဲ့ တရားသူကြီးဖြစ်တဲ့ အဖေက သိတာပေါ့ ဗျာ ။ ဒါပေမယ့် ရှေ့နေပြောသလို သက်သေခံတိုက်ကြက်တကောင်မရှိတာကို အကြောင်းပြပြီး လွှတ်ပေးလိုက်တယ် ဗျ ။
မဆလခေတ်ရဲ့ တရားသူကြီးတွေ စိတ်ထားကို ပြောပြချင်ပါတယ် ။ အဲဒီတိုက်ကြက်ပြဿနာမှာ လောင်းကစားမှု ကျူးလွန်တာ အမှန်တကယ်ဆိုတာ ကျနော်တို့ ရပ်ကွက်သားတွေ အားလုံးသိပါတယ် ။ ဘာကြောင့် လွှတ်ပေးသလဲဆိုတာကို ကျနော် အဖေ့ကို မေးမိပါတယ် ။
အဖေက ငါ့သားရာ တရားသူကြီးဆိုတာ နစ်နာသူရှိရင် မနစ်နာအောင် နဲ့ မတရားကျူးလွန်သူ အပြစ်က မလွတ်အောင် စီရင်ရသလို ဘယ်သူမှမထိခိုက်တဲ့ အမှုကိစ္စတွေဆိုရင် ဘယ်လိုလွှတ်ပေးလို့ ရမလဲဆိုပြီး ဆုံးဖြတ်ကြဖို့ တာဝန်ရှိတယ် ကွ ။ ဒါကြောင့် သက်သေခံမပြည့်စုံလို့ ပလပ်သည် ဆိုပြီး လွှတ်ပေးခဲ့တာ တဲ့ ။
မှတ်မိသလောက် အဲဒီခေတ်က ဖဲဝိုင်းမိလို့ ဖဲချပ်မပြည့်ရင်တောင် လွှတ်ပေးပါတယ် ။ လူအမြင်ကပ်လို့ ထောင်ချရင်တော့ မပြောတတ်ပါဘူး ။
ကျနော်တို့ ငယ်စဥ်က လျှပ်စစ်ပေါင်းအိုးတွေ မပေါ်သေးပါဘူး ။ ထင်းနဲ့ချက်ချင် ချက် မဟုတ်ရင် မီးသွေးနဲ့ ချက်ရလေ့ ရှိပါတယ် ။ မီးသွေးနဲ့ ချက်တဲ့ စနစ်က ကျနော် ၉ တန်းရောက်မှ စချက်လာတာပါ ။ မီးသွေးက စျေးပေါပေါ နဲ့ ဝယ်လို့ ရလာလို့ပါ ။
ဘယ်လိုစျေးပေါသလဲ ဆိုတော့ အိမ်နဲ့ မလှမ်းမကမ်း ၁၈ ရပ်ကွက်ထဲမှာ သမဝါယမ ချက်နို့ဆီလုပ်ငန်း လုပ်လာလို့ပါပဲ ။ နို့ဆီချက်တော့ တတောင်လောက် ဝါးဆစ်ပိတ်တွေနဲ့ ကျိုချက်ကြပါတယ် ။ ထွက်လာတဲ့ မီးသွေးကို စျေးပေါပေါနဲ့ ရောင်းပေးတယ်လေ ။
မီးသွေးဝယ် တာဝန်ကို ကျနော်ကံထရိုက် ဆွဲပါတယ် ။ ဘာလို့လဲ ဆိုတော့ နို့ဆီစားရလို့ပါပဲ ။ နို့ဆီချက်ရုံ တာဝန်ခံက သူငယ်ချင်းရဲ့ ဦးလေးဆိုတော့ အိုးကပ်နေတဲ့ နို့ဆီမှန်သမျှ ဝပြဲအီဆိမ့်နေအောင် စားရလို့ပါပဲ ။ မီးသွေးလည်း ပိုရတယ်လေ ။
မီးသွေးဝယ် ပြန်လာရင်တော့ ကျနော်တို့အုပ်စုက ငဖြူ ငညို မကွဲတော့ဘူး ဗျ ။ မီးသွေးမှုံ့တွေစွန့်ပစ်ထားတဲ့ ကန္တာရပင်တွေကြားထဲမှာ စစ်တိုက်တန်း ဆော့ပြီးအားရမှ ပြန်လာကြတော့ အားလုံး မဲသဲနေတာကိုး ဗျ ။
ကိုးတန်း ကျောင်းသားဘဝ ပထမအစမ်း စာမေးပွဲအပြီးမှာ ကျနော် သင်္ချာစပြီး ယူရပါပြီ ။ ကျူရှင်ကျောင်းက ၄၅ လမ်းထိ သွားရပါတယ် ။ မြို့ထဲက သူငယ်ချင်း အသစ်တွေ တိုးလာပေမယ့် ငယ်ပေါင်းတွေလောက် ရင်ထဲ မရောက်တော့ပါဘူး ။
ကျနော်တို့ မြို့သားအတော်များများက စကားပြောရင် ဆဲပြီး ပြောတတ်ကြတယ်ဗျ ။ လူတိုင်းလိုလို ပြောနေကြတော့လည်း ဒါကို ရိုင်းစိုင်းတဲ့ စကား နာကျင်ရမယ့် စကားလို့ မသတ်မှတ်တော့ တဲ့ အထိပါပဲ ။ အခြားနယ်သူ နယ်သားတွေ လာရင် မျက်လုံးပြူးစရာတွေပေါ့ ဗျာ ။
အခုထိ အချင်းချင်းတွေပြီဆိုတာ နဲ့ အဆဲနဲ့ စပြီး နှုတ်ဆက်ကြတာ ဗျ ။ တခါတခါ fb မှာ ကိုယ့်လာဆဲနေတာ ကြည့်ပြီး အပြိုင်အဆိုင် ဆဲပြချင်တာ အူကိုယားနေတာပဲ ဗျာ ။ အကောင့်ကျမှာစိုးလို့ မနည်းသည်းခံနေရတာ 😁😁😁
ကျောင်းစာတဖက် ရှိနေသလို ဘင်ခရာသင်တန်းကလည်း သီချင်းသစ်တွေ ထပ်ပြီး အဆက်မပြတ် သင်ပေးနေတော့ အိမ်နားလေးက မောင်ကျော် တို့ ဖိုးလုံးတို့ နဲ့ သိပ်မတွေ့ဖြစ်တော့ဖူး ဗျ ။ မတွေ့ဖြစ်ဖူးဆိုတာ နေ့ဖက်ပြောတာပါ ညကတော့ ညတိုင်းတွေ့နေတာပါပဲ ။
တညမှာဗျာ မောင်ကျော်ဆိုတဲ့ကောင် ပေါက်တီးပေါက်တီးရှာ ထလုပ်ပါရော ။ သူ့အမေရဲ့ ညီမတယောက်က ဘူတာရုံမှာ ရထားအကြိတ်ခံရပြီး ခေါင်းပြတ်သေထားတာ ဗျ ။ အဲဒါ ည ည ဆိုရင် ခေါင်းပြတ်လေး ပိုက်ပြီး သူတို့အိမ်လာ လာနေတာ တွေ့ရတယ် ဆိုပြီး ပုံပြင်လိုလို ပြောနေကြတာပေါ့ ။
အဲဒါကို မောင်ကျော်ဆိုတဲ့ကောင်က သရဲခေါ်ကြရအောင် လုပ်ရော ဗျာ ။ သူ့ဒေါ်လေး ရောက်လာရင် ပိုက်ဆံတောင်းမလို့ တဲ့ ။ ဒီကောင်က ၈ တန်း ကျနော်က ၉ တန်းနော် သူက အဲဒီအချိန်ထိ သရဲ ယုံတုန်းဗျာ ။
ငယ်ငယ်ကတည်းက ပေါက်ကရတွဲလုပ်နေကျဆိုတော့ ကျနော်တို့လည်း ခေါ်ကွာဆိုပြီး လုပ်ကြတာပေါ့ ။ ခေါ်မယ့်နည်းက ည ၁၂ နာရီမှာ လမ်းဆုံကနေ စားပွဲနဲ့ ခေါ်ရမယ်ပေါ့ ။ ကြားဖူးနားဝ နဲ့ ပေါက်ကရလုပ်ကြတာလေ ။
သရဲ ခေါ်မယ့်သူတွေက စားပွဲမှာ ဝိုင်းထိုင်ပြီး ခုံပေါ်မှာ လက်ခြင်းထိကာ စည်ဝိုင်းသဖွယ် နေရမယ် ။ သရဲဝင်အောင် ခေါ်ရမယ် ။ သရဲလာမလာ သိရအောင် စားပွဲခုံ ခေါက်ပြခိုင်းရမယ် ။ ဝင်လာရင် ဘယ်သူ ဘယ်ဝါ သိရအောင် ခေါက်တဲ့ အချက်ရေနဲ့ ထပ်ပြီး မေးရမယ် ပေါ့ ။
မောင်ကျော်ရဲ့ ဒေါ်လေး ဝင်လာရင် သရဲမဆီက ပိုက်ဆံတောင်းမယ်ပေါ့ ။ မောင်ကျော်က သူ့တူအရင်းဆိုတော့ သရဲမက သေချာပေးမှာပေါ့လေ ။ နောက်မှ ခွဲယူကြမယ်ပေါ့ ။
အဲသလို စီမံချက်ဆွဲပြီး ည ၁၂ နာရီမှာ ကျနော် ၊ မောင်ကျော် ၊ ဖိုးလုံး ၊ စောခိုင် တို့လေးယောက်သား လမ်းဆုံလမ်းလေးခွမှာ စားပွဲဝိုင်းကြီးခင်းပြီး သရဲစခေါ်ပါပြီ ။
လမ်းမီးတိုင်တွေ လင်းနေပေမယ့် လမ်းခွမှာ မန်ကျည်းပင်ရိပ်တွေနဲ့ မို့ မှိုးတိုးမှောင်တောင်လေးပေါ့ ဗျာ ။ ခပ်လှမ်းလှမ်းက ကျနော့်အိမ်က ရေစက်မောင်းသံ တဒုတ်ဒုတ်ကြားနေရပါတယ် ။ လူပြတ်တဲ့ လမ်းဆုံမို့ ညနက်နက်မှာ ကျနော်တို့ပဲ ရှိနေပါတယ် ။
တိတ်ဆိတ်နေတဲ့ ည ၁၂ နာရီမှာ ခုံပေါ် လက်တွေ ထိစပ်ထားပြီး မောင်ကျော်က လမ်းဆုံလမ်းခွရှိ တစ္ဆေ သရဲများ ဤခုံပေါ်သို့ လာခဲ့ပါ ဘာညာ နဲ့ ခေါ်လိုက်ပါတယ် ။
ခဏနေတော့ စောခိုင်က အသံနက်ကြီးနဲ့ အော်ပြီး ,,,,,,,,,,,,,,,,,,,,,?
မျိုးဝင်း
No comments:
Post a Comment