စာမေးပွဲတွင်းဆိုတော့ စာတွေက တဖက် ရီးစားက တဖက် နဲ့ ဖိုသီဖတ်သီ ပါပဲဗျာ ။ လဲ့လဲ့က စာညံ့တယ် ဗျ ။ ကျနော်က အဂ်လိပ်စာကလွဲရင် ကျန်တဲ့ ဘာသာတွေ အေးအေးဆေးဆေးပါပဲ ။
(အသေးစိတ်မရေးတော့ပါဖူး ဗျာ ။ ဖတ်ချင်သူတွေ ရှိနေတာ သိပါတယ် ယခင်က အပိုင်း အများကြီး ရေးဖူးလို့ပါ )
အဲလိုနဲ့ စာမေးပွဲ ပြီးသွားပါတယ် ။ ဆီမီးခုံ နတ်ပွဲကို လဲ့လဲ့တို့ ပြန်သွားပြီး နောက်တနေ့ မှ အဖော် သူငယ်ချင်း နှစ်ယောက်နဲ့ လိုက်သွားကြပါတယ် ။
အဖော်တွေက ကျနော်ထက် ငယ်တဲ့ တင်မိုး နဲ့ ညီထွေး တို့ပါပဲ ။ မျိုးခိုင်က စာမေးပွဲပြီးတာ နဲ့ အိမ်ရဲ့ စီးပွားရေး အရ လုပ်ငန်းခွင် ဝင်နေရလို့ ပါမလာတော့ပါဖူး ။ ကျနော်တို့ သုံးယောက် ဆီမီးခုံကို ရောက်တော့ လဲ့လဲ့တို့လည်း ပျော်နေပါတယ် ။
ပွဲခင်းထဲ လည်ကြ ပတ်ကြနဲ့ သူငယ်ချင်း နှစ်ယောက်နဲ့ လဲ့လဲ့ ညီမတို့လဲ အတော်ခင်နေပါပြီ ။ လဲ့လဲ့ ညီမက အသားညိုပါတယ် ။ အားနာလို့ ညိုတယ်ပြောရတာ မဲတဲ့ အဆင့်ဗျ 😁😁 ကျနော်က ချောကလက်လို့ နာမည်ပြောင် ပေးထားတာ ။
သူက မိန်းကလေးတန်မဲ့ အလွန် စချင်နောက်ချင်တယ် ဗျ ။ ရောက်ပြီး နောက်တနေ့ ညနေကျတော့ ဟိုနှစ်ကောင် နဲ့ ချောကလက်မ တို့ တွတ်တွတ် တွတ်တွတ် နဲ့ ကျိတ်ပြီး ပြောနေကြတယ် ။ ကျနော့်စိတ်ထဲက သိနေတယ် မဟုတ်တာ ကြံနေကြပြီလို့ ။
အဲဒါ ခဏနေတော့ တင်မိုးက ချောကလက်မကို ပိုက်ဆံခိုးပေးလိုက်တာ မြင်လိုက်တယ် ။ မသိချင်ဟန်ဆောင်နေပါတယ် ။ ညနေ နေစောင်းရင် တံတားဖက် သွားကြမယ်လို့ ပြောလိုက်တော့ ဟုတ်ကဲ့ တဲ့ ။
ညနေကြတော့ လဲ့လဲ့လည်း ဖီးလိမ်းပြင်ဆင်ပြီး ထွက်လာပါပြီ ကျနော်လည်း အသင့်စောင့်နေတာပေါ့ ။ ဟိုကောင်တွေသုံးယောက် ပျောက်နေလို့ အော်ခေါ်မလို့ ရှိသေးတယ်......
"ဖွီးးးးဖွီးးးးမင်း အတော် ညစ်ပတ်တဲ့ကောင် ဖွီးးးး''
"ဖွီးးးဖွီးးးးငါလည်း ခံရတာပဲလေ ဖွီးးးး''
"ဟီးးးးဟီးးးဟားးးဟားးး''
ဆိုတဲ့ အသံတွေကို မီးဖိုထဲက ကြားလိုက်ရလို့ ဘာလဲဟ ဆိုပြီး သွားကြည့်တော့ တင်မိုး နဲ့ ညီထွေးတို့က ရေဖလားကြီးထဲက ရေတွေ နဲ့ ပလုပ်ကျင်းရင်း ငြင်းခုန် နေသလို ဘေးနားကနေ တဟီးဟီး တဟားဟား ရီနေတဲ့ ချောကလက်မရယ် တွေ့ရပါတယ်..
"ဟေ့ ကောင်တွေ ဘာဖြစ်တာလဲ ကွ ''
"ဟာ.. ဒီကောင် ညီထွေး အတော် အကျင့် ယုတ်တဲ့ကောင် ဗျ ''
"အံမာ ဘာယုတ်လို့ လဲ ငါလည်း အတူတူ ခံရတာပဲ လေ.''
"ဘာတွေ လဲ ဟ ရှင်းစမ်းပါအုံး ''
နှစ်ယောက်သား မျက်လုံးလေးတွေ ပုတ်ခတ် ပုတ်ခတ် နဲ့ ရှင်းမပြဘူး ဒါနဲ့ ချောကလက်မ ဘာဖြစ်တာလဲ မေးမှ
"ဘာဖြစ်ရမှာလည်း သူတို့ နှစ်ယောက်က ကိုကြီးမျိုးဝင်း မသိအောင် ထန်းရေ ခိုးသောက် ချင်လို့ တဲ့ ဝယ်ပေးပါဆိုပြီး ပြောတယ်လေ ''
"အေး ဒီတော့...''
"ကျနော်က မိန်းကလေးလေ ဘယ်လိုလုပ် ဝယ်ပေးမလဲ ဒါနဲ့ ဆန်ဆေးရေတွေကို ထန်းရေဆိုပြီး လိမ်တိုက်လိုက်တာ လေ ဟီး ဟီး ''
"သြော် နှစ်ယောက်သား ငတ်ငတ် နဲ့ တပြိုင်နက် သောက်ကြရောပေါ့ လေ ''
"မဟုတ်ဖူး ညီထွေးက အရင်သောက်တာ ဟီး ဟီးးး''
"ဟေ့ကောင် မင်းက အရင်သောက်တာဆိုရင် ဆန်ဆေးရေမှန်း တန်းမသိဖူးလား အူလှ အလှ ချည်လား မြို့သားတဲ့ ကွာ ရှက်စရာ ပဲ ''
"သိတာပေါ့ ဗျ ဆန်ဆေးရေမှန်း သိလို့ မျိုမချပဲ ငုံထားတာပေါ့ ''
"ဒါဆို တင်မိုးက ဘာလို့ ဆက်သောက်တာ လဲ ''
"ဟာ ဒီကောင်က တငုံသောက်ပြီး မျက်နှာကြီး ရှုံ့တွသွားတော့ အတော်ပြင်းတဲ့ ထန်းရေပဲ လို့ ထင်တာနဲ့ ဟေ့ကောင် ကောင်းလား ကွ ဆိုပြီး မေးတော့ ရှုံ့တွနေတဲ့ မျက်နှာဆိုးကြီး နဲ့ ခေါင်းငြိမ့်ပြီး လက်မ ထောင်ပြတယ်လေ ''
"ဒါနဲ့ မင်းက..''
"ချက်ခြင်း ဂွက်ကနဲ သောက်လိုက်တာပေါ့ ဖွီးးးဒါကြောင့် ညီထွေးကို စောက်ကျင့်ယုတ်တယ် ပြောတာလေ ''
"ဟင် ဟုတ်သားပဲ ကွ ညီထွေးရ မင်းက တားရမှာ လေ ''
"ဟာ တားလို့ မဖြစ်ဖူးလေ မြင်းခြံပြန်ရောက်ရင် ဒီကောင်က ပြန်ပြောပြီး လှောင်မှာလေ တယောက်ထဲတော့ ဘယ် အပြောင်ခံနိုင်မလဲ ဒါကြောင့် ထွေးချ ချင်တာ အောင့်အီး ငုံထားပြီး ခေါင်းငြိမ့်ပြလိုက်တာ ပဲ ''
အမလေး ဗျာ စောက်ကျင့်ယုတ်တဲ့ နေရာမှာတော့ ကိုယ့်ဘော်ဒါတွေက ကိုယ့်အတိုင်းပါပဲ ဗျာ ။ ဟို ညီအမ နှစ်ယောက်ကတော့ ဗိုက်တွေ နှိပ်ပြီး တခစ်ခစ် မကဖူး တဟီးဟီး တဟားဟား အော်ရီနေကြလေ ရဲ့ဗျာ ။
အဲဒါပြီးတော့မှ သူတို့ကို ခေါ်ပြီး တံတားဆီ အတူသွားကြပါတယ် ။ ဟို နှစ်ကောင်ကတော့ သူတို့ခံထားရတာ မေ့သွားပြီး ချောကလက်မနဲ့ တဟီးဟီး တဟားဟား ပြန်ဖြစ်နေကြပေပြီ ။
သူတို့နောက်ကနေ လဲ့လဲ့ နဲ့ ကျနော်ကတော့ လက်ခြင်းတွဲပြီး လမ်းလျှောက်လိုက် ချောကလက်မ လှည့်ကြည့်ရင် ကပျာကရာ ပြန်ဖြုတ်လိုက်နဲ့ ပေါ့ ဗျာ ။
"ကိုကြီး ဒီနှစ် အောင်မှာလား လဲ့လဲ့ကတော့ ကျမှာ ''
"မသိဖူး အဂ်လိပ်စာက မသေချာဖူး ကျန်တာတွေက အောင်တာ သေချာတယ် ''
"အောင်သွားရင် လဲ့လဲ့ကို မေ့သွားမှာလား ''
"မမေ့ပါဘူး ဟာ ကဲသေချာအောင် စာမေးပွဲ မအောင်ပါစေနဲ့ ဗျာ ''
"ဟေးးးးဒါမှ ကိုကြီး ကွ ''
ကဲ မွေးရကျိုး နပ်တဲ့ သားကောင်းတယောက်ပါပဲ ၊ ကိုယ့်ရီးစား စာမေးကျမယ် ဆိုတာ နဲ့ ကိုယ်ပါ ကျပါစေဆိုပြီး ဆုတောင်းတဲ့သူလေ 😁😁။
ဆီမီးခုံက ပြန်လာတော့ ရုံးမှာပဲ နေရတဲ့ အချိန်တွေ များလာပါပြီ ။ ရုံးမှာ နံရံကပ်စာစောင်တွေ ရေးကြပြီ ဆိုရင် ပေါက်ကရ ကဗျာတွေ လျှောက်ရေးပြီး ကပ်ကြရတာလည်း ရီစရာပါပဲ ။
ရုံးကို ကိုကျားကြီး ဆိုတဲ့ အမှတ် (13) ထဲက လူတယောက် ရောက်လာပါတယ် ။ အလုပ် လိုချင်လို့ လုပ်အားပေး လာတာပါ ။ အလုပ် လုပ်တဲ့ နေရာမှာ စေ့စပ် သေချာလွန်းလို့ ပါတီလူကြီးက ကျားကြီးရောက်လာတာ မိန်းမ ဆယ်ယောက် ယူထားတာ နဲ့ တူတယ် ကွ လို့ ပြောစမှတ် ပြုရတဲ့ လူပါပဲ ။
သူက အမှတ် ၁၃ အမက ကျောင်းနားမှာ နေတာပါ ။ သူ့ကို ယခုဆိုရင် တမြို့လုံး သိနေကြပါတယ် ။ လွန်ခဲ့တဲ့ ကာလများတုန်းက မြင်းခြံမြို့က နာမည်အကြီးဆုံး ချဲဒိုင်ပါပဲ ။ ယခုတော့ မသိတော့ပါဘူး ။
အဖေရယ် ကိုကျားကြီးရယ် ပါတီလူကြီးရယ် အတူခရီးထွက်ကြရပါတယ် ။ သူတို့ ပြန်လာရင် ဘယ်နယ်က ဘာစားစရာက ဘယ်လိုကောင်းတာ ကွ ဆိုတဲ့ အကြွားစကားတွေ အမြဲကြားရတယ် ။ ကျန်တဲ့သူတွေက မစားရ ဝခမန်း ပေါ့ ။
တနေ့ကျတော့ သတင်းစာ ဖတ်ပြီး သုံးယောက်သား တဝေါ့ ဝေါ့ တထွီ ထွီ ဖြစ်နေလေရဲ့ ။ အရင်တခါ က အဖေတို့ နှစ်ယောက် လူအူတွေ စားခဲ့ဖူးတာ သတိရပြီး ဒီတခါလည်း ဖြစ်ပြန်ပြီ လို့ တွေးမိပါတယ် ။
ထင်တဲ့ အတိုင်းပါပဲ ။ ရန်ကုန် လက်ဖက်ရည်ဆိုင်က မလိုင် နာမည်ကြီးသတဲ့ ၊ စျေးလဲချို ကောင်းလည်းကောင်း များလည်းများ ဆိုတော့ သူတို့ သွား သွား ပြီး သောက်ခဲ့ကြသတဲ့ ။ အခု အဲဒီဆိုင်က မလိုင်ဆိုတာ အိမ်သာသုံး စက္ကူအနုစားတွေကို နွားနို့ထဲ ထည့်ပြုတ်ပြီး ရောင်းတာ မိသွားလို့ သတင်းစာထဲ ပါလာတာလေ ။ အစားငမ်းသူတွေ ကြွားခဲ့သမျှ တဝေါ့ဝေါ့ နဲ့ မြင်မကောင်းဖူး😁😁😁😁 ။
ကျနော်လည်း မြို့မှာ ရှိသမျှ လူကြီးပေါင်းစုံနဲ့ သိနေပါပြီ ။ သူငယ်ချင်းတယောက် စျေးဆိုင်ခန်း ပြဿနာ ဖြစ်လို့ ကျနော် အဖေ့ကို ပြောပေးတော့ သူ့အဖေ နာမည်ကြီး စားဖိုမှူး နဲ့ အဖေ တွေ့ဆုံ မေးမြန်းပြီး ကူညီပေးလိုက်တော့ ပိုပြီး ရင်းနှီးသွားပါတယ် ။
သဘောကောင်းတဲ့ စားဖိုမှူးက မိန်းမမရှိတော့ပါဖူး ။ သူငယ်ချင်းနဲ့ သူ့ညီမ ငပျင်းလေး ပဲ ရှိပါတယ် ။ မောင်နှမ နှစ်ယောက်လုံး ဘာမှ မချက်တတ် မပြုတ်ပါဖူး ဗျာ ။ ကိုးတန်းကျောင်းသူ ဖြစ်တဲ့ အထိ ဖအေ့ပညာ မယူလို့ ငပျင်းမလို့ ကျနော်က ခေါ်တာပါ ။
အင်မတန် ရင်းနှီးတော့ အကောင်းကြိုက်တဲ့ ကျနော်က ကြုံတိုင်း ဝင်တီးတာပဲ ။ ကျနော် အလုပ်များနေလို့ မရောက်တာ တပတ်ကြာသွားပါတယ် ။ အကိုဖြစ်တဲ့ သူငယ်ချင်းရောက်လာပါရော...
"ဟေ့ ကောင် ဘယ်ပျောက်နေတုန်းဟ ''
"အလုပ်များနေလို့ ဘာကိစ္စပြောမလို့လဲ ကွ ''
"သြော် မင်းမလာတာ ကြာလို့ လာခေါ်တာ ဗျာ ''
"အေး မင်းအဖေ ဘာဟင်းချက်ထားလဲ ''
"အဲဒါပြောရင်း လာတာ ဗျာ ဒီနေ့ ငပျင်းမကို အဖေက ဟင်းတမျိုး သင်ပေးတယ် ငပျင်းမ လက်ရာကို ငါ နဲ့ အဖေ မြည်းကြည့်တာ ဟေ့ကောင်ရေ လက်ဆိပ်ပါတယ်ကွာ အဖေ့ လက်ရာနဲ့ တပုံစံတည်းပဲ အဖေကတောင် လူနဲ့တူအောင် ချက်နိုင်လို့ ချီးကျူးနေလေ ရဲ့ ''
"ဟေ ဘာဟင်းလဲ ကွ ''
"မင်းရောက်ရင် သိမှာပေါ့ကွာ ''
"မင်းအဖေ လက်ရာဆိုရင် ကြက်သွန်ဥ လှီးသုတ်တာတောင် စားကောင်းတာကွာ ကဲ ဘာဟင်း ဖြစ်ဖြစ် ဆွဲရအောင် သွားကြစို့''
"အေး သွားမယ်လေ ဒါနဲ့ စားဖိုမှူး လက်သစ်က အေဒင်က လက်ဖက်သုတ် ဝယ်ခဲ့ပါတဲ့ မှာလိုက်တယ် ဗျာ ''
"အံမယ် နောက်ဆို ငပျင်းမကို ဖားပြီး စားရမှာ ဆိုတော့ ဝယ်သွားရမှာပေါ့ ကွာ ဒီလောက်ရင်းရတာ တန်ပါတယ် ကွာ သွားစို့''
နှစ်ယောက်သား ဘုရားလမ်းထိပ်က အေဒင်အသုတ်ဆိုင်ကနေ လက်ဖက်သုတ်ဝယ်ပြီး သွားကြတာပေါ့ ။ သူတို့အိမ်ရောက်တော့ ချာတိတ်လေး နှစ်ကောင်လည်း ရောက်နေတယ် ဗျ ။ ဟိုကောင်က ကပ်ပြောတယ် ဒီကောင်တွေက ငပျင်းမကို ပိုးနေတာ တဲ့ ။
သြော် ငပျင်းမတောင် ဟုတ်နေမှပဲ လေ ။ သူတို့ နဲ့ အတူ ထိုင်နေတော့ ငပျင်းမက လက်ဖက်သုတ်ပါလား တဲ့ ဟိုကောင်ဆီမှာ ဆိုတော့ အိုကေ တဲ့ ။
သူငယ်ချင်းက ထွက်လာပြီး
" ကဲ ထမင်းပွဲ ပြင်လိုက်တော့မယ် ညီလေးတို့ရော တခါတည်း စားသွားကြကွာ ''
"ဟုတ်ကဲ့ အကို''
အံမယ် ဒီကောင်တွေ ငြင်းမာ်ထင်တာ ဟုတ်ကဲ့တဲ့ ။ မောင်နှမ နှစ်ယောက် တချွင်ချွင် နဲ့ ထမင်းပွဲ ပြင်ဆင်နေပြီး ခဏနေတော့ လှမ်းခေါ်တယ် ငမျိုးတို့ လာခဲ့လို့ ရပြီ ဟေ့ တဲ့ ။
အေး အေး လို့ ကိုယ်က ပြောပြီး ဖိနပ်စီးမလို့ ရှိသေးတယ် ချာတိတ် နှစ်ယောက်က လှစ်ဆို ထွက်သွာလိုက်တာ ကိုယ်တောင် ဖိနပ်တဖက်ပဲ စီးပြီးသေးတယ် ဗျာ ၊ မသာလေးတွေ မြန်ထာ ကိစ္စမရှိပါဘူး ကိုယ်က အကြီးပဲ အိန္ဒြေရရ စားရတာပေါ့ ။
မီးဖိုထဲရောက်တော့ ထမင်းဝိုင်းထဲမှာ ထမင်းပန်းဂံ သုံးချပ် ၊ ဖြူဖွေးနေတဲ့ ဘဲဥပြုတ် ဇလုံတလုံး ဆီပုဂံ နဲ့ ဆားပုဂံ ရောက်နေပြီ ။ ထိုင်ပြီးတာ နဲ့ မနေနိုင်လို့
"ဟေ့ကောင် ငပျင်းမကို မင်းအဖေ သင်ပေးတဲ့ ဟင်းချအုံးလေ ဘာဟင်းလဲ ကွ ''
"အဲဒီဟင်းလေ အဖေ့လက်ရာ နဲ့ မတူရင် ကြိုက်သလိုပြော စားကြည့် ''
ငပျင်းမက ကျနော်ဝယ်လာတဲ့ အေဒင်လက်ဖက်သုတ်လေး စားရင်း ပြောလေရဲ့ ။ မောင်နှမ နှစ်ယောက် လက်ဖက်သုတ်လေး စားလိုက် ကျနော်ကို ပြောင်ရီလိုက် တဟီးဟီး တဟားဟား လုပ်နေပါတယ် ။
သြော မောင်နှမ နှစ်ယောက်ပေါင်းပြီး ဖအေကို ဗန်းပြပြီး ငါ့ကို ဂျင်းထည့်တာပေါ့လေ ။ အဲလို တွေးပြီး စိတ်တိုနေတုန်း...
"ဟေ့ကောင် အငယ်မ လက်ရာက ရှယ်ပဲနော ''
(ဟမ် ဘဲဥပြုတ်ကို ရှယ်တဲ့ )
"အေးကွ ဆီဒိုးနားက ဘဲဥပြုတ် အတိုင်းပဲ ''
(ဟိုက်..ဆီဒိုးနားမှာ ဘဲဥပြုတ်ရောင်းတာ မသိလိုက်ဖူးကွာ ကော်ဖီတခွက် ၅ ထောင်ပေးသောက်ခဲ့ရတာ နာချက်တော့)
"အေး မင်းကြည့်လေ အကာလေးက ဖြူဖွေးနေပြီး အနှစ်လေးက ဝါထိန်နေတာကိုက စားချင်စရာ ကွ ''
(ဟိုက်...ဘယ်ဘဲဥက အကာက အနီရောင် အနှစ်က အပြာရောင် ဖြစ်နေလို့လဲ ဟ)
"အဲလိုဖြစ်နေတာ တော်ရုံလက်ရာ မဟုတ်ဖူး ကွ ရှေးခေတ်ကဆို နန်းတွင်း စားဖိုမှူးတွေ မှ ပြုတ်တတ်ကြတာ ''
(သေပြီ ဆရာပဲ ဂျင်းထည့်ခံရလို့ စိတ်တိုနေမှ အတူစားနေတဲ့ နှစ်ကောင် ကြောင့် ပိုပြီး စိတ်တိုရတယ်)
စိတ်မပါ လက်မပါ စားပြီး ဖအေဗန်းပြ မောင်နှမ နှစ်ယောက်ကို နှုတ်ဆက်ပြီး ပြန်လာခဲ့ပါတယ် ။ သူတို့ နောင်ရေးကတော့ စိတ်ပူစရာ လုံးဝ မရှိဘူး ဒီအရွယ်ကတည်းက ဖအေ ဗန်းပြ လုပ်စားတတ်မှတော့ ဒီနိုင်ငံလို ငစနူပေါတဲ့ တိုင်းပြည်မှာ ကြီးပွားမှာ သေချာတယ် ။
ဘာလဲ ခင်ဗျားတို့က ကျနော့်ကို လူလည်ပန်ကာ သူများကိုချည်း ဂျောက်ချလာတယ် မထင်နဲ့ ဗျ ။ ခံရတာမှ အရူးက လိမ်တာတောင် ခံရပါသေးတယ် ဗျာ ။
အတော်ပိရိတဲ့ အရူးဗျာ ၊ ကျနော် တယောက်တည်း ခံရတာ မဟုတ်ဖူး ဗျ တမြို့လုံး ခံကြရတာ နော် ၊ ပိရိလွန်းလို့ သူက သေတဲ့အထိ လိမ်စားသွားနိုင်တယ် ဗျာ ။
ဘာလဲ အရူးက တမြို့လုံးကို ဘယ်လို လိမ်မလဲ ဟုတ်လား ။ ဒီလို လိမ်တာဗျာ.........
မျိုးဝင်း
No comments:
Post a Comment