Saturday, July 3, 2021

ပျော်ရွှင်ခဲ့ရ ငယ်ဘဝ (10)



         အဖေက ရှင်းပြတယ်ဗျ ။ စပါးဝယ်တဲ့ နေရာမှာ ၄၆ ပေါင်တတင်းသတ်မှတ်ထားတာ မှန်ကြောင်း စပါးစိုထိုင်းဆအတွက် ၃ ပေါင် ပေါင်းရကြောင်း ၊ နောက်ပြီး စပါးတွေက တခါတည်း မပို့ရပဲ ဂိုဒေါင်ထဲမှာ ကာလတခုအထိ ထားရလို့ ကြာလေ လျှော့လေ ဖြစ်သွားကြောင်း ရှင်းပြပါတယ် ။ 

        အချို့ လယ်သမားတွေကလည်း စပါးသွင်းရပြီဆိုရင် သက်သာရာ သက်သာကြောင်း အဖျင်းအမှော် အမှိုက်မွှားတွေ ရောနှောတဲ့ အတွက် အပိုဆောင်းချိန်ရကြောင်း ရှင်းပြပါတယ် ။ ဝယ်ယူရေး တာဝန်ခံကိုလည်း သွင်းတဲ့စပါးကို အကောင်းအညံ့ခွဲပြီး ချိန်တွယ်ယူဖို့ မှာလိုက်ပါတယ် ။ 

        လယ်သမားတွေကို အဖေက ထမင်းအတင်းကျွေးပြီး ဝန်ထမ်းတွေရဲ့ အခက်အခဲကို ရှင်းပြပါတယ် ။ သယ်တဲ့အခါ ကား နဲ့ သင်္ဘောနဲ့ သယ်ရလို့ အတင်အချ လျှော့တာရယ် ၊ စပါးလက်ခံသူနဲ့ အဆင်ပြေဖို့ လာဘ်ထိုးရတာရယ် ရှင်းပြပါတယ် ။ 

       အဲဒါတွေကတော့ မဆလ ခေတ်က တာဝန်ကျေစပါး ဝယ်ယူရေးမှာ ဖြစ်ခဲ့ရတဲ့ ပြဿနာတွေပါပဲ ။ တကယ်လည်း ပိုချိန်ကြပါတယ် ။ အလွန်အကျွံချိန်တွယ်ခိုးတဲ့ ဝန်ထမ်းတွေ ရှိသလို မခိုးရင် အိတ်စိုက်ရမယ့် စနစ်မို့ အနည်းငယ် ခိုးသူတွေလည်း ရှိခဲ့ပါတယ် ။  

             စပါးကိစ္စ ဗဟုသုတကတော့ ကျနော် သိသလောက် ဒီလောက်ပါပဲ ။ ဒီတခါ စိတ်ဝင်စားဖွယ် သံဝေဂရဖွယ် တခု ပြောချင်ပါတယ် ။ ကျနော်တို့မြို့ဟာ ဆေးပေါ့လိပ်ခုံတွေ အလွန်များလှပါတယ် ။ အဲဒီလုပ်ငန်းနဲ့ ချမ်းသာသူတွေလည်း ပေါများလှပါတယ် ။ 

         ထူးခြားတာက ကျနော်တို့ ငယ်စဉ်က အလွန်ခေတ်စားတဲ့ ဘိန်းဖြူဆိုရင် အဲဒီဆေးလိပ်ခုံပိုင်ရှင်တွေရဲ့ သားတွေ စွဲကြတာ များပါတယ် ။ တနေ့ ဖိုးသမား ၃ ယောက် ပြဿနာ ဖြစ်ကြပါတယ် ။ 

        ဖြစ်ပုံက ၃ ယောက်သား ဖိုးထိုးနေတုန်း တယောက်က ရှော့ ဖြစ်သွားပြီး သတိလစ်သွားတယ် ။ ကျန်တဲ့ ၂ ယောက်က သေပြီဆိုပြီး သူတို့ ရင်းနှီးတဲ့ မြင်းလှည်းခေါ်ပြီး အမှတ် ၁၄ အနောက်ဖက် မြစ်ဘေး သွားလွှင့်ပစ်ခိုင်းတယ် ဗျ ။ 

         လမ်းကဆိုးတော့ မြင်းလှည်းက ခုန်ပေါက်သွားနေရတာပေါ့ ။ သတိလစ်နေတဲ့ ဖိုးသမားကို နှလုံးခုန်အောင် လုပ်ပေးသလို ဖြစ်ပြီး သတိပြန်ရလာတယ် ။ မြင်းလှည်းသမားက အကျိုးအကြောင်း ပြောပြတော့ သူ့ကို လွှင့်ပစ်ခိုင်းရမလား ဆိုပြီး ကျန်ခဲ့တဲ့ ၂ ယောက် နဲ့ ပြဿနာ ဖြစ်ကြပါတယ် ။ 

         ဖုံးမရ ဖိမရ ဖြစ်ပြီး မူးယစ်မှုနဲ့ အကုန် ထောင်ကျကုန်တော့တာပါ ပဲ ။ မူးယစ်ရောင်းတဲ့ သူတွေက ငွေရှိတဲ့သူတွေရဲ့ သားတွေကို ပိုင်အောင်ပေါင်းပြီး ဖိုးစွဲအောင် လုပ်ကြတာ ဗျ ။ အခုလည်း အဲဒီလို လုပ်နေကြတုန်းပါပဲ သား သမီးတွေကို သတိထားကြပါဗျာ ။ 

        ကျနော်က တော်ရုံမကြောက်တတ်ပါဘူး ။ တနေ့ ညနေစောင်းလေး အမေက ဆေးရုံကို ထမင်းချိုင့် သွားပေးခိုင်းတယ် ဗျ ။ အမေ့ဒေါ်လေး ဆေးရုံတက်နေလို့ သွားပေးရမှာပါ ။ စက်ဘီးကပေါက်နေတော့ အမေက ငါ့သား နေစောင်းနေပြီ သွားရဲလား တဲ့ ။ 

           ရတယ်အမေ မိုးရွာမယ် ထင်တယ် ထီးပေးလိုက်အုံး ဆိုပြီး ထမင်းချိုင့်ရယ် ထီးရယ် အပြင် လျှာရှည်ပြီး ဘင်ခရာ ပုလွှေလေးပါ ခါးကြားထိုးလာပါတယ် ။ မြင်းခြံထောင်ရဲ့ အနောက်ဖက်ကနေ အခု ဘိုးဘွားရိပ်သာအထိ ခြေလျှင်ဖြတ်လမ်းလေး ရှိပါတယ် ။ လက်ပံပင်ကြီးရှိခြင်း လူပြတ်ခြင်းတို့ကြောင့် ညနေမှောင်လျှင် မသွားကြပါဘူး ။ 

       ကျနော်ကတော့ သွားတာပဲ ဗျ ။ ဆေးရုံရောက်တော့ ထမင်းချိုင့်ပေးပြီး လူနာမေးတဲ့ မုန့်တွေစားပေါ့ ဗျာ ။ စားပြီးတာ နဲ့ အမေကြီးပြန်တော့မယ် ဆိုပြီး ပြောတော့ အေး မြို့ထဲက လှည့်ပြန်နော် ထောင်လမ်းကလဲ မှောင်သွားပြီး ချောင်းဒေါင်းလမ်းကလည်း သင်္ချိုင်းကုန်း နဲ့ မပြန်နဲ့ တဲ့ ။

     ဟုတ်တော့ ဟုတ်တယ် အဲဒီ ၂ လမ်းလုံးက တယောက်ထဲ မှောင်နေရင် သိပ်မကောင်းဘူး ။ ဒါနဲ့ ဖျားနာဆောင်က ပြန်ထွက်တာကို သူများတွေလို ရှေ့တံခါးမကြီး မထွက်ပဲ နောက်ဖက်က မလွယ်တံခါးကနေ ထွက်လိုက်ပါတယ် ။ 

       လူရှင်းတဲ့ ဆေးရုံနောက်ဖက်က သွားနေတုန်း ဘာကြီးကို ဝါးနေမှန်း မသိတဲ့ ခွေးတကောင်ကို မြင်မိပါတယ် ။ ဘာရယ်မဟုတ်ဖူး လက်ကမြင်းပြီး ခဲနဲ့ကောက်ထုတော့ ခွေးက ပြေးပါရောလား ။ အဲဒီနားသွားပြီး ဘာကြီးလဲ လို့ ငုံ့ကြည့်တော့ လန့်သွားတယ် ဗျ ။

      ရင်ကွဲရုံထဲက ချီလာတာနေမှာပါ လူလက်ပြတ်ကြီး ဗျ ။ ကြည့်ပြီး ကြက်သီးတွေ ထလာလို့ ခပ်သုတ်သုတ်ပဲ ကတ္တရာလမ်းမကြီးဆီ သွားလိုက်ပါတယ် ။ သွားရင်းနဲ့ မိုးဖွဲလေးတွေ ကျလာပါပြီ ။ လမ်းပေါ်မှာလည်း မြင်းခြံထုံးစံ မိုးရွာရင် လူက ရှင်းလို့ ဗျာ ။   

     လေကတဖြူးဖြူး မိုးက တဖြောက်ဖြောက် နဲ့ ကတ္တရာလမ်းကြီးမှာ တယောက်တည်း လျှောက်လာရင်း အားရှိအောင် ခါးကြားက ပုလွှေကို ညာလက်ထဲ ကိုင်ပြီး ထီးကို ဘယ်လက်နဲ့ ကိုင်လာပါတယ် ။ စိတ်ထဲမှာ တစုံတခု လာခဲ့ရင် ပုလွှေနဲ့ အသားကုန် ဆော်မယ်ပေါ့လေ ။ 

      အဲလိုနဲ့ ပြောင်းပြာတံတားနား ရောက်တော့ လက်ထဲက ပုလွှေက တရှီရှီ နဲ့ အသံမြည်လာပါတယ် ။ ပါးစပ်နဲ့ မှုတ်တာတောင် အသံမနည်းမြည်အောင် မှုတ်ရတာ အခု သူ့အလိုလို မြည်နေတော့ ကျနော် လန့်သွားပါတယ် ။ 

       တံတားပေါ်လည်းရောက်ရော ကျနော်ပြေးတာပဲ ။ ပြေးတော့ ပိုဆိုးတယ် ဗျာ ပုလွှေသံက ပိုကျယ်လာသလို ဘယ်ဘက်လက်ထဲက ထီးကိုလည်း တစုံတယောက်က နောက်နေ ဆွဲထားသလို လေးလံလာရပါပြီ ။

        ပြေးလေဆိုးလေ ဖြစ်ပြီး ဆေးရုံထဲက ခွေးချီလာတဲ့ လက်ပြတ်ကြီး မြင်ပြီး သူရဲကောင်း ကျနော် ငယ်သံပါအောင် အော်တော့တာပါပဲ ။ 

"လာကြပါအုံးဗျို့  သရဲ ဆွဲနေလို့ပါ "

      အဲသလို ဟဲဗီးရော့သံနဲ့ အသားကုန်အော်လိုက်တော့ လျှပ်စစ်ရုံးဝန်းထဲက လူကြီးတွေ ထွက်လာပြီး ကျနော့်ကို ကူညီကြပါတယ် ။ ရေတိုက်သူက တိုက်ပြီး အဖြစ်စုံမေးတော့ လူလက်ကြီး တွေ့ခဲ့တာက စပြီး ပုလွှေသံနဲ့ ထီးကို နောက်ကဆွဲထားကြောင်း ပြောပြလိုက်ပါတယ် ။ 

      တယောက်က ပုလွှေသံက လေတိုးရင် မြည်မှာပေါ့ကွ  ထီးကလည်း လေတိုက်နေတော့ မင်းက လေဆန်ပြေးလေ လေးလေဖြစ်မှာပါ ဆေးရုံထဲက လူလက်ပြတ်ကြီး မြင်ပြီး ကြောက်လာလို့ နေမှာပါ သရဲ မရှိပါဘူး တဲ့ ။ 

     သူပြောတာ သဘာဝကျတယ် ဗျ ။ ဟုတ်မယ်နဲ့တူတယ် ကျနော်တော့ လန့်သွားတာပဲ ဆိုတော့ ဘယ်ကလဲ ဘယ်သူ့သားလဲ မေးလို့ အဖေ့နာမည်ပြောတော့ လျှပ်စစ်ဦးစီးမှူးက ငါ့မိတ်ဆွေ သားပဲ ကွ ။ ကဲ ကဲ ဝေးသေးတယ် စက်ဘီးနဲ့ လိုက်ပို့လိုက် ဆိုပြီး သူ့ဝန်ထမ်းတယောက်ကို လိုက်ပို့ ခိုင်းပါတယ် ။ 

       အိမ်ရောက်တော့ ဝန်ထမ်းက အမေ့ကို ပြောပြလို့ သိသွားကြပါတယ် ။ ကျနော့်ကိုတယောက်ထဲ ညနေမှောင်မှ ခိုင်းရမလားဆိုပြီး အဖေက အမေ ကို ဆူပါတယ် ။ နောက်နေ့ကျတော့ အမေက အိမ်နားလေး ပြန်ပြောလို့ ပတ်ဝန်းကျင်က လူတွေက ဘယ့်နှယ့်လဲကွ သရဲဆီက ပိုက်ဆံတောင်းမယ့်ကောင် ညက ထွက်ပြေးရတယ်ဆို ဘာညာ နဲ့ စကြပါတယ် ။ 

      ကျနော့်ကို အဲဒီလို စတာကို မောင်ကျော်က သည်းမခံဘူး ဗျ ။ လူကြီးတွေလည်း အဲလိုကြုံခဲ့ရင် ကြောက်မှာပဲ ဘာညာပေါ့ ဒီကောင်က ပြောတယ် ဗျ ။ နောက်တော့ ညကြီးထိ အဲဒီအကြောင်းနဲ့ ပါတ်သက်ပြီး စကားပြောနေရလို့ မောင်ကျော်က အလောင်းအစားလုပ်ပါရော ။ 

        အလောင်းအစားလုပ်ရင် သရဲတကယ်ချောက်တယ် ပြောကြတာကိုး ။ မောင်ကျော်က သူတယောက်တည်း သင်္ချိုင်းသွားမယ် အုတ်ဂူမှာ ဝလုံး ရေးခဲ့မယ် လောင်းမလားဆိုပြီး စိန်ခေါ်တယ် ဗျ ။ ဒီကောင်က ၈ တန်းကျောင်းသားဗျာ လူကြီးတွေ မသိအောင် လူပျိုကြီးတွေက လောင်းတယ်ဗျာ ။ 

      မောင်ကျော် ဝလုံး ရေးရဲရင် ၅၀ိ/ ပေးမယ် တဲ့ ။ မရေးပဲ ပြန်ပြေးလာရင် ၁၀ိ/ပဲ ပေးဆိုပြီး လောင်းတယ် ဗျ ။ မောင်ကျော်က ၁၀ိ / မရှိဘူး ကျနော့်မှာ ရှိတယ် မင်းတကယ်သွားရဲလားဆိုတော့ သွားမယ်တဲ့ သူမကြောက်ဖူးတဲ့ ။ 

     ဒါနဲ့ လောင်းကြေးထပ်ပြီး သွားစို့ဆိုတော့ လူပျိုကြီးတွေက ချောင်းဒေါင်းသင်္ချိုင်း မဟုတ်ဖူး ကျောက်ရံသင်္ချိုင်း မှတဲ့ ။ ကျောက်ရံသင်္ချိုင်းက အစိမ်းသေတွေ ပိုများပြီး ပိုချောက်တယ်လို့ နာမည်ကြီးတာ ကိုး ။ အကွာဝေးကတော့ အတူတူလောက်ပဲဗျ ။ 

      မောင်ကျော်က မကြောက်ဖူးဗျ ရတယ်ဆိုပြီး မီးသွေးခဲလေး ကိုင်ပြီး ထွက်သွားလေရဲ့ ။ သူသွားပြီးမှ လူပျိူကြီးတွေက တခုခုဖြစ်နေမယ် နောက်ကနေလိုက်ကြည့်စို့ ဆိုပြီး လိုက်ကြပါတယ် ။ 

    ၁၈ ရပ်ကွက် ထိပ်နားလေးက ဇရပ်ပေါ်ကနေ စောင့်နေကြပါတယ်  ။ ကိုစောလှိုင်နဲ့ ကိုကျော်စိုးတို့က သင်္ချိုင်းထိ လိုက်သွားပါတယ် စိတ်မချလို့တဲ့ ။ ကျနော်လည်းလိုက်သွားတယ် ။ သင်္ချိုင်းဇရပ်ကနေ လှမ်းကြည့်တော့ အုတ်ဂူအသစ်ကြီးနားက မောင်ကျော်ထွက်လာတာ တွေ့ပါတယ် ။ 

    ဇရပ်ထဲက ကျနော်တို့ကို ရိပ်ကနဲ မြင်တော့ မောင်ကျော်က မျက်စီလျှင်တယ် လေးခွထုတ်ပြီး ပစ်ဖို့ချိန်တုန်း ငါတို့ဟ ဆိုပြီး အသံပေးရပါတယ် ။ ခပ်လှမ်းလှမ်းက နေခဲ့တဲ့ အဖွဲ့ကို လှမ်းခေါ်ပါတယ် ။ နောက် မောင်ကျော် ဝလုံးရေးခဲ့တဲ့ အုတ်ဂူအသစ်ကို ပြခိုင်းပြီး မီးထိုးကြည့်တော့ ဝလုံးတွေ ရေးထားလိုက်တာ ဂူမျက်နှာ အပြည့်ဗျာ ။ 

     ဝလုံးတခုဆိုရနေတာ ဘာလို့ အများကြီးရေးတာလည်း ဆိုတော့ ကြောက်တယ်ထင်မှာစိုးလို့ အများကြီးရေးလာသတဲ့ ဗျာ ။မော်ကျော်ရဲ့ သတ္တိကတော့ ကျိတ်ပြီးနာမည်ကြီးသွားပါတယ် ။ လူကြီးတွေသိရင် အားလုံးအဆော်ခံရမှာဆိုတော့ လူပျိုကြီးအုပ်စုနဲ့ ကျနော်တို့ ၂ ယောက်ပဲ သိကြတာကိုး ။ 

     လောင်းကြေးနိုင်တဲ့ ၅၀ိ ကို မောင်ကျော်က ၂၅ိ စီ ခွဲယူပါတယ် ။ ကျနော်က ငွေစိုက်လို့တဲ့ မယူမရ ဇွတ်ပေးတယ် ဗျာ ။ နောက်တနေ့ကျတော့ အောင်ပွဲခံတဲ့ အနေနဲ့ ဖိုးလုံးအပါ ကလေးတွေ ခေါ်ပြီး လူငယ်ရုံမှာ နဲဗားရွှန်းအမြှောက်ကြီးများ ဆိုတဲ့ စစ်ကားကို ၇၅ ပြားတန်းက သွားကြည့်ကြပါတယ် ။ လူငယ်ရုံရဲ့ နာမည်ကျော် ကုလားပဲလုံး နဲ့အာလူးပြုတ် ရောပြီး မဆလာနန်းချင်းနဲ့ သုတ်ထားတဲ့ တမတ်တန် အသုတ်တပွဲစီ ခန့်ခန့်ညားညား စားပြီး ကြည့်ခဲ့ရတာ မမေ့နိုင်စရာပါပဲ ။ 

         အဲဒီအချိန်တုန်းက ကျနော်တို့က ပါတ်ဝန်းကျင်မှာရှိတဲ့ လူကြီးတွေကိုပါ ကြောက်ရသေးတယ် ဗျ ။ မဟုတ်တာလုပ်လို့ တွေ့သွားရင် တွေ့တဲ့လူက ဆော်တာဗျာ ပြီးရင် အိမ်လာပြောသေးတာ နင့်သားတော့ ဘယ်နေရာ ဘာလုပ်နေလို့ ငါရိုက်ခဲ့တယ်ဆိုပြီး သတင်းပေးသေးတာ ။ 

     အိမ်တွေက စိတ်ဆိုးမယ်ထင်နေသလား ? စိတ်မဆိုးတဲ့ အပြင် ထပ်ဆင့်ဂုဏ်ပြုပွဲ ကျင်းပသေးတာ ဗျာ ။ တွေးကြည့်တော့ချစ်စရာ လူနေမှု စရီုက်လေးပါပဲ ဗျာ ။ 

         သရဲကိစ္စတွေရေးလက်စနဲ့ ထပ်ရေးပါအုံးမယ် ။ ဒီတခါ ဖြစ်ခဲ့တာက အလွန်ကြောက်တဲ့ စောခိုင်ဗျ ။ ကျနော်တို့နဲ့ ဆော့နေတုန်း သူ့အမေက ခေါ်ပြီး ဘောလုံးကွင်းတောင်ဖက်က သူညီမဆီ လွှတ်ပါတယ် ။ နေဝင်စလေးပဲ ရှိပါသေးတယ် ။ 

     အဲဒီဘောလုံးကွင်းကလည်း သရဲပုံပြင်တွေ အများကြီး ထွက်နေတာ ဗျ ။ ဘေးပါတ်လည် လူနေအိမ်မရှိဘူး ။ ထနောင်းပင်ကြီးတွေ နဲ့ ကန္တာရပင်ကြီးတွေ ဝိုင်းနေတာကိုးဗျ ။ စောခိုင် အဖော်လိုက်ခဲ့ရမလား ဆိုတော့ ရတယ် ဒါးယူသွားမယ် တဲ့ ။

       ဟန်တန်ပန်တန်ပဲဗျ ငှက်ကြီးတောင်ဒါးကြီး ကိုင်သွားတာပဲ ။ ၃ မိနစ်မကြာဘူး ဗျို့ ....

"အောင်မလေးဗျ သရဲအစစ်ပါဗျ လာကြပါအုံး လာကြပါအုံး "

       ဆိုပြီး အော်သံကြီးကြားတော့ ကျနော်တို့လည်း ရှေ့ဆုံးက အမြန်ပြေးကြတာပေါ့ ။ ဘောလုံးကွင်းထဲရောက်တော့ အထက ၂ ရဲ့ ၆ တန်းဆောင်ရှေ့ဖက် နဲ့ ဘောလုံးကွင်း အနောက်ဖက်ခြမ်း လူသွားလမ်းဘေးက အင်မတန်ကြီးတဲ့ ကန္တာရပင်ကြီး အောက်နားမှာ စောခိုင်က ဖင်ထိုင်ချထားပြီး ဒါးကြီးတဖက် နဲ့ ပေါ့ ။ သူ့ရှေ့က ကန္တာရပင်ကြီးအောက်မှာ ဆံပင်ရှည်ကြီး ဖားယားချထားတဲ့ ထောင်ထောင်မောင်းမောင်း ...........?

         မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...