ညွှန်ကြားစာက ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို ဖြိုခွင့် ဖမ်းဆီးခြင်း မပြုရန် ဆိုပြီး အမိန့်ပေးထားကြောင်း ပါတီလူကြီးက ပြောပါတယ် ။
အဲဒီ ကာလမှာပဲ စည်ပင်လူကြီးက ပြဿနာထရှာပါတယ် ။ ကျနော်တို့ ရပ်ကွက် အစွန်အဖျား ချောင်းစပ်နားမှာ သားသတ်လုပ်ငန်း ရှိပါတယ် ။
ကန္တရပင်တွေ ကြားထဲမှာ ဖြစ်သလို ဝါးတဲလေးတွေ နဲ့ ကျူးနေကြတဲ့ မိသားစုတွေဟာ သားသတ်ရုံက အလုပ်သမားအများစု နဲ့ မရှိဆင်းရဲသားတွေ ဖြစ်ပါတယ် ။ အဲဒါကို ကျန်းမာရေးနဲ့ မညီညွှတ်လို့ ဖျက်ပေးရမယ် ဆိုပြီး စည်ပင်က နို့တစ်ထုတ်ပါတယ် ။
ဆင်းရဲသားတွေဟာ ခိုကိုးရာမဲ့ပြီး အဖေ့ဆီလာပြောကြပါတယ် ။ အဖေက သူတို့ နေရာအသစ် စီစဥ်ပေးရင် ပြောင်းပေးလိုက်ကြပါ ၊ နေရာ မစီစဥ်ပေးရင် မပြောင်းကြသေးနဲ့ လို့ ပြောလိုက်ပါတယ် ။
အဲဒါပြောင်းမပေးလို့ ဆိုပြီး စည်ပင်လူကြီးက အိမ်ဖျက်ဖို့ အလုပ်သမားတွေ ရဲတွေ နဲ့ လူရာချီပြီး ခေါ်လာပါတယ် ။ ဆင်းရဲသားလေးတွေဟာ အဖေ့ဆီကို အပြေးအလွှား လာခေါ်ကြပါတယ် ။ ကျနော် နဲ့ အဖေလည်း အိမ်မှာ ရှိနေလို့ ချက်ခြင်း လိုက်သွားပါတယ် ။
ရဲတွေ နဲ့ စည်ပင်ဝန်ထမ်းတွေဟာ အဖေ့ကို သိကြပါတယ် ။ အဖေရောက်လာပြီး စည်ပင်လူကြီး နဲ့ စကားများကြပါတယ် ။
အဖေက သူတို့အတွက် အစားထိုးနေရာ စီစဥ်မပေးပဲ ဒီအိမ်တွေ ဖျက်ပစ်ရင် သူတို့ ဘယ်မှာ သွားနေရမှာလည်း မေးတော့ စည်ပင်လူကြီးက သူ့အလုပ်မဟုတ်ဖူး တဲ့ ။ အဲလို စကား အကြီးအကျယ် များနေပြီး အဖေက....
"ဒီမိသားစုတွေကို ကျုပ်ရပ်ကွက်မှာ နေထိုင်တာ ကျုပ်တာဝန်ယူနိုင်တယ် ၊ သူတို့ကို မတော်မတရား ဖျက်ဆီးမယ်ဆိုရင် ရဲ တွေကော ၊ ဝန်ထမ်းတွေ ရော အကုန်လုံး အရေးယူခံရမယ် ခင်ဗျား မကျေနပ်ရင် ကိုယ်တိုင်ဖျက်ကြည့် ''
အဲသလို ခပ်တင်းတင်းပြောလိုက်တော့ အဖေဒေါသထွက်တာ မမြင်ဖူးတဲ့ ရဲ အရာရှိက ဆရာတို့ခြင်း အရင်ညှိကြပါ ကျနော်တို့ ကြားညှပ်မခံနိုင်ပါဘူး ဆိုကာ သူ့ရဲတပ်သားတွေကို ခေါ်ပြီး ပြန်သွားပါတယ် ။
ရဲအားကိုးနဲ့ လိုက်လာကြတဲ့ ဝန်ထမ်းတွေလည်း မျက်နှာပျက်နေကြပါပြီ ။ စည်ပင်လူကြီးလည်း ကိုညို ခင်ဗျားတသက်လုံး ဖြူနိုင်ပါစေ ကျုပ်နဲ့ တွေ့မယ် ဆိုပြီး ပြန်သွားပါတယ် ။
သားသတ်ရုံဘေးက ဆင်းရဲသားတွေဟာ အဖေ့ကို အလွန်တရာ ကျေးဇူးနေကြပါတယ် ။ တကယ်တန်းကျတော့ အဲဒီ မိသားစုတွေ အပါအဝင် အတော်များများဟာ ဆွေမျိုးတွေလို အပြန်အလှန် စောင့်ရှောက်နေကြတဲ့ လူတွေချည်းပဲ ဖြစ်ကြပါတယ် ။ သာရေး နာရေး သေရေး ရှင်ရေး ဒီလူတွေပဲ အနီးကပ် အပြန်အလှန် ကူညီနေကြရတာကိုး ။
ကျနော်က ဆုတောင်းခဲပါတယ် ။ ဆုတောင်းလို့ ပြည့်မယ်လို့လဲ မယုံကြပါဘူး ။ ဒါပေမယ့် ကျနော် ရှားရှားပါးပါး ဆုတောင်းခဲ့တဲ့ စာမေးပွဲ ကျပါစေဆိုတာ ကျမှ ဆုတောင်းပြည့်ပါတယ် ဗျာ ။ အဂ်လိပ်စာ 33 မှတ် နဲ့ စာမေးပွဲကျပါတယ် ။
လဲ့လဲ့က ကျတာမှ ဘယ်ဘာသာ ကျမှန်းတောင် မမှန်းတတ်ပါဖူး ၊ ဖြေပြီးကတည်းက သူက ရီဇက် ထွက်ပြီးသားလေ ။
မိဘတွေကတော့ ဘယ်စိတ်ကောင်းမလဲဗျာ အောင်စေချင်တာပေါ့ ။ ကျနော်ကတော့ အမှန်အတိုင်း ပြောရရင် ဘယ်နှယ့်မှ မနေဖူး ဗျ ။
ကျနော်လုပ်နိုင်သလောက် လုပ်ခဲ့ပြီးတဲ့ ကိစ္စအပေါ်မှာ ဖြစ်လာတဲ့ အကျိုးတရားကို သိပ်ပြီး မခံစားတတ်ပါဖူး ။ ကျောင်းသား ၄၀၀၀ လောက်ဖြေတာ ၃၁ ယောက်ပဲ အောင်တာဆိုတော့ ကြံဖန်ဖြေသိမ့်လို့ လည်း ရတာပေါ့ လေ ။
တိုင်းပြည် ဗရုတ်ဗရက် ဖြစ်နေမှ လဲ့လဲ့ဆီ သွားတွေ့ပြီး စာမေးပွဲကျတာ ဝမ်းသာအားရ သွားပြောရသေးတယ် ။ အံမယ် သူကလည်း ကောင်းတယ် တဲ့ ။ လက်ထပ်ကြဖို့ လဲ့လဲ့က ပြောပါတယ် ။ ကျနော်က ဘာအလုပ်မှ မရှိ ၊ သူကလည်း အလုပ်မရှိ ပညာက ဆယ်တန်း မအောင် ကဲ ဘာလုပ်စားကြရမလဲ ။
လက်မှုပညာ ဗလာနတ္ထိ အိမ်ထောင်တခုကို လွယ်လွယ်နဲ့ တည်ဆောက်ဖို့ မဖြစ်နိုင်ဖူး ဆိုတာ ကျနော် စာတွေ အများကြီး ဖတ်ထားသူတယောက် အနေနဲ့ ကောင်းစွာ သိနေပါပြီ ။ လဲ့လဲ့ကတော့ ချစ်တာ တခုပဲ သိပြီး ရေရှည်အတွက် စဥ်းစားမိဟန် မတူပါဘူး ။
ဒါနဲ့ သူ့ကို ကျနော်က လက်ထပ်တာ လွယ်ပါတယ် ။ အိမ်ထောင်တခု ထူထောင်ဖို့ ခိုင်မာတဲ့ အလုပ်အကိုင် ရှိမှ ရေရှည် အဆင်မှာ မို့လို့ ဆယ်တန်းအောင်ဖို့ အရင် လုပ်ကြရမယ် လို့ ပြောလိုက်ပါတယ် ။
သူက အောင်မှာ မဟုတ်ဖူးတဲ့ ။ ကျနော်က သေချာပေါက် အောင်မှာလို့ ကတိပေးလိုက်ပါတယ် ။ သူ့ကိုလည်း တတ်နိုင်သလောက် ဒီတနှစ်တော့ ကျိုးစားကြည့်ပါ စာမေးပွဲ အောင်သည် ဖြစ်စေ ၊ ကျသည်ဖြစ်စေ နောက်နှစ် ရီဇက်ထွက်ပြီးတာ နဲ့ လက်ထပ်မယ်လို့ ကတိပေးလိုက်ပါတယ် ။
သူလည်း ကျေနပ်သွားပါတယ် ။ အဲဒီလို ချော့မော့ ပြောဆိူပြီးမှ ကျနော်ပြန်လာပါတယ် ။ ဆန္ဒပြပွဲတွေဟာ နယ်မြို့တွေဆီ မရောက်သေးပါဘူး ။ မန္တလေး မှာ ဆန္ဒပြနေပြီ ဆိုတော့ ကျနော်က မမြင်ဖူးလို့ မန္တလေးထိ သွားကြည့်ပါတယ် ။
ဘုရားကြီးနားမှာ သောင်းချီနေတဲ့ လူထုကြီးက စီတန်းလှည့်လည် ဆန္ဒပြနေကြပါတယ် ။ အော်ဟစ်နေတာတွေက ဖုန်းမော်အမှုအတွက် အရေးယူပေးဖို့ ၊ ကျောင်းပြန်ဖွင့်ဖို့ ၊ အစရှိတာတွေပဲ အော်နေကြတာပါ ။
အဲဒီကာလတွေက ဒီမိုကရေစီ နဲ့ ပါတီစုံဆိုတာ ဘယ်သူမှ တခွန်းမှ မဟကြသေးပါဘူး ။ ဒီလိုနဲ့ သပိတ်တွေဟာ နယ်မြို့တွေ စရောက်လာပါပြီ ။ စင်ပေါ်မှာ တက်ပြောမယ့်သူက ကျောင်းသားအစစ်မဟုတ်ပဲ ပြင်ပလူကြီးတွေက ကျောင်းစိမ်းဝတ် ပုဝါစီး ပြောကြတာများပါတယ် ။
မြင်းခြံက နိုင်ငံရေးမြို့ဆိုတော့ သူများတွေထက် ပိုဆိုးပါတယ် ။ ကွန်မြူနစ်တွေ ဦးဆောင်နေရာ ယူထားကြတာ မနည်းလှပါဖူး ။ ပါတီစုံ နဲ့ ဒီမိုကရေစီ ဆိုတာ အရေးပေါ် အထူးအစည်းအဝေးမှာ ဦးနေဝင်း ကိုယ်တိုင် ဖွင့်ပြောမှသာ သိပိတ်စခန်းတွေ ထအော်လာကြခြင်း ဖြစ်ပါတယ် ။ အဲဒီအချိန်က ဒေါ်စုကြည်ကို နိုင်ငံရေး လုပ်မှာလားလို့ အင်တာဗျူးတော့ မလုပ်ပါဘူး လို့ ဖြေသွားပါတယ် ။
မြင်းခြံသပိတ်စခန်းဟာ မင်းကျောင်းတိုက်က ဗဟိုဌာနချုပ်ပါပဲ ။ ဆရာတော် ဥူးသုန်က ဥက္ကဌဖြစ်ပါတယ် ။ တနေ့ ကိုအောင်ဝင်းကြီး ရောက်လာပြီး လာခေါ်ပါတယ် ။ မင်းကျောင်းတိုက်ဆီ သွားကြရပါတယ် ။ ဘာကိစ္စလည်း ဆိုတော့ သပိတ်သီချင်း သွင်းမလို့တဲ့ ။
လူက စပ်စပ်စုစု နဲ့ ဆိုတော့ ခပ်တည်တည်ပဲ ဒရမ်တွေ သွားခေါက်ကြည့်ပါသေးတယ် ။ ခြေနင်းဘိတွေက စပရိမ်တွေနဲ့ ဆိုတော့ ခြေညောင်းပါတယ် ။ လက်ကမြင်းကြည့်တာပါ ။ တကယ်တီးတော့ ဆရာကြီးတွေ တီးကြတာပါ ။ အမှန်က ကိုအောင်ဝင်းက သူ့ကို ခေါ်တာပါ ကျနော်တို့ကို သေဖော်ညှိတာပြီး လာခေါ်တာလေ 😁😁😁။
နောက်တာပါဗျာ သူအဲလိုလာခေါ်လို့ ကျနော်တို့ မသေခဲ့ရတဲ့ အကြောင်း နောက်ပိုင်းမှာ ပါလာပါလိမ့်မယ် ။ သီချင်းက နာမည်ကြီး သီချင်း
"သွေးငတ် လူသတ်သမား×××ရက်စက်တာတွေ×××အပြစ်မဲ့ ပြည်သူမှာလေ ××××မြင်မကောင်း အလောင်းခြင်းထပ်×××××......''
အဲဒီသီချင်းပါပဲ ။ ပထမအကျော့ သွင်းနေတော့ အဆုံးသတ်မှာ နေဝင်း စိန်လွင် သတ်ပစ် သတ်ပစ် လို့ အဆုံးသတ်ထားပါတယ် ။ အဲဒီအချိန်မှာ ပါတီယူနစ်ရုံးထဲကို လူကြီးတွေ မလာတော့ပါဖူး ။
ပြည်သူကို မောက်မာစွာ ဆက်ဆံခဲ့ကြတဲ့ လူကြီးတွေ ဆိုရင် အခြားဒေသတွေကို ရှောင်နေကြပါပြီ ။ ကျနော်တို့နဲ့ ရန်ဖြစ်ခဲ့တဲ့ ကောင်စီဥက္ကဌလည်း မရှိတော့ပါဘူး ။ ခင်ဗျားတို့ကို ပါတီက ထမင်းကျွေးနေတာ သိလား လို့ မောက်မာခဲ့တဲ့ လူကြီးတွေ မရှိတော့ပါဖူး ။
ကျနော့်အဖေကတော့ အေးအေးဆေးဆေးပါပဲ ။ ရပ်ကွက်ထဲက လူတွေကလည်း အေးအေးဆေးဆေးပါပဲ ။ မှတ်မှတ်ရရ သားသတ်ချောင်ထဲက လက်ရဲဇတ်ရဲ လူမိုက်တွေက အိမ်ကို လာစောင့်ပေးနေလို့ မလိုပါဘူး ဆိုပြီး ပြန်သွားခိုင်းလိုက်ပါတယ် ။ အဖေ့ရဲ့ ဖြူစင်တဲ့ ဂုဏ်ဟာ အဲဒီမှာ ပေါ်လွင်ခဲ့ပါတယ် ။
ကျနော်ကတော့ ကိုမြင့်ဟန် ၊ ကိုဌေးဝင်း ၊ ကိုမျိုးရွှေ ၊ ကိုဖိုးချို တို့နဲ့ ပါတီယုနစ်ရုံးကြီးကို စောင့်ရှောက်ခဲ့ရပါတယ် ။ သပိတ်သမားတွေကလည်း သပိတ်ပဲ မှောက်နေကြတာပါ ရုံးထဲကို မလာကြပါဖူး ။
တနေ့ကြတော့ ကိုအောင်ဝင်းက ထပ်ပြီး လာခေါ်ပါတယ် ။ လိုက်သွားတော့ အသံသွင်းထားတဲ့ သီချင်းကို ထပ်ဖြည့်မလို့တဲ့ ။ နေဝင်း စိန်လွင် သတ်ပစ် သတ်ပစ် နောက်ကနေ ထပ်ပြီး အေးကို မောင်မောင် သတ်ပစ် သတ်ပစ် ဆိုတဲ့ စာသား ထပ်ဖြည့်တာပါ ။
အဲဒါကို ဦးစိုးဆိုတဲ့ ကွန်မြူနစ်ကြီက ပြန်ဖြုတ်ဖို့ ပြောရှာပါတယ် ။ သတ်ပစ် သတ်ပစ် ဆိုတာ ကွန်မြူနစ် ကြွေးကြော်သံဖြစ်လို့ အနောက်အုပ်စုက မကူညီပဲ နေလိမ့်မယ် တဲ့ ။ ဒါပေမယ့် ထည့်တာပါပဲ ။
မြင်းခြံထောင်ကို သွားဝိုင်းပြီး ထောင်ဖွင့်ခိုင်းကြတယ် ။ ဟိုက ပွှိုင့် 5 နဲ့ ခေါင်းပေါ် ကျော်ပစ်နာ ပုဆိုးမနိုင် ပုဝါမနိုင် ဖိနပ်တွေ ကျွတ်ပြီး ပြန်ပြေးလာကြရတာပါ ပဲ ။ အတွဲလိုက် သေနတ်သံ စပြီး ကြားဖူးတာပါ ပဲ ။
ဒီလို နဲ့ တရက်ကျတော့ နဖူးအနီပတ်တွေ နဲ့ သပိတ်အဖွဲ့ရယ် ဘင်ခရာထဲက လူတချို့ရယ် ရုံးထဲ ရောက်လာပါတယ် ။ ဘာကိစ္စလည်း မေးတော့ ဘင်ခရာအဖွဲ့က သပိတ်မှောက်တဲ့ထဲ ပါမှာ ဖြစ်လို့ ဘင်ခရာ ပစ္စည်းတွေ လာသိမ်းတာ တဲ့ ။
ကိုမြင့်ဟန်က စိတ်ဆိုးပေမယ့် ပေးလိုက်ကွာ စာရင်းယူထားလို့ ပြောတာ နဲ့ ကျနော်လည်း စာရင်းတွေ ယူပြီး ပေးလိုက်ပါတယ် ။ ကျနော်တို့က နိုင်ငံရေး နားမလည်သေးပါဖူး ။ ဒါကြောင့် သပိတ်ထဲလည်း မပါနိုင်ဖူး ။
မပါရတာကလည်း စဥ်းစားကြည့်လေ ကျနော့်ကို ကျောင်းသား သမဂ္ဂထဲ ပါဖို့ လာခေါ်တဲ့ ကျောင်းသားခေါင်းဆောင်တဲ့ ဒီမိုကရေစီဆိုတာ ဘာလဲ မေးတော့ တကယ့်ကို တခွန်းမှ မဖြေနိုင်ဖူး ။
ကျနော်က အဲသလို ရူးကြောင်ကြောင်တွေ နောက်နေ နောက်လိုက်လုပ်ဖို့ စိတ်တောင်မကူးဖူး ။ အဲဒါကျနော်တယောက်ထဲ မဟုတ်ဖူး ဘင်ခရာထဲက နည်းပြတွေ အကုန်လုံးပါပဲ ။ ဒီကောင်တွေ ဘင်ခရာပစ္စည်းတွေ ယူသွားပြီး သီချင်းတီးမှုတ်တော့ သပိတ်သီချင်း အတောက နဲနဲခက်တော့ သူတို့မသင်တတ်တော့ဖူး ။
ဆရာတွေက တယောက်မှ သင်မပေးကြပါဘူး ။ ကျနော့်ကို လာခေါ်တယ် ကျနော်လည်း သင်မသင်ပါဘူး ။ အဲဒီကာလတွေမှာ အလုပ်မရှိတော့ အတတ်ကောင်း ဖြစ်တဲ့ ဖဲရိုက် ၊ ပုဆစ်ပစ် ၊ ကတ်ရိုက် အကုန် သင်တော့တာပါ ပဲ ။
မှန်မှတ်ရရ ရှိုးရိုက်တာကို ကိုတာနောက်ကနေ သင်နေရင်း တဆက်ရှင်ပြည့်တော့ ဝင်ရိုက်ပါတယ် ။ ကိုတာ နဲ့ နှစ်ယောက်တည်း ကျန်တော့ အပေါ်က လေးချပ်က ဆယ် ဂျက် ကွင်း ကင်း အောက်မှောက်က တဆယ် ပဲ ရှိတာ ခပ်တည်တည် နဲ့ ရှိုးဆိုတော့ ကိုတာက ဒီကောင် ဟုတ်လို့ ခေါ်တာ အခုမှ ရိုက်တတ်တဲ့ကောင် လိမ်မခေါ်ရဲဖူး ပြေးတယ် ကွ တဲ့ ။
ကျနော်က စားပြီး အောက်က ဆယ်ဖဲ လှန်ပြတော့ ခွေးသူတောင်းစား ဆယ်တန်းသာ မအောင်တာ ဖဲကျတော့ ဂုဏ်ထူးထွက်အောင် ရိုက်တတ်ပြီတဲ့ ။
အဲလိုနေတုန်း တနေ့ ကိုတာက ဟေ့ကောင်တွေ သပိတ်ဘင်ခရာက မနက်ဖြန် ပခုက္ကူ သွားကြမလို့တဲ့ မြစ်ထဲရေဆော့ပြီး ဒုက္ခရောက်အုံးမယ် ရေထဲမဆင်းဖို့ သွားပြောကြရအောင် တဲ့ ။
မသွားပါနဲ့ မယုနိုင်တို့ ပါသလို ကျန်တဲ့သူတွေ ပါနေတာပဲ သွားမနေ နဲ့ လို့တားတာ မရဖူး ဗျာ ။ ဇွတ်သွားပါရောလား သွားရတာက အမှတ် ၁၂ ရပ်ကွက် မူလတန်းက ဘင်ခရာသပိတ်စခန်းဆီကိုပေါ့ ။
ကျနော်တို့ အုပ်စုကြီးရောက်သွားတော့ သပိတ်ဘင်ခရာက လူတွေ အံ့သြနေကြတယ် ။ ကိုတာက ရေထဲ မဆင်းဖို့ ဂရုစိုက်ကြဖို့ ပြောနေလေရဲ့ ။ လေကြောရှည်တာတမျိုး ၊ ကျနော်တို့ကလည်း ဟိုလူ့စ ဒီလူ့နောက်နဲ့ အချိန်ကြာသွားပါတယ် ။ ရန်သူတွေ မှ မဟုတ်ကြတာ ဗျာ ။ ကိုယ့်ယုံကြည်ရာ လုပ်ကြပေါ့ ကျနော်တို့က တကယ့်စိတ်ရင်း နဲ့ စိုးရိမ်လို့ လာပြောကြတာပါ ။
ဒါပေမယ့် အမြင်မကြည်တဲ့ သူတွေက သပိတ်အဖွဲ့က မိုက်ရူးရဲ ဂဠုန်နီတွေကို သွားခေါ်လာပါတယ် ။ ဂဠုန်နီတွေ ဒုတ်ဒါး လက်နက်တွေနဲ့ ဝိုင်းထားချိန်မှာ ငါတို့ သပိတ်ဘင်ခရာက လူတွေ လည်စည်းတွေ စည်းထားဆိုပြီး ဝေပေးပါတယ် ။
တချို့ကတော့ လက်တွေထဲ ကိုင်ထားတာပေါ့ ။ ကိုအောင်ဝင်းက ဖျက်ကနဲ ထပြန်သွားပါတယ် ။ သူက အမှတ် ၁၂ သားဆိုတော့ အားလုံးက သိနေတော့ ဘာမှ မပြောပါဘူး ။
အဲဒါ ကျန်နေတဲ့ ကိုတာရယ် ၊ ကျနော်ရယ် ၊ ခင်မောင်စိုးရယ် ကို ပြဿနာ ရှာပါပြီ ။ သပိတ်ဘင်ခရာကို ဖျက်ဆီးဖို့ လူတွေ လာပြီ ဆိုလို့ လာကြတာတဲ့ ၊ အဖျက်သမားတွေက မင်းတို့လား တဲ့ ။
ကိုတာကပြောပါတယ် ။ ငါတို့က ဘင်ခရာ နည်းပြအစစ်တွေကွ သူတို့ ပခုက္ကူသွားမယ် ဆိုလို့ မြစ်ရေထဲ မဆင်းဖို့ လာပြောတာ ဘာဖျက်ဆီးတာလည်း တဲ့ ။
ကျနော်သိလိုက်ပါပြီ ။ ကျနော်တို့ မရှိတဲ့ အချိန်မှာ ကြက်ဆူတော မင်းလုပ်နေရတဲ့ သပိတ်ဘင်ခရာက မတောက်တခေါက် ကောင်တွေက မနာလို စိတ်နဲ့ သွားခေါ်လာတာပါပဲ ။ လည်စီးဝေတဲ့ ကောင်တွေ တရားခံပါပဲ ။
အင်မတန် အောင်တန်းကျစွာ လုပ်ကြံတာပါ ။ ကျနော်တို့အတွက် အန္တရာယ်များလှပါပြီ ။ မဆလ ဒေါက်တိုင်တွေ ဘာလုပ်မယ် ညာလုပ်မယ် အော်တဲ့သူက အော်နေပါပြီ ။
အဲလို ဗရုတ်ဗရက် ဖြစ်နေချိန်မှာပဲ..............
မျိုးဝင်း
No comments:
Post a Comment